ချန်ဂင်တို့စခန်း (၇၅)

ဘာတွေဆက်ဖြစ်ဦးမှာလဲ လို့ စိတ်ဝင်တစား စောင့်မျှော်ဖတ်ရှုနေတဲ့သူတွေ ရှိတယ် ဆိုရင် လောလောဆယ်တော့ ဘာမှလည်း ဆက်မဖြစ်ပါဘူး လို့ ဖြေရပါမယ်။ သူဌေးဖြစ်ဖို့ တစ်ဘဝလုံး ကြိုးစားတာတောင် ဖြစ်ချင်မှဖြစ်တာပေမယ့် ခွေးဖြစ်ဖို့ကျ လွယ်လိုက်ပုံများ တစ်ညတည်းနဲ့ တက်တက်ပြောင် သွားတယ်လေ။ ခု စစ်ရှောင်စခန်း ရောက်ရရှာပြီ။ ဆင်းရဲတယ် ချမ်းသာတယ်ဆိုတာ လူလုပ်တဲ့ ကံတွေက ဖြစ်တာမို့လို့ လဲနေရင် ကုန်းရုန်းထနိုင်ဖို့ပဲ အရေးကြီးပါတယ်။ လူမသေ ငွေမရှား တဲ့။ ပစ္စည်းဥစ္စာ က ပြန်ရှာရင် ရတယ်။ ဘာမှ အားငယ်စရာ မရှိ။ စိတ်ဓါတ်ကြံ့ခိုင်ဖို့သာ အဓိက။ အဲ့ဒါမှ လောကဓံတရားကို ခံနိုင်ရည်ရှိရှိ ကျော်ဖြတ်သွားနိုင်မယ်။ ကိုယ့်အချင်းချင်းတော့ တတ်နိုင်သမျှ ကူညီပံ့ပိုးနေပါတယ်။ လဲနေသူ ထူပေးပါတဲ့။ ထူပြီးရင်တော့ ကိုယ့်ဘာသာ လမ်းဆက်လျှောက်ကြရအောင်နော့။

ဒီဘက်ကလူတွေက ဆယ်ဇင်းကနေ ထွက်လို့မရအောင် ပိတ်ထားတယ် ဆိုပေမယ့် အထဲကလူတွေကလည်း ဖားကန့်အထိ ရောက်အောင်ရအောင် တက်သိမ်းပြမယ် ဆိုတာမျိုး ကိုယ့်လူကိုယ် စိတ်ကြွဆေးတွေ ကြွေးထားပါတယ်။ မိုးဆိုတာ အုံ့တိုင်းခြိမ်းတိုင်း ရွာတာမှတ်လို့။ တကယ်သာ ဇရှိလို့ကတော့ ပြောမနေဘူး။ ရောက်သွားတာ ကြာလှပေါ့။ ရုပ်ပျက်ဆင်းပျက် မျက်နှာကြီးနဲ့ ဟန်ကိုယ့်ဖို့ လာလုပ်နေတယ်။ ဦးနှောက်ထဲ ငှက်ဖျားပိုး၊ သုက်ပိုး ရောက်တဲ့သူတွေသာ သူ့ လူရာသွင်း ဆက်ဆံမှာ။

ကိုယ်တို့ကတော့ ကြက်စွဲဆရာများလို နေမှာပဲ။ တစ်ချီတစ်မောင်း ခွပ်လို့ပြီးပြန်တော့ ကိုယ့်ကြက်ကိုယ် ရေကိုင်ကျောသပ်၊ နောက်တစ်မောင်း ကောင်းကောင်းခွပ်နိုင်ဖို့ လက်ပူတိုက် လွှတ်ရတော့တယ်။ “သားရီးတို့ ဖိုက်တင်း” ဆို ပါးစပ်ပြောလေးနဲ့ လက်မထောင် လွှတ်တာ မဟုတ်ဘူးနော်။ သူတို့နောက်မှာ ပြည်သူတရပ်လုံးရဲ့ မျှော်လင့်ချက်တွေ ရှိတယ်။ ပြည်သူနဲ့အတူတူ၊ ပြည်သူ့အတွက် အတူတူ၊ ကိုယ်တိုင်လည်း ပြည်သူ။ ကလေးတွေဖြစ်စေချင်တဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ကူညီပေးရတာ။ ဆိုက်ဝါးထည့်၊ ဂျင်းကြွေးပြီး၊ ညာခိုင်းနေတာ မဟုတ်ဘူး။

ဒီနေ့အတွက် တိုက်ပွဲမရှိပေမယ့် နက်ဖြန် သဘက်ခါ အချိန်မရွေး ဖြစ်လာနိုင်တယ်။ နှစ်ဘက်စလုံး အင်အားတွေ ဖြည့်တင်းနေကြတယ်။ ကိုယ်တို့လည်း ရှေ့တန်းကနေ ဆေးလာတောင်းတဲ့ကလေးတွေဆီ သူတို့လိုရာ ဆေးဝါးတွေ ပို့ပေးဖြစ်ပါတယ်။ ကိုယ်တို့ဆီလည်း သူများက ပို့ပေးတာပဲလေ။ ခုကာလ ဆေးဝယ်လို့မှ မလွယ်တဲ့ ဥစ္စာ။ ဆေးရုံမှာတော့ ဒီနေ့အတွက် ခွဲလူနာ မရှိပေမယ့် မွေးလူနာတစ်ယောက်တော့ မွေးပေးပြီးပြီ။ မအိချောဆီကို လူကြုံနဲ့ ဆေးတွေပို့ပေးလိုက်တယ်။ ဖုန်းအဆက်အသွယ် ရပြီ။ အိပ်၍ မပျော်သော ညများ ကုန်ဆုံး လွန်မြောက် ပါစေကွယ်။ သူ လာနိုင်ရင်တော့ ဗီတိုကောခေါ်ပြီး မနောဝိဇ္ဇာပင့်ပေးမယ် လို့ မှာလိုက်တယ်။ ရေအိပ်နဲ့ကလေးလေးကတော့ ဗိုက်ကလေး ချပ်လာပြီ။ တစ်နေ့ ၁၅၀ စီစီလောက်ပဲ ထွက်တော့တယ်။ အရာအားလုံးဟာ ပုံမှန် လည်ပတ်လျက်ပဲ။

ဒါဆိုရင် တော်လှန်ရေးကြီးကရော ဘယ်လိုဖြစ်လာမှာလဲ။ ဒီလိုပဲ အီနေအိုင်နေတော့မှာလား။ ဒါကတော့ စိတ်ပူစရာ မရှိပါဘူး။ အရာအားလုံးဟာ ကိုယ်က ရပ်တန့်ထားချင်လို့တောင် မရဘူး။ အရှိန်အဟုန် နဲ့ ရှေ့ဆက်ပြီး ပြောင်းလဲနေတယ်။ အရင်တုန်းကလို လူ ၁၀၀ သေရင် ၁၀၀ လုံး ပြည်သူချည့်ပဲ မဟုတ်တော့ဘူး။ စစ်သားက ဘယ်နှစ်ယောက်ပါမယ် ထင်သလဲ။ စစ်သားမသာဆိုတာ လူသိအောင်တောင် ငိုရဲတာ မဟုတ်ဘူး။ ဒူးနဲ့မျက်ရည်သုတ်ရတဲ့ဘဝ။ လူကြားရင် ပြုံးဖြီးဖြီးကြီး ဖြစ်ကုန်ကြလို့။ မင်းအောင်လှိုင် လို့ ပါးစပ်က နံမည်တပ် ဆုပေးမိရင် ရဟန္တာသမုတ်ခံရတဲ့ ဘုန်းကြီးတောင် “ပလပ်ကျွတ်သွားမှကိုး။” ဆိုပြီး ဈာန်လျောစာရင်းထဲ ရောက်ရပါသလေ။ အရွေ့တွေက မြန်လွန်းလို့ မီအောင်တောင် မနည်းလိုက်နေရတယ်။ ဆန္ဒကသာစောနေလို့ နှေးတယ် ထင်ရတာ။

ဆယ်ဇင်းမှာ တစ်ရွာလုံး ပြာကျသွားတဲ့ အကျိုးဆက်ကြောင့် စစ်တပ် နဲ့ SNA ဟာ ဒီနယ်မြေမှာ ဘယ်တော့မှ ပြန်ပြီး ရှင်သန်လာတော့မှာ မဟုတ်ပါဘူး။ အတန်တန် ပြောခဲ့ဖူးပါတယ်။ မြေကိုသိမ်းရင် ရွှံံပဲရမယ်။ နယ်မြေကိုစိုးမိုးချင်ရင် နှလုံးသားကို သိမ်းပိုက်ရတယ် လို့။ နားလည်နိုင်မယ့် ဉာဏ်ရည် ပါရမီမှ မပါတာ။ ဆယ်ဇင်းလို ရွာမျိုးတွေ မြန်မာပြည်မှာ မရေနိုင်မတွက်နိုင်အောင်ပေါများခဲ့ပြီ။ တပ်မတော်ရဲ့ သဘောထားမှန်ကို စစ်သားတွေကိုယ်တိုင်က မျက်နှာဖုံး ခွါပြခဲ့ပြီ။ ပြည်သူတရပ်လုံးက အခုကို အသက်နဲ့ ရင်းပြီးတော်လှန်ကုန်ကြပြီလေ။ အနာဂတ်မှာ စကစလက်အောက်က တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆိုတာ နာလန်မထူနိုင်အောင် နိဂုံးချုပ်တော့မှာ။ အနှစ် ၆၀ ကျော် ဂုတ်ခွစီးလာခဲ့တဲ့ ဖုတ်ကောင်ကြီး။ ဇီဝိန်ချုပ်ဖို့သာ ကျန်တော့တယ်။ သေနိုင်လောက်သော ချက်ကောင်းကတော့ ထိသွားပြီ။ ကိုယ်ပစ်နဲ့မြားနဲ့ မဟုတ်ဘူး။ သူ့အတတ်နဲ့ သူစူးတာ။ တကယ်လို့များ နောင်တချိန်မှာ ကိုယ်ရေးတဲ့စာတွေကို အမှတ်တရ ပြန်ဖတ်ကြမယ် ဆိုရင် ဒီအခန်း ဒီနေရာ ဒီစာပိုဒ်မှာကတည်းက မအလ လက်ပါးစေ စစ်တပ်ကြီးရဲ့ နိဂုံးကို မြိန်ရေယှက်ရေ ကြည့်မြင်ခံစားပြီး နှစ်ထောင်းအားရ ရှိလှပါကြောင်း သိစေအပ်ပါတယ်ဗျား။