ချန်ဂင်တို့စခန်း (၇၄)

အခုညလည်း ဆေးရုံကို ပြန်ရပါသေးတယ်။ မနေ့က လူနာလာပို့တဲ့ကလေးတွေ ပင်ပန်းပြီး ဖျားကြနာကြလို့ ဆေးပြန်ကုရတာ။ မိုးထဲလေထဲ လူနာတွေ မရမက သယ်၊ အန္တရာယ်ကင်းမယ့် လမ်းကြောင်းက ထုတ်၊ ဆေးရုံကို အရောက်ပို့ဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ဧရာမ ဆင်သေကောင်ကြီးကို သူတို့ ဘယ်လိုလုပ်ပစ်ခဲ့သလဲ စဉ်းစားလို့တောင်မရ။ ကျင်းတူးလည်းမမြှုပ်နိုင်၊ အကောင်လိုက်လည်း မီးပုံရှို့လို့ မရ။ ပုပ်လာရင်လည်း တစ်လကိုးသီတင်း နံလို့ကို ဆုံးမှာ မဟုတ်။ အစွယ်တွေ အရေတွေ အမြီးတွေကလည်း တန်ဖိုးရှိတော့ အကောင်းလေးအတိုင်း လိုချင်ကြဦးမယ်။ ဆင်သတ်ပြီး အရပ်ဝေတယ်ဆိုတာ ပြောတော့သာ လွယ်ပေသကိုး။

ဆင်ပိုင်ကတော်ကတော့ အော်ဟစ်ပြီးတော့ကို ငိုတယ်။ သူ့မှာ ပစ္စည်းလည်းဆုံး လူလည်းဆုံး တဲ့။ ဆင်တစ်ကောင်ရဲ့တန်ဖိုးဟာ ကားတစ်စီးစာလောက် ရှိသတဲ့။ ဒီဘက်အရပ်မှာ တွေ့တဲ့ ဆင်တွေဟာ တောင်ငူ ဆင်စခန်းမှာတွေ့ခဲ့တာတွေထက် ၂ ဆလောက် ကြီးတယ်။ အစွယ်အရှည်ကြီးတွေနဲ့။ ဘူဒိုဇာတစ်စီးလို အားကိုးရတယ်။ စခန်းအသစ်ဆောက်ချင်ရင် သစ်ပင်တွေ ရှင်းဖို့၊ ground level ညှိဖို့ ဆင်ကို အရင် ငှါးရတယ်။ ရှိသမျှသစ်ပင်တွေ သူ့အားကြီးနဲ့ တွန်းလှဲတန်လှဲ၊ ချိန်းကြိုးနဲ့ ဆွဲတဲ့ဟာ ဆွဲ။ ခြုံပုတ်တွေဆိုလည်း သစ်လုံးနဲ့ ပတ်ယမ်းပစ်တာ။ တစ်ရက်စာငှါးရင် အလုပ်ပြီးတယ်။ တစ်သိန်းလောက်တော့ ပေးရသတဲ့။ တောကိစ္စ သစ်ကိစ္စ မှန်သမျှဟာ ဆင်မပါပဲ ပြီးမှ မပြီးတာကိုး။

ဒီဘက်မှာ ဆင်ဦးစီး၊ ဆင်ကဲ၊ ဆင်ပိုင်တွေက ရှမ်းတွေများပါတယ်။ ဆင်တွေကလည်း ခန္တီးရှမ်းစကားပဲ နားလည်တာတဲ့။ အခု မိုင်းထိတဲ့သူတွေကလည်း ရှမ်းနီတွေပါ။ SNA တော့ ဟုတ်ပုံမရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီရောက်လာရင် ကုရမှာပါပဲ။ လူနာဟာ လူနာပဲပေါ့။ လူနာအခြေအနေကတော့ စိတ်ပူစရာ မရှိပါဘူး။ ဒဏ်ရာတွေတော့ များတယ်။ ဒီနေ့မနက်တော့ hernia လူနာတစ်ယောက် ဆက်ခွဲပါတယ်။ hernia တွေကလည်း ပေါလိုက်တာမှ ဝယ်ထားတဲ့ mesh တွေတောင် ကုန်ရော။ သင်ပေးထားတဲ့ ဆရာဝန်လေးကို စိတ်ချလက်ချ ခွဲခိုင်းလို့ ရနေပါပြီ။

ရွာမီးလောင်လို့ စစ်ရှောင်စခန်းကို ရောက်နေတဲ့အခါ ဆေးထုတ်ပြီးသောက်နေရတဲ့လူနာတွေ ဒုက္ခရောက်ကြပါတယ်။ ရွာမှာ စစ်ရှောင်လာတဲ့ လူနာတစ်ယောက်က ART နဲ့ တီဘီဆေးတွေ ပြတ်သွားလို့ မသောက်ရတာ ၅ ရက် ရှိပြီတဲ့။ အရင်ကတော့ နားခိုရာမှာ ထုတ်ထုတ်နေတာ လို့ ပြောတယ်။ အခုတော့ နားခိုရာလည်း မီးလောင် သွားပြီလေ။ အဲ့ဒီက ဆရာဝန်တွေဆီ လိုက်ဆက်သွယ်တော့ သူတို့က တာမခန်ဆေးခန်းမှာ ရှိနေပြီး အဲ့ဒီမှာ ဆေးလာယူလို့ရတယ်တဲ့။ လူနာက စစ်ပွဲတွေကြောက်လို့ မသွားရဲ။ ဒါဆိုလည်း နန့်မွန်း မှာ သွားယူဖို့ စီစဉ်ပေးပြန်တော့ လမ်းစားရိတ်မရှိလို့ မသွားနိုင်ဘူးတဲ့။ ဟုတ်တာပေါ့။ ခုချိန်မှာ ဆိုင်ကယ်ကယ်ရီခ က တစ်ကြောင်းကို ၆ သောင်းနဲ့တောင် မလိုက်တော့ဘူး။ ဆီက ဝယ်မှမရတာ။ နောက်ဆုံးတော့ ကိုယ့်ဆီကိုပဲ ပို့ပေးပါ။ ကိုယ့်ဆီမှာပဲ လာယူပါ ဖြစ်သွားတယ်။ မတတ်နိုင်ဘူးလေ။ ဒီလိုနဲ့ ဆေးယဉ်ပါးတီဘီတွေ ဘယ်နှစ်ယောက်တောင် ရှိကုန်ပြီလဲ မသိပါဘူး။ တနိုင်ငံလုံးမှာ ပကအလုပ်တွေ မလည်ပတ်တော့တာ တစ်နှစ်ခွဲရှိပြီ မဟုတ်လား။

စစ်ပွဲဖြစ်လို့ လမ်းတွေပိတ်နေလည်း၊ လောင်စာဆီပြတ်လို့ သယ်ယူပို့ဆောင်ရေးတွေ ခက်နေလည်း၊ ဒေါ်လာဈေးတွေခေါင်ခိုက်လို့ ဆေးတွေဝယ်မရ ရှာမရ ဖြစ်နေလည်း၊ စစ်ခွေးတွေ ဖြတ်ဖောက်စစ်ဆေး သိမ်းဆည်း လုပ်နေလို့ ပစ္စည်းတွေ ကိုယ့်ဆီရောက်ဖို့ ခဲယဉ်းနေလည်း၊ အဲ့ဒီလည်းပေါင်းများစွာ အခက်အခဲတွေကြားမှာ လူနာတွေအတွက် လိုလေသေးမရှိအောင် လုပ်ပေးနိုင်တုန်းပါပဲ။ စစ်ရှောင်စခန်းက ဒုက္ခသည်တွေအတွက်လည်း ကြိုးစားနေဆဲပါပဲ။ ခုချိန်ထိ အစစ အရာရာ အဆင်ပြေနေတယ်ဆိုတာ တော်ရုံတန်ရုံ ကုသိုလ်ထူးတာ မဟုတ်ဘူး။

တိုက်ပွဲအခြေအနေကတော့ နောက်လေးငါးရက်နေလည်း ဒီအတိုင်းပဲ ဆက်ရှိဦးမယ် ထင်ပါတယ်။ မတိုက်သေးဘူး။ ဆိုင်ထားတယ်။ “ခများတို့ ဘာဖြစ်လို့ ဆယ်ဇင်းကို ပြန်မသိမ်းသေးတာလဲ။” လို့ ပွင့်ပွင့်လင်းလင်းပဲ သွားမေးပလိုက်တယ်။ “ဘာလုပ်ဖို့ သိမ်းရမှာလဲ။ ဘာမှမှ လုပ်စရာ မရှိတာ။ သိမ်းပြီးရင် ညကျ ဒီကောင်တွေ ဗုံးလာကျဲတော့ ပြန်ရှောင်နေရဦးမယ်။ မထူးဘူး။” တဲ့။ အေးလေ။ တနေ့ရွှေဥတစ်လုံး အုပေးတဲ့ငန်း၊ ဝမ်းကိုခွဲပြီး ရွှေရှာတာ မအလ ပဲ။ အခု ဝမ်းထဲမှာ ဘာရွှေမှ မရှိဘူး။ ဘာဆက်လုပ်မလဲ။ ရွာထဲကထွက်ရင် ပတ်ပတ်လည် မိုင်းတွေရော တပ်တွေရော ရံလို့။ ဝင်မရ ထွက်မရ။ ဆယ်ဇင်းဆိုတာ ရေတောင် ရေသန့်စက်နဲ့ ပို့တဲ့သူရှိမှ သောက်ရတာနော့။ ဥရုချောင်းရေက ရေချိုးလို့တောင် မရဘူး။ ဘာပဲလိုလို Grab heli နဲ့သာ မှာစားကြပေတော့။ တအိမ်တက်ဆင်း ပတ်ခိုးထားသမျှလေးတွေ ကိုယ့်ချင်းကိုယ်ချင်းပဲ ရောင်းတမ်းဝယ်တမ်း ကစားကြ။ ပြည်သူမပါပဲ စစ်သားချည့် နေချင်တယ်မို့လား။ နေကြလေ။ ခေါ်စရာ ရှာမရလည်း တစ်ယောက်တစ်လှည့်ပေါ့နော။ ဒေါ်စိန်အေးကျောင်းမှာတည်းက ကျင့်လာတာပဲဟာ။

စစ်ရှောင်စခန်းတွေမှာ တချို့က ဒဏ်ရာနဲ့ လူနာတွေပါပါတယ်။ ခြေထောက်မှာ ကျည်ထိထားတဲ့ လူနာတစ်ယောက်ရှိတယ် လို့ ကြားနေတာ ကြာပြီ။ လူနာရှိရင် ဒီဘက်ကိုလွှတ်ပေးပါ တကြော်ကြော် ခေါ်လည်း ရောက်မလာဘူး။ တချို့က စခန်းထဲမသွားပဲ နီးစပ်ရာ အမျိုးအိမ် ခိုနေတာလည်း ရှိတော့ ဆက်သွယ်လို့ မရဘူး။ ခုမနက်တော့ သူ့ခြေထောက်က ပုတ်တောင်ပုတ်နေပါပြီ။ အဲ့ဒီကို လာချင်ပါတယ်။ အောင်သွယ်နဲ့ စကားပါးလာလို့ “အခုလာခဲ့လေ။ ဘာပြုလို့ မလာသေးသလဲ။” လို့ စိတ်တိုမိတော့ “ပတ်ချန်မှ အချိပဲဟာကို။” တဲ့။ “ဒီရောက်ဖို့က နင့်တာဝန်၊ ဒီရောက်ပြီးရင် ငါ့တာဝန်။” လို့ အပြတ်ဖြတ်လိုက်ရတယ်။ သွားတော့ မခေါ်နိုင်ဘူးလေ။

လူနာလိုက်ပို့တဲ့ PDF ကလေးတွေ ပန်းဖျားဖျားနေကြတာ တစ်ရက်နှစ်ရက်လောက် နားခိုင်းပြီး သူတို့ပြန်တော့ အရေးပေါ်ဆေးလွယ်အိပ်ကလေး လုပ်ပေးလိုက်ပါတယ်။ သူတို့ထဲမှာ ဆေးတပ်သား နှစ်ယောက်ပါပေမယ့် လက်ချည့်ပလာ ဖြစ်နေတာတွေ့ရလို့။ ဒီဘက်က ဆေးတပ်သားတွေကို သင်တန်းပေးဖို့ ရှိပေမယ့်လည်း ကိုယ့်ဆီမှာ လာတက်မှပဲ အဆင်ပြေပါလိမ့်မယ်။ ကိုယ်ခွဲမှ မရှိတာကို။ ထုံးစံအတိုင်း သူတို့နဲ့ စကားနည်းနည်းပါးပါး ပြောကြည့်။ အကဲခတ်၊ လေ့လာကြည့်သလောက်တော့ ကလေးတွေက စိတ်ဓါတ်ခိုင်မာကြပါတယ်။ စိတ်နေစိတ်ထားလည်း ရိုးသားတယ်။ Gen L နဲ့ Gen Z ဘာကွာသလဲ ဆိုတာ ပြတ်ပြတ်သားသား သိသွားတယ်။ ဒီကလေးတွေနဲ့ တစ်လှေတည်းစီးရတာ ဘဝမှာ အကျေနပ်ဆုံးပဲ။ တော်လှန်ရေးဟာ ၈၈ တုန်းက မအောင်မြင်ခဲ့ပဲ သူတို့လက်ထက်ကျမှ ဘာဖြစ်လို့ အောင်မြင်ရသလဲဆိုတဲ့ အဖြေကိုလည်း တွေ့သွားတယ်။

သေချာပါတယ်။ မအောင်မြင်စရာအကြောင်း ဘာမှမရှိဘူး။ သူတို့တတွေမှာ ကျွန်ခံချင်တဲ့စိတ် လုံးဝမရှိဘူးဗျ။ လူကြီးတွေက သခင်အားရ ကျွန်ပါးဝစိတ်ပဲ ရှိတယ်။ ကျွန်အဖြစ်က ရုန်းထွက်ချင်စိတ်လည်း မရှိဘူး။ ရုန်းထွက်ရဲတဲ့သတ္တိလည်း မရှိဘူး။ ကိုယ်တို့မျိုးဆက်က ညံ့တဲ့သူတွေများတယ်။ ကြောက်တဲ့သူတွေများတယ်။ ကိုယ်ကျိုးစီးပွါး မထိခိုက်အောင် အလိမ်မာနဲ့ နေချင်သူတွေများတယ်။ ဒါကြောင့်မို့ စစ်သားအိုကြီးတွေ နားလှည့်ပါးလှည့် နဲ့ ဆိုက်ဝါးကျွေးလိုက်ရင် တောင့်မခံနိုင်ကြဘူး။ သူတို့လေးတွေမှာ အဲ့ဒီအကျင့်စရိုက် လက္ခဏာတွေ မတွေ့ရဘူး။ အနည်းဆုံးတော့ တောထဲက ကလေးတွေမှာ မတွေ့ရဘူး။

ဒီကလေးတွေက ဆေးကွဲမူးပြဲ၊ ခိုးဆိုးလုနှိုက်နေတဲ့ မအလ စစ်ဗိုလ်တွေကို မနိုင်စရာလား။ မိုးမကုန်ခင် စစ်သားကုန်လို့ အလိုလို လက်နက်ချရတော့မယ့် ကိုကြင်စိုးကြီး သွသူသတ်သေ မသွားအောင်သာ ကုလားထိုင် ကြိုးနဲ့တုပ်ထားကြပါ။ ကိုယ့်လက်ချက်ကလေးမှ ပါမသွားရင် တစ်သက်လုံး စိတ်မကောင်းဖြစ်နေရမှာစိုးလို့။