လိပ်ပြာလေးတစ်ကောင် ကိုယ့်အနားမှာ တဝဲဝဲလည် နားလိုက်ပျံလိုက် လုပ်နေပြီး နောက်တစ်နေ့မှာ လိပ်ပြာရုပ်ကလေးပါတဲ့ Butterfly iQ portable ultrasound စက်ကလေး ရောက်လာတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ ကိုယ့်အတွက် နောက်ထပ် လေ့လာသင်ကြားစရာ ဘာသာရပ်တစ်ခု တိုးလာပြန်တာပေါ့။ အလှူရှင်တစ်ယောက်က ဓါတ်မှန်စက်ကလေး ဝယ်ပေးမယ် ပြောတုန်းက တားထားရတယ်။ “ဓူဝံကြယ်စင် ခူးဆွတ်ပေးမတဲ့။ ဘယ်မှာသွားထားမလဲ။” ဆိုတာမျိုး။ ခွဲခန်းရဲ့အရင်းအနှီးက သိန်း ၁၀၀-၂၀၀ လောက်နဲ့ ရအောင်ချုံ့ထားတော့ ခနလေးနဲ့ တန်အောင်ခွဲပေးလို့ရတယ်။ ဓါတ်မှန်စက်တပ်လိုက်လို့ တန်အောင်သုံးမပေးနိုင်ရင် ပိုက်ဆံတွေ အလဟဿဖြစ်မယ်။ မေ့ဆေးစက်ကလေးပဲ ဝယ်ကြတာပေါ့ဆို လိုက်စုံစမ်းနေတုန်း မမျှော်လင့်ပဲ ဒါလေးကိုရတော့ ထီမထိုးပဲ ပေါက်သွားသလို ခံစားရတယ်။
တော်လှန်ရေးဆိုတာ ဆင်မြင်းကျွဲနွားများ လှည်းဆွဲသလို ရှေ့ကတစ်ကောင်တည်း အားကုန်ရုန်းရတာမျိုး မဟုတ်ဘူးလေ။ ရှေ့တက်တဲ့သူတက်၊ နောက်ကွယ်က ပံ့ပိုးတဲ့သူပံ့ပိုး၊ အတွင်းသတင်းနဲ့ လျှို့ဝှက်အစီအမံများ ထောက်လှမ်းပေးပို့သူကပို့၊ ပိုက်ဆံရှာတဲ့သူကရှာ။ အားလုံး တက်တက်ကြွကြွ ပါဝင်ကြမှ အောင်မြင်တာ မဟုတ်လား။ ကိုယ်တို့ဆေးရုံကလေး အလုပ်ဖြစ်လည်ပတ်လာဖို့လည်း ကိုယ့်တစ်ကိုယ်တည်း ရုန်းခဲ့တာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ ကူညီသူတွေ အတောမသတ်အောင်ပါတယ်။ မပါလို့လည်း မရဘူးလေ။ လိုရင်လိုသလို အပူကပ်မယ့် ဒီဆရာဝန်လေးနဲ့ မိတ်ဆွေဖြစ်နေခဲ့မှကိုး။
ပထမဦးဆုံး ခွဲခန်းလုပ်မယ်ဆိုကတည်းက ကိုယ့်ဆရာသမား ခွဲစိတ်ဆရာဝန်ကြီးတွေဆီ အပူကပ်ရတာပေါ့။ လိုအပ်သမျှ ခွဲစိတ်ကိရိယာတွေ ပါးစပ်ကလေးစိုက်ရုံနဲ့ အကုန်ပြည့်စုံတာ ဆရာသမားများ ကျေးဇူးပါပဲ။ မေ့ဆေးဆရာဝန်ဆီ ဆက်သွယ်ရင် မေ့ဆေးပေးဖို့ ဆေးဝါးပစ္စည်းများ လုံလောက်အောင်ရတယ်။ အိုဂျီသူငယ်ချင်းဆီဆက်သွယ်ရင် ကလေးမွေးဖို့ အနှီးပိတ်ပါမကျန် ဘာမှ လိုလေသေးမရှိဘူး။ ကလေးဆရာဝန်ဆီဆက်ရင် ကလေးဆေးတွေ အကုန်ရတယ်။ ကိုယ့်မှာက ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ကြီးတောင် မလိုတော့ဘူး။ အဆက်အသွယ် အပေါင်းအသင်း မိတ်ဆွေများဆီက တ တိုင်းရပါပေတယ်။
စစ်တပ်ကသွေးခွဲလို့ ဆရာဝန်ဆိုတာ ပဲဆီ နဲ့ နှမ်းဆီ နှစ်မျိုးရှိတယ် ဆိုပေမယ့် ကိုယ်တို့ ဆရာဝန်အချင်းချင်းကျတော့ ဆရာဝန်စိတ်ပဲ ရှိပါတယ်။ ကိုယ်ကတော့ လူနာအတွက်လိုအပ်လာရင် C လား non C လား ခေါင်းထဲမထားဘူး။ အရင်တုန်းက ဆေးရုံမှာ ဆက်သွယ်တိုင်ပင်ကုသသလိုပဲ ဒါက ဒီလိုဖြစ်နေပြီ။ ဘယ်ဟာကို ဘာလုပ်ရမလဲ သေသေချာချာမေးပြီး လိုတဲ့အကူအညီတောင်းပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ အကြာကြီး အလုပ်လုပ်ခဲ့တဲ့အတွက် ကိုယ့်ဆီမှာ Specialsit အသိအကျွမ်းတွေ အများကြီး ရှိနေခဲ့တာ ခုချိန်မှာ အင်မတန်အားကိုးရသဗျ။ ခေတ်ကိုက tele medicine ဘက်ကို ပြောင်းခဲ့ပြီ မဟုတ်လား။
ဒါပေမယ့်လည်း လူနာနဲ့တိုက်ရိုက်ထိတွေ့ ကုသရတဲ့ဆီမှာတော့ ကိုယ် နဲ့ ကိုယ့်ကလေးတွေပဲ ရှိလို့ ဘာအလုပ်ပဲဖြစ်ဖြစ် အပေါက်အလမ်းတည့်တည့် လုပ်နိုင်အောင် ပါးရည်နပ်ရည်ရှိဖို့လိုပါတယ်။ တောဆရာဝန်ဆိုတာ ကလေးလည်းမွေးတတ်ရတာပဲ။ သွားလည်း နှုတ်တတ်ရတာပဲ။ ဗိုက်ခွဲလည်းကိုယ်၊ မေ့ဆေးပေးလည်းကိုယ်၊ သွေးလှူဘဏ်လည်းကိုယ်။ Donor ရှာမရရင် သွေးလှူရှင်ပါကိုယ် ဖြစ်ဖြစ်သွားရတာ မဟုတ်လား။ အခုတော့ အာထရာဆောင်းပါ ကိုယ့်ဘာသာရိုက်နိုင်ဖို့ သင်ရဖတ်ရပြန်ပြီ။
လူနာတွေဘက်ကတော့ ဆရာဝန် နဲ့ ရမ်းကုတောင် သိပ်မခွဲနိုင်ပါဘူး။ ကိုယ့်ဆီမလာခင် နတ်ဆရာဆီဝင်ပြီး ပယောဂအစွဲ ချွတ်ရသေးသတဲ့။ အနည်းဆုံးတော့ မက်ကလောင်တွေ ရဲပဒေါင်းထအောင် ခြစ်ပြီးမှ ရောက်လာတာ။ ဒီခေတ်ကြီးထဲမှာ အဲ့ဒါတွေ ယုံနေတုန်းပဲလား လို့ မေးတော့ “မယုံလို့ ရမလား ဆရာရဲ့။ ဒီအရပ်မှာ ဒါတွေအများကြီး။ သူများလုပ်ထားတဲ့ ပယောဂဆိုရင် ဆရာတို့ ဘယ်လောက်ကုကု ပျောက်မှာမှ မဟုတ်တာ။ အဲ့ဒါကြောင့် ဆရာတို့ဆီ မလာခင် ပယောဂဟုတ်မဟုတ် အရင်ဝင်စစ်ရတယ်။” တဲ့။ ငါ့နှယ်နော်။ ဂမ္ဘီရအတတ်ပညာတွေပါ လေ့လာလိုက်စားထားမှ ဖြစ်တော့မယ်။
နေစမ်းပါဦး။ သူတို့က ကျုပ်ကို လောကီပညာတွေ မတတ်ဘူး လို့ ဆိုချင်တာပေါ့လေ။ ဟုတ်စ။ ဘယ်ရော ညာရော ထင်းထင်းကြီးပါလာတဲ့ ဂမ္ဘီရကြက်ခြေကြီး နှစ်စင်းကို ကီသွင်းပြီး ထုတ်ပြလိုက်မှ နေထူးနိုင်လို မီးလက်ဝါးသိုင်းကွက်တွေ ထွက်လာဦးမယ်။ “ဗွေနှစ်လုံး စုန်း” ဆိုတာ မကြားဖူးဘူးလား။ ကျုပ်ခေါင်းပေါ် ဗွေနှစ်လုံးပါတယ်။ ကဝေသာရ မယ်တော်ကြီး အမေရေယာဉ်ဆိုတာရော ကြားဖူးသလား။ အဲ့ဒါ တို့မိဆိုင်ဖဆိုင် ရိုးရာနတ်ပဲ။ ဟောဒီကဒူးကနန်းနယ်ကို အပိုင်စားရတယ်။ အမေတွေ အဖွားတွေ အစဉ်အဆက် ဝါဝင်ဝါထွက် ပသမြဲပသလျက်ပဲ။ အိုင်တို့မှာ နတ်တွေရော နဂါးတွေရော စောင့်ရှောက်လို့ ဆေးရုံပတ်ပတ်လည် မြွေတွေချည့် ထွက်လာတာ မတွေ့ဘူးလား။ သယ် ဟယ်ရီပေါ်တာလို တံမျက်စည်းကြီးတက်ခွပြီး ကောင်းကင်ပေါ်ပျံပလိုက်ရ မကောင်း ရှိတော့မယ်။ ပညာတွေကို မပြချင်လို့ လျှိုထားပါတယ်ဆိုမှ။ ခများတို့ ဒီလို ဒုက္ခရောက်ပြီး ဆရာ့ဆီရောက်လာမယ်မှန်း ညကတည်းက အိပ်မက်ရလို့ သိပြီးပြီကွဲ့။ ဒါကြောင့်မို့ လိုသမျှ အသင့်ဖြစ်နေတာ မြင်တယ် မဟုတ်လား။ ရော့ ရေမန်းလေးသောက်။ ဆရာဆက်စမ်းဦးမယ်။
လူကတော့ ၂၁ ရာစုမှာ ဆေးကုနေတာပါပဲ။ ဒါပေမယ့် အနော်ရထာ၊ ကျန်စစ်သား၊ မဏိစည်သူခေတ်က ၃၇ မင်းနတ်တွေနဲ့လည်း တယ်လီမက်ဒီဆင် လုပ်တဲ့အခါ လုပ်ရတယ်လေ။ အပင်းသွင်းထားလို့ ခုံဖိနပ်ကြီးပဲ ထွက်လာထွက်လာ ဆရာ့ပညာနဲ့ ဗိုက်ထဲကခွဲယူလို့ ရပါတယ်။ ဗိုက်ပေါ်ကို ဆီမန်းလူးပြီး ဆေးတုတ်တံကြီးနဲ့ ထောက်ကြည့်လိုက်ရင် အရည်လား အခဲလား သွေးလုံးလား လေလုံးလားလည်း သိနိုင်တာပဲဟာကို။ ပန်းနွယ်က အဆန်းတကြယ်မှ ရောဂါထင်ရင် ဆရာကလည်း “စိန်တွေနဲ့ ရွှေတွေနဲ့ လူတွေနဲ့ ဝေးရာနေရာ။ အိုး ဆန်းဆန်းပြားပြား” ဆို ကုမှာပေါ့။ သူ့အရပ် သူ့ဇာတ် ကတတ်ပါတယ်။ အခုဆိုရင် ဆရာတင်မကဘူး။ သူ့ဆေးရုံတစ်ဖွဲ့လုံး ညဘက်ကျရင် ဘယ်ပျောက်သွားမှန်း မသိဘူး မဟုတ်လား။ တနေရာရာမှာ သွား တောက်စားနေကြသလားမှ မသိတာနော်။
စစ်ပွဲအခြေအနေအရ ဆေးရုံမှာပြန်အိပ်လို့ မရသေးဘူး။ ဒါတောင် လူနာတွေကလည်း လျော့မသွားပါဘူး။ လချုပ်စာရင်း လုပ်ပြီးပြီ။ အရင်လကထက်တောင် များလာသေးတယ်။ ခွဲခန်းကလည်း ခွဲနေတုန်းပဲ။ ရွာမှာတော့ အစောင့်ကလွဲရင် မရှောင်တော့ဘူးဆိုတဲ့သူတွေပဲကျန်တယ်။ ထွက်ပြီးသွားရင်တော့ ပြန်ပေးမဝင်ဘူး။ ဒီရက်ပိုင်းကို စစ်သားတွေနဲ့ လက်နက်ရိက္ခာပဲ အဝင်ရှိတယ်။ မုန့်ဟင်းခါးက ဒီတခါချက်ရင် ပွဲကြီးချက်မှာ လို့ ပြောကြတာပဲ။ သူ့ဘက်ကိုယ့်ဘက် လူကျွံဘောတွေ ဆွဲစိနေလို့ အသွားအလာ ဆင်ခြင်နေကြရတဲ့ကာလ။
ဒီနေ့ဆိုရင် လှထုံတို့ရွာကို ရောက်ခဲ့တာ တစ်နှစ်တင်းတင်း ပြည့်တဲ့နေ့ပဲ။ ကားဆရာကိုပိုင် မရှိတော့ဘူး။ ရွာကလေးလည်း ခြောက်ကပ်တိတ်ဆိတ်နေမှာပဲ။ မနက်မိုးလင်းတိုင်း “ဆရာတို့ ဆရာမတို့ ဘာစားကြမလဲရှင့်။” လို့ လာလာမေးတဲ့ ခေါက်ဆွဲဆိုင်ကလေးလည်း ပိတ်ထားရောပေါ့။ သိပ်အကြာကြီးနေခဲ့တာ မဟုတ်ပေမယ့် ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်ရပ်ရွာလိုပဲ ခံစားခဲ့ရပါတယ်။ စိတ်အာရုံထဲမှာ ပေါ်လာတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို သတိတရ မေတ္တာပို့ပါတယ်။ လူ့စိတ်ဆိုတာ ဆန်းကြယ်သားလား။ ထိုင်နေရင်းကနေ ရွာကိုပြန်ရောက်သွားတဲ့အတိုင်း နေရာမလပ်အောင် မြင်ယောင်လာတာ။ အိမ်ရှေ့က သီချင်းသံလေးတွေတောင် ကြားယောင်လာသေး။ ကပ်ရောဂါကာလအတွင်းမှာ ရောက်ခဲ့ပြီး စစ်မက်အင်္ဂါထူပြောတဲ့ အရပ်ဒေသအဖြစ် ပြောင်းလဲသွားခဲ့ပေမယ့်လည်း ဒီရွာကလေးကို လွမ်းလိုက်တာလေ။ လွမ်းရင်းမတ်တပ်က လှထုံဆီတောင် မရောက်လိုက်ပါ ဘူး။ ဝက်ဝံကုပ်တဲ့လူနာတစ်ယောက် ရောက်လာလို့ ခွဲခန်းဝင်ရဦးမယ်။ နောက်မှပဲနော့။ လှထုံတို့တရွာလုံး အဝေရာ ရန်မရှိကြသည် ဟောတု ဖြစ်ကြပါစေကုန်။