ချန်ဂင်တို့စခန်း (၅၉)

သာယာသောနေ့သစ်တစ်နေ့ ထပ်ရပါတယ်။ ပြောတော့လည်း နေ့ချင်းညချင်း စစ်ထတိုက်တော့မလိုနဲ့ တစ်နေ့ပြီးတစ်နေ့ သာယာပြနေတာလည်း မင်းပါပဲ။ အဲ့ဒါ ကချင်ပြည်နယ်လို့ ခေါ်ပါတယ်။ မတ်မတ်ဆောင်း စကားကိုတောင် ငှါးသုံးခဲ့ဖူးတယ်လေ။ စစ်က တိုက်သလိုလို မတိုက်သလိုလိုပါလို့။ တကယ်မတိုက်ပါဘူးကွာ လို့ ပြောနေတဲ့သူတွေ အများကြီးရှိပါတယ်။ မဟုတ်ပါဘူး။ တကယ်တိုက်ပါတယ်။ ကချင်တွေ စစ်တိုက်ပုံက တမ်ပိုတွေသိပ်ပါလေ့မရှိဘူး။ ငှက်ပစ်သလို ငါးဖမ်းသလို လုပ်ရိုးလုပ်စဉ်ပဲ သဘောထားတယ်။ သူတို့ပြောရင် စစ်တိုက်တယ်တောင် မပြောဘူး။ အလုပ်လုပ်တယ်တဲ့။ “ဒီနေ့ ကလေးတွေ အလုပ်လုပ်တာ တော်တယ်လေ။ အောင်ပွဲခံရအောင်။” အဲ့သလိုပဲ သူတို့ ပြောလေ့ရှိပါတယ်။ လုပ်စရာရှိတာ လုပ်ပြီးရင် တိုက်ပွဲအကြောင်း စားမြုံ့ပြန်မနေဘူး။ သူတို့စိတ်ထဲ တောလိုက်လို့ အမဲရသလောက်ပဲ သဘောထားပါတယ်။

အရင်တုန်းကတော့ ကိုယ်ရောက်နေတဲ့ အရပ်ဒေသကို မဖော်ပြလိုတဲ့အတွက် သူတို့အကြောင်းတွေ မရေးဖြစ်ခဲ့ပါဘူး။ တချိန်ချိန်တော့ ပြန်ရေးပြဖို့ မှတ်သားကြည့်ရှုထားတယ်။ အခု ရေးပြလို့ရတဲ့အချိန် ရောက်ပြီလေ။ ဒီနယ်မြေထဲရောက်တာ တစ်နှစ်ကျော်ကျော် ကြာခဲ့ပြီ။ လောက်ကိုင်မှာ နေသလိုမျိုး၊ ဘူတန်မှာ နေသလိုမျိုး၊ အမ်းမှာနေသလိုမျိုး၊ မနောမြေက အတွေ့အကြုံတွေ ရေးပြရဦးမှာပေါ့။

ကိုယ် ဒီဘက်ကိုလာတော့ စာအုပ်အထူကြီးတစ်အုပ် အလေးခံပြီးသယ်ခဲ့တယ်။ ဒီရောက်တော့မှ ဖြေးဖြေးချင်းဖတ်တာ။ ဆရာနတ်နွယ် ရဲ့ “မြန်မာပြည်မြောက်ပိုင်း” လေ။ သူကတော့ အချက်အလက်မှန်တွေကို ဇာတ်လမ်းဇာတ်အိမ် အစာသွပ်ထားတဲ့ ဝတ္ထုပေါ့ဗျာ။ ကိုယ့်ကျရင်တော့ ကိုယ်တွေ့အဖြစ်အပျက်တွေကို အက်ဆေးမှတ်တမ်း သဘောမျိုး ရေးခဲ့မယ်လို့ စိတ်ကူးတာ။ အစမှအဆုံးတိုင် ဖြတ်သန်းနိုင်တယ် ဆိုရင်ပေါ့။ မသေချာဘူးလေ။ လာသာလာခဲ့ရတာ။ ကိုယ်ဘယ်လောက်အထိ ရပ်တည်ရှင်သန်နိုင်မလဲ ကိုယ်ကိုယ်တိုင်လည်း သိမထားဘူး။

အကြောင်းအရာတွေ လည်ထွက်မသွားအောင် လက်ရှိတိုက်ပွဲ အခြေအနေဘက် ပြန်ကောက်ပါ့မယ်နော်။ “ကချင်မြေကိုလာတော့ တကယ်ဆော်တယ်နော့။” ဆိုတာ တကယ်ကြီးလား အဟုတ်ကြီးလား မေးချင်တယ် မဟုတ်လား။ ဒါဆို ကချင်အဆိုတော် မမကြီး ဆိုဖူးတဲ့ သီချင်းလေးတစ်ပုဒ်နဲ့ပဲ ဖြေပါမယ်။ “မယုံရင် မချစ်နဲ့ မချစ်နဲ့ မောင်ရယ်။ မယုံတာ မချစ်လို့ မချစ်လို့ပါကွယ်။” တဲ့။ သူတို့လက်သံတွေ မြင်ရရင် ကိုယ်ကတော့ Physiology မှာ သင်ဖူးတဲ့ iron carrier protein လေးပဲ ပြေးပြေးသတိရတယ်။ Sorbitol တဲ့။ ကချင်တွေက ဆော်စရာရှိရင် သူတို့ ကချင်လူမျိုးထဲက တိုင်းမှူးဖြစ်နေတဲ့သူကိုတောင် တက်ဆော်တာပါ။ L ခွန်းရီ ရဲ့ အဖေ L ကွန်ဖန်က ကချင်မှာ ကျတာလေ။ ဒါကြောင့် ပိတ်သတ်ကြီးရေ အားမလိုအားမရ မဖြစ်ပါနဲ့။ ဆော်တာတော့ တကယ်ဆော်မှာပါ လို့။

နွေဦးတော်လှန်ရေးမှာ ကချင်တွေသာ ထိထိရောက်ရောက် ဝင်တိုက်ခဲ့ရင် တော်လှန်ရေးက ပြီးတာ ကြာပေါ့ လို့ တချို့ကလည်း ပြောကြပါတယ်။ ကချင်တွေက မအလစစ်တပ်ကို တကယ်မတိုက်ဘူး လို့ ပြောချင်တာပေါ့။ ကိုယ်လည်းပဲ ရေးခဲ့ဖူးပါတယ်။ ကချင်တွေက သူတို့ကို လာထိရင်သာ လက်တုန့်ပြန်ပြီး ပြန်တိုက်တာ။ သူတို့ဘာသူတို့နေရင်း နေပြည်တော်ကို တက်သိမ်းပေးမယ့်ပုံတော့ မရှိပါဘူးလို့။ အဲ့သလိုတော့ မဟုတ်သေးဘူးဗျ။ တော်လှန်ရေးကာလ မြန်မာပြည်မြောက်ပိုင်းက လက်စလက်နတွေဟာ ကချင်တွေရဲ့ကျေးဇူး အများကြီး ပါပါတယ်။ အထက်မြန်မာပြည်တကြောက PDF တွေ စစ်သင်တန်းတက်ချင်ရင် ကချင်မှာ သွားတက်ရပါတယ်။ သင်တန်းပြီးရင် လက်နက်ပါ တပ်ဆင်ပေးတယ်။ CDM တွေ ရှောင်ချင် ကချင်မှာ သွားရှောင်ရပါတယ်။ နေစရာစီစဉ်ပေးတယ်။ သူတို့စားသလို စားရစေ့မယ်။ KIA တပ်စခန်းတိုင်းမှာ ဧည့်သည်တွေ မနည်းမနော ရှိပြီး မငြီးမငြူ လက်ခံပေးတယ်။ သူတို့ဆီမှာ သိန်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေ ရှိနှင့်ပြီးသားတောင် မြန်မာတွေလာရင် မငြိုငြင်ဘူး။ အဲ့ဒါနဲ့ကို ကျေးဇူးတင်စရာ ကောင်းနေပြီ။

ကချင်တွေက စကစကို ဘယ်မတိုက်ပဲနေမလဲ။ တိုက်တာပေါ့။ အသံမထွက်အောင်တိုက်တာ။ သူတို့ပြည်နယ်ထဲကို ထောက်ပို့စစ်ကူလာတဲ့ လမ်းကြောင်းမှန်သမျှ အလစ်မပေးပဲစောင့်ပြီး တက်လာတာနဲ့ ဦးအောင်ဆော်တယ်။ ပြီးရင်တော့ “ငါတို့ပစ်တဲ့အကြောင်းတွေ လိုင်းပေါ်မတင်ပါနဲ့။ အိုး နိုး။” ပဲ။ ဒါတောင် လုပ်ပွဲတွေလို့ အပြောခံရသေးတာ။ ကချင်တွေ ဘယ်လောက် လက်သံပြောင်သလဲဆို မင်းအောင်လှိုင်တောင် ကြောက်ဒူးတုန်တယ်။ ပူတာအို သွားမယ်။ ပူတာအို သွားမယ်။ အသံလာလာပေးပြီး သွားကိုမသွားရဲသေးဘူး။

KIA ဟာ မအလတပ်ကခေါ်ရင် NCA ထိုးဖို့ ကန်တော့ပွဲနဲ့ ပင့်တာတောင် မလာဘူး။ စကစကိုလည်း တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုဘူး။ မင်းအောင်လှိုင်ဟာ ရုရှားသွားမှ ပူတင်နဲ့မတွေ့ရပဲ တာတာစတန်ကကောင်နဲ့ ဓါတ်ပုံရိုက်ပြန်လာရတာ မဟုတ်ဘူး။ ကချင်ပြည်နယ်ကိုလာရင်လည်း ဗိုလ်ချုပ်ဂွမ်မော်က သူ့ကို အဖက်မလုပ်လို့ သူ့ဆီ လက်နက်ချအလင်းဝင်ထားတဲ့ကောင်က ငွေဓါးပေးပါတယ် လွယ်အိပ်ပေးပါတယ် အရှက်ပြေ သတင်းရိုက်ပြီး ပြန်ရတယ်။ တကယ်တော့ သူရတဲ့အဆောင်အယောင်မှာ ဘာအဓိပ္ပါယ်မှ မပါဘူး။ အင်ကြီး။ မြစ်ဆုံမှာ ဓါတ်ပုံသွားရိုက်လည်း လွယ်အိပ်တွေ ဓါးတွေ ဆိုင်ကတောင်းရင် ရတာပဲ။ သူ့အဆင့်ဟာ ဝန်ကြီးဌာနတစ်ခုရဲ့ ညွှန်ချုပ်လယ်ဗယ်ပဲ ရှိတယ်ဆိုတာ ကချင်တွေ ကောင်းကောင်းသဘောပေါက်တယ်။ အာဏာလုထားတယ် သိမ်းထားတယ် ဆိုသော်ငြားလည်း အဲ့ဒီအာဏာကို လက်ထဲမှာ အသက်ဝင်အောင် မစီမံနိုင်တဲ့အတွက် နိုင်ငံတော်ပုန်ကန်မှုနဲ့ပဲ အဆုံးသတ်မှာ လို့ သူတို့ကတော့ မြင်ထားပြီးသား။ အဲ့ဒီတော့ KIA ဟာ ဘယ်သူ့ဘက်က ရပ်တည်သလဲ ဆိုရင် စကစ ဘက်က မရပ်တည်ဘူး။ NUG / CRPH ဘက်က ရပ်တည်တယ်။ အဲ့ဒါတော့ သေချာတယ်။ မငြင်းနိုင်ဘူး။

ကချင်တွေဟာ ဟိုးအရင်အစိုးရတွေ လက်ထက်ကတည်းက လေတပ်ကနေ ဗုံးလာလာကျဲတဲ့ ဒဏ်ကို အကြိမ်ကြိမ် ခံရခဲ့ပြီးသား။ အထိအခိုက်နည်းအောင် ဘယ်လိုနေထိုင် ဘယ်လိုစီမံရမယ်မှန်း ကောင်းကောင်းသိတယ်။ သူတို့ဆီမှာ လူငယ်မျိုးဆက်သစ်ကလေးတွေကိုလည်း ပျိုးထောင်ယူတယ်။ မိုင်ဂျားယန်ကို ပညာရေးမြို့တော်တည်ပြီး နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တွေတည်တယ်။ အဲ့ဒီက ဘွဲ့ရပညာတတ်တွေ အခု လုပ်ငန်းခွင်ထဲရောက်ပြီ။ အဲ့ဒီက စီးပွါးရေးဘွဲ့၊ ကွန်ပြူတာဘွဲ့၊ ဥပဒေအထူးပြုဘွဲ့ နဲ့ ကလေးတွေ ကိုယ်မြင်ဖူးခဲ့ပြီ။ ဆေးကျောင်း ရှိတယ် လို့ မကြားဖူးပေမယ့် ဆေးတပ်သားသင်တန်းဆင်းတွေတော့ အများကြီးပဲ။ ဒေါ်စိန်အေးကလွဲရင် မြန်မာပြည်မှာ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းဆိုတာ လိုင်ဆာမှာပဲ ရှိပါတယ်။ မသိသေးတဲ့သူတွေ သိအောင် ပြောပြရတာပါ။ အကုန်လုံးလျှောက်ရေးနေရင် KIO အတွက် လက်ကမ်းကြော်ငြာ pamphlet ရေးပေးသလို ဖြစ်နေလိမ့်မယ်။ အနည်းဆုံးတော့ သူတို့ကို တိုင်းရင်းသားလက်နက်ကိုင်ထဲမှာ အင်အားကြီးအဖြစ် လက်ခံထားရမယ်။

ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တွေက ကချင်လက်နက်ကိုင်တွေထက် အင်အားပိုကြီးတယ်၊ နယ်မြေအကျယ်အဝန်း လူဦးရေပိုများတယ် ဆိုပေမယ့် စစ်အစိုးရအဆက်ဆက် သွေးခွဲရန်တိုက်ပေးခဲ့တာ လူမျိုး ၁၀၁ ပါးထဲ ရှမ်းချည့်ပဲ ၉၉ မျိုး ပြည့်တော့မယ်။ ရှမ်းပြည်နယ်တစ်ခုတည်းကို စစ်တိုင်းကြီး ၄ ခု ခွဲပြီး ချုပ်ထားတာ တုပ်တုပ်တောင် လှုပ်မရ။ ရှမ်းအကြောင်းက သပ်သပ်ပြောယူမှရမယ်။ အခု ဒီမှာပြောချင်တာ ကချင်တွေက သူတို့ပြည်နယ်ကို ရှမ်းပြည်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ မွစိတက်အောင်ကွဲပြီး စစ်တပ်က လာမချုပ်စေချင်ဘူး။ အဲ့ဒါကြောင့် သူတို့ အများကြီးသည်းခံတယ်။ သူတို့ဆီမှာ လီဆူးတွေ ရဝမ်တွေ ရှမ်းနီတွေ ရှိသေးတယ် မဟုတ်လား။ ဒါတောင် စစ်တပ်ဘက် အလင်းဝင်တဲ့သူတွေကို လက်နက်ပြန်ပေးပြီး လက်ပါးစေတပ်လုပ်ထားတဲ့ BGF တို့ ပြည်သူ့စစ်တို့ မပါသေးဘူး။ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေလို့ ပြောပြီး ပြည်နယ်အတွက် ဆူးညှောင့်ခလုတ်တွေ ကျဲချသွားတာလေ။

တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ ထုံးစံအတိုင်း နယ်စပ်မျဉ်းနားမှာ စခန်းချပြီး အိမ်နီးချင်းတဘက်နိုင်ငံအပေါ် မှီခိုနေရသော်ငြားလည်း KIA/ KIO တွေဟာ ကိုးကန့်တို့ ဝတို့လောက် တရုတ်ဇာတ်အသွင်းမခံရပါဘူး။ ဩဇာမလွန်ဆန်နိုင်ရုံပဲ ရှိပါတယ်။ လိုင်ဆာမှာကလွဲရင် ကိုးကန့်လို တရုတ်စကား တရုတ်စာ တရုတ်ငွေ တရုတ်စံတော်ချိန် နဲ့ မနေဘူး။ ရုံးစာကအစ ကချင်လိုထုတ်တယ်။ သမ္မာကျမ်းစာကို ကချင်ဘာသာနဲ့ ပုံနှိပ်တယ်။ ကချင်ရိုးရာဝတ်စုံဟာ တရုတ်အဝတ်အစားနဲ့ ဘယ်နားလေးမှာမှ ဆင်တူမနေဘူး။ ကိုးကန့်တွေကို မြန်မာပြည်နယ်စပ်မျဉ်းအတွင်းဘက်ရောက်နေတဲ့ တရုတ်လူမျိုးတွေ လို့ မြင်လို့ရပေမယ့် ကချင်တွေက အဲ့သလို မဟုတ်ဘူး။ ဥကရစ်ထကို ဗုံးသွားကျဲလို့ ဟိုဘက်နိုင်ငံထဲထိရောက်ရင် ထိုင်းစစ်တပ်ကြီးက “မဲ့ပင်လိုင် မဲ့ပင်လိုင်” လို့ ပြောပေမယ့် လိုင်ဆာကို လက်နက်ကြီးနဲ့ထုလို့ တဘက်ကို မီးပွါးစင်ရင် ပေါက်ဖော်ကြီးက စည်ပိုင်း နဲ့ ပွတ်လွှတ်တာ။ ကင်းတာတော့မကင်းနိုင်ကြဘူး။ မြစ်ဆုံကို မြန်မာတွေ ခါးခါးသည်းသည်း ကန့်ကွက်ပေမယ့် ပိုင်နက်ဇာတိ ကချင်တွေကတော့ အဲ့သလောက်ကြီး ဆန်းဆန်းတင့်ဖြစ်နေတာ မတွေ့ဘူး။ ဒါကြီး မရောင်းရလို့လည်း သူ့အတွက်က ထိခိုက်သွားစရာ မရှိဘူး။ သူ့ပြည်နယ်ထဲမှာ ကျောက်စိမ်းတွင်းတွေရော၊ ရွှေတွင်း ပယင်းတွင်းတွေရော အကုန်ရှိတယ်။ ပူစရာမလိုဘူး။ ဦးတေဇတောင် သူ့ဆီမှာ မြေရှားသတ္တုလာရှာရင်း ပုစဉ်းပျက်ကျတာ။ မထိရမတို့ရသေးတဲ့ သစ်တောစိမ်းစိမ်းတွေလည်း အများကြီး ကျန်သေးတယ်။ မြန်မာတွေ သယံဇာတကြွယ်ဝသမျှက အကုန်လုံး သူ့ဆီမှာ။

အနေအထား မြွေဖားက အဲ့သလိုရှိတော့ ကချင်တွေဟာ မြန်မာစစ်တပ်နဲ့ပေါင်းစားမှ ထမင်းဝမယ့်အစားထဲမှာ မပါဘူး။ သူတို့ကို ထိပ်ပုတ်ခေါင်းပုတ် နားရွက်တံတွေးလာဆွတ်ရင် ရူးချင်ယောင်ဆောင်ပြီး ငြိမ်ခံနေမှာတော့ မဟုတ်ဘူး။ ဒါဆိုရင် ဆယ်ဇင်းကို ကချင်တွေ ပြန်တိုက်မှာလား မတိုက်ဘူးလား အဖြေက ရှင်းနေပြီလေ။ အားလုံးမြင်သာနေတာပဲ မဟုတ်လား။ ဒါက အပေါ်မှာ လှန်ထားတဲ့ ဖဲချပ်ပဲ ရှိသေးတာ။ အောက်ဖဲတွေ ဘယ်လိုထိုင်ထားသလဲ သိချင်ရင်တော့ ကိုယ်တိုင် လာကြည့်ကြပေါ့ကွယ်။

“ခါတစ်ခေါက်

အရောက်လာခဲ့ပါမောင်။

ပျိုမေရဲ့ပျော်မွေ့ရာ

ဂျိန်းဖောတောင်။

ဖြူနီအဆင်းရှိ

တိမ်တောင်များလွှမ်းနေ

တောင်တန်းသျှိုမြောင်

ပန်းတွေစုံပါသလေ။

အချိန်ရရင်တော့

တစ်ခေါက်လာစေချင်တယ်။”