ဟိုးအရင်တခါ တရုတ်ရာဇဝင်ထဲက သုံးပြည်ထောင်စစ်ပွဲအကြောင်း စာရေးတဲ့အထဲမှာ တရုတ်ပညာရှိကြီးတွေရဲ့ အဆိုအမိန့်တစ်ခု မှတ်သားခဲ့ဖူးပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ အရှုံးအနိုင်ဟာ အဲ့ဒီစစ်ပွဲမစခင် စစ်မင်းစစ်ကဲတွေ မြေပုံပေါ်မှာ အလံကလေးတွေ ရွှေ့ရွှေ့ပြီး ဘယ်နေရာကို ဘာနဲ့ ဘယ်လိုတိုက်မယ် စစ်ဗျူဟာတွေ ခင်းကျင်းဆုံးဖြတ်ကတည်းက အဖြေထွက်နှင့်ပြီးသားပါတဲ့။ ဆွန်ဇူးကျမ်းထဲက ဘယ်လိုဆိုလေသလဲတော့ မပြောတတ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်တွေလည်း စစ်ရေးအမြင်ရှိရမယ့် ခေတ်ကာလကြီးမှာ ကိုယ်တို့လည်း ကြားဖူးနားဝ ရှေးသူဟောင်းစကားများကို ပစ်ပါယ်လို့တော့ မဖြစ်ချေဘူး။
ဒီနေ့ နေသာသလား မိုးရွာသလား၊ လေယာဉ်လာမလား မလာဘူးလား၊ တိုက်ပွဲရှိသလား မရှိဘူးလား၊ ကွက်ကွက်ကလေးကြည့်ပြီး စီမံခန့်ခွဲနေလို့ရှိရင် ကိုယ့်ကြမ္မာဟာ ကိုယ်ဖန်တီးတဲ့အရာ မဟုတ်ဘူး။ သူများဖန်တီးသမျှ အလိုက်သင့်မျောပါနေတာပဲ။ တိုက်ပွဲမရှိသ၍ ဒီတိုင်းလေးနေမယ်။ တိုက်ပွဲတွေလာရင် ထွက်ပြေးမယ် ဆိုတာကလည်း စစ်တိုက်နေတာမှ မဟုတ်တာ။ စစ်ပြေးဒုက္ခသည်လုပ်နေတာသက်သက်ပဲ။ ဘာမှ အားမကိုးလောက်ဘူး။ ကိုယ်တို့ဆေးရုံကလေးကို စစ်အင်္ဂါအစိတ်အပိုင်းတစ်ခု အဖြစ် အသုံးကျချင်တယ် ဆိုရင်တော့ စစ်ဗျူဟာအခင်းအကျင်းတွေကို နားလည်သဘောပေါက်ပြီး အတက်အဆုတ် အလှုပ်အပြောင်း ဝင်ကစားနိုင်မှ ရပါမယ်။ တိုက်ပွဲဆိုတာ ကိုယ်တို့ ကြောက်လန့်ရှောင်ရှားရမယ့်အရာ မဟုတ်ဘူး။ သူ့စည်းချက်နဲ့အညီ ဟာမိုနီဖြစ်အောင် ဝင်ရောက်သီဆိုကခုန်ရမယ့်အရာပါ။ ဒါဆိုရင် ကိုယ် ဘာဆက်လုပ်ရမယ်မှန်း ကိုယ့်ဘာကိုယ် သဘောပေါက် လာပါလိမ့်မယ်။
ဆယ်ဇင်းမှာ စစ်ပွဲရပ်သွားတာ တပါတ်ကြာပြီ။ စစ်ကောင်စီ ဘာလုပ်နေသလဲ။ ရှမ်းနီ ဘာလုပ်နေသလဲ။ KIA ဘာလုပ်နေသလဲ။ အဲသလောက်မှ မြင်အောင်မကြည့်တတ်ရင် ဒီနေရာမှာ ကိုယ်ဆက်နေဖို့ မသင့်တော်ဘူး။ အသုံးမဝင်ရုံမက သူများတကာအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။
လက်ရှိအခြေအနေမှာ စကစဟာ ရှမ်းနီကို လက်နက်ရော စစ်ကူရောပေးလို့ သူ့ဘက်ကဝင်တိုက်ဖို့ အကူအညီတောင်းပြီး လေကြောင်းစစ်ကူအားကိုးနဲ့ ဆယ်ဇင်းကို ဝင်ထားတယ်။ KIA အနေနဲ့က ဆယ်ဇင်းကို လက်လွတ်လို့ မဖြစ်ဘူး။ သူ့အတွက် အခွန်အကောက်တွေ အများကြီးရတဲ့အရပ်မို့လို့ပါ။ သူ့လက်အောက်မှာထိုင်ထားတုန်းက စစ်တပ် နဲ့ ရှမ်းနီပါ အခွန်ဝင်ကောက်တာကို သူမသိချင်ယောင်ဆောင်ထားသော်လည်း သူများလက်အောက်ကို ရောက်သွားရင် သူ့စီးပွါးရေးရော ဂုဏ်သိက္ခာကိုပါ ထိခိုက်တယ်။ မဖြစ်မနေကို ပြန်သိမ်းပါလိမ့်မယ်။ ခုလတ်တလော ငြိမ်သက်နေတာဟာ လက်နက် ရိက္ခာ လူသူအင်အား ဖြည့်တင်းပြီး ပိုင်လောက်မယ့်အချိန်ကို စောင့်နေတာပါ။ မကြာခင်မှာ တိုက်ပွဲက ပြန်ဖြစ်ဦးမယ့် အလားအလာရှိပါတယ်။
တိုက်ပွဲဖြစ်လို့ မြေပြင်မှာ စစ်တပ်က အထိနာပြီဆိုရင်လည်း လေကြောင်းပစ်ကူတွေ ရိက္ခာထောက်ပို့ နဲ့ လူနာသယ်ဆောင်ဖို့ ဟတ်စကီးတွေ မစဲအောင် လာကြပါဦးမယ်။ ဒီလိုဆိုရင် ကိုယ့်ဆေးရုံမှာလည်း လူနာတွေတင်ဖို့ခွဲဖို့ အဆင်သင့်ရှိနေဦးမှ ရပါလိမ့်မယ်။ ဒါကလွဲရင် တခြားမှ မရှိတာ။ လက်ရှိနေရာမှာ အဆင်မပြေတော့ဘူးဆိုရင်တောင် အဆင်ပြေမယ့်နေရာတစ်ခုခု သူတို့ဘက်က စီစဉ်မပေးပဲ ရကိုမရဘူး။ လူငှါးစရာမလိုဘူး။ လခပေးစရာမလိုဘူး။ ဆေးဘတ်ဂျက်လည်း ခွဲမပေးရဘူး။ လူနာလေး အရောက်ပို့ရုံရယ်။ ဒါမျိုး ဘယ်မှာသွားရှာမလဲ။ ဆီဆားအစုံ ဖြည်စားရုံလေး။ စွန့်ပစ်ထားရစ်ခဲ့စရာ ဘာအကြောင်းမှ မရှိဘူးလေ။ ကိုယ်တို့ဘက်ကလည်း စွန့်ခွါပစ်ပြေးမယ့်သူ တစ်ယောက်မှ မပါဘူး။ လက်တွဲပြီးသား။ ဖြုတ်မချတော့ဘူး။
ဒီလိုဆိုရင် ကိုယ့်ဘက်က လုပ်ထားရမယ့်အရာ တစ်ခုပဲ ရှိပါတယ်။ စစ်တပ်ကလိုက်မလာနိုင်တဲ့ ဒီ့ထက်ပို၍ စိတ်ချလုံခြုံသောအရပ်မှာ ဆေးရုံဆက်တင်တစ်ခု ထပ်ပြင်ထားဖို့ပါ။ ဒီမှာအဆင်ပြေသ၍ ဒီမှာပဲကုနေမယ်။ အဆင်မပြေတော့ရင် နောက်တနေရာပြောင်းကုမယ်။ ကိုယ့်ဘက်က အရေးသာလို့ အောက်ပိုင်းအထိ ဆင်းတိုက်မယ့်အချိန်ရောက်လာရင်လည်း လိုတဲ့နေရာ လိုက်ရွှေ့ပြီး အလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားရမယ်။ စစ်ပွဲရှိရာ လိုက်ပါကုသမယ့်ဆရာဝန်ဆိုတာ အမြောက်သံ ဗုံးသံကြားတိုင်း “မတ်မ မတ်မ ညယ်မ ကြောက်တယ်။” “မကြောက်နဲ့ ညက်မ။ မတ်မ ရှိဒယ်။” အားကိုးအားပေး လုပ်စရာမှ မလိုတာ။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ရမယ်။
စကစရဲ့ စစ်မြေပြင်ဟာ ဒီတနေရာတည်းမှာ ရှိတာ မဟုတ်ဘူး။ စစ်ဘောင်က ကျယ်နေသလောက် ကိုယ့်အောက်ကလူတွေ ထွက်မပြေးအောင် မျက်စိဒေါက်ထောက် ကြည့်နေရတယ်။ မြို့ပြတိုက်ပွဲတွေကလည်း အရှိန်မြင့်လာပြီ။ ပြည်တွင်းပြည်ပ ဖိအားတွေကလည်း များလာပြီ။ ဒေါ်လာငတ်လို့ ရသမျှလိုက်သိမ်းရတာကလည်း နန်းမွေစံဘော်လီကြားကဟာတောင် မချန်နိုင်တော့ဘူး။ ကိုယ်ကသာ ငါ့များလာတိုက်ရင် ဆို ပြင်ထားရတာ။ တကယ်တမ်းကျ သူ့စားရိတ်နဲ့သူ ကာလနာတိုက်သွားစရာတွေ အများကြီးရှိတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ ဘယ်ကိုပြေးလို့မှလည်း လွတ်လမ်းမမြင်ဘူး။
KIA က ဆယ်ဇင်းကို ပြန်ဝင်လို့ရှိရင် စကစဘက်က စစ်ကူလာစရာသော်လည်းကောင်း ဆုတ်ခွါရာသော်လည်းကောင်း လမ်းကြောင်းက ၃ ခုပဲ ရှိတယ်။ တာမခန်-ဟောင်ပါးဘက်ကနေ ဖားကန့်ဘက်ကိုထွက်တဲ့ လမ်းတစ်လမ်း။ တာမခန်မှာ တပ်ရင်းတစ်ရင်း ထိုင်ပြီးသား ရှိတယ်။ ဖားကန့်မှာ ဗျူဟာရှိတယ်။ ဒါပေမယ့် အဲ့ဒီလမ်းကသွားရင် ယာဉ်တန်းတစ်တန်းလုံး အပြုတ်ဆော်ခံရတာ နှစ်ခါရှိပြီ။ အရပ်ဝတ် နဲ့ အိမ်စီးကားနဲ့တောင် သွားမရ။ သွားလည်း မသွားရဲ။
နောက်တစ်လမ်းက ရွှေပြည်မြင့်-မန်စိမ်းဘက်ကနေ စစ်ကိုင်းတိုင်းထဲဝင်ပြီး ဟုမ္မလင်းထိ ဆင်းလို့ရတယ်။ အဲ့ဒါ ရှမ်းနီနယ်။ အလာတုန်းကလည်း အဲ့ဒီဘက်ကလာတာ။ ဒီချိန် ကားလမ်းမပေါက်ဘူး။ တောနက်တယ်။ သူတို့ အဲ့ဒီဘက်ပြေးရင် KIA က လိုက်တိုက်ပြီး ရှမ်းနီကို ပြန်အဝင်ခံတော့မှာ မဟုတ်ဘူး။ ကျန်တဲ့တစ်လမ်းကတော့ အင်းတော်ကြီး-နန့်မွန်းကနေ ဟိုပင်-မိုးညင်းဘက် ထွက်တဲ့လမ်း။ အဲ့ဒီလမ်းကတော့ KIA တပ်ရင်းတွေကြားက ဖောက်ထွက်ရမှာ။ ခရီးလည်းရှည်တယ်။ လမ်းလည်းကြမ်းတယ်။ တက်လာသမျှ အကုန်ပြုတ်မယ်။ စောင့်နေတဲ့သူတွေက လက်တွေကိုယားလို့။ မလာမှာတောင် စိုးနေကြတယ်။ ဒီလမ်းကလွဲရင်တော့ ဥရုချောင်းထဲ ရေလမ်းကပဲ သွားစရာရှိပါတယ်။ အကွေ့အကောက်များသော ချောင်းရိုးထဲမှာ ဝပ်စရာ ပုန်းစရာကလည်း မရှိ။ နောက်ဆုံးတော့ ဟယ်လီကော်ပတာနဲ့ လာလာကဲ့ထုတ်ရုံအပြင် အရှင်ထွက်လို့ရမယ့် ထွက်ပေါက် မရှိတော့ပါလားနော်။ ခမျာများ အိပ်လို့တောင် ပျော်နိုင်ပါဦးမလား။
ကဲပါလေ။ ဒါဆိုလည်း မထွက်တော့ဘူးပေါ့။ ဆယ်ဇင်းမှာပဲ အထိုင်ချပြီး အပြီးနေတော့မယ်။ ဆယ်ဇင်းကို သိမ်းလိုက်ပြီ။ ပြန်မပေးတော့ဘူး။ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ။ တကယ်လား။ အိမ်မပြန်ရဘူးနော်။ အဆက်အသွယ်အထောက်အပံ့လည်း ဒီလမ်း ၃ လမ်းကပဲ လာစရာရှိတာဆိုတော့ နောက်ထပ် လာလို့မရဘူးနော်။ ယူတို့မှာ လစာ ရိက္ခာ ကျည်ဆန် လက်နက် ဘယ်နှစ်ရက်စာလောက် ရှိသလဲ။ ဘာမှမလုပ်ဘူး။ ညတိုင်းဗျောက်အိုးလာဖောက်ရုံလေးပဲ။ ဘယ်လိုလဲ။ နေမလား။ မောင့်ရင်ထဲဝယ်။
ပေးထားချက်အရကို သူတို့ဘက်က ရှုံးနှင့်နေတယ်။ လောလောဆယ် သာသာယာယာချင်း တူရင်တောင် အိုင်တို့က မနေ့က အုန်းထမင်းချက်စားတယ်။ ဒီညနေ ဆူရှီလုပ်စားမှာ။ ယူတို့တွေသာ “ဟာ ဒါ ကျော်တို့ငယ်ငယ်တုန်းက သောက်ခဲ့တဲ့ Royal D ပဲ။” ဆို ခွဲတန်းနဲ့ တစ်ယောက်တစ်ဗူးသောက်ကြ။ ဖေ့စ်ဘုတ်ပေါ် စစ်သားတွေလည်း ဖော်လိုဝါများပါတယ်ဆိုပြီး ပျော်မနေနဲ့။ ဒီဘက်ကပိုပျော်တယ်။ သေရင်ခွီပြီး စကရင်ရှော့နဲ့ ရှဲမလို့ ဖော်လိုလုပ်ထားတာ။
ဒီတိုက်ပွဲရဲ့အဖြေဟာ အခု ကိုယ်တွက်ပြခဲ့တဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် စကစအတွက် လက်နက်ချဖို့ကလွဲလို့ ဘာထွက်ပေါက်မှ မရှိတော့ဘူး။ ကစထမှူးနှစ်ဆက်ပြုတ်သွားတယ်။ စစ်ကိုင်းကိုမနိုင်။ တပ်မ ၄၄ တပ်လုံးပြောင်သွားတယ်။ ဥကရစ်ထ ပြန်မသိမ်းနိုင်။ အရပ်ရှစ်မျက်နှာ ဘယ်နေရာမှာမှ နိုင်အောင်တိုက်နိုင်တာ မရှိတော့ဘူး။ မြို့ပြမှာ အဘက်ဘက်ကဖိနှိပ်ပြလိုက်တော့ နဂိုက မညီညွတ်တဲ့သူတွေတောင် ကျောချင်းကပ်သွားတယ်။ စစ်တပ်ရဲ့ဩဇာဟာ တပ်တွင်းမှာတောင် သက်ရောက်ဖို့ ခဲယဉ်းလာပြီ။ အတူတူငတ်ကြကြေးဆို စစ်သားကို ဘယ်သူမှ မျှမကျွေးဘူး။ စားရဲစားကြည့်။ အပင်းအဆိပ်နဲ့တွေ့သွားမယ်။ ဇူလိုင် ၂၅ နောက်ပိုင်းမှာ ဒလန်ရှင်းတာ၊ လက်တုန့်ပြန်တာ၊ SP လုပ်တာတွေ ပိုပြီး ပြင်းပြင်းထန်ထန် တွေ့ရလိမ့်မယ်။ အမယ် ငါလည်း ရှေ့ဖြစ်တွေဟောနေလိုက်တာ။ လင်းညှို့တာရာကျနေတာပဲ။ အပြောတွေ ထားခဲ့ပြီကွာ။ ရှေ့လျှောက် အလုပ်နဲ့ပဲ သက်သေပြမယ်။ တွေ့ကြသေးတာပေါ့နော။