ချန်ဂင်တို့စခန်း (၅၇)

ဒီတခါတော့ မိုးချုပ်အောင်တောင် မစောင့်နိုင်တော့ပဲ ညနေမှောင်ရီဖြိုးဖျကတည်းက မိုးရွာနေနှင့်ပါတယ်။ သူတို့ဘက်ကလည်း ညတိုင်းလိုလို ဒရုန်းနဲ့ပျံပျံပြီး လာကြည့်တာမို့ ညမှောင်ရင် ကိုယ်တို့လည်း မီးစက်မနှိုးပဲ အမှောင်ချနေကြတာ။ ညဆိုလည်း ဆေးရုံထဲမှာ မအိပ်တော့တာ ကြာပြီလေ။ လူနာတွေကိုတော့ ညဆေးတွေ အပြီးထိုးပေးခဲ့ပြီး လုပ်စရာရှိတာတွေ ကြိုလုပ်ပေးထားခဲ့ပါတယ်။ ညဉ့်နက်သန်းခေါင်ကျမှ complaint လာရင် ကိုယ်တို့လည်း ပြန်လာလုပ်ပေးလို့မှ မရတာ။ အရေးအကြောင်းဆို evacuate လုပ်ဖို့ plan ကိုလည်း သူတို့ကို ရှင်းပြသင်ကြားပေးထားရပါတယ်။ သူတို့လည်း ကိုယ်တွေပြန်သွားကြရင် အားငယ်ကျန်ရစ်ခဲ့မှာ သိပေမယ့် အဲ့လိုပဲ လုပ်ခဲ့လို့ရတာကိုး။ သူတို့ချည့်ကျန်ခဲ့တာ မဟုတ်ပဲ လုံခြုံရေးတွေ ကင်းတွေ အထပ်ထပ်နဲ့ပါ။ စစ်တပ်ကလာရင်တောင် ခုလာလို့ ခုရောက်တဲ့ အရပ်လည်း မဟုတ်။ မနက်စောစော ကိုယ်တို့ပြန်လာရင် ဆေးဆက်ကုဦးမယ့်ဥစ္စာ။ သူတို့လည်း အိမ်ပြန်လို့ရတဲ့ အခြေအနေ မဟုတ်သေးဘူး။ ဒီမှာနေလို့မရတော့ဘူးဆိုမှ မရရအောင် သယ်ထုတ်ရမှာ။

မိုးတွေကလည်း ရွာတယ်။ မီးတွေကလည်းမှောင်ပြီ။ လုံခြုံရာမှာ ပုန်းအိပ်နေပါတယ်ဆိုမှ ရွာထဲကလည်း အတင်းကို လူနာလိုက်ပြတော့တာပဲ။ ဘာမှမပါလာပါဘူး။ ပြန်ယူလို့လည်း မရပါဘူး။ မနက်ကျမှ စောစောလာခဲ့ပါ ဆိုလည်း မရ။ ကြည့်ရုံလေးပဲ ကြည့်ပေးပါတဲ့။ ဘာဖြစ်တာလဲဆိုတော့ တက်ချက်နေလို့။ ဘယ်တုန်းကလဲဆိုတော့ ညနေကမှ။ အဲ့မတိုင်ခင်ကရော ဆိုတော့ အကောင်းကြီး။ အိမ်တောင်လည်နေသေးတာတဲ့။ အေးလေ။ လာပြရင်တော့ အသက်နဲ့ နီးသလား ဝေးသလား သိရမှာပ။ တားလည်း အတင်းလာပြကြမယ့်ဟာ။ ရေထဲမိုးထဲကို ရောက်လာကြပါတယ်။ ကိုယ်ကတော့ မြင်တာနဲ့ ဒါ ဘာဖြစ်တာလဲ တန်းသိပါတယ်။ လိုက်လာတဲ့ လူတစ်အုပ်ကြီးကသာ ခြေမကိုင်မိ လက်မကိုင်မိ ပြူးပြာလာတာ။ သူတို့ကသည်းလေ ဟိုကပိုဆိုးလေ။ သူတက်ပုံလေးက အကြောမဆွဲဘူးလေ။ ခြေတွေလက်တွေ ပူးကပ်တောင့်တင်းနေတာ။ အသက်ရှူတာက ဖားဖိုကြီးလို။စကားမေးက မရဘူး။ မျက်လုံးကို တင်းတင်းမှိတ်ထားတာ။ မျက်ခမ်းလေးတွေကို တုန်လို့။ “ကြည့်ပြီးပြီ။ အန္တရာယ် မရှိဘူး။ မနက်ကျမှလာ။ ဒီမှာ ဘာဆေးမှ မရှိဘူး။ ပြန်ယူလို့လည်း မရဘူး။” လို့ ပိတ်ပြောတော့ မကျေနပ်ကြဘူး။ ထွက်သွားပြီးမှ တခေါက်ပြန်ဝင်လာပြီး “ဆေးသွားယူရအောင်လေ။ ကျွန်တော်တို့လိုက်ပို့ပေးမယ်။” လာပြောနေတယ်။ “ဒီညအတွက် ဘာဆေးမှ ပေးစရာ မလိုဘူး။ မနက်ကျမှလာ။” လို့ ဇာတ်လမ်းဖြတ်ရတယ်။

လူနာစောင့်တွေ သည်းသည်းလှုပ် နေသလောက် ဆရာဝန်က သည်းလည်းမသည်းဘူးဆို စိတ်မပူလိုက်နဲ့။ လူနာစောင့်တွေ သွေးအေးသလောက် ဆရာဝန်တစ်ယောက်တည်း သည်းသည်းလှုပ်နေတာမြင်မှ စိတ်ပူကြ။ မနက်ကျ vital sign ယူ အကြောဆေးလေးဘာလေးထိုးပေးပြီးမှ ယော်ဘော်ကို လက်ကုပ်ပြီးသပ်သပ်ခေါ်မေးကြည့်တယ်။ မနေ့က လင်မယား ရန်ဖြစ်ကြတာ မဟုတ်လား လို့။ အဲ့တော့မှ ကိုယ်တော်က “ရန်တော့ မဖြစ်ပါဘူးဆရာ။ နည်းနည်းလေး ဆူလိုက်မိတယ်။” တဲ့။ အေး နင်တော့ သေရအောင်သာ ပြင်ထား။ ဟိုက လင်နိုင်သိုင်းကွက် အဆင့် ၂ လောက်ထိ တတ်သွားပြီ။

ဒီနေ့ မနက်ပိုင်း တပိုင်းလုံးကတော့ သာသာယာယာပါပဲ။ မိုးလည်း မရွာဘူး။ လေယာဉ်လည်း မလာဘူး။ ရွာမှာလည်း တိတ်ဆိတ်ငြိမ်သက်လို့။ အေးအေးချမ်းချမ်းပဲတဲ့။ ဒါပေမယ့်လည်း ရွာသားတွေကိုယ်တိုင်ကိုက အဲ့သလို အေးအေးချမ်းချမ်း ဖြစ်နေတာကို မလိုလားကြတော့ဘူး။ ကိုဂျင်မီတို့ ဇေယျာသော်တို့သတင်းက တိုက်ပွဲကို အဆုံးထိဆက်သွားမှဖြစ်မယ်ဆိုတဲ့ အသိကိုပေးတယ်။ စစ်တပ်ကို ရွံရှာမုန်းတီးစိတ်က KIA အပေါ် ထောက်ခံမှု အများကြီး တိုးပွါးလာစေတယ်။ ကိုယ်ပြောတော့ ကိုယ့်စကားဖြစ်နေဦးမယ်။ အပြောမဟုတ်ဘူး။ လက်တွေ့ဆက်တိုက်ကြည့်လိုက်ပေါ့။ အလကားတော့မရဘူး။ အသက်နဲ့လဲပြီးမှ သိရမှာ။ မြန်မာတစ်ပြည်လုံးမှာ စစ်သားတွေအတွက်နေရာ ဘယ်မှာမှ မရှိတော့ဘူး။ ဘယ်သွားသွား အသက်ကိုဖက်နဲ့ထုပ်ထား။

သူတို့ဘက်က တက်သည်ဖြစ်စေ ဆုတ်သည်ဖြစ်စေ။ ကိုယ့်ဘက်က အစီအစဉ်တကျ အလုပ်ဆက်လုပ်နိုင်ဖို့ ပြင်ဆင်ထားစရာတွေ အများကြီး ရှိတာမို့ အလုပ်ကတော့ အားတယ် မရှိပါဘူး။ အခုလုပ်ထားတာက ဝေးလံခေါင်ဖျား ရှားပါးတဲ့အရပ်ဒေသမှာ ဆေးရုံကလေးထောင်ပြီး လူနာတွေကို အခမဲ့ဆေးကုနေတာ။ ဒီဆေးရုံကလေးကို လာဖျက်စီးမယ်ဆိုရင်တော့ ကိုယ်တို့က စစ်မြေပြင်ထဲကို ဆေးတပ်ဖွဲ့အနေနဲ့ရောက်သွားပြီး ဒဏ်ရာရတဲ့သူတွေကို ကိုယ်တိုင်ပြုစုကုသမှာ။ ဓါးစွမ်းတင်မကဘူး။ သေနတ်အစွမ်းပါ ပြတော့မှာ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တော်လှန်ရေးကို အဆုံးထိ ဆက်သွားမှာတော့ သေချာတယ်။ ဆေးရုံကို အသစ်မထောင်တော့ဘူး။ ကန်သာယာ နဲ့ မိုးကောင်းရတနာဆေးရုံကို တက်သိမ်းပြီး တနိုင်ငံလုံးက လာသမျှ ထိုင်ကုပလိုက်မယ်။ နားလည်လား။

နဂိုကတည်းက ပြတ်ပြတ်သားသား နောက်မဆုတ်ခဲ့တာ အခုအချိန်မှာတော့ ကိုယ့်လမ်းကိုယ် ခရီးပေါက်အောင် ဆက်လျှောက်ပါမယ်။ တွေ့ကြုံခဲ့ရသော သင်ခန်းစာများအရ ကိုယ့်အလှည့်ကျရင် သနားငဲ့ညှာစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး။ “မင်းအောင်လှိုင်ကို မသတ်နဲ့။” လို့ တားရင်တောင် အဲ့ဒီ “မသတ်နဲ့” ဆိုတဲ့ကောင်ပါ သတ်ပလိုက်မှာ အသေအချာပါပဲ။ သူတို့နဲ့ လက်တွဲရပ်တည်နေသူအားလုံးကို ဘာချွင်းချက်မှ မထားပဲ သေခန်းဖြတ်ပါတယ်။ ရန်သူ နဲ့ ငါ နဲ့ အကြား ကြားနေဆိုတာ မရှိပါဘူး။

အနီးစပ်ဆုံးရန်သူကတော့ ပျူတွေ ဒလန်တွေပဲ ရှိတာမို့ သွေးချောင်းစီးဦးမယ့်ကိစ္စတွေဟာ တားဆီးလို့ မရနိုင်တော့ပါဘူး။ သူ့ဘက်ဖြစ်ဖြစ် ကိုယ့်ဘက်ဖြစ်ဖြစ် တဘက်ဘက်က တစ်ယောက်မှမကျန်သည်အထိ ရှင်းပြီးမှ ဒီပွဲပြီးပါလိမ့်မယ်။ ကြားနေတွေလည်း ကြားထဲက အချောင်သေကုန်ရမှာချည့်ပဲ။ တစ်ယောက်မှ မကျန်တော့ရင် အာဒံ နဲ့ ဧဝ က ပြန်စမယ်။ စစ်သားတွေတော့ တစ်ယောက်မှ ချန်ထားလို့ မဖြစ်ဘူး။ အဆုံးထိကို ဆက်တိုက်သွားမှာပါ။ ဒါက သွေးပူတုန်း သွေးဆူတုန်း ပြောတဲ့စကား မဟုတ်ပါဘူး။ ဟိုးအစကတည်းက ပြောထားဖူးပြီးသား စကားတွေပါ။ ခုချိန်မှာ အင်မတန်မှကို သွေးအေးနေပါတယ်။ လူဆိုတာ တစ်သက်မှာတစ်ခါ မသေရတဲ့သူမှ မရှိတာ။ အဲ့ဒီအသက်နဲ့ရင်းပြီးမှ တော်လှန်ရေးက အောင်မှာဆိုရင်လည်း အသက်ရှင်ခြင်းထက် စစ်ခွေးတွေကို သုတ်သင်ရှင်းလင်းခြင်းကို ရွေးပါမယ်။ ကိုင်း ဒီ့ထက်ရှင်းတာ မရှိတော့ဘူး။