ချန်ဂင်တို့စခန်း (၅၆)

တစ်ရက်ချင်း တစ်ရက်ချင်း ရှင်သန်သွားမယ်ဆိုရင် ဒီနေ့ဟာ သာယာတဲ့ နေ့တစ်နေ့ပါပဲ။ နေသာတယ်။ တိုက်ပွဲမရှိဘူး။ မနေ့ကဖမ်းသွားတဲ့ထဲက ကလေးနှစ်ယောက်တော့ ပြန်လွတ်လာခဲ့တယ်။ ဟယ်လီကော်ပတာတောင် မလာဘူး။ ပုစဉ်းမောင်းတဲ့ကောင်တွေလည်း “ဒီနေ့က တင်းဂွေနေ့လေ ဘေးဘေ။” လုပ်နေသလား မသိ။ ရွာမှာတော့ လူကုန်သလောက် ရှိသွားပါပြီ။ အိမ်စောင့်မယ့်သူပဲ နေခဲ့ပြီး တော်တော်များများ စစ်ရှောင်ကုန်ကြတာကိုး။ အနီးအနားရွာကနေ ဘုရားကျောင်းထဲမှာ စစ်ရှောင်လာတဲ့ မိသားစုတွေတောင် သူတို့စစ်ရှောင်တဲ့ဆီ စစ်ကလိုက်လာလို့ နှစ်ထပ်ကွမ်းစစ်ရှောင်ကြရတယ်။ ဓမ္မဆရာတွေလည်း ချမ်းသာပေးတာမှ မဟုတ်တဲ့ဟာ။

အိမ်စောင့်ကတော့ မနေလို့လည်း မဖြစ်ဘူး။ ဆယ်ဇင်းဆိုတာ ဘိန်းစားတွေ တရားဝင် သွားလာနေထိုင်လို့ရတဲ့ရွာ။ နံပါတ်ဖိုးတစ်တိုင်ရှို့ချင် ဘီယာသောက်သလောက်တောင်မကုန်ပဲ အလွယ်တကူ ဝယ်လို့ရတဲ့နေရာ။ ဒီနေရာမှာ စစ်လာဖြစ်တော့ လော်ပန်တွေလည်း လစ်ကုန်ပြီ။ ဝယ်ရရှာရလည်း ခက်သွားပြီ။ သူတို့အတွက်ဖွင့်ထားတဲ့ နားခိုရာစင်တာလေးတောင် ပိတ်သွားပြီး ဆရာဝန်တွေ ဝန်ထမ်းတွေ စစ်ရှောင်ကြရပြီ။ သူတို့ရဲ့ သာယာတဲ့ကမ္ဘာလေး ပျက်သွားတော့ ဖိုးသမားတွေလည်း ရွာပတ်ပြီး ရန်ရှာဖို့ပဲ ရှိတော့တာကိုး။ ဘယ်အိမ်ဖောက်ဖောက် လိုချင်စရာပစ္စည်းတွေချည့်ပဲ မဟုတ်လား။ သံကွန်ချာ နဲ့ သော့ခလောက်ကတော့ ရယ်တာပေါ့။ တိုင်းပြည်ကတော့ ပျက်နေပြီ။ အသက်ကိုနှမျောရင် လွတ်အောင်ပြေး။ ကျန်ရှိဥစ္စာ ကမ္မသကာ လို့ သဘောထား။ ဟဲဟဲ။ ဒီလိုစကားမျိုးဆိုတာ ကိုယ်ရှာထားတာ မဟုတ်တဲ့သူတွေကပဲ ပြောနိုင်ပါလိမ့်မယ်။ ပင်ပန်းတကြီး ရှာဖွေရင်းနှီးထားရသူတွေကျတော့ လွယ်လွယ်လေး ထားခဲ့နိုင်မယ် မထင်ပါဘူး။

ကိုယ်တို့ဆေးခန်းကိုတော့ လူနာခပ်ကျဲကျဲလာပါတယ်။ ဒါပေမယ့် ဆေးတွေတော်တော်များများ က သိမ်းပလိုက်ပြီ။ စိတ်ထဲရှိတဲ့အတိုင်း တည့်တည့်ပြောရရင် စစ်ပွဲနဲ့ ဒီလောက်နီးနေတဲ့အချိန်မှာ ခေါင်းကိုက်ပါတယ် ဗိုက်နာပါတယ်၊ အပရိကတွေကို မကုချင်တော့ဘူး။ ဆေးလိုချင်လို့ လာလာတောင်းတဲ့သူဆို ပိုဆိုးတယ်။ ဆေးဆိုတာ ရန်ကုန်မှာတောင် ပိုက်ဆံပေးတိုင်း ဝယ်လို့ရတော့တာ မဟုတ်။ ဝယ်လို့ရရင်တောင် ဒီချိန်ဒီခါ သယ်လို့မရတာကြောင့် အရင်တုန်းကလို တစ်ပါတ်စာ တစ်လစာ ပေးရတာ ရင်ထဲမကောင်းဘူး။ ပုံးပေါလအော မပေးနိုင်လို့ ချွေချွေတာတာ သုံးရစွဲရမယ်ဆိုရင် သေရေးရှင်ရေးတွေအတွက် ဦးစားပေးပြီး ချန်ထားရလိမ့်မယ်။ အခြေအနေတွေ အေးချမ်းသွားရင်တော့ လာခဲ့ပါ။ ပေးမှာပေါ့။

မမအိုဂျီရဲ့ မွေးလူနာလေးတွေကိုတော့ နေ့စေ့လစေ့ဆိုရင် ဗိုက်နာအောင်မစောင့်ပဲ ခွဲမွေးလိုက်ဖို့ စဉ်းစားနေရတယ်။ Caesar လုပ်တာက အစအဆုံး တစ်နာရီတောင် မကြာဘူးလေ။ ကလေးတွေတောင် တော်တော်ကျင့်သားရနေပြီ။ ကိုယ်ဝန်ဆောင်တွေ စစ်ဘေးရှောင်ရရင် ဘယ်လောက် ဒုက္ခကြီးသလဲ ကိုယ်တိုင် နားလည်ခဲ့ရပြီ။ အဲ့ဒါကြောင့် ခွဲခန်းကို မဖြုတ်ရက်ပဲ နောက်ဆုံးအချိန်ထိ ပြင်လျက်ထားထားရတယ်။

ဆရာဝန်တွေ ဆေးခန်းသိမ်းလိုက်ပြီ လို့ သတင်းပြေးနေလို့ အရေးပေါ်လူနာတွေတောင် လာလို့ရနိုင်သေးလား မေးပြီးမှ လာကြပါတယ်။ အေးလေ။ မြို့ပေါ်က လူတွေတောင် “ဆေးတွေပြတ်ကုန်ရင် အခက်။” ဆို panic buying လုပ်ကုန်ကြတော့ တောကလူနာတွေလည်း ဆေးခန်းပိတ်ပြီ သတင်းကြားရင် “ရှိသေးရင် နည်းနည်းပေးပါ။” လာတောင်းတာ အပြစ်မဆိုသာဘူး။ ပေးမယ့်သူလည်းရှိ၊ ပေးစရာ ဆေးလည်းရှိ၊ ပေးချင်တဲ့ စေတနာလည်း ရှိပါလျက်နဲ့ ဟိုအကုသိုလ်ကောင်တွေကြောင့် အထမမြောက်ဘူး။ သူတို့ကြောင့် ဆရာဝန်တွေလည်း လူနာကို အေးအေးချမ်းချမ်း ဆေးမကုနိုင်၊ ကျောင်းဆရာတွေလည်း ကျောင်းသားကို အေးအေးချမ်းချမ်း စာမသင်နိုင်။ ဆေးကုလို့ စာသင်လို့ အဖမ်းခံရတာ အသတ်ခံရတာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံက ပထမဦးဆုံးလို့ သမိုင်းတင်လောက်တာပေါ့။

ရွာမှာရှိတဲ့ ဆေးခန်းကလေးတွေတောင် သိမ်းပြီး အဲ့ဒီက ဆရာဝန်ကလေးတွေ စစ်ရှောင်နေရတယ် ဆိုတော့ ကိုယ်တို့ဆေးရုံကလေးလည်း ဒီချိန်မှာ အကုန်မသိမ်းနိုင်သေးရင်တောင် ခြေလှမ်းတော့ ပြင်ထားရမယ် မဟုတ်လား။ ဘယ်ကိုသွားကြမလဲ။ “ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ တနေရာ ရှိ ရှိ ရှိရမယ်လေ။” တဲ့။ နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာ ပျော်ကြရုံပေါ့။ သဘာဝရဲ့ ရင်သွေးငယ်တွေပဲဟာ။ သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။ မသကာ ဖုန်းတွေအင်တာနက်တွေ မရလို့ ခဏလောက် အဆက်အသွယ် ပြတ်သွားရုံလောက်ပဲ ရှိမှာပါ။ ဒီ့ထက်ခက်တဲ့ အခက်အခဲတွေတောင် ကိုယ် ဒီလိုပဲ ကျော်ဖြတ်လာခဲ့တယ်။ ရယ်ရယ်မောမော။ ပေါ့ပေါ့ပါးပါး။ သီချင်းလေးတွေဆိုရင်းလေ။ မေတ္တာခြုံလို့ လုံပါတယ်နော့။

“စိုးပါနဲ့ မေရယ် မိုးကြယ်မို့လား။

ဒီတောင်ကို မောင်ဖြိုပါ့မယ်

မြင့်မိုရ်မို့လား။

ရွှေပုဝါ ဇာပျောက် ၁၆ ကျပ်ပေး။

ဝိုင်းတော်တီးနောက်ထိုင်

သံချိုကိုင် မောင်မောင်လေး

ချွေးသုတ်ဖို့ပေး။

ဆိုင်းသံကို အိမ်ကကြားရုံနဲ့

ဘယ်သူတားလို့မှ မနေနိုင်ပေါင်

ဆိုင်းကြိုက်တဲ့မောင်။

လိုက်ကြမလားကွဲ့ သူငယ်ချင်းရေ

ဆိုင်းရှေ့မှာ နေရာထား

မင်းလိုက်မှာလား။”