ချန်ဂင်တို့စခန်း (၅၄)

ဒီဆေးရုံကလေးကို စတည်စဉ်အခါကတည်းက PDF ကလေးတွေအတွက် စစ်မြေပြင် ကုသရေးဆေးရုံအဖြစ် ရည်ရွယ်ခဲ့တာမို့ အခုလိုအချိန်မျိုးမှာ ပီပီပြင်ပြင် အလုပ်လုပ်နိုင်အောင် ပြင်ဆင်ထားခဲ့ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်က အလွယ်တကူ သိမ်းယူဖျက်စီးသွားလို့မရအောင်လည်း နေရာထိုင်ခင်း၊ တည်ဆောက်ပုံ၊ စစ်ပွဲတွေဖြစ်လာရင် စောင့်ရှောက်ပေးမယ့် လက်နက်ကိုင် အဖွဲ့အစည်းကအစ ရွေးချယ် ညှိနှိုင်း အကာအကွယ်ယူထားရပါတယ်။ အတတ်နိုင်ဆုံး လူမသိအောင် တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့သော်လည်းပဲ ဆရာဝန် နဲ့ ပစ္စည်းကိရိယာ စုံလင်တဲ့ ဆေးရုံအဖြစ် လူနာတွေ အသိအမှတ်ပြုလာရင် ဖုံးကွယ်သိုဝှက်ထားလို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ တချိန်ချိန်မှာ ကိုယ့်ဆေးရုံကို စစ်တပ်ကလာပြီး ချေမှုန်းခဲ့သည်ရှိသော် ဆိုတဲ့ ပေးထားချက်ဟာလည်း ကိုယ့်အတွက် ဘယ်လူနာလာရင် ဘာတွေလုပ်ပေးမယ် ဆိုတဲ့ plan လိုပဲ လစ်ကွက်ဟာကွက်မရှိအောင် အဖက်ဖက်က စဉ်းစားပြင်ဆင်ထားရမယ့် တာဝန်ရှိပါတယ်။ ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးလေ။ ကိုယ့်ကို ယုံကြည်လို့ စွန့်စွန့်စားစား အလုပ်လာလုပ်ပေးတဲ့သူတွေကိုလည်း အန္တရာယ် အဖြစ်မခံနိုင်ဘူး မဟုတ်လား။

အဲ့သလိုတွေ တွေးထားခဲ့လို့ ကိုယ့်ဘက်က infrastructure တွေကို ငွေကုန်ကြေးကျများစွာနဲ့ အခိုင်အမာ မတည်ဆောက်နိုင်ပါဘူး။ ရွှံ့ရုပ်နဲ့ကြွက်သေအောင် ခုတ်ဖို့ အဓိကထားရတယ်။ လူနာအတွက်သုံးတဲ့ ဆေးဝါးပစ္စည်းကိရိယာတွေကို အာရှတော်ဝင်ဆေးရုံအဆင့်အတန်းထက် မနိမ့်အောင် သုံးထားပေမယ့်လည်း ဆေးရုံတဝင်းလုံး အုတ်ပတ်လည်နဲ့ဆောက်ထားတာဆိုလို့ ပေ ၂၀ ပတ်လည် ခွဲခန်းကလေး တနေရာပဲ ရှိတယ်။ အလှူရှင်ရှိသော်ငြားလည်း ကိုယ့်အတွက် ဝန်မပိစေချင်တဲ့အတွက် အရာရာ စစ်စစ်စီစီပဲ သုံးပါတယ်။ ဘာလုပ်မှာလဲ။ အခိုင်အခံ့ အဆောက်အဦတွေ။ ဟိုက လေယာဉ်နဲ့ ဗုံးလာကျဲရင် တစ်ချက်ဝုန်းစာပဲ ရှိတာ။ တော်လှန်ရေးပြီးမှ စခန်းတစ်ခုလုံး အုတ်တံတိုင်းကာပြီး Medical resort ဆောက်ချင်ဆောက်မှာပေါ့။ အခုတော့ ယာယီစခန်းဟာ သစ်ခက်တဲနန်းပဲ ကောင်းပါတယ်။ လူနာထရော်လီတွန်းတဲ့လမ်းကလေးပဲ ကွန်ကရစ်ခင်းပြီး ကိုယ့်ဘာသာလျှောက်တဲ့လမ်းတောင် ကိုယ်တိုင် ချောင်းထဲက ကျောက်သယ်ပြီး ဖို့ယူတယ်။

လိုရင်းကိုပြောရရင် ကိုယ်တို့စခန်းဟာ နေမဖြစ်လို့ စွန့်ခွါရသည်ရှိသော် တခါသုံး အသုံးအဆောင်များလို အလွယ်တကူ စွန့်ပစ်ထားခဲ့လို့ရတယ်။ ဘယ်အရာမှ နှမျောငြိတွယ်နေစရာ မရှိဘူး။ အကယ်၍များ ပြင်ဆင်သိမ်းဆည်းချိန်မရပဲ အပူတပြင်း ထွက်ခွါရလို့ရှိရင် အသက်ဘေး လုံခြုံဖို့သာ အဓိက။ ဘာမှ အရေးတကြီး သယ်မနေနဲ့ လို့ မှာထားတယ်။ လာတုန်းကလည်း လက်ချည့်ပလာ လာခဲ့ရတာပဲဟာ။ အရှုံးမရှိပါဘူး။ ကိုယ်လုပ်ခဲ့သမျှ ကိုယ့်အမြတ်။ ဟိုးတုန်းကတည်းက ကိုယ်တွက်ပြပါတယ်။ ခွဲခန်းဆောက်တာ ပစ္စည်းဆင်တာ သိန်း ၂၀၀-၃၀၀ ကုန်ထားတယ်ထား။ Major operations ဆယ်ယောက် ၁၅ ယောက်လောက် တင်ခွဲပေးလိုက်တာနဲ့ ကိုယ့်ဆေးရုံက အရင်းကျေသွားပြီ လို့။ အလှူငွေဆိုတာ သူများဆီက အလကားရတာ မှန်ပေမယ့် တန်ရာတန်ကြေးတော့ အရင်းကျေအောင် ကိုယ်တို့အသုံးပြုရမယ်လေ။ တန်ဖိုးကြီးတဲ့အရာဆိုတာ အလဟဿ အဖြစ်ခံလို့ မရဘူး။

ဆုတ်ခွါဖို့ လုံလုံလောက်လောက် အချိန်ရခဲ့ရင်တော့ ဒီကောင်တွေ ရှာဖွေလှန်လှောယူစရာ ဘိနပ်စုတ်တောင် ထားခဲ့ချင်တာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့်မို့ အခုချိန်မှာ လတ်တလောချက်ချင်း သုံးစရာမလိုတဲ့ အရာအားလုံး သိမ်းပါတယ်။ သယ်ပါတယ်။ လုံခြုံရာကိုပို့ပါတယ်။ နည်းတာမဟုတ်ဘူးလေ။ တမိုးတွင်းစာ စုဆောင်းထားသမျှ ဆေးဝါး ရိက္ခာ ပစ္စည်း ကိရိယာတွေ။ ပြီးရင်တော့ ကိုယ်တို့အသက်ကလေးတွေလည်း ဖက်နဲ့ထုပ်ပြီး သိမ်းရတာပါပဲ။ လုံခြုံရာကို ရှာကြံနေရတာပေါ့။ စခန်းအနေနဲ့ နေမလား ဆုတ်မလား ဆိုတာကတော့ တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး ကိုယ်တို့ဘက်က စစ်မျက်နှာ အဆုတ်အတက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ အဲ့ဒါကြောင့် တိုက်ပွဲအခြေအနေတွေကို up to date အမြဲသိနေအောင် နားစွင့်ရတာပေါ့။

အခု လတ်တလောမှာတော့ အဆုတ်အတက်မရှိ။ ငြိမ်နေတာ ဒုတိယမြောက်နေ့ပါ။ အခုလေးတင် ရဟတ်ယာဉ်သုံးစီး အသွားအပြန်ရှိတော့ လက်နက်ရိက္ခာ လူအင်အား ထပ်ဖြည့်နေကြပုံပါပဲ။ မြေပြင်မှာ စစ်ကြောင်းထိုးရင် မိုင်းစာမိလွန်လွန်းလို့ သူတို့ဘက်ကလည်း လာရင် ကောင်းကင်ကပဲ လာချပေးတာများပါတယ်။ ရွာကိုအကာအကွယ်ယူပြီး အထိုင်ချလိုက်တဲ့အတွက် ဝင်မတိုက်သော်ငြားလည်း ရွာကနေ ဘယ်ဘက်ထွက်ထွက် လမ်းမှာစောင့်ပြီး ပိတ်ဆော်ကြတာမို့ သူတို့လည်း အဝိုင်းခံထားရသလို ရှိပါလိမ့်မယ်။ ခုချိန်မှာ ငြိမ်နေပေမယ့်လည်း တိုက်ပွဲတွေ ပြီးမသွားသေးတာတော့ သေချာပါတယ်။

ကိုယ့်ဆေးရုံမှာတော့ အရေးပေါ်မဟုတ်တဲ့လူနာတွေ ဆေးပေးပြီး အိမ်ပြန်လွှတ်နိုင်ပေမယ့်လည်း အသည်းအသန်လူနာ၊ တိုက်ပွဲက ဒဏ်ရာရလူနာတွေအတွက် ခွဲခန်းက stand by ထားရပါသေးတယ်။ အဲ့ဒါကြောင့် ဆေးရုံကိုပိတ်ပြီး လစ်ကြစို့ ဆိုတဲ့ အခြေအနေတော့ မရောက်သေးပါဘူး။ အချိန်မရွေး ရောက်လာနိုင်တယ် လို့ပဲ သိထားရပါတယ်။ ခုမနက်ထိတော့ ခွဲခန်းဝင်နေတုန်းပါပဲ။ ပေါက်ကွဲစေတတ်သော အောက်ဆီဂျင်ဆလင်ဒါများကိုတော့ ချောင်းစပ်ကမ်းပါး ပို့ထားပြီး လူနာကုတင်ဘေးမှာ ထမ်းစင်အသင့် ပြင်ထားပေးရပါတယ်။ မီးလောင်ရင် သယ်ထုတ်ရမှာ မဟုတ်လား။ ဘာမဆိုဖြစ်နိုင်တဲ့ အခြေအနေမှာ ခုချိန်ထိ ဘာမှမဖြစ်သေးတာကိုက နည်းနည်းနောနော ကုသိုလ်ထူးတာ မှတ်လို့။

ဆယ်ဇင်းရွာရဲ့အပြင်ဘက်မှာ စစ်ကောင်စီတပ်တွေ အထိုင်ချတဲ့ စစ်တပ်တန်းလျား တစ်ခု အစကတည်းက ရှိပါတယ်။ ရွာအလယ်မှာတော့ ရဲစခန်းဝင်းကြီးကို အုတ်တံတိုင်းပတ်လည်ခတ်၊ သံဆူးကြိုးတွေ ၁၅ ပေလောက်မြင့်အောင်ကာ၊ ဝါးချွန်တွေ ပတ်လည်စိုက်၊ သဲအိပ်စီ၊ ကင်းတဲလင့်စင်ကြီး ထိုးထားပါတယ်။ အတွင်းမှာ ခံတုပ်ကျင်းတွေ တူးထားပြီး အကျဉ်းသားလက်မခံ၊ အပြင်လူ ပေးမဝင်ပါဘူး။ ဆယ်ဇင်းရဲတွေဟာ စခန်းမကျအောင်ကာကွယ်တဲ့အလုပ်ကလွဲပြီး ရဲလုပ်ငန်းတွေတောင် ဘာတစ်ခုမှ မလုပ်နိုင်ပါ။

သူတို့ကမှ အသိမ်းမခံရအောင် တောင့်ခံထားနိုင်သေးတယ်။ စစ်သားတွေနေတဲ့ စစ်စခန်းကတော့ အာဏာသိမ်းပြီးပြီးချင်း ပထမဦးဆုံး KIA က တက်သိမ်းလိုက်တဲ့ စကစ စခန်း လို့ သတင်းတွေထဲမှာ ပါလာဖူးပါတယ်။ လက်နက်တချို့ ရလိုက်တယ်။ အသေအပျောက် မရှိခဲ့ဘူး။ ဘယ်ရှိမလဲ။ “ယောက်ဖ ဟျောင့် နက်ဖန် ငါတို့ လာသိမ်းမယ်နော်။” လို့ ကြိုပြောထားကတည်းက မှုန်နေအောင် လစ်တော့တာ။ နည်းနည်းကြာတော့မှ သူတို့ဘာသူတို့ လာပြန်နေ။ ဘာမှမဖြစ်ဘူး။ ဘယ်သူမှလည်း မပြောဘူး။ သားရီးတို့ အေးဆေးပဲ။ ရွာကနေ စစ်ကိုင်းတိုင်းထဲကို တော်တော်ဝင်သွားလိုက်ရင်လည်း ပန်ချယ်ဘုရားကြီးမရောက်ခင်မှာ လူမနေပဲ စွန့်ပစ်သွားတဲ့ စစ်ကောင်စီစခန်းတစ်ခု ရှိပါတယ်။ အခုတခေါက် တိုက်ပွဲမဖြစ်ခင်ကလေးတင် အဲ့ဒီစခန်းထဲပြန်ဝင်နေပြီး ဆယ်ဇင်းဘက်ကို လာတိုက်တာ။ အဲ့လိုဆိုတော့ ဒီဘက်မှာ စခန်းတွေသိမ်းတယ်။ တက်တယ် ဆုတ်တယ်။ ဘယ်သူ့လက်အောက် ကျသွားပြီ ဆိုတဲ့ကိစ္စက တော်တော် ပြောရခက်ပါတယ်။

ဆယ်ဇင်းမှာ KIA ဘက်က တိုက်နယ်မှူး အုပ်ချုပ်တယ်။ ထွေ/အုပ်ဘက်က အုပ်ကြီးတစ်ယောက် ခန့်ထားတယ်။ အဲ့ဒီအုပ်ကြီးက တိုက်နယ်မှူးသဘောထားကို လွန်ဆန်လို့မရဘူး။ မနာခံရင် မင်း လစ်လိုက်တော့ပဲ။ ဆယ်ဇင်းနံဘေးမှာ တပ်ခွဲမှူးထိုင်တယ်။ သူက တာမခန်မှာ ရှိတဲ့ တပ်ရင်းမှူးအမိန့်ကို နာခံရတယ်။ သို့သော် ဒီဘက်က တိုက်နယ်မှူးကို တည့်အောင်တော့ပေါင်းရတယ်။ ဒီကတိုက်ပွဲတွေရဲ့အစဟာ အဲ့ဒီတပ်ရင်း နဲ့ တပ်ခွဲအကြား အကူးအသန်း အသွားအလာ အပြုတ်ဆော်ရာကနေ စတယ်။ ဒီလိုဆိုရင်ကိုပဲ ဆယ်ဇင်းဟာ စကစအောက်မှာလား၊ KIO အောက်မှာလား၊ တော်တော်ပြောရခက်သွားတဲ့အချိန်မှာ နောက်တစ်ဖွဲ့ရှိတာက SNA လို့ ခေါ်တဲ့ ရှမ်းနီပါ။ ဆယ်ဇင်းရွာက တံတားကလေး ကူးလိုက်ရင် “ကချင်ပြည်နယ်မှ နှုတ်ခွန်းဆက်ပါ၏” နဲ့ “စစ်ကိုင်းတိုင်းမှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ၂ ခု ရှိတယ်။ ဟိုဘက်ကနေ ဒီဘက်ကို ကြည့်ရင်လည်း ပြောင်းပြန်ရေးထားလိမ့်မယ်။ ချောင်းရဲ့ တဘက်ကမ်းဟာ စစ်ကိုင်းတိုင်း၊ ရှမ်းနီနယ်မြေ။ အဲ့ဒါကြောင့်မို့လို့ ဆယ်ဇင်းမှာ မြို့တော်ရင် ရွာတော်ရင်ရယ်လို့ ပသရင် ကန်တော့ပွဲ ၃ ပွဲပြင်ရတယ်။ ဆယ်ဇင်းကို ဘယ်သူပိုင်သလဲ မမေးနဲ့။ ဘယ်သူမှ မပိုင်ဘူး။ ၃ ဦးစလုံးဆိုင်တယ်။

ဒီဟာတွေကို အရှည်ကြီး ရှင်းပြနေရတာ အကြောင်းရှိပါတယ်။ အခု ဆယ်ဇင်းရွာထဲကို စကစတပ်တွေနဲ့ ရှမ်းနီစစ်တပ်တွေ ဝင်လာတဲ့အတွက် သူတို့ ဆယ်ဇင်းကို သိမ်းလိုက်ပြီလား။ KIA ဘက်က ဆုတ်ပေးလိုက်ရပြီလား။ ကိုယ်တို့ဘက်ကနေ ဆယ်ဇင်း ကျသွားပြီလား။ သွားတော့ မမေးမိစေနဲ့နော်။ “မင်း ဘာစောင်စကားပြောလိုက်တာလဲ ညီလေး။” ဆို မိုးကြိုးတွေ ပစ်သွားမယ်။ ဘယ်သူက ဧည့်သည် ဘယ်သူက အိမ်ရှင်ဆိုတာ အချိန်က စကားပြောတာပဲဟာ။ စောင့်ကြည့်ဦးမှပေါ့။ ဖေ့စ်ဘုတ်ပေါ်က ပေါ်ပင်သတင်းလောက်နဲ့ တော်လှန်ရေးကြီးကို အကဲမဖြတ်ပါနဲ့။

ကချင်ပြည်နယ်မှာ ဖားကန့်ကို ဘယ်သူပိုင်သတုန်း။ ပြောကြည့်ကြည့်စမ်း။ စကစအုပ်ချုပ်ရေး အပြည့်ရှိတယ်။ တမြို့လုံးကို ဗျူဟာကုန်းပေါ်က အမြောက်တစ်ပစ်စာချိန်ပြီး ထိန်းချုပ်ထားတယ်။ ဗျူဟာကုန်းနဲ့အပြိုင် တောင်ထိပ်ပေါ် မြေနေရာအကျယ်ကြီးမှာ ၃ ထပ်ဆောက်ထားတဲ့ သီတဂူဆေးရုံကြီးလည်း ရှိတယ်။ ဒါဆိုရင် ဖားကန့်ဟာ မြန်မာအစိုးရလက်အောက်မှာပေါ့ ဟုတ်လား။ ဟ ဟာဟာ ဟ။ ရယ်လိုက်ကြ။ ဖားကန့်တမြို့လုံးက အကောင်းဆုံးဆိုတဲ့ဟာတွေ အကုန်လုံး KIA / KIO က ပိုင်တယ်။ သူတို့မကြည်ဖြူရင် ဖားကန့်မြေကို ခြေချလို့တောင် မရစေရဘူး။ ဖားကန့်ကို မြန်မာအစိုးရကပိုင်တယ်ဆိုတာ ဒေါ်စုအစိုးရကို မင်းအောင်လှိုင်က အာဏာပေးထားသလောက်ပဲ ရှိတယ်။ အောင်မယ်။ ဒီ့ထက်ပြောရင် ဒီ့ထက် ရင်နာရမှာတွေ ရှိသေးတယ်။ ဖားကန့်ကို KIO ကလည်း မပိုင်ဘူး။ တကယ်ပိုင်တာ တရုတ်က ပိုင်တယ်။ ဖားကန့်မှော်မှာ ဘူဒိုဇာနဲ့တူး၊ ရေအားပြင်းပြင်း နဲ့ ဆေးချပြီးရင် ကျောက်ကြီးကျောက်ကောင်းမှန်သမျှ တရုတ်ပြည်ကို တိုက်ရိုက်သယ်တာ။ မြန်မာပြည်ကဟာတွေက ရေမဆေးကျောက်ပဲ လိုက်ကောက်စားနိုင်တဲ့အစား။

အဲ့ဒီသဘောကို နားလည်ရင် မနေ့တနေ့ကမှ ဆယ်ဇင်းထဲကို စစ်ကြောင်းနဲ့ ဝင်လာပြီး ဆယ်ဇင်းကိုသိမ်းလိုက်ပြီ၊ ဆယ်ဇင်းရွာ ကျသွားပြီ၊ ပြောရတာ ဘာအဓိပ္ပါယ်မှ မရှိမှန်း သဘောပေါက်ပါလိမ့်မယ်။ သူတို့ပြန်သွားတာနဲ့ ဒီဘက်က ပြန်ဝင်နေမှာ။ မပြန်ရင် ပြန်အောင် ကုလားထိုင်မီးနဲ့ရှို့ကြမှာ။ မနက်ဖန်လောက်ဆို တိုက်ပွဲတွေ ပြန်ဖြစ်လာမှာလားတောင် မပြောတတ်။

ဟိုးအရင် “ဘာပဲပြောပြော ရာဇဝင်ရှိတယ်” စာအုပ်ထဲမှာ ရေးခဲ့ဖူးပါတယ်။ ကိုယ်ပြောတဲ့စကားတော့ မဟုတ်ပါဘူး။ တရုတ်ပြည်က စစ်ဘုရင်ကြီးတွေ ပြောခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံ နယ်မြေတစ်နယ်မြေကို စစ်ခင်းသိမ်းပိုက်တယ် ဆိုတာ အဲ့ဒီနိုင်ငံရဲ့ မြေကြီးပေါ်မှာ ဧရိယာအကျယ်အဝန်း သတ်မှတ်ပြီး “အဲ့ဒါ ငါ့အပိုင်” လို့ သိမ်းရတာ မဟုတ်ပါဘူးတဲ့။ အဲ့ဒီနေရပ် အဲ့ဒီတိုင်းပြည်မှာ နေထိုင်ကြတဲ့သူတွေရဲ့ နှလုံးသားထဲမှာ ဒီလူဟာ ငါတို့ကိုပိုင်ဆိုင်တဲ့ အရှင်သခင်၊ ငါတို့ရဲ့ခေါင်းဆောင် လို့ ဦးညွှတ်တဲ့ စိတ်ဝမ်းရှိအောင် သိမ်းသွင်းရတာပါတဲ့။ မြေကိုမသိမ်းရဘူး။ နှလုံးသားကို သိမ်းပိုက်ရတယ် လို့ ဆိုလိုတာ။

ကိုယ်တို့ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါ။ ဦးနေဝင်း မသေခင်ကတည်းက စစ်ဗိုလ်ချုပ်အစဉ်အဆက် အမျိုးမျိုး ပိတ်ပင်တားဆီး ချုပ်နှောင်ထားလည်းပဲ တတိုင်းပြည်လုံးက ဦးညွှတ်တဲ့အတွက် သူသာလျှင် ပြည်သူ့နှလုံးသားကို သိမ်းပိုက်နိုင်ပါတယ်။ မင်းအောင်လှိုင် လူ ဘယ်လောက်သတ်နိုင်သတ်နိုင်၊ နောက်ပိတ်ဆုံး သန်း ၅၀ လုံး တစ်ယောက်မကျန် သေသွားရင်တောင် မယ်အိမ်လုံးထက် တစ်ပြားသားမှ ပိုလာစရာ မရှိပါဘူး။ ဘယ်တော့မှလည်း ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရမှာ မဟုတ်ပါဘူး။ မင်းဟာ ဒီတစ်သက် ဒီဘဝတင်မဟုတ်ဘူး။ ဘဝဆက်တိုင်း မအိမ်လုံးမယ့်အကောင် လို့သာ မှတ်သွားပါဦးလေ။