ချန်ဂင်တို့စခန်း (၅၂)

“မိုးမင်းလွန်ကဲ အုံ့ဖွဲစွေရွာ။

ရွာပင်သာရွာလှ ပင်လုံးလန်း။

ကြွားကြွားရွားရွား

ရိုးဆင့်ဆင့်မြိုင်ဖျား။

နူးညွတ်စေဖွယ်သား။”

မိုးကလည်း အဆက်မပြတ်ကို ရွာတော့သကိုး။ မိုးကောင်းတော့ တောထူဖို့ဖြစ်လာတယ် ပြောရမှာပဲ။ စိမ်းစိမ်းစိုစို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ သစ်ပင်ဝါးပင်တွေဟာ တတောလုံးပိန်းပိတ်လို့သာနေတယ်။ မြေပေါ်မှာဆိုလည်း မြက်ပင်ခြုံနွယ်တို့က သန်လှတယ်။ ပုဆိုးတွေ ဘောင်းဘီတွေမှာ မြက်သီးလေးတွေစူးနေတာများ နှုတ်လို့တောင် မနိုင်ဘူး။ အိမ်ဘေးတဘက်တချက်က ဂျာမနီခြုံကြီးတွေဆို လူတရပ်ကျော်လာလို့ ဘက်ဖိုးခေါ်ပြီး ကုပ်ချရတယ်။ မမအိုဂျီစိုက်ထားတဲ့ စိုက်ခင်းကလေးကတော့ သန်တော့သန်ပါရဲ့။ ခြံစည်းရိုးခတ်မထားတော့ နွားတွေကချည့် ဝင်ဝင်စားနေလို့ အခင်းပျက်ရတယ်။ ခုနေခါများ ရွာထဲသွားရင် ယောက်ကျားသားတွေ တွေ့ရမှာမဟုတ်ပဲ နွားအုပ်ကြီး တရုန်းရုန်းပဲ ရှောင်နေရမယ်။ စိုက်ချိန်ပျိုးချိန်ဆိုတော့ အကုန် လယ်တောထဲရောက်ကုန်ပြီလေ။ ဒီမှာက လယ်ကို စက်နဲ့ပဲထွန်တော့တယ်။ သူတို့လယ်တောတွေဟာ ရွာကနေ တမျှော်တခေါ် တွေ့နေရတဲ့ မြေပြန့်မြေညီမှန်သမျှ အကုန်ပဲ။ အိမ်တွေကို ချောင်းနဲ့အပြိုင် အလျားလိုက်ကလေးဆောက်ပြီးရွာတည်ထားတယ်။ တောင်ပေါ်တက်သမျှကတော့ တောချည့်ပဲ။ ကိုယ်တို့စခန်းက ရွာထဲမှာ မဟုတ်ဘူး။ တောစပ်မှာ။ အဲ့သည်နောက် ဆက်ဝင်သွားရင် တောထဲတောင်ထဲ စိမ့်ထဲမြိုင်ထဲရောက်သွားရော။

စခန်းကနေ တောင်ခြေဆီကို ချောင်းကလေးကူးသွားလိုက်ရင် လိမ်မော်ခြံကလေး ရှိတယ်။ တောထဲက သစ်ကြီးဝါးကြီးတွေ ခုတ်ထွင်ရှင်းလင်းပြီး ဥယျာဉ်စိုက်နေတဲ့ မိသားစုတစ်စုနေတယ်။ ခုခေတ်က လက်ဆွဲလွှစက်ကလေးတွေ ပေါ်နေပြီဆိုတော့ သစ်ပင်ခုတ်တာ နေကုန်အောင် မကြာတော့ဘူးလေ။ ဒီအရပ် ဒီဒေသမှာ ရွှေကျင်တဲ့အလုပ်၊ ကျောက်တူးတဲ့အလုပ်၊ လယ်စိုက်တဲ့အလုပ်ချည့်ပဲ ရှိတာ မဟုတ်ပါဘူး။ သစ်ခိုးခုတ်တဲ့အလုပ်လည်း အကြီးအကျယ် ထွန်းကားပါတယ်။ အရင်တုန်းကလို သင်းသတ် အပင်ခုတ်ပြီး အလုံးလိုက်သယ်တာ မဟုတ်ဘူး။ တောထဲမှာတင် သစ်ခွဲစက်ရှိလို့ လိုသလိုပိုင်းဖြတ်ပြီးမှ သယ်တာ။ ဒီအလုပ်တွေအားလုံးဟာ နိုင်ငံတော်အတွက် အခွန်တစ်ပြားမှ မဝင်ပေမယ့် လုပ်ငန်းရှင်ဘက်ကတော့ ရှိသမျှလက်နက်ကိုင်တပ်တွေ ကျေနပ်အောင်ပသပြီးမှ ရွှေလမ်းငွေလမ်းခင်းလို့ပေးမယ့် တို့ဖေကြီးကျော် ဖြစ်လို့ရတာ။

ကိုယ်တွေတောင်မကင်းနိုင်ပါဘူး။ ဆေးရုံဆောက်တော့ လိုသမျှသစ်တွေ အကုန်သူတို့ပေးတာ။ ကျွန်းကလွဲရင် ပိုက်ဆံပေးစရာ မလို။ ဆောက်မယ့်နေရာအရောက် လှည်းနဲ့လာတိုက်ချတယ်။ သစ်အစိုကြီးတွေနဲ့ဆောက်တော့ တံခါးချပ်တွေဆို ကွေးညွှတ် ဆင်းလာတာပဲ။ ပိုးထိုးတာလည်း အမှုန့်တွေ တဖွားဖွားကျလို့ရယ်။ ကိုယ်တောင်မှ သူတို့သစ်တွေနဲ့ ကင်းအောင်မနေနိုင်တာ ကိုယ်မရောက်ခင် ပဝေသဏီကတည်းက သူတို့တတွေ သစ်ခုတ်သစ်ခွဲ လုပ်ကြတဲ့ကိစ္စ ဘာအကြောင်းနဲ့မှ ဝင်ပြောစရာ မရှိပါဘူး။ ဒါပေမယ့်လည်း သူတို့လိမ်မော်ခြံထဲဝင်သွားလိုက်လို့ အတုံးအရုံးလဲနေတဲ့ သစ်ပင်အကြီးကြီးတွေ မြင်ရတဲ့အခါ စိတ်မချမ်းသာတာတော့ အမှန်ပဲ။ ဒါတွေကို ခုတ်ထွင်ရှင်းလင်းပြီးမှ သီးပင်စားပင်တွေ ပျိုးရမှာကိုး။

ခြံထဲမှာနေတာ လင်မယားနှစ်ယောက်နဲ့ သူတို့သားသမီးတွေပဲနေကြတယ်။ သူတို့က ခြံရှင်တော့ မဟုတ်ဘူး။ ခြံစောင့်။ ခြံရှင်ဝယ်ပေးတဲ့ လိမ်မော်ပင်ပေါက်တွေကို စိုက်ရင်းပျိုးရင်း စောင့်ရှောက်နေတာ။ တလက်စတည်း စိုက်တတ်ပျိုးတတ်တော့ သီးပင်စားပင်တွေကို စုံနေအောင်စိုက်ထားရော။ ဗူး၊ ဖရုံ၊ သခွါး၊ ငရုတ်၊ မုန်ညင်း၊ ဂေါ်ဖီ၊ ကြက်သွန်၊ ပင်စိမ်းရှိရှိသမျှ ဟင်းသီးဟင်းရွက်တွေကို ကုန်ရော။ နံနံပင်ဆို ဈေးထဲသွားဝယ်ကြည့်။ အမြစ်ပါပါမှ တစ်ထွာမပြည့်ဘူး။ သူ့ဆီက နံနံခင်းမှာဆို အပွင့်တွေ ဖွေးဖွေးလှုပ်နေလို့ နံနံပင်မှန်းတောင် မသိရ။ တစ်တောင်လောက်ရှည်တယ်။ လက်ဖြစ်တယ် ပြောရမှာပဲ။ နာနတ်သီးပိစိလေးတွေလည်း သူ့ဆီမှာသီးလို့။

ရောက်စတုန်းက သူ့သမီးလေးတွေက မနက်မနက်ဆို အဲ့ဒီအသီးအရွက်တွေကို ပလိုင်းထဲမှာ လွယ်ပြီး ရွာထဲမှာ သွားသွားရောင်းကြတယ်။ သူတို့ဆီ ဈေးဝယ်ရင်း သိသွားပြီး လိမ်မော်ခြံထဲ သွားလည်ကြတာ။ ကလေးမလေးနှစ်ယောက်က မျက်နှာပေါက်ချင်းဆင်တယ်။ ၁၆ -၁၇ လောက် ရှိမယ်ထင်ရဲ့။ အမေနဲ့တော့ အသက်သိပ်မကွာဘူး။ သူတို့အမေကလည်း သူတို့လိုရုပ်မျိုးပဲ။ ညိုပြာညက်ကလေး။ အသက်ကမှ ၃၀ မပြည့်သေးဘူး။ မေးကြည့်တော့ ကလေး ၆ ယောက် မွေးပြီးပြီတဲ့။ ဒါတောင် အဖတ်မတင်တာတွေ ထည့်မတွက်ရသေးဘူး။ သားကြီးသမီးကြီးတွေက မြို့တက်ပြီး အလုပ်တောင် လုပ်နေကြပတဲ့။ အခုလည်း နောက်တစ်ဗိုက်နဲ့လေ။ ကော့ပျံနေတာပဲ။ “ရှင်မွေးလွန်းနဲ့ လာတွေ့နေပါပေါ့လား။” ဆိုတော့မှ ရယ်ကျဲကျဲနဲ့ “ရှင်မွေးလွန်း မဟုတ်ပါဘူး ဆရာ။ မနှင်းဆီရယ်ပါ။” တဲ့။ “ကျယ်မက နှင်းဆီပါမောင်။” လို့ မပြောတာ တော်သေးတာပေါ့။

“ဘယ်သူတွေဘာပြောပြော။ ကိုယ်ထင်ရာ ကိုယ်လုပ်တဲ့ အိုဘယ့် မနှင်းဆီရယ်။” ဆိုတာ သူနဲ့ကျမှ ကွက်တိပါပဲ။ အသက်က ၂၉ နှစ်မှာ ကလေး ၇ ယောက် လွယ်ခဲ့ရလို့ မီးပုံးပျံကြီးလို လှုပ်စိလှုပ်စိနေပေမယ့်လည်း ဝမ်းခေါင်းကြီးသာ ချောင်နေတာ။ ကလေးကျတော့ သေးတယ်။ သေးမှာပေါ့။ ရင်ကြပ်ပန်းနာကလည်း ရှိတယ်လေ။ တရွှီရွှီမြည်အောင် ရင်ကြပ်နေပေမယ့် မှန်မှန်လည်း လာမပြဘူး။ သူတို့ခေါ်တဲ့ အာဖျန်းဆေးလေး ပေးထားရတယ်။ ခြံထဲမှာ ဘယ်သူမှ မရှိလို့တဲ့။ ကလေးတွေက မြို့တက်သွား၊ သူတို့အဖေက အလုပ်ရှိရာထွက်လုပ်နေရင် ခြံထဲမှာ သူ နဲ့ အငယ်ဆုံးသားလေးတစ်ကောင်ပဲ ကျန်ရစ်တာ။ ကောင်လေးနံမည်က ချစ်သည်း လို့ခေါ်တယ်။ လူက ၄ နှစ် မပြည့်သေးဘူး။ အရွယ်နဲ့မလိုက်အောင် လည်တယ်။ ဘယ်သူ့ကိုမှ အကြောက်အလန့် မရှိဘူး။ တောထဲတောင်ထဲ သူ့အိမ်သူ့ယာလို လည်လည်ပတ်ပတ် သွားတတ်တယ်။ မအေနောက်က ထမီနားဆွဲလိုက်တဲ့ ကလေးမဟုတ်။ သူကချည့် ရှေ့ကပြေးတာ။

သူတို့သားအမိနှစ်ယောက်တည်း တောစပ်တောင်ခြေမှာ နေနေတာ “မကြောက်ဘူးလား။” လို့ မေးတော့ “ဘာကြောက်ရမလဲ။ ကိုယ့်အိမ်ကိုယ်နေတာပဲဟာ။” တဲ့။ တောကောင်တောင်ကောင်တွေ လာမှာလည်း မကြောက်ဘူးတဲ့။ ညဆိုရင် သူတို့ခြံထဲ ချေကလာဟောက်၊ တောဝက်ကလာတိုး။ မြင်နေကြားနေသားပဲ။ ကလေးက ငယ်သေးလို့ ဘာမှ မလုပ်တတ်တာ။ ကလေးကြီးလာရင် ကိုင်းထောင်ပြီး ဖမ်းစားမှာပေါ့။ လူတွေသူတွေရော မကြောက်ကြတာလား။ ဟိုတလောတုန်းက စစ်သားလေးယောက် သူတို့ခြံလာတယ်။ သုံးယောက်အပြင်ကစောင့်ပြီး တစ်ယောက်က ထမင်းလာတောင်းစားတာ။ “ဒီနားမှာ PDF တွေ ဘယ်နားရှိလဲ။” မေးလို့ “PDF လည်း မသိဘူး။ CP ကြက်လည်း မသိဘူး။” လို့ ပြောလွှတ်တာ သူတို့သားအမိပေါ့။

အခုလည်း နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ မွေးဖို့ဖွားဖို့ကိစ္စကို ကိုယ်ကသာ ကြောက်နေတာ။ သူက မကြောက်ဘူး။ ခါတိုင်းကလေးတွေလို ဖြူဖြူကျော်သိန်းသီချင်း အားရပါးရဟစ်လိုက်ရင် ဗြစ်ဆိုထွက်သွားမယ် ထင်နေတာ။ ခေါင်းတစ်လစ်ကြီးနဲ့ကျမှ အိမ်ကနေပြေးလာရင် အချိန်မမီဘူးနော်။ ကိုယ့်ဘာသာ ဆိုင်ကယ်နဲ့လာရအောင်ကလည်း ချောင်းထဲဖြတ် ဗွက်ထဲရုန်းရဦးမှာ။ ဆေးရုံမှာလာတက်နေနှင့်ပါလား ခေါ်တာ ခေါ်မရဘူး။ ခြံထဲမှာ ဘယ်သူမှမရှိလို့တဲ့။ ခက်လိုက်တာနော်။ “တစ်ယောက်တည်း ကလေးထွက်ကျနေတော့ ဘယ့်နှယ်လုပ်မှာတုန်း။” လို့ မေးတော့ “ဆရာတို့ အိမ်မှာလာမွေးပေးလို့ မရဘူးလား။” တဲ့။ အလိုလေးလေး။ ဝမ်းဆွဲသည် ရွာထဲကခေါ်သလိုများ မှတ်နေရော့သလား။ ဒီတခရိုင်လုံးမှာ အိုဂျီအစစ်ဆိုလို့ ဒီတစ်ယောက်တည်းရှိတာကို အားမနာလျှာမကျိုး။ ကလေးအဲ့လောက်အများကြီးမွေးတာ အန္တရာယ်များတယ်။ သားကြောဖြတ်လိုက်ပါလား လို့ တိုက်တွန်းပေမယ့် သန္ဓေတားတဲ့အလုပ်ကို အလ္လာကခွင့်မပြုလို့ မဖြတ်ဘူးတဲ့။ မွေးဦးမှာတဲ့။ မခင်နှင်းဆီကိုတော့ ဖြောင်းဖျလို့ မရတော့ဘူး။ ဟိုအကိုကြီးကိုပဲ တိုးတိုးတိတ်တိတ် သင်တန်းခေါ်ပေးရတော့မယ်။

မနှင်းဆီ ရွာပြင်မှာ ဘာဖြစ်လို့ တစ်ယောက်တည်းနေသလဲဆိုတာ နည်းနည်းတော့ သဘောပေါက်သလို ရှိလာပါတယ်။ ရွာကလူတွေဆီ နည်းနည်းပါးပါး မေးမြန်းကြည့်တဲ့အခါ အခုမှ မဟုတ်ဘူး။ သူ့အမေငယ်ငယ်ကတည်းက သူ့လိုပဲ အဲ့ဒီမှာ ထွက်နေတာတဲ့။ အသွားအလာ မရှိကြဘူးလား လို့ မေးတော့ သိပ်မသွားကြဘူး။ တခုခုလုပ်မှာ ကြောက်လို့လို့ ပြောတယ်ဗျ။ မကြေးစည် ဇာတ်လမ်းတွဲထဲကလို ရိုက်မောင်းပုတ်မောင်း ရွာပြင်ထုတ်ထားတာ မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ခွဲခြားဆက်ဆံကြပုံရပါတယ်။ ခေါ်တာကိုက သူတို့သားအမိကို အဝှါသားအမိ လို့ ခေါ်ကြတာ။ ကလေးတွေကလည်း တောထဲမှာ ပြုတ်အိုးကြီးတစ်လုံးနဲ့ ဂါထာမန္တန်တွေ မန်းမှုတ်နေတဲ့ စုန်းမကြီးတွေလို့ပဲ မြင်ကြမယ် ထင်တယ်။ သူတို့ခြံထွက် ဟင်းသီးဟင်းရွက်တွေတောင် လတ်ဆတ်ပေမယ့် သိပ်မဝယ်ကြဘူးတဲ့။ ချစ်သည်းလေးက ကလေးပီပီ ရွာမှာမလည်ပဲ တောတွင်းသားလေး မောဂလိ လို တောပျော်ဖြစ်နေရတဲ့အကြောင်းကိုလည်း နားလည်သွားပါတယ်။ သူ့မှာ ကစားဖော်အကို ၃ ယောက် ရှိတယ်လေ။ ရုပ်ကလေးတွေက အကုန် တစ်ရုပ်တည်း။ အေးပေါ့။ သားသမီးများများမွေးထားမှ သူတို့အချင်းချင်း အဖော်ရမယ်လေ။ အကြီးမလေးတွေ အကြီးကောင်လေးတွေဆို အိမ်မှာတောင် မရှိကြဘူး။ မြို့တက်ပြီး အလုပ်လုပ်ကုန်ကြပြီဆို။

သူ့အမေရဲ့အထက် သူ့အဖွားတွေလက်ထက်ကတည်းက အဲ့ဒီမှာပဲ နေကြတာမို့ ထင်ပါရဲ့။ သူတို့လက် သူတို့ခြေတွေက ရေမြေတောတောင် သဘာဝနဲ့ကို တသားတည်း နီးစပ်နေတာ။ ဒီအရပ်ဒေသဟာ သူတို့အတွက် ရပ်ဝေးမြေခြား တိုင်းတပါး မဟုတ်ပါဘူး။ ဟိုးရှေးရှေး ရာဇဝင်သမိုင်းတွေ ပြန်လှန်ရင်ကို အထင်အရှား ရှိခဲ့ကြတယ်။ ပန်းသေး လို့ ခေါ်ကြသတဲ့။

ရန်ကုန်မှာတုန်းက သည်းခြေအိပ်ထုတ်ပေးဖူးတဲ့ လူနာတစ်ယောက်က ကျေးဇူးတင်လို့ဆိုပြီး သူ့အိမ်မှာ ထမင်းဖိတ်ကျွေးဖူးတယ်။ ကြမ်းပြင်မှာ ဖက်ခင်းပြီး အမဲသားငါး ဟင်းလျာတွေ ကျွေးတာ ဝအီမွှေးကြိုင်လို့။ အဲ့တုန်းက သင်္ကြန်ပိတ်ရက်က ၁၀ ရက် ၁၁ ရက် ရတာလေ။ တမိသားစုလုံး ဇာတိမှာပြန်ဆုံကြမှာ ဆရာပါလိုက်ခဲ့ပါလား အတင်းခေါ်လို့ လိုက်မယ် ပြောခဲ့သေး။ ကားနှစ်စီးနဲ့သွားကြမလို့။ ဆရာပါရင် တစ်နယ်လုံး ဘုရားတွေစုံအောင် လိုက်ပို့ပေးမတဲ့။ အပြင်ထွက်ရင် ခေါင်းမြီးခြုံတဲ့ လူနာအမေကြီးက မွေးထားတာ သားသမီး ၉ ယောက်တောင်ဗျား။ မြန်မာပြည်အနှံ့က လာကြမှာ။ ထွက်ခါနီးကျမှ ကိုဗစ်တွေ ထဖြစ်လာလို့ မလိုက်ဖြစ်ခဲ့ဘူး။ သူတို့စီစဉ်ထားတဲ့ ဇာတိရပ်ရွာဆိုတာ အခုကိုယ်တို့ရောက်နေတဲ့နေရာပါပဲ။ တချိန်ကျ မနှင်းဆီလည်း သူ့သားသမီးတွေကို ဒီမှာပြန်စုမလား မသိဘူး။

ကလေး ၆ ယောက်အမေဆိုတော့ မီးဖွားမီးနေကိစ္စတွေကို ကိုယ်တို့လောက်တောင် ပူပူပန်ပန် ရှိပုံမရပါဘူး။ အရင်ကလေးတွေ ဒီလိုပဲမွေးလာခဲ့တဲ့ဟာ။ အခုဟာက ၁၅ မိနစ်လောက် လမ်းလျှောက်ရင် အိုဂျီဆီကို တန်းရောက်သွားမယ့်ဥစ္စာ။ ဘာတွေတွေးပူနေရမှာတုန်း။ due date နီးလာတော့ သူ့ကလေးတွေ ဆေးရုံရှေ့ဖြတ်သွားရင် ကိုယ်ကပဲ မနေနိုင်မထိုင်နိုင် မေးရတယ်။ “မင်းတို့အမေ ဗိုက်မနာသေးဘူးလား။” လို့။ တရက်တော့ ကလေးတစ်ယောက်လွှတ်ပြီး ဆေးတောင်းခိုင်းလိုက်တယ်။ အာဖျန်းဆေး ကုန်သွားပြီ။ ရင်ကြပ်နေလို့။ ထပ်ပေးပါဦးတဲ့။ ဖြစ်ချင်တော့ ကိုယ်တို့ဆီမှာလည်း တစ်ဗူးပဲကျန်တော့တာ။ လူနာရောက်လာလို့ ပေးလိုက်ရပြီ။ ဆေးရုံမှာ လာပြလေ။ စမ်းရသပ်ရဦးမှာပေါ့။ လူကြုံနဲ့ ဆေးတောင်းခိုင်းရအောင် ကွမ်းယာဆိုင်မှ မဟုတ်တာ။

ဒီရွာက အဲ့ဒါမျိုး သိပ်ဝါသနာပါတယ်။ ကိုယ့်ဘာသာလာပြ၊ ဆေးထိုးပေး၊ ဆက်သောက်ဖို့ စားဆေးလည်း ပေးပြီးပြီဆိုရင် အဆစ်တောင်းရော။ ဘေးအိမ်ကလူလေ။ ခေါင်းကိုက်နေလို့။ ဗိုက်နာနေလို့။ သူ့ဖို့လည်း ဆေးယူခဲ့ပါ မှာလိုက်လို့ ဆိုပြီး။ ဆရာဝန်ဆိုတာ လူနာမကြည့်ပဲ ဆေးမပေးဘူး လို့ အပြတ်ပြောထားရတယ်။ လူကိုယ်တိုင် လာပြမှ အာဖျန်းမရှိလည်း ထိုးဆေးထိုးချင်ထိုးမယ်။ မီးစက်နှိုးပြီး မှုတ်စက်နဲ့ ပေးရှူရင် ရှူမယ်လေ။ “မပေးဘူး။ လာပြခိုင်းလိုက်။” လို့ မှာမှ ၂ ရက်လောက်နေတော့ လူကိုယ်တိုင် လိုက်လာတယ်။ လာရတဲ့အတူတူမို့ “နေလို့မကောင်းဘူး။” အစချီပြီး ရှိသမျှ ဝေဒနာတွေ ကြေငြာသွားလိုက်တာ။ ဘယ်ကစကုရမှန်းတောင် မသိ။ ခေါင်းမူးတာ၊ ဗိုက်နာတာ၊ အိပ်မပျော်တာ၊ မောတာပန်းတာနုံးတာ၊ စုံပလုံကိုစိနေတာပဲ။ သူ့ခြံကအရွက်တွေ ရွာထဲတက်ရောင်းသလို အကုန်ပါအောင်ထည့်လာသလား မှတ်ရတယ်။ နောက်ဆုံးတော့ မမအိုဂျီက သူရှူဖို့ဆောင်ထားတဲ့ အာဖျန်းလေး ထုတ်ပေးလိုက်ရတယ်။ ဝေသန္တရာ နဲ့ စူဇကာ အခုမှတွေ့ရတာ။

တနေ့သော မှောင်ရီဖြိုးဖြမှာတော့ ဗိုက်ကြီးကော့လန်ကော့လန်နဲ့ ကလေးလေးတစ်ကောင် လက်ဆွဲပြီး ဆေးရုံတက်ဖို့ ရောက်လာပါတယ်။ ရောက်ပါမှပဲ။ သူ့ဗိုက်ကြီး မမွေးမချင်းက ကိုယ်တို့မှာ ကြွေးတင်နေတဲ့အလုပ်တစ်ခုလိုပဲ။ မတော်လို့ တခုခုဖြစ်ရင် တာဝန်မကင်းသလို ခံစားရတယ်။ မြန်မြန်မွေးချင်ပြီ။ ရင်ကြပ်ရင် မညှစ်နိုင်မှာစိုးလို့ ရေငွေ့မှုတ်စက်ကလေးဖွင့်တော့ စက်ကအငွေ့ကောင်းကောင်းမထွက်ဘူး။ ပေးထားတဲ့အာဖျန်းဗူးကလေးကလည်း အိမ်မှာထားခဲ့သတဲ့။ ကလေးပိစိကို အိမ်ပြန်ယူခိုင်းဖို့ကလည်း မိုးကြီးချုပ်လှပေါ့။ အေးပါ။ ဆေးထိုးစရာတွေ ရှိပါတယ်။ အချိန်တန် ကလေးထွက်လာမှာပေါ့။ ဆေးရုံပေါ်ရောက်နေမှပဲ။ ဘာမှ စိတ်ပူစရာ မရှိဘူး။

အားအားယားယား ပါလာတဲ့သားတော်မောင်လေးကို အင်တာဗျူးကြည့်တယ်။ “မင်း နံမည် ဘယ်လိုခေါ်သလဲ။” ဆို “ရှာရွတ်ဘိုင် တဲ့။” ဟိုက်ရှားဘား။ “မြန်မာနံမည် မရှိဘူးလား။ မင်းညီလေးတောင် ချစ်သည်း မှည့်ထားသေးတာ။” ဆိုတော့ “ရှိတယ်လေ။ ကျွန်တော့်နံမည် ချစ်ကို။ ရှာရွတ်ဘိုင်က ကျောင်းနံမည်။” တဲ့။ “မင့်ကျောင်းက ရှာရွတ်ဘိုင်မှ ရတယ်ဆိုတော့ ပလီကျောင်းလား။” လို့ မေးမိတယ်။ “ပလီကျောင်းလည်းတက်တယ်။ အတန်းကျောင်းလည်း တက်တယ်။” တဲ့။ လေးတန်းအောင်ပြီး ၅ တန်းတက်တော့မှာ ပြောတယ်။ သူ့အကိုက ၇ တန်း၊ သူ့အောက်က ညီက ၃ တန်းတဲ့။ အကောင်သေးသလောက် သွက်သွက်လက်လက်နဲ့ ခေသူတော့ မဟုတ်။ အခု သူတို့အမေ ကလေးမွေးမှာမို့ ညီအကို ၃ ယောက်စလုံး ကျောင်းထွက်ပြီး ရွာပြန်လာတာတဲ့။ သူက ဆေးရုံစောင့်ရမှာ။ သူ့အကိုက အဖေဖြစ်သူနဲ့ သူရင်းငှါး လိုက်လုပ်နေသတဲ့။ အလတ်ကောင်က အိမ်မှာ ချစ်သည်းကို စောင့်လိမ့်မယ်တဲ့။ ထောင့်ကိုစေ့လို့။ ကျောင်းကတော့ သူ့အမေ ကလေးမွေးပြီးမှ ရွာကျောင်းမှာပဲ ပြန်တက်တော့မယ်တဲ့။ နဂိုက သူတို့ မန္တလေးမှာ ကျောင်းတက်နေတာ။ အိမ်မှာ မောင်နှမများတော့ မိဘက အားကိုးရတယ်ဆိုတာ အဟုတ်ကြီးပဲ။ အခု လိမ်မော်ခြံထဲမှာ ကလေးပေါက်စနှစ်ကောင် သူတို့ချည့်ကျန်လည်း နောက်ဆံမတင်းရဘူး။

စိတ်ဝင်စားစရာက သူတို့မမ အပျိုဖြန်းကလေးတွေ ဘယ်ရောက်သွားသလဲ ဆိုတာ မဟုတ်လား။ မြို့တက်ပြီး အလုပ်လုပ်နေကြတယ်လေ။ တစ်ယောက်ကတော့ “မောင်သွားရာ ဖဝါးထပ်မျှ လိုက်မယ် ယုံ။” ဆို ပါသွားသတဲ့။ အလို ဘုရားသခင်။ သူ့အမေတောင် ၃၀ မပြည့်သေးဘူး။ သမီးက အိမ်ထောင်သားမွေး ပြုတော့မှာဆိုတော့ ကိုယ်လည်းပဲ အပေါင်းတွေအနှုတ်တွေတောင် မလုပ်တတ်တော့ပါဘူး။ အလယ်ခေါင် ကြားချပြီး ၁၅-၁၅ စီလောက်တော့ ထားလိုက်ကြပါစို့ရဲ့ ဆို သတ္ထုချလိုက်ရတယ်။ မေးတောင် မမေးရဲဘူး။

“ဆယ်တန်းလေးတော့ အောင်မှဖြစ်မယ်။” တို့၊ “ကျောင်းပြီး ဘွဲ့ရအောင်စောင့်ကြပါဦး။” တို့၊ အလုပ်အကိုင် အတည်တကျ ရှိမှတို့၊ “မေမေတို့က မေမေ့သမီးလေးကို ကလေးလေးပဲ ထင်သေးတာ။ ချစ်လို့တောင်မဝသေးဘူး။” ဆိုတာ မြို့မှာသွားပြော။ တောမှာ အသုံးမဝင်ဘူး။ တောမှာတော့ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ၊ သူလည်းတဲနဲ့ ကိုယ်လည်းတဲနဲ့။ “အေးသာရေ ကောက်ရိုးပုံ” ဆို ကိုယ်တိုင်ကြည်ဖြူဖို့သာ အဓိက။ “ကြာတယ် ကြာတယ် မြန်မြန်လာကွာ။” “လာပြီ လာပြီ လာပြီ လာပြီ။” “အင်း အင်း အင်း” ပဲ။ ဒါကြောင့် ကိုယ့်အသက်အရွယ်နဲ့သူတို့က ဖိုးဖိုးခေါ်တယ်ဆိုတာ အများကြီး လျှော့ပေါ့ထားတာ။ မြေးအရွယ် မဟုတ်ဘူး။ မြစ်အရွယ်တွေ။

သဘာဝနဲ့နေမှတော့ သဘာဝအတိုင်းပဲပေါ့လေ။ သစ်ပင်လေးတွေ စိမ်းသလိုလန်းသလို လူမမယ်လေးတွေ လွတ်လွတ်လပ်လပ် ရှင်သန်ကြီးပြင်းကြမယ်။ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ကြိုးစားရုန်းကန်ကြမယ်။ အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်သားမွေးပြုပြီး မျိုးဆက်သစ်ကလေးတွေ ဆက်ပြီးပျိုးထောင်ကြမယ်။ ရိုးရိုးရှင်းရှင်းပဲ။ မြို့ထဲရွာထဲမှာလို ပညာတွေ ဥစ္စာတွေ မရှာလည်း ရတယ်။ ပကာသနတွေ။ တောထဲတောင်ထဲ အကောင်ပလောင်တွေတောင် သိန်းသန်းချီပြီး ရှင်သန်ပေါက်ပွါးကြသေးတာ လူဆိုတာလည်း သတ္တဝါတစ်ခု one of the species ထက် ဘာများသာလို့လဲ။ စားရေရိက္ခာ ရှာဖွေကြမယ်။ ကြင်ဖော်ကြင်ဖက် တွဲယှက်ကြမယ်။ သားတွေသမီးတွေ ပွါးစီးကြမယ်။ လွယ်လွယ်ကလေးကို ဘာတွေခက်အောင် လုပ်နေရဦးမှာလဲ။

သူ့သဘောနဲ့သူ ဆေးရုံလာတက်နေတဲ့ မနှင်းဆီကို မွေးဖို့စောင့်နေတာ ၁၁ ရက်ကြာပါတယ်။ လာတဲ့ရက်ပဲ ဗိုက်နာတာ။ နောက်ရက်တွေ ဗိုက်ကမနာတော့ဘူး။ မီးဖွားရက်ကလည်း သူ့ဖာသူအမှတ်အသား မရှိလို့ တွက်မရပါဘူး။ လက်နဲ့စမ်းပြီး နေ့စေ့လစေ့ လို့သာတွက်ထားတာ။ ကလေးခေါင်းက အပေါ်မှာ ရှိသေး။ ရေမွှာပေါက်ပြီး တစ်ရက်ကြာတဲ့အထိ ဗိုက်မနာတော့ ခွဲလူနာရှိတဲ့ရက်မှာ သူ့ပါ တခါတည်း သားအိမ်ညှစ်ဆေးလေးပေးပြီး စတန်းဘိုင်စောင့်ဖို့ ပြင်ပါတယ်။ သို့သော်လည်း သူ့ရှေ့ကလူ ခွဲနေတုန်းတင် လေယာဉ်တွေက လာဝဲနေပါရော။ မီးစက်သံကြောင့်သာ ကိုယ်တို့မကြားလိုက်တာ။ လေယာဉ် ၃ စီးလာပြီး ဗုံး ၄ လုံးချသွားတယ်။ လှထုံတို့ရွာနားဆီမှာပါ။ ခုထက်ထိလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ ဒီဘက်ကိုပို့ဖို့ လူနာတွေတောင် စက်လှေနဲ့ လွှတ်လိုက်ပြီဆိုတော့ မနှင်းဆီကို ကိုယ်တို့ ကိစ္စဖြတ်မှ ရပါတော့မယ်။ အရေးထဲ အကြောင်းထဲ သူ့ကလေးတစ်လစ်ကြီးနဲ့ ခေါ်သွားမရ ထားခဲ့မရ နဲ့ဆို သူရောကိုယ်ရော ဒုက္ခရောက်တယ်။ ဟိုလူနာတွေလာရင်လည်း သူ့ဘက်လှည့်ကြည့်နိုင်မှာ မဟုတ်။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ကို အရေးပေါ်ဗိုက်ခွဲ၍ ကလေးမွေးဖွားရခြင်း အကြောင်းရင်းထဲမှာ လေယာဉ်နဲ့ ဗုံးတွေလာကျဲနေလို့ ဆိုတဲ့ ထူးထူးဆန်းဆန်း အကြောင်းပြချက်ကြီးနဲ့ Urgent LSCS လုပ်ရပါတော့တယ်။ လုပ်လက်စနဲ့ နောက်နောင် ကိုယ်တာဝန်မယူနိုင်သော အကြောင်းပြချက်အရ ဟိုအကိုကြီးကိုရော မခင်နှင်းဆီကိုပါ နားချစည်းရုံးပြီး သားသမီးရတနာများကို ဒီလောက်နဲ့ပဲ ကျေနပ်ပါ လို့ ဖြတ်ပေးလိုက်ရပါတယ်။ ၆ ပေါင် ၈ အောင်စ ရှိတဲ့ သမီးထွေးကလေးကို ကျန်းကျန်းမာမာ ဖွားမြင်ပြီးတဲ့အခါမှာတော့ ရွာကလူတွေက တအံ့တဩ လာကြည့်ကြပြန်ပါတယ်။ ချောကလက်မေမေက ဖြူဖြူဖွေးဖွေး သမီးချောလေး မွေးလို့ပါ။ ချစ်သည်းလေးကတော့ ပျော်နေရှာတယ်။ ယောက်ကျားလေးဆိုရင် ကျနော့အကိုတွေက ထိုးလိမ့်မယ်တဲ့။ ကျနော့ကိုလည်း သူတို့ထိုးကြတယ်။ ကျနော့ကျရင်လည်း အငယ်ကောင်ဆို ထိုးမှာပဲ လို့ ဆိုပါတယ်။ အေးကွယ်။ မေမေတွေ မမတွေတောင် စောစီးစွန် ဖြစ်နေတာ ဒီသူငယ်မကျရင် မောင်ရင်တို့ ညီအကိုလေးယောက် သေနတ်ကိုင်ပြီးတော့ စောင့်ရှောက်ကြပေတော့ လို့ မှာရမယ် ထင်ပါတယ်။