ချန်ဂင်တို့စခန်း (၅၁)

မနေ့ကတိုက်ပွဲရဲ့ အခြေအနေဟာ သူတို့ဘက်က အရေးမလှတဲ့အတွက် နောက်တစ်နေ့မနက် ၅ နာရီမှာ ဒီဘက်ကို ဗုံးတစ်လုံး လာကျဲသွားပါတယ်။ လှထုံတို့ရွာဘက်မှာတော့ တနေကုန် တအုန်းအုန်း ကျဲချနေပြီး ရွာထဲက လူနေအိမ်တွေပါ ထိကုန်ပါတယ်။ ရွာကထွက်ပေါက်တွေကို ပိတ်ဆို့ထားလို့လည်း ဘယ်ကိုမှ ထွက်ပြေးလို့ မရပဲ အိမ်နောက်ထဲမှာ ခေါင်းကလေးတွေပုလို့ နေကြသတဲ့။ ရွာလယ်ဘုန်းကြီးကျောင်းတောင် အမိုးတွေလန် ပြူတင်းပေါက်မှန်တွေ ကွဲကုန်တယ် လို့ ကြားရတယ်။ ကိုဗစ်စင်တာမှာ ဗော်လံတီယာလာလုပ်တဲ့ ကလေးမလေးရဲ့ အိမ်ကိုလည်း ဗုံးကျသတဲ့။ ဒဏ်ရာရတဲ့ လူတစ်ယောက်ကို ဒီဘက်ပို့ချင်တာ ညဘက်မှောင်သွားလို့ရော၊ လမ်းခရီးမသာလို့ရော ပို့လို့မရသေးပါဘူး။ ဟိုဘက်က ဒဏ်ရာရတဲ့သူတွေကိုတော့ ရဟတ်ယာဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပို့နေတာပဲ။ ကိုယ်တို့ဆေးရုံပေါ်ကနေ တနေကုန် လေယာဉ်တွေ ကူးသန်းနေကြတာ မင်္ဂလာဒုံရောက်နေသလား မှတ်ရတယ်။

ညနေပိုင်းလောက် ရောက်တဲ့အခါမှာတော့ ရွာထဲကို မြန်မာစစ်တပ်ကြီးဝင်လာပြီး လူ ၂၀ လောက် ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ သတင်းရပါတယ်။ ရွာထိပ်က ကိုယ်တို့အင်တာနက်သွားသွားသုံးရတဲ့ 4G ကုန်းမှာတော့ အခု စာရေးနေတဲ့အချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ ရွာမှာသာ ဆက်ရှိနေသေးရင် သေချာပေါက် ပါတော်မူရမှာ။ ဘယ်မှလည်း ပြေးလို့မှ မရတာ။ အခုတော့ တစ်ကွက်ဦးထားလို့ နောက်တစ်ကွက် ဆက်လှမ်းနေရတယ်။ ခုချိန်ထိ စာရေးနိုင်သေးတယ် ဆိုတော့ ဘေးကင်းနေသေးလို့သာပ။ ဘာတွေ ဘယ်လိုလုပ်သလဲတော့ နောက်မှပဲ ပြန်ရေးပြပါ့မယ်။ လောလောဆယ်အခြေအနေမှာ လိုင်းပေါ်က ပျောက်သွားရင် စိတ်ပူနေကြမှာစိုးလို့ စာထင်ပြရတာ။

ကိုယ့်ဘက်က မရေရာတဲ့ အခြေအနေကြောင့် ဆေးရုံပေါ်က ပြန်ဆင်းပေးလို့ရတဲ့ လူနာတွေကို အိမ်ပြန်လွှတ်ရပါတယ်။ အခုမှ ခွဲပြီးစလူနာတွေပဲချန်ထားပြီး နောက်လာမယ့် အရေးပေါ်လူနာတွေအတွက်တော့ ပြင်ထားတယ်။ ကိုယ့်ဆီကို ဒီကောင်တွေ ရောက်လာရင် ဘာလုပ်ရမလဲလည်း ပြင်ထားတယ်။ အခု ညကြီးမိုးချုပ်မှာကို တိုက်လေယာဉ်တွေ ထပ်ရောက်လာပြီး ဗုံး ၃ လုံးကျဲသွားတယ်ဆိုတော့ တိုက်ပွဲက တော်တော်ပြင်းထန်ပုံပါပဲ။ သနားစရာကောင်းတာက လူနေအိမ်ခြေများတဲ့ ရွာကြီးတစ်ရွာကို ညှပ်ပူးညှပ်ပိတ် တိုက်တာမို့လို့ ရွာသူရွာသားတွေ ဘယ်ကိုမှ စစ်မရှောင်နိုင်တာပါ။

တိုင်းရင်းသားအချင်းချင်း မတိုက်ချင်လို့ အကြိမ်ကြိမ် လက်ရှောင်လာခဲ့တဲ့ SNA နဲ့ KIA ကြားက စစ်ပွဲဟာ သည်တစ်ခါမှာတော့ စကစကောင်းမှုနဲ့ ပယ်ပယ်နယ်နယ်ကြီး ထိပ်တိုက်တွေ့ကြပါပြီ။ အစောကြီးကတည်းက ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ခေါ်တယ်ဆိုပြီး စစ်မီးကို မတောက်တောက်အောင် ရှို့နေတာပါလို့။ ဒီစစ်သား ဒီစစ်တပ်နဲ့ ဘယ်လိုဆွေးနွေးညှိနှိုင်းမှုမျိုးမှ ယုံကြည်စိတ်ချစရာ မရှိဘူးဆိုတာကိုလည်း ကမ္ဘာကသိအောင် ပြချင်ပါတယ်။ ကိုယ်တို့ကတော့ သိလွန်လွန်းလို့ ရိုးနေပြီ။

ရှေ့ဆက်ဖြစ်မယ့် အလားအလာကိုပြောရရင်တော့ KIA အနေနဲ့ ထောက်ခံပံ့ပိုးသူနေရာကနေ မီးကုန်ယမ်းကုန် စစ်တိုက်ရမယ့် အနေအထားကို ရောက်လာတာ လို့ ဆိုရပါမယ်။ ကရင်စစ်မျက်နှာ၊ ကယားစစ်မျက်နှာ၊ ရခိုင်စစ်မျက်နှာ၊ ချင်းစစ်မျက်နှာအပြင် ကချင်စစ်မျက်နှာပါ စကစကို အတိအလင်း တိုက်ခိုက်တော်လှန်ကြတော့မယ့် အချိန်ကို ရောက်ပါပြီ။ တိုင်းရင်းသားတွေအားလုံး တပြိုင်နက်တော်လှန်ကုန်ရင် ဘယ်လိုဖြစ်လာမလဲဆိုတဲ့အဖြေကို လက်တွေ့သိရတော့မယ်။ စစ်ဖြစ်လို့ ပျော်နေတဲ့သူ မရှိဘူးဆိုပေမယ့် ကမ္ဘာသစ်ကို လိုချင်ရင် ကမ္ဘာအဟောင်းက ပျက်ပေးရတယ် ဆိုတဲ့သဘောကို နားလည်တယ် မဟုတ်လား။

စစ်သားဆိုတာ အကြွင်းအကျန် မထားအပ်တဲ့ ရန်ကြွင်းရန်စ လို့ တပြည်လုံးက သဘောပေါက် လာတဲ့အခါ အာဏာရှင်လက်ကိုင်တုတ် စစ်တပ်အဟောင်းကြီးကို ဖြိုခွင်းပြီး ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အသစ်ကြီးကို မျိုးစေ့ချနေရပြီ။ ဒီသမိုင်းဖြစ်စဉ် အပြောင်းအလဲကြီးမှာ အသက်ရှင်ကျန်ရစ်သူအဖြစ်ပါနိုင်ပါ့မလား။ တည်ဆောက်ခဲ့သမျှအရာရာ ပျက်စီးဆုံးရှုံး လူလုံးမလှသူအဖြစ် ပါမှာလား။ လက်ခမောင်းထထခတ်တဲ့ တောကြောင်အဖြစ် ပါမှာလား။ အုတ်တစ်ချပ် သဲတစ်ပွင့်စာလောက်မှ အသုံးကျပါ့မလား။ ဒါကတော့ ကာယကံရှင်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။