လက်နက်မရှိတဲ့ အရပ်သားပြည်သူတွေကို လက်နက်နဲ့ နှိပ်စက်သတ်ဖြတ် အနိုင်ကျင့်တယ်။ လက်နက်ကိုင်အချင်းချင်း စစ်တိုက်လို့ ရှုံးရင်ကျ လေကြောင်းပစ်ကူ လာပါ လာပါဆိုပြီး ပဲပြုတ်သည် လက်ခုပ်တီးခေါ်သလို ခေါ်တယ်။ သူတို့သောက်ကျင့်တွေက ဒီအတိုင်း လုပ်နေကျမို့လို့ ဟိုတနေ့က တပ်တွင်းမွင်းငါး ချက်ပြီးတဲ့အခါ ညကျရင်တော့ လေယာဉ်လာတော့မယ်ဆို စောင့်နေပါတယ်။
သို့သော်လည်း တကယ်တမ်း လေယာဉ်လာတဲ့အချိန်ကျတော့ အကုန်လုံး ခွဲခန်းထဲရောက်နေပြီး မီးစက်သံတွေ ဆူညံနေလို့ မကြားလိုက်ပါဘူး။ ဖုန်းလိုင်းတွေ ပြန်ပွင့်တော့ missed calls ပေါင်းများစွာနဲ့ လှထုံတို့ဆီက ဖုန်းတွေ ဆက်ထားတာကိုး။ သူတို့ဆီမှာ အခြေအနေမကောင်းဘူး။ လေယာဉ်နဲ့ လာချ၊ လက်နက်ကြီးနဲ့ လာပစ်လို့ အိမ်ထဲကအိမ်ပြင်တောင် ထွက်လို့မရဘူး။ ရွာအထွက်လမ်းတွေ ပိတ်ထားလို့ “ဝေးဝေးထွက်ပြေးသွား” လည်း လုပ်မရဘူး။ ကိုယ်တွေရော အဆင်ပြေ လုံခြုံရဲ့လား လှမ်းမေးရင်း လူနာပို့မယ် လို့ အကြောင်းကြားတာလည်း ပါတာပေါ့။
သူတို့လာမှာမို့ ကိုယ့်ဆီက မွေးလူနာကို ခပ်သွက်သွက် ဗိုက်ခွဲမွေးပလိုက်ပြီး ခွဲခန်းပြင် စောင့်နေပါတယ်။ သိတဲ့အတိုင်း ရေဆန်လမ်းကို ချောင်းရိုးကျဉ်းကျဉ်းလေးကနေ လှည့်ပတ်တက်ခဲ့ရတာမို့ ၄ နာရီလောက်တော့ ကြာတယ်။ ရောက်တာနဲ့ လည်း တန်းခွဲလို့ မရသေးဘူး။ လူနာက သွေးလွန်ပြီး ဖွေးဆုတ်ဖြူဖျော့နေပြီ။ သွေးအရင် ရအောင်ရှာရတယ်။ တစ်လုံးချက်ချင်းသွင်း နှစ်လုံး လက်ထဲကိုင်ပြီးမှ ခွဲခန်းထဲဝင်ရတာ။ ဝမ်းဗိုက်ကို သေနတ်မှန်ထားတယ်။ ကျည်ဆန်က အပြင်ထွက်မလာသေးဘူး။ ဗိုက်ကြီးက ဖောင်းတင်းနေတယ်။ မေ့ဆေးဆရာဝန်ဆီ ဖုန်းခေါ်ပြီး သူခိုင်းတဲ့အတိုင်း မေ့ဆေးပေး၊ အပြေးအလွှား ဓါးတင်ရပါတယ်။
ဝမ်းခေါင်းထဲကသွေးတွေနဲ့တင် suction ပုလင်းကြီးတစ်လုံးပြည့်သွားရောဗျ။။ မြင်ကွင်းရှင်းသွားတော့မှ လှန်လှောကြည့်ရှုကာ အပိုင်းပိုင်းပြတ်နေတဲ့ အူသိမ်တွေကို ၃ နေရာလောက် ဖြတ်ဆက်ပစ်ရတယ်။ ကျည်ဆန်လားရာအတိုင်းလိုက်ရှာကြည့်တော့ အူမကြီးမှာလည်း အပေါက်တစ်ပေါက် ပေါက်နေပြီး ကျည်ဆန်က တင်ပါးဆုံရိုးကို ဖောက်ထွက်သွားပါတယ်။ လက်ကလေးနဲ့ စမ်းစမ်းသွားရင်း ပေါင်ခြံကနေ ခွဲဝင်သွားမှ ခဲသားထိပ်ဖူးကလေး ထွက်လာတာ။ အပြေးအလွှား တက်သုတ်ရိုက်ပြီး ခွဲတာတောင် ၂ နာရီကျော်ကြာလာတော့ နောက်ထပ်မေ့ဆေးတွေ ထပ်ထပ်လိုက်ရတာပါပဲ။ ခွဲလည်းပြီးရော တကိုယ်လုံး ချွေးရောသွေးရော ရွှဲနစ်နေတာပဲ။ လူလည်း လှုပ်တောင်မလှုပ်နိုင်တော့။ ဘာပဲပြောပြော နစ်သွားတဲ့လှေတစ်စင်းတော့ ပြန်ဆယ်လို့ရပြီ။ PDF ကလေးမို့ ကျေနပ်တယ်။ ဒါမျိုးလုပ်ချင်လို့ ဒီကစောင့်နေသူ။
ခွဲခန်းပြီးတော့ ညမိုးချုပ်နေပြီ။ ဟိုဘက်မှာ တိုက်ပွဲကတော့ မပြီးသေးဘူးတဲ့။ အရင်တုန်းက ထောင်ကျနေတဲ့ ABSDF အဟောင်းတစ်ကောင်က ရှမ်းနီထဲဝင်၊ စကစကို လမ်းပြလုပ်ပြီး တောလမ်းကခေါ်လာတာလို့ ပြောပါတယ်။ ၈၈တုန်းက စစ်တပ်ကိုတော်လှန်ဖို့ တောခိုခဲ့တဲ့ Gen L တချို့ဟာ ၂၂ မှာ စစ်တပ်ဘက်က ဒလန်လုပ်နေတာ တော်တော်လေးကို ကိုယ်ချင်းစာစိတ်မရှိတဲ့ ဖောက်ပြန်သူများပါပဲ။ သူတို့တုန်းကဆို ဒလန်ကြောက်လွန်းလို့ အချင်းချင်းပြန်သတ်ပြီး ပါဂျောင်လူသတ်ပွဲတွေ ဖြစ်ခဲ့ရတယ် မဟုတ်ဘူးလား။ ကိုယ့်တုန်းက အောင်မြင်အောင် မလုပ်နိုင်တဲ့ တော်လှန်ရေးကို ကလေးတွေလက်ထက်ကျမှ အောင်မြင်သွားမှာကို သိပ်စိုးရိမ်နေသလား။ ကျောင်းသားဟောင်းတွေဖြစ်လျက်သားနဲ့ မျိုးဆက်သစ်ကျောင်းသားတွေကို ဖြိုခွင်းဖို့ စကစမှာ အကြံပေးလုပ်တဲ့သူ နဲ့၊ ယွက်ဆစ်နဲ့ပေါင်းပြီး PDF ကို ပြန်တိုက်တဲ့သူနဲ့။ အစကတည်းက AB တွေကို ဖြိုခွင်းခဲ့တဲ့ ဒလန်အစစ်တွေများလား မသိပါဘူး။
ကိုယ် ဒီမှာ လုပ်နေရတာ ဓါတ်ခွဲ၊ ဓါတ်မှန်၊ မေ့ဆေး ဆရာဝန်တွေမပါပဲ တကိုယ်တော် ကျဲနေရတာ အင်မတန်မှကို စွန့်စားရပါတယ်။ ဒါပေမယ့် ကိုယ့်မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေအားလုံး ယုံကြည်ချက်အတွက် ပုံအောပြီး သုံးနေပါတယ်။ ဘယ်သူမှတော့ အဖိတ်အစင် မရှိပါဘူး။ ကိုယ့်နောက်မှာ လူကိုယ်တိုင် ရောက်မလာသော်ငြားလည်း ဖြစ်တဲ့နည်းနဲ့ ကူညီပံ့ပိုးပေးကြသော အထူးကုဆရာဝန်များစွာ ရှိပါတယ်။ ဘယ်သူဘယ်ဝါမှန်းတောင် သေချာမသိပဲ ဆေးဝါးပစ္စည်း ငွေကြေးပံ့ပိုးသူများလည်း ဝိုင်းဝန်းထောက်ပံ့ကြတာ တစ်နှစ်ကျော် ရှိပါပြီ။ သို့သော်လည်း ဘယ်သူတစ်ဦးတစ်ယောက်မှ သတင်းပေါက်ကြားပြီး ဖမ်းဆီးအရေးယူ ခံရတယ် လို့ မရှိပါဘူး။ နောင်လည်းပဲ မရှိရအောင် အများကြီး ဂရုစိုက်ပါတယ်။ အခုထက်ထိတော့ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် စိတ်ရောလူရောနှစ်လို့ အစွမ်းကုန်ကြိုးစားနေတုန်းပါပဲ။
ဒီနေ့တစ်နေ့ပြီးခဲ့ပြီ။ လေယာဉ်လာလာ၊ မိုးကြိုးပစ်ပစ် ထတောင်မကြည့်နိုင်ပဲ အိပ်မောကျသွား။ နိုးလာတဲ့အခါ နောက်တနေ့ တိုက်ပွဲအခြေအနေနဲ့ ဆေးရုံခွဲခန်း အဆင်သင့်ဖြစ်အောင် ပြန်ပြင်ဆင်ရပါဦးမယ်။ live မလွှင့်ရုံတမယ် ရေးနေရတဲ့စာတွေပါလေ။ ဒီခေတ် ဒီအချိန်မှာ သူသူကိုယ်ကိုယ် စစ်ဘေးဒုက္ခနဲ့ ဘယ်သူမှ မလွတ်ကင်းနိုင်ဘူး။ တောနေနေ မြို့နေနေ။ ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ စိတ်ဓါတ်တွေ ယိုင်လဲသွားလို့ မရဘူး။ ယုံကြည်ချက်တွေ ပြိုကျသွားလို့ မရဘူး။ အချင်းချင်း ဖေးမပေးရမယ်။ ငါတို့မှာ ငါတို့ပဲ ရှိတယ်။ အဲ့ဒါကြောင့် အားဖြစ်စေတဲ့စာတွေလည်း အဆက်မပြတ် ရေးပါတယ်။ ကိုယ့်စာတွေဖတ်ရလို့ ခံစားချက်ချင်းတူတယ်၊ အတွေးအမြင် နီးစပ်တယ် ဆိုရင် ကိုယ်နဲ့ လက်လှမ်းမီတဲ့ နီးစပ်ရာ PDF ကလေးတွေကို စာနာကူညီပေးကြပါ။ အိမ်တံခါးပိတ်ပြီး မောင်းထုတ်တဲ့ အလုပ်မျိုး မလုပ်ကြပါနဲ့။ စစ်တပ်ကို သတင်းပေးတဲ့အလုပ်မျိုး မလုပ်ကြပါနဲ့။ ကလေးတွေက အသက်စွန့်နိုင်နေတာကို လူကြီးတွေက အရဲစွန့်ကြပါဦး လို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။ မေတ္တာရပ်ခံလိုပါတယ်။
အရင်တုန်းက PDF တွေကို ဖားတုလို့ ခရုခုန်တယ်လို့ သရော်လှောင်ပြောင်ခဲ့တဲ့ ဗိုလ်ကတော်မတွေကိုလည်း ဖားခရု လို့ နှုတ်ဆက်လိုက်ပါတယ်။ အခုတော့ ပဌာန်းမရွတ်နိုင်တော့ပဲ သက်ပျောက်ဆွမ်းချည့် သွပ်နေရပြီ မဟုတ်လား။ ကျေနပ်တယ် အားရတယ် ဝမ်းသာတယ် ဂုဏ်ယူတယ်နော့။ နှစ်ရက်တိုင်တိုင် လေယာဉ်ကြီးတွေနဲ့ အမြောက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်တိုက်ခိုက်နေတာတောင် ငါတို့ဘက်မှာတော့ အေးဆေး ကလေးမွေးနေလျက်သာပါပဲ။ မင်းတို့ဘက်မှာ နောက်ထပ် ထိုးကျွေးစရာ မအူမလည် စစ်ဗိုလ်စစ်သားလေးတွေ ရှိသေးရင် လွှတ်လိုက်ပါဦး။ တပြည်လုံးပြုံးပျော် သာဓုခေါ်ကြဖို့လေ။ ကာချုပ်ကနေ အောက်ခြေစစ်သားအထိ မိသားစုပါမကျန် ပြည်သူ့အမုန်းကျိန်စာကို စူးစူးနစ်နစ် ခံစားနာကြင်နိုင်ကြပါစေကုန်။