“မိုးအုံ့လို့ သစ်ရွက်ကလေးတွေငြိမ်နေရင် တိမ်တွေပြိုတော့မှာ ကြိုသိတယ်။” ဆိုတာ ဟုတ်လည်း မဟုတ်ပဲနဲ့။ “ဝါဆိုရယ် သိပ်သတိရမိတယ်။” ဆိုတာ ဘယ်လိုလုပ် ယုံရမလဲ။ အခုဆို ဝါသာဝင်သွားတယ်။ မိုးရိပ်လေရိပ်တွေ ပျောက်ပြီး ပူလိုက်တာမှ လိမ့်နေတာပဲ။ ချောင်းထဲဆင်းဆင်းပြီး ရေစိမ်နေရတယ်။ တနေ့ ၂ ခါလောက်စိမ်မှ နေသာထိုင်သာ ရှိတာ။ တော်သေးတာပေါ့။ ချောင်းကလေးက အိမ်နောက်ဖေး ခဲတပစ်လောက် အကွာတင်မို့။ ညဘက်ကျရင်တော့ လေတွေမိုးတွေလာတတ်လို့ အေးအေးချမ်းချမ်း အိပ်ရတယ်။ လျှပ်စီးတွေ လက်တာကလည်း လင်းထိန်နေတာပဲ။ ဒီတခါမိုးကြိုးပစ်တာတော့ လူတွေမထိပဲ နွားတင်းကုပ်ထဲက နွား ၁၂ ကောင် သေသတဲ့။
ဒီမှာတော့ အဖိတ် ဥပုသ်ဆို ကျောင်းတွေအလုပ်တွေ နားကြတယ်။ ဈေးသည်တွေလည်း မထွက်ဘူး။ ရွာထဲမှာလည်း ဥပုသ်စောင့်တဲ့သူ များတယ်။ အများအားဖြင့်တော့ အဖွားအိုတွေပေါ့လေ။ ယောက်ကျားသားတွေ လယ်ထဲဆင်းတဲ့ အချိန် မဟုတ်လား။ ဆေးရုံမှာ အလုပ်အားတဲ့ရက်ဆို ရွာထဲက မူကြိုကျောင်းကလေးမှာ ကလေးတွေကို မုန့်လေးဘာလေး သွားကျွေးတယ်။ သာကူလေးကြိုလိုက်၊ ခေါက်ဆွဲလေး ကြော်လိုက်ပေါ့။ နွားနို့မရလို့ နို့ထမင်းတော့ မကျွေးနိုင်ဘူး။ ဆေးရုံက အာဟာရဖြည့်ဖို့ လိုတဲ့ လူနာတွေကိုတော့ WFP က ဝေတဲ့ အာဟာရမှုန့်တွေကို နို့ဆီနဲ့ဖျော်ပြီး တစ်နေ့ ၂ ကြိမ်တိုက်ခိုင်းတယ်။ ကိုယ့်ထဲက ကလေးတစ်ယောက်ကို nutritionist ခန့်ရတာပေါ့။ အလှူရှင်တွေဆီကရတဲ့ အားဆေးတောင့်အမျိုးမျိုးကလည်း အားမနာတမ်းပေးနိုင်အောင် လုံလုံလောက်လောက် ရှိပါတယ်။
တောအရပ်ပေမယ့် အစာရေစာ မရှားပါးတဲ့အရပ်မို့ ဒီကလူနာတွေမှာ အာဟာရပြဿနာ မရှိပါဘူး။ ဆရာဝန် နဲ့ ဝေးပြီး ဆရာဝန်စကား နားမထောင်တာကသာ ပြဿနာ။ ဒီနေ့လာပြတဲ့ လူနာတစ်ယောက်က မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ ကင်ဆာကြီးနဲ့။ ပါးစပ်က ဖွင့်မရပိတ်မရ၊ သွားတွေအခွေလိုက် ကျွတ်ထွက်ကုန်ပြီ။ မနှစ်ကတည်းက မန်းလေးမှာသွားပြခဲ့ပြီး ဆရာဝန်ကခွဲရမယ် အစာသွင်းဖို့ ဗိုက်မှာ အပေါက်ဖောက်ရမယ် ပြောတာကြောင့် ကြောက်လို့ ရွာပြန်လာတာတဲ့။ အခုတော့ ဆရာဝန်က ပြန်ကြောက်ရမယ့် မျက်နှာကြီးကို လာပြနေပြီ။ ဘာမှလည်း လုပ်ပေးလို့ မရတော့ဘူး။
ဒီအရပ်မှာ တတ်သမျှ မှတ်သမျှ အကုန်လုပ်သည် ဦးကြယ်နီ ဆိုပေမယ့် ကိုယ်လုပ်ပေးလိုက်လို့ လူနာအတွက် ဘေးဖြစ်စေမယ့် ကိစ္စတွေကိုတော့ မလုပ်ပါဘူး။ “Do no harm” ကို အမြဲစဉ်းစားပါတယ်။ အခုရက်ပိုင်း operation တချို့ postpone လုပ်ရတယ်။ မီးစက်က ပါဝါကျလာပြီး မီးအားမပြည့်တော့ စက်တွေက ကောင်းကောင်း အလုပ်မလုပ်ဘူး။ ခွဲခန်းထဲမှာ သုံးရတဲ့စက်ကလည်း နည်းမှမနည်းတာ။ အဲကွန်းကလည်းပါသေး။ M & E engineer နဲ့ တိုင်ပင်တော့ သုံးထားတဲ့မီးကြိုးတွေ amp နည်းနေလို့ မီးကြိုးတွေ အကုန်ပြန်လဲပစ်ရမတဲ့။ အစတုန်းက ရပေမယ့် နည်းနည်း အသုံးများလာတဲ့အခါ မရချင်တော့ဘူး။ စက်တွေကလည်း ပိုများများလာတာ ပါတာပေါ့။
တောထဲမှာဖွင့်ထားတဲ့ အခမဲ့ဆေးခန်းဆိုပေမယ့်လည်း အလှူရှင်များရဲ့ စေတနာကြောင့် စက်ပစ္စည်းအကောင်းစားတွေ ပြည့်ပြည့်စုံစုံ သုံးနိုင်ပါတယ်။ စောစောကပြောသလို M & E engineer တစ်ယောက်သာ လိုအပ်နေတာ။ လောလောဆယ်တော့ စခန်းက civil engineer လေးက တာဝန်ယူပေးပါတယ်။ သိပ်မကြာခင် ဒီ့ထက်စုံလင်တဲ့ စက်ပစ္စည်းကိရိယာများ တိုးချဲ့တပ်ဆင်ဦးမှာမို့ မီးစက်တွေ မီးကြိုးတွေက ပြင်ကိုပြင်ရဦးမယ့် အလုပ်တွေပါလေ။
ကိုယ်တို့ဆေးရုံကလူတွေ အလုပ်လုပ်နေရပုံက အံ့ဩစရာကြီးပါ။ Job description ကို ဘယ်လိုခွဲခြားသတ်မှတ်ရမှန်းတောင် မသိဘူး။ ဘာအလုပ်ပဲလုပ်လုပ် တတ်နိုင်တဲ့ဘက်က ဝင်ပါရတယ်။ ထမင်းတွေ ဟင်းတွေ ဝင်ဝင်ချက်ရသေးတဲ့အပြင် စိတ်ကူးပေါက်ရင်ပေါက်သလိုလည်း ချက်ပြုတ်လုပ်ကိုင် စားသောက်ကြသေးတာ။ မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ရခိုင်မုန့်တီ စုံတဲ့အပြင် အာလူးပူရီ၊ အုန်းထမင်း၊ ဟော့ပေါ့၊ ဆာဖျယ်၊ မာလာရှမ်းကော၊ ဆူရှီ၊ အကုန် လုပ်စားဖူးတယ်။ ဘယ်သူ့လက်ရာလည်း မမေးနဲ့။ တတ်တဲ့လူက ဦးဆောင် ကျန်တဲ့လူက ကူချက်၊ လိုတဲ့ပစ္စည်းတော့ ရအောင်မှာပေးတာပေါ့။ တောထဲမှာနေပေမယ့် အားရင် ဘာစားရကောင်းမလဲပဲ စဉ်းစားနေတာ။
ကိုယ်တို့တွေက ဘယ်လို CDM မျိုးလဲ လို့ မေးရင် အစားစားတဲ့ CDM၊ ဆေးကုတဲ့ CDM၊ ရေငုပ်တဲ့ အဲလေ အားတိုင်း ရေချိုးချိုးနေတဲ့ CDM လို့ ပြောရမယ်။ အခုလေးတင် ညကြီးမင်းကြီး ထိန်ထိန်သာနေတဲ့ လရောင်အောက် ချောင်းထဲမှာ ရေသွားချိုးပြီး ပြန်လာတာ။ ရန်ကုန်က လရောင်လှုံတဲ့ မော်ဒယ်မလေးတောင် အလည်ခေါ်ချင်စိတ်ပေါက်လာတယ်။ ဒီည ဒရုန်းလာပျံတာလည်း တွေ့လိုက်တော့ ခုလောက်ရှိ ဒီကောင်တွေ ငါလေးရဲ့ ဓါတ်ပုံတွေ စိန်ပီတာစဘတ် လှမ်းပို့နေပလားတောင် မသိ။
စစ်ပွဲအခြေအနေတွေ ဘာထူးသေးလဲ မေးရင်တော့ အရင်အတိုင်းပါပဲ။ အချိန်မရွေး ထဖြစ်နိုင်တဲ့ အခြေအနေ။ ဆေးရုံကို ရွာမှာမတည်ပဲ ဒီဘက်ကိုဝင်ဆောက်ထားလိုက်တာက ကိုယ့်အတွက် တစ်ကွက်စောသွားတယ် ပြောရမှာပဲ။ ခုနေခါ ရွာမှာသာဆို ပစ္စည်းတွေ လှေနဲ့တင်ပြီး ဒီဘက်ကို ပြေးလာရပြီ။ ရွာမှာက နယ်ခြားမျဉ်း တဘက်တချက်မို့ အခြေအနေတွေက အရမ်းတင်းမာနေပြီ။ အကယ်၍များ ရွာမှာစစ်ဖြစ်ရင်တောင် မိုးတွင်းကာလ လမ်းအခြေအနေက ကိုယ်တို့ဆီနေ့ချင်းရောက်မလာနိုင်အောင် ကာကွယ်ပေးထားတယ်။ ဝိုင်းမော်ဘက်မှာ အကဲစမ်းထားတဲ့ တိုက်ပွဲကတော့ သူတို့တတွေ ခွက်ခွက်လန်အောင် ရှုံးထားတယ်။ ကျောက်မဲ ဘက်မှာ သေတာလည်း အသံမထွက်ဘူး။
ကိုယ်ကတော့ ဒီကောင်တွေ ကိုယ့်ဆီကို လာတိုက်မှာစိုးတာ မဟုတ်ဘူး။ လာမတိုက်မှာစိုးနေတာပါ။ လာတိုက်တော့မှ များများသေ မြန်မြန်ပြုတ်ပြီး ပွဲသိမ်းမှာပေါ့။ မလာလာအောင်တောင် စစ်မြှူရမယ့်သဘောရှိတယ်။ ကိုယ်တို့ဘက်မှာ ဘယ်သူကမှ သေမှာမကြောက်ဘူးဗျ။ ဒီကောင်တွေနဲ့ နေရမှာကိုပဲ ကြောက်တော့တာ။ သူသေကိုယ်သေပဲ။ တစ်ယောက်မရှိမှ ကျန်တဲ့တစ်ယောက် ဆက်အသက်ရှင်မှာ။ ခုရက်ပိုင်း အဆက်မပြတ် စာတွေရေးနေရတဲ့ အကြောင်းရင်းက အရေးကြီးတဲ့ အချိန်အခါမို့ အချိန်မရွေး အခြေအနေတွေ ပြောင်းလဲသွားနိုင်တာကြောင့်ပဲ။
ခုတလော စစ်တပ်ထဲကလူတွေ သေတာသေတာ ဆိုတာများ။ “မပြောပါနဲ့တော့။ မကြားဝံ့ပါဘူး။ သူများတွေ မသိပါစေနဲ့။” ဆို ကြိတ်ငိုရတဲ့ မသာတွေများပါတယ်။ သူများတွေသိရင် ဝမ်းသာအားရကို ဖေ့စ်ဘုတ်ပေါ် တင်ကြရှဲကြတဲ့ပြင် သေပြီးသားပရိုဖိုင်းထဲမှာ ပွဲတွေဖြစ်ကုန်အောင် ဟားကြရိကြဆဲကြတော့တာကိုး။ အခုမှ သူတို့ ဒူးနဲ့မျက်ရည်သုတ်ရတယ် ဆိုတဲ့အလှည့်လေ။ အောင်မယ်လေး။ ဆုတောင်းတွေ ကြမ်းလိုက်ကြတာ။ “နောက်ဘဝ စစ်သားမုန်းတဲ့ တိုင်းပြည်မှာ လူလာမဖြစ်ပါစေနဲ့။” တဲ့။ “ပြည့်စေသတည်း ပြည့်စေသတည်း။” ဒင်းတို့နဲ့ကတော့ ဘဝဆက်တိုင်းကို အတူမနေချင်တာ။ ဒီရက်ပိုင်း ဖေ့စ်ဘုတ်ပေါ်မှာ စစ်သားအကောင့်တွေ ဖော်လိုဝါတက်သလား မမေးပါနဲ့။ နေ့တိုင်းကို ဝင်ဝင်ကြည့်နေကြတာ။ ဂိတာနဲ့ စကရင်ရှော့ရိုက်ပြီး ဟိကြမလို့။ သေတဲ့အိမ်က မုဆိုးမတောင် တပ်ကအကြောင်းမကြားခင် လိုင်းပေါ်မှာ ကြော်ငြာတက်လို့ အရင်သိနှင့်လိမ့်မယ်။ မင်္ဂလာဆောင်တုန်းက ဓါတ်ပုံကြီးနဲ့ “ကံစမ်းမဲလည်း ထည့်လို့ထားတဲ့ နေကြာစေ့ပါ။” ဆို ဆယ်လီဖြစ်နေမှာ။
သောင်းလှိုင်သားက ရုရှားသွားနေတုန်း သူ့ ပုန်ကန်မှာစိုးလို့ သူ့အောက်ကကောင်တွေရဲ့ မယားတွေ လေယာဉ်ပေါ် တင်ခေါ်သွားလေရဲ့။ သိပ်ပိုင်တဲ့မင်းပဲ။ ဟဟ။ အိမ်ကမယားကြီး အသစ်လဲချင်နေတဲ့ကောင် ပါနေမှ မျိုးကန်းဦးမယ်။ ဂူကြီး နဲ့ ဒူကြီး နဲ့ ဘူကြီး နဲ့ လေယာဉ်တစ်စီးတည်း ပျံကြမယ့်ဟာ သူတို့မို့ စီးရဲပလေ။ အိုင်ဆို မစီးရဲပေါင်။ မိုးတွင်းကြီး။ မိုးကြိုးတွေက ပစ်သနဲ့။ အပြောင်းအလဲတွေက ဘာမဆိုဖြစ်နိုင်တယ်၊ ဘယ်အချိန်မဆို ဖြစ်နိုင်တယ်၊ မဟုတ်ဘူးလား။ ဗိုလ်ချုပ်ခင်ညွန့်ဆို လေယာဉ်ပျံပေါ်တက်တဲ့အချိန်တုန်းက ဟိုဘက်လေဆိပ်ရောက်ရင် သူ့ကိုဖမ်းမယ့်လူတွေ စောင့်နေလိမ့်မယ်လို့ ဘယ်သိခဲ့မလဲ။ ၁၆ ရက်နေ့ ရောက်တော့မှ လေဆိပ်မှာ “သူပြန်လာမယ်လို့ နင်ထင်နေတာလား။” ဆိုတဲ့ သီချင်းသံကြားရင် ထိုင်ငိုမယ့်သူရော ထကမယ့်သူရော ရှိမှာပဲ။ သူပြန်လာလည်း လာတဲ့အလျောက် မလာတော့လည်း မလာတဲ့အလျောက် ဘာလာလာ ဖြစ်အောင်ရေးမယ့်သူကတော့ ဒီမှာ တစ်ယောက်တည်းပဲ ရှိပါတယ်။ ဖတ်ကြဦးမယ် မဟုတ်လားလို့။