ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ဖန်များလာတဲ့အခါ သူတို့ဆီက ဇာတ်လမ်းဇာတ်အိမ်ဖွဲ့ပုံ၊ ဇာတ်ရှိန် အနိမ့်အမြင့် ကစားတဲ့ပုံကို နည်းနည်း သဘောပေါက်လာပါတယ်။ ဇာတ်လမ်းရဲ့အစမှာ မသမာမှုတစ်ခုခုနဲ့ ကောက်ကျစ်ယုတ်မာသူ တချို့တလေကြောင့် ဘဝတဆစ်ချိုး ပြောင်းလဲ ဒုက္ခရောက်တဲ့ အဖြစ်အပျက်တစ်ခု နဲ့ ဇာတ်အိမ်တည်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစပိုင်းမှာ မကောင်းတဲ့သူရဲ့ဒဏ်ကို အလူးအလဲ လှိမ့်ခံရင်း စိတ်ထားကောင်းတဲ့သူ၊ ကူညီဖေးမတဲ့သူနဲ့ တွေ့ရမယ်။ အလယ်ပိုင်းမှာ အခက်အခဲပေါင်းများစွာကို သူတို့အတူကျော်ဖြတ်ကြရင်း ဇာတ်လမ်းအစမှာ ချည်ထားတဲ့ အထုံးအဖွဲ့တွေကို တစ်ခုမကျန် ဖြည်ထုတ်သွားရမယ်။ နောက်ဆုံးအားလုံး ပြေလည်သွားတဲ့အခါ ဇာတ်သိမ်းတယ်။ အဲ့ဒါကြောင့်မို့လို့ ဇာတ်လမ်းအစပိုင်းတွေမှာ အလှုပ်အခတ်တွေနဲ့ အရမ်းသွက်သလောက် ဇာတ်သိမ်းကာနီးလာတဲ့အခါ ဇာတ်က အေးပြီး အီလည်လည် ဖြစ်သွားတတ်တယ်။ ဒီဇာတ်လမ်းတွဲမှာ အပိုင်း ဘယ်နှစ်ပိုင်းပါမယ် ကြိုမသိပေမယ့်လည်း အခုပြောခဲ့သလို ဇာတ်ရှိန်အနိမ့်အမြင့် အတက်အကျကို ကြည့်ရင် ပြီးခါနီးပြီလား။ မပြီးသေးဘူးလား။ နည်းနည်းပါးပါး အရိပ်အကဲ ခတ်လို့ ရပါတယ်။
ကိုယ့်ရဲ့ ချန်ဂင်တို့စခန်း ဇာတ်လမ်းတွဲကိုလည်း စာဖတ်ပရိသတ်က အီပြီးအိုင်နေတယ် လို့ ခံစားရရင် အဲ့ဒါ ဇာတ်သိမ်းခန်းရောက်ကာနီးနေလို့ပဲ ဆိုတာ သဘောပေါက်စေချင်ပါတယ်။ ကြင်စိုး နဲ့ သားများအဖွဲ့ဟာ ဒီ့ထက်ပိုပြီး မိုက်ရိုင်းယုတ်မာစရာ မကျန်တော့ဘူး။ လမ်းဆုံးနေပြီ။ သူတို့စိုက်ထားတဲ့ အသီးအပွင့်တွေကလည်း သန်သန်စွမ်းစွမ်းဖြစ်လာပြီဆိုတော့ ကြမ္မာရဟတ်ကလည်း တစ်ပါတ်လည်လာပြီ။ ကိုင်း အခု ကိုယ်တို့ကအတက် သူတို့ကအဆင်း။ ရှင်းလာပြီ မဟုတ်လား။ စစ်သားတွေ တစ်ယောက်မကျန် ပါးကို ဘယ်ပြန်ညာပြန် ဂျပန်ရိုက်ရိုက်ပြီး မိုက်ဇာတ်သိမ်းပစ်ရတော့မယ်။ ပျင်းတော့ပျင်းစရာကြီး။ ဒါပေသိ အရသာရှိပါတယ်။ ဒီအခန်းရိုက်ဖို့ တစ်ကားလုံးအောင့်ထားခဲ့ရတာ။
“ဥကရစ်ထကိုတိုက်တာ ကွမ်လုံရက် ၄၀ တိုက်ပွဲထက် ကြာတော့မှာပဲ။” လို့ ပြောမိတာ မှားသွားတယ်။ ဘယ်တော့မှ ပြန်မသိမ်းနိုင်တဲ့အပြင် နောက်ထပ်စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံနေရတာကိုး။ ဆောရီးနော်။ ကြည်းရော လေရော ရေရော ဆိုတော့ အထင်ကြီးမိတာ နည်းနည်းများသွားတယ်။ ဒီပွဲကို တိုးလို့တန်းလန်းထားပြီး SSPP ကို ဒိုင်းညောင့်သွားလုပ်တော့ တိုက်များတိုက်တော့မလား ထင်မိတာကလည်း အထင်ကြီးတာ တော်တော်ကိုများသွားတာပါပဲ။ ယောက်ကျားချင်း သေနတ်ချင်းကိုင် မျက်နှာချင်းဆိုင်တွေ့ပြီးကာမှ သဉ္ဇာဝင့်ကျော် ကို အဖမ်းပြပြီး “ဒီမင်းသမီးကို ပြန်လွှတ်စေချင် နင်တို့ ငါနဲ့ လာတွေ့ရမယ်။” လို့ ပြန်ပေးသမား အထာချိုးသွားလေရဲ့။ ဒီသောက်ချိုးက အခုမှ လုပ်တာ မဟုတ်ပါဘူး။ ပြေတီဦး နဲ့ ဣန္ဒြာကျော်ဇင် တုန်းကလည်း “နင်တို့ လင်မယား လာအဖမ်းမခံရင် နင်တို့ကလေးတွေ ပြန်လွှတ်မပေးဘူး။” ဆိုပြီး ပြန်ပေးဆွဲသွားတာ မဟုတ်လား။ မတန်မရာ သမ္မတသာ လုပ်ချင်နေတာ။ စိတ်ဓါတ်နဲ့ အဆင့်အတန်းက ပြန်ပေးဓါးပြထက် သာတာ မဟုတ်။
အခုရက်ပိုင်းတော့ ဘယ်သူ့ဆီကိုမှ သေနတ်ပြောင်းမလှည့်ရဲတော့ဘူး။ ကြားခံအောင်သွယ် တစ်ယောက်ပြီးတစ်ယောက်လွှတ်နေတာ အမကြီး ဒေါ်အောင်ဆန်းစုကြည် ကယ်ပါဦး လို့ ထိုင်ကန်တော့ချင်လို့တဲ့။ စစ်တိုက်တိုင်းရှုံးတော့ လက်နက်ချမယ် မပြောပဲ ငြိမ်းချမ်းရေးဆွေးနွေးရအောင် လို့ စကားလှအောင်သုံးတယ်။ PDF ကို ဆက်မတိုက်ရဲတဲ့အခါ အလံဖြူထောင်ရမယ့်အစား “အလင်းဝင်ကြပါ။” လို့ အရှက်ပြေ ထအော်တယ်။ “အာဏာကို ပြန်ယူပါ။ အသက်ကို ချမ်းသာပေးပါ။” လို့ ပြောရမယ့်အချိန်မှာ “အခြေခံမူ ၃ ချက်ဖြင့် တွေ့ဆုံဆွေးနွေးရေး လို့ စကားစလာတယ်။ ဘယ်လိုပဲ ဆက်ကြည့်ကြည့်လေ။ နောက်တစ်ပိုင်းနှစ်ပိုင်းလောက်ဆို ကြင်စိုးကို ကြိုးစင်ပို့ပြီး ဇာတ်သိမ်းခန်းရောက်တော့မှာ လို့ ခံစားရတယ် မဟုတ်ဘူးလား။ အဆုံးသတ်ကို သိနေပေမယ့်လည်း ဒီခွေးသူတောင်းစားတွေ သေခြင်းအမျိုးမျိုး ဆိုးကြပုံကိုပဲ အရသာခံကြည့်စရာ ကျန်တော့တယ်။
ဒီ့ထက်ပိုပြီးသေချာတဲ့အကြောင်းရင်းတစ်ခုကတော့ သူ့လက်အောက်က စစ်ဗိုလ်စစ်သားတွေ ရာနဲ့ချီပြီး တပ်လုံးပြုတ်နေချိန်မှာ သူနဲ့ လုံးဝမသက်ဆိုင်သလို လှည့်တောင်မကြည့်ပဲ ရုရှားကို ဘုရားထီးတင်ခေါင်းစဉ်တပ်ပြီး ပြေးပေါက်ရှာနေတာ မြင်ရလို့ပါ။ သေလေတဲ့စစ်သား လဒပဲစားစား ပစ်ထားခဲ့သူ ကာချုပ်ကြီးအတွက် အသက်စွန့်တိုက်နေရတာ ဘယ့်ဂလောက် ခံပြင်းစရာကောင်းသလဲ။ သေတာတောင် နောင်တပူပန်ခြင်း ပြင်းစွာနဲ့ အပါယ်လားရတာ။ ဝဋ်ကြွေးပေါ့လေ။ ဝဋ်ကြွေး။ ဘဝမကူးခင်ကို လည်ကုန်တဲ့ဝဋ်ကြွေး။ ဖွတ်တွေ ဒလန်တွေ ငိုကြီးချက်မနဲ့ ယူကြုံးမရ ပေါက်ကွဲနေကြတာလည်း ဗီဒီယိုဖိုင်တွေနဲ့ကို တက်လာတာနော်။ အားရစရာကြီးရယ်။ အဟုတ်ပြောတာပါ။ နောက်ထပ် ၃ ပိုင်းစာလောက် ထပ်ရေးပြီးရင် တပ်ထဲ သေစရာလူတောင် မကျန်လောက်တော့ဘူး။ ဒီဇာတ်က မသိမ်းလည်း ဆက်ကမယ့်လူကို မရှိတော့တာ။
ဆေးရုံမှာ မွေးလူနာတွေ နောက်ဆက်တွဲ ခွဲစရာစိတ်စရာရှိလို့ မမအိုဂျီက “နောက် ၃ လနေ ပြန်လာခဲ့။” လို့ ရက်ချိန်းတဲ့အခါ “အဲ့လောက်ကြီးတော့ ခွါမချိန်းပါနဲ့။ တော်လှန်ရေးကြီးက အဲ့လောက် မကြာတော့ဘူး ထင်တယ်။ တော်နေကြာ ကိုယ်ပြန်သွားတဲ့အခါ သူတို့ တန်းလန်းကြီး ကျန်ရစ်နေလိမ့်မယ်။” လို့တောင် ပြောမိသေး။ အစကမျှော်လင့်ထားသလိုမျိုး ကိုယ်တို့ဆီကို အလုံးအရင်းနဲ့ လာတိုက်ဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ ဒီကနေ့တစ်ရက်တည်းကို ဝေါလေမှာလည်း သောက်သောက်လဲ။ ဝိုင်းမော်နားက KIA တပ်ရင်း (၃) ဘက်မှာလည်း သောက်ကျိုးနည်းကို မာလကီးယားကြပါတယ်။ အဲ့ဒီတော့ ကိုယ်တွေက ဘာလုပ်ရမှာလဲ။ ခွဲစရာစိတ်စရာ လူနာလေးတွေကို အကြွေးမထားပဲ တွန်းခွဲကြရုံပေါ့။
သိပ်မကြာခင်မှာပဲ ကိုယ်လိုပဲ ဇာတ်သိမ်းခန်း အကဲခတ်မိသူတွေက မီးတွေမလင်းခင် အချိန်မီအောင် ကြယ်သီးကောက်တပ်တဲ့သူတပ်၊ နှုတ်ခမ်းနီပြန်ဆိုးတဲ့သူဆိုး ဖုန်တွေထကြတော့မယ်လေ။ သာကူးပြန်လုပ်ရဦးမှာ မဟုတ်လား။ သေချာကြည့်ထား။ ကိုယ့်ထက်တောင် ရဲရဲတောက်ပြလိမ့်မယ်။ ဒိုမီနိုအဖက်ဆိုတာ သူတို့နဲ့မှ ပြိုဆင်းလာမှာ။ ဒီတစ်သက် ဒီဘဝတင် မဟုတ်ဘူး။ သံသရာအဆက်ဆက် ဒီနေရာ ဒီတန်းမျိုး နောက်ဘယ်တော့မှ ပြန်မရောက်နိုင်မှန်း သိတဲ့လူတွေကျတော့လည်း မိအိုဖအိုတွေ စံအိမ်တော်မှာ ဆယ်ဖီသွားရိုက်ခိုင်းနေတာဗျ။ ကိုယ့်ချည်းပဲတော့ အဆဲမခံနိုင်ဘူး။ မိဘကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်မိဘပါ အဆဲခံရအောင် ဆွဲထည့်လိုက်တယ်။ ကောင်းရော။
ဒီပုံအတိုင်းဆိုရင်တော့ ကိုယ်တို့တတွေ အိမ်ပြန်ချိန် နီးလာတာ သေချာပါတယ်။ ကိုယ်တို့ပြန်သွားရင် ဒီက ဆေးရုံကလေးနဲ့ ခွဲခန်းကလေးကို ဘယ်လိုလုပ်ခဲ့ရမလဲ စဉ်းစားနေရပြီ။ ကိုယ့်ဆရာကြီးတွေလည်း အဲ့သလိုပဲ တွေးနေပြီလား မသိပါဘူး။ သူများတကာတွေ တောထဲတောင်ထဲ ဆင်းရဲဒုက္ခ ခံနေရချိန်မှာ ချိုချိုချောင်ချောင် ဘွဲ့တက်ယူပြီး အထူးကုလိုင်စင်ယူနေတဲ့ နှမ်းဆီတွေကို ဘယ်လိုလုပ်ရ ကောင်းမလဲ စဉ်းစားနေသတဲ့။ ကိုယ်ကတော့ နှမ်းဆီတွေမို့လို့လည်း ဖယ်ထုတ်ပစ်ရလိမ့်မယ် လို့ မတွေးပါဘူး။ C တွေထဲမှာ အလုပ်ပြန်ဝင်မယ့်သူတောင် ရှိချင်မှ ရှိလိမ့်မယ်။ အစိုးရအလုပ်ထဲ ဆရာဝန်မလုံလောက်တဲ့ ပြဿနာက ဘယ်လိုမှ ဖြေရှင်းလို့ မရနိုင်လောက်ဘူး။ အထူးသဖြင့် ကိုယ်ရောက်နေတဲ့ ခက်ခဲဒေသတွေမှာဆို အချင်းမိုင် ၁၀၀ ပတ်လည်အတွင်း အလုပ်လုပ်လို့ရတဲ့ အထူးကုဆရာဝန်ဆိုတာ ရှာလို့တောင် မရ။ အဲ့လိုနေရာမျိုးတွေမှာ နှမ်းဆီအထူးကုတွေ ၂ နှစ်စီလောက် အလုပ်လုပ်ခိုင်းလိုက်ရင် သူတို့အတွေးအမြင်တွေလည်း ပြောင်းချင်ပြောင်းသွားမှာပေါ့။ မနေနိုင်လို့ ထွက်ကုန်တော့လည်း ကိုယ်အထုတ်ရသက်သာတာပေါ့။
အဲ့သလိုမျိုးလေးလည်း သွားမန့်လိုက်ရော ပယောဂမှန်တဲ့သူတွေက တုန်ဆင်းလာပါလေရော။ “ကမ္ဘာပေါ်မှာ အဝေးရောက်အစိုးရတွေ အာဏာရတယ်ဆိုတာ ဘယ်ခေတ်မှာမှ မရှိခဲ့ဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။” တဲ့။ ဟုတ်လား။ ဒါဆို တော်လှန်ရေးကြီး မအောင်မြင်နိုင်ဘူး လို့ ထင်နေတာလား။ Gen L တွေက အဲ့လိုပဲ တွေးနေကျပါလေ။ သူတို့ ဉာဏ်မမီတဲ့အချက်က အဝေးရောက် အစိုးရက ဦးဆောင်မောင်းနှင်နေလို့ ဒီတော်လှန်ရေးကြီး ဖြစ်လာတာ မဟုတ်ဘူး။ အဝေးရောက်အစိုးရကိုယ်တိုင်က ဒီတော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်နဲ့ ပါဝင်လှုပ်ရှားနေတာ။ စစ်တပ်ကိုဆန့်ကျင်ရင် အကုန် နီပိန်းပဲ လို့ ခေါင်းစဉ်တပ်တာကိုက လက်ရည်ဉာဏ်ရည် မမီဘူးဆိုတာကိုပြတာပဲ။ ဒါကြောင့်လည်း ဒီကောင်တွေ သေလို့သာသေရတယ်။ ဘာ့အတွက် ဘယ်သူ့ကြောင့် သေရမှန်း မတွေးတတ် မတွေးနိုင်ဘူး။ ကိုင်း အခု ဇာတ်သိမ်းခန်း ရောက်တော့မယ်နော်။ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုအနိုင်ယူသွားသလဲ သေသေချာချာ စောင့်ကြည့်ကြပေတော့။ ဘိန်းမှိန်းမှိန်းမနေနဲ့။ တော်နေကြာ ပွဲပြီးလို့ ပြီးမှန်းမသိ၊ လူနင်းလို့ သေနေဦးမယ်။