“ရှစ်နယ်အုံ့မှိုင်းပါလို့ ဘုံတိုင်းနဘေ
ခြုံသိုင်း ဝဠာဘွေက မဟာမေဃော
ဗျာပါပွေ စောစေဖို့ ဖြိုးလျှပ်အုံ
မိုးနတ်ပစ္စုန် အိုဘယ် မာန်ဟိန်းတယ်လေး။ ပိန်းပိတ်လို့ခြုံ။”
ဒီအရပ်ဒေသဟာ တခြားသောအရပ်ဒေသတွေထက်ကိုပဲ မိုးများသလား မပြောတတ်ပါဘူး။ နေ့တိုင်းလို ရွာတယ်။ ရွာတိုင်းလည်း သည်းတယ်။ အရပ်ရှစ်မျက်နှာ မည်းမည်းမှောင်မှောင်နဲ့ကို လျှပ်စီးတဝင်းဝင်းနဲ့ ထစ်ကာချုန်းကာ ရွာတယ်။ ရှေးကပြောသလို ဆိုရင်ဖြင့် ကောင်းကင်မှာ သိကြား နဲ့ အသုရာတို့ အကြီးအကျယ် စစ်ခင်းစစ်တိုက်နေကြတာ လို့ ဆိုမှာပေါ့။ ဒါတောင် မုန်တိုင်းဆင်တာ မဟုတ်သေးဘူး။ မိုးထဲမှာ လေပါတယ်ဆိုရုံကလေး။ ကုန်းတွင်းပိုင်း တောင်တန်းတွေဆီရောက်တော့ အနောက်တောင်မုတ်သုန်လေတွေလည်း အားပျော့သွားပြီး သယ်လာသမျှရေ အကုန်သွန်ချပစ်လိုက်ပုံ ရပါတယ်။
ဒီလေလောက်နဲ့ကိုပဲ သစ်ပင်ကြီးတွေ လဲကျရင် တဲပေါ်ပိလို့ ၂ ယောက်သေပြီး ၃ ယောက် ဆေးရုံရောက်လာဖူးတယ်။ တဲထဲထိုင်နေရင်း မိုးကြိုးပစ်ချလို့ သေသွားတဲ့ကလေးတစ်ယောက်လည်း ရှိတယ်။ ကြမ်းတမ်းသည်းထန်တဲ့မိုး လို့ ပြောရမှာပဲ။ ဒါပေမယ့်လည်း မိုးသည်းသည်းမည်းမည်း ရွာရင် မကြောက်နိုင်အားဘူး။ ရေစည်ရေကန်တွေ မိုးရေအပြည့်ရတော့မယ် ဆို ပျော်နေရတာ။ တခါတခါ ရွာရင် ရေပါချက်က ရေတံလျှောက်တောင် ကျိုးကျိုးကြတယ်။ မိုးရေပေါပေါရှိလို့ ရေတင်စရာမလိုရင် ဆီဖိုးလည်း သိပ်မကုန်ဘူးပေါ့။ ဆေးရုံက ရေသုံးအား တော်တော်များတာကို။ လူတိုင်း သူသူကိုယ်ကိုယ် အပြင်ကပြန်လာရင် ခြေထောက်မဆေးလို့မှ မရတာ။ ရွှံ့တွေဗွက်တွေ ပရပွနဲ့။ သူရွာတဲ့ရေနဲ့ ပြန်သုံးမှ တန်လိမ့်မယ်။ မိုးရွာပြီဆို ချောင်းရေကလည်း နောက်သွားသေးတာ မဟုတ်လား။
မိုးထဲလေထဲမှာပဲ ညဘက်ကျရင် လေယာဉ်လာတယ်ဆိုလို့ မီးမှောင်ချ အသံတိတ်ပြီး သတိနဲ့ အိပ်ကြရတယ်။ ကလေးတွေကတော့ အထုပ်ကလေးဘာလေး ပြန်ပြင်ထားကြတာပေါ့။ ရွာထဲကလာနေတဲ့ ကလေးတွေကလည်း ဆရာတို့ထွက်ပြေးရင် သူတို့လည်းလိုက်မယ်။ မထားခဲ့ပါနဲ့ ဆိုပဲ။ မဟုတ်က ဟုတ်ကတွေ။ လေယာဉ်နဲ့ ဗုံးလာကျဲသမျှ ကိုယ့်ခေါင်းပေါ် တည့်တည့်ကျလို့ မာလကီးယားမသွားသေးသ၍တော့ ထွက်ပြေးဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ့်မထိလည်း ထိတဲ့သူတွေကို ဆေးကုဖို့က ကိုယ်ရှိမှ ဖြစ်မယ့်ဥစ္စာကို။ သူတို့ဘက်က စစ်ကြောင်းထိုးပြီး စခန်းလာသိမ်းမှ ကိုယ်တို့ဘက်ကလည်း စံနစ်တကျ ဆုတ်ခွါစရာ ရှိချင်ရှိမယ်။ ဒါကလည်း လောလောဆယ် မဖြစ်နိုင်ဘူး။ နေ့ခင်းကမှ ဥကရစ်ထကို သိမ်းထားတာ။ လေကြောင်းပစ်ကူက အဲ့ဒီဘက်မှာချည့် ဒလဟောသုံးထားလို့ နောက်ထပ်စစ်မျက်နှာအသစ် မဖွင့်နိုင်လောက်သေးဘူး။ အဲ့ဒီတော့ ဒီနေ့ည ဒီမှာ လာမသိမ်းတာ ကျိန်းသေသလောက် ရှိတယ်။ စိတ်ချလက်ချနဲ့ ပျော်အောင်အိပ်ရုံပဲ။
စကစဟာ ၄ လပိုင်း အကုန်လောက်မှာကတည်းက ခံစစ်ပဲ ကစားတော့တယ်။ လက်နက်ကိုင်အချင်းချင်းဆို ဘယ်မှာမှ တိုက်စစ်မဆင်နိုင်ဘူး။ သူတို့လှည့်ပတ်ရမ်းကားနေသမျှဟာ လက်နက်မပါတဲ့ အရပ်သားပြည်သူတွေ အကြားမှာချည့်ပဲ။ သူတို့တိုက်စစ်ကို မြေပြင်ပေါ်ကနေ မီဒီယာနဲ့ အွန်လိုင်းပေါ်ကို ရွှေ့ယူပြီး စိတ်ဓါတ်စစ်ဆင်ရေးကို အသည်းအသန် ကြိုးစားတယ်။ ငမဲလုံးပြောတဲ့ “ဆိုင်ကော်လောဂျီးကဲ ဝါးဘုရား” ဆိုတာပေါ့။ မြန်မာတပြည်လုံးကို သူတို့ ဂျင်းထည့်တိုင်းရတဲ့ သောက်ပိန်းတွေ လို့ အထင်သေးတာလေ။ တကယ်တမ်းတော့ သောက်ပိန်းဆိုတာ စစ်တပ်ထဲမှာပဲ ကျန်တော့တာပါ။ ကိုယ့်လူကိုယ် ထွက်မပြေးအောင် ဂျင်းကျွေးပြီး မှိုင်းတိုက်နေတာ။
ဒီဘက်တကြောရဲ့ စစ်ရေးအခြေအနေကတော့ “ငါ ဒီမှာ ဆေးကုနေတာ ၆ လ ရှိပြီဝေ့။ လိုင်းပေါ်မှာလည်း နေ့တိုင်းဆဲနေတာပဲ။ ငါ့ ရှေ့တော့ ဒီကောင်တွေ တစ်ကောင်တစ်မြီးမှ ဖြတ်မလျှောက်ရဲသေးပါဘူး။ ငါ့ဆီက ရှေ့တန်းသွားတဲ့ကလေးတွေ ပြန်လာသမျှလည်း တစ်ယောက်မှ အသေအပျောက် မရှိသေးပါဘူး။ ဒီလောက်ဆို ဘယ်သူနိုင်ပြီး ဘယ်သူရှုံးနေသလဲ။ သိလိုက်တော့။” လို့ ပြောရုံပါပဲ။ ချင်းပြည်နယ်ဘက်ကလည်း အဲ့လိုစကားမျိုး ကြားရတယ်။ ကားလမ်းပေါ်က ဂိတ်တွေတောင် PDF ဂိတ်တွေ ဖြစ်ကုန်ပါပြီတဲ့။ တချို့အကြောင်းအရာတွေကို စစ်ဘက်ဆိုင်ရာ သတင်းလုံခြုံရေးအရ မပြောသင့် မရေးသင့်လို့ ထည့်မရေးခဲ့ပေမယ့်လည်း ခုချိန်ထိတိုင်အောင် စာတွေဖတ်နေရသေးတာ၊ ပုံတွေ မြင်နေရသေးတာ မသေသေးဘူး။ ကိုယ်တို့ဘက်က အရေးနိမ့်မနေဘူးဆိုတဲ့ သက်သေတစ်ခုပဲ မဟုတ်လား။
ကုလသမဂ္ဂအနေနဲ့ပဲဖြစ်ဖြစ်၊ အာဆီယံအနေနဲ့ပဲဖြစ်ဖြစ် ၊ သွေးထွက်သံယို အထိအခိုက် အနည်းဆုံးနည်းလမ်းနဲ့ မြန်မာပြည်က ပဋိပက္ခတွေကို အဆုံးသတ်စေချင်ရင် အင်မတန်လွယ်ကူပါတယ်။ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကိုဖမ်းဖို့ လက်နက်ကိုင်တပ်ခွဲတစ်ခွဲလောက် နေပြည်တော်ကို လွှတ်လိုက်ရုံနဲ့ အခုအခံ အတားအဆီးမရှိ လက်နက်ချ အညံ့ခံဖို့ အသင့်ရှိနေတဲ့ မြန်မာစစ်တပ်ကြီးကို တွေ့ရမှာပါ။ သီပေါမင်းကို ကာနယ်စလေဒင် ဖမ်းတာကမှ ခဲရာခဲဆစ်ဖြစ်နေဦးမယ်။ သူတို့ချင်းက တစ်ယောက်နားထင်တစ်ယောက် သေနတ်နဲ့တေ့ပြီး စည်းလုံးချင်ယောင်ဆောင်နေတာ။ “ဘယ်သူလဲလဲ ကူမဆွဲ အမြဲထိုးချမည်။” ဆိုတဲ့ စိတ်ဓါတ်တွေ။ တကယ်တမ်း ဖမ်းမယ်ဆီးမယ် လာရင် “အနော် မပါပါဘူး။” ထွက်ပြေးမယ့်သူတွေချည့်ပဲ။ လက်နက်မရှိတဲ့လူတွေမို့ ကြမ်းပြရမ်းပြ ရက်စက်ပြနေတာ။ စစ်သား စစ်သားချင်းမြင်ရင် ဦးအောင်ဖင်လှန်ပေးမယ့်သူတွေ။
သူတို့စိတ်ထဲမှာ အာဏာသိမ်းလို့ မငြိမ်မသက်တွေဖြစ်လာရင် ရက်ရက်စက်စက် နှိမ်နှင်းပလိုက်။ အကြောက်တရားနဲ့ ငြိမ်သွားလိမ့်မယ်လို့ တွေးထားကြတာပါ။ ၈၈ တုန်းကဆို ပါးစပ်ကတောင် ဖွင့်ပြောကြတယ်။ “မင်းတို့ လူတစ်သောင်း မသတ်ရပါဘူးကွာ။ ပြီးသွားမှာပါ။” တဲ့။ အခုလည်း ငါးထောင်မပြည့်သေးဘူး။ “မင်းတို့အောက်ကကောင်တွေ ဒါလေးတောက် မသတ်ရဲဘူးလား။ အဲ့ကောင်ဖြုတ်စမ်း။ လာ။ သတ်ရဲတဲ့ကောင် တက်ခဲ့။” ဆိုတဲ့ စိတ်ထားနဲ့ တိုင်းပြည်ကိုရော စစ်တပ်ကိုပါ ငရဲပို့နေကြတာပါ။ တော်လှန်ရေးက ကာလရှည်ကြာလို့ ထွက်ပေါက်ပိတ်ပြီး စိတ်ဓါတ်တွေကျနေရမှာ အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေ ကိုယ်တိုင်ပါပဲ။
စဉ်းစားကြည့်လေ။ အာဏာသိမ်းထားတဲ့ တစ်နှစ်လေးလ ကာလအတွင်း သူတို့လုပ်နိုင်တာ လုပ်တတ်တာဆိုလို့ လူသတ်တာအပြင် ဘာတစ်ခုမှ မရှိဘူး။ ဒါတောင် လက်နက်မဲ့ကိုပဲ သတ်နိုင်တာ။ လက်နက်ပါတာချင်းဆို သူတို့က သေတဲ့ဘက်က။ သူလုထားတဲ့ကုလားထိုင် ခုထက်ထိ တရားဝင်အောင် ထိုင်ခွင့်မရသေးဘူး။ တရုတ် နဲ့ ရုရှားကတောင် အသိအမှတ်မပြု။ “Failed coup” ဖြစ်နေပြီဆို ပစ်ထားတာ။ UN နဲ့ ASEAN ကတော့ ခွေးမောင်းသလိုကို မောင်းထုတ်ထားတယ်။ ဒီလောက် နှစ်ပေါက်အောင်ကြာတာတောင်မှ CDM ကြောင့် ရပ်နေတဲ့ ယန္တရားကို လည်ပတ်အောင် မစီမံနိုင်။ မြို့ပေါ်က ဆေးရုံကြီးတွေမှာ နန်းတွေကြောင့် ပုံမှန်လည်ပတ်နေလောက်ပြီ လို့ ထင်တာ မြဝတီသတင်းကြည့်ပြီး ဂျင်းမိသွားတာသက်သက်ပဲ။ တကယ်တော့ ဆေးရုံကြီးမှာ လူနာလက်ခံတယ်ဆိုတာ သမ္မတရုပ်ရှင်ရုံထဲ တစ်ခုံခြားထိုင်ပြီး ရုပ်ရှင်ကြည့်ပြသူတွေနဲ့ အတူတူပဲ။ အလွန်ဆုံး လာထိုင်ပြနိုင်လှ တစ်ရက်နှစ်ရက်ပေါ့။ အခုဆို ရုံရှင်တွေက မျက်ရည်စက်လက်နဲ့ “ပိတ်ပါရစေတော့။” တောင်းပန်နေရတယ်။ လာကြည့်မယ့်သူမှ မရှိတာ။ ကျောင်းတွေအတင်းဖွင့်ပြီး စာမေးပွဲအတင်းစစ် အအောင်ပေးတယ်။ ဘယ်လိုအောင်စာရင်းမျိုး ထွက်လာသလဲ လူတိုင်းအတွေ့။ ဝင်ဖြေတဲ့သူတွေက ပိုသနားစရာကောင်းသေး။ အောင်လည်းအခက် ကျလည်းအခက်။ သူကိုယ်တိုင် တရားမဝင်သေးတဲ့ဘဝမှာ သူ့စာမေးပွဲက ဘယ်လိုတရားဝင်မှာလဲ။
အမိန့်တွေပေးပြီး တရားစီရင်ရေးထဲ ဝင်ပါပြန်တယ်။ ထောင်ဘယ်နှစ်နှစ်ချလိုက်၊ သေဒဏ်ပေးလိုက်။ ကြိုက်သလို စီရင်လေ။ သူတောင် ကြိုးစင်မရောက်အောင်
ကြောက်ကန်ကန်ပြီး သတ်နေရတာ။ သူပြုတ်တာနဲ့ သူတပ်ထားတဲ့ပုဒ်မအားလုံး သူ့လည်ပင်းပေါ်ရောက်မှာ။ ဘာမှ တရားဝင်တဲ့ စီရင်ချက် မဟုတ်ဘူး။ မတရားအမှုဆင်ဖမ်းဆီးခြင်း သက်သက်ပဲ။ သူခိုးဓါးပြ အဆင့်မို့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့တောင် ဘယ်သူကမှ အဖက်လုပ်ပြီး လာမတွေ့။
နိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားကြီးကို သူ့ဩဇာခံတွေနဲ့ အတင်းတွန်းမောင်းနှင်ပေမယ့်လည်း ဘဏ်လုပ်ငန်းတွေတောင် ပုံမှန်လည်ပတ်လို့ မရသေးဘူး။ ဗဟိုဘဏ်ကြီးတစ်ခုလုံး အာဏာသိမ်းပလိုက်တာတောင် ငွေကြေးစီးဆင်း လည်ပတ်အောင် မလုပ်နိုင်။ ကိုယ်အပ်ထားတဲ့ဘဏ်မှာ ကိုယ့်ပိုက်ဆံကိုယ် လိုသလို ပြန်ထုတ်မရ။ ဒေါ်လာဈေး၊ စက်သုံးဆီဈေး ဘယ်လိုမှ ထိန်းချုပ်လို့မရ။ ပြည်တွင်းထုတ်လုပ်မှု၊ ပြည်ပပို့ကုန်၊ ဘယ်ဟာမှ မစီမံနိုင်။ ပိုဆိုးအောင်ချည့်ပဲ လုပ်နေတာ။ နိုင်ငံတကာ စီးပွါးရေးပညာရှင်များက ခန့်မှန်းတွက်ချက်၍ မရသည်အထိ ဇောက်ထိုးဆင်းသွားသတဲ့။ ကိုဗစ်ကပ်ရောဂါမှာဆို သင်္ချိုင်းကုန်းချဲ့တာကလွဲလို့ ဘာမှ မလုပ်တတ်။ သင်္ကြန် အတင်းရေပက်ခိုင်းရင် သီဟတင်စိုး နဲ့ မရင်ရွှေ လောက်ကို ဖူးဖူးမှုတ် စင်ပေါ် ခေါ်တင်ရတယ်။ ပြီးခဲ့တဲ့တစ်နှစ်တာလုံး ဘယ်အရာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ပဲ ချာလပတ်တွေရမ်းနေတာ။ သူ အုပ်ချုပ်လို့ရတာ တပ်တွင်းမှာပဲရှိတယ်။ တကယ့် တပ်တွင်းအစိုးရ။ တပ်ပြင်ကို ကျည်ကာမပါပဲ ခြေတစ်လှမ်းတောင် ချလို့မရ။ ဒီလောက် သောက်သုံးမကျတဲ့သူတောင် စိတ်ဓါတ်မကျသေးရင် ကိုယ်တွေက ဘာအကြောင်းနဲ့ စိတ်ဓါတ်ကျစရာ ရှိသလဲ။
လောကကြီးမှာ အာဏာဟာ အရာရာလို့ထင်တယ်။ ငါ့လက်ထဲမှာ အာဏာကိုသိမ်းထားလိုက်ရင်၊ အစိုးရတစ်ဖွဲ့လုံးထောင်ထဲထည့်နိုင်ရင်၊ တိုင်းပြည်ကို ငါလုပ်ချင်သလို လုပ်လို့ရပြီ လို့ အတွေးတိမ်တိမ်လေးနဲ့ မိုက်တွင်းနက်နက်ထဲကို ခုန်ဆင်းသွားလိုက်တာ။ အခု သူထင်သလို ဘာတစ်ခုမှ ဖြစ်မလာမှန်း သိပလား။ မသေမချင်းမှတ်။ သေရင်လည်း ဘဝဆက်တိုင်း မှတ်သာသွား။ အာဏာဆိုတာ ဆေးကုလို့မရဘူး။ စာသင်လို့မရဘူး။ တိုင်းပြည်ကို ထူထောင်လို့မရဘူး။ အာဏာသိမ်းလိုက်တာနဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ ရသွားတယ် ဆိုတာ အခုကစလို့ နောက်နောင် ဘယ်သောအခါမှ မရှိစေရဘူး။ အဲ့ဒါ သေခါနီး ခြောက်ဆယ်ကျော် ပင်စင်လွန် စစ်သားအိုကြီးကို ဆယ်ကျော်သက် ကျောင်းသားလူငယ်ကလေးတွေက ပေးလိုက်တဲ့ သင်ခန်းစာပဲ။ ဒီကလေးတွေ အမြစ်ဖြတ်လိုက်လို့ အနှစ် ၆၀ ကျော် ဂုတ်ပေါ်ခွစီးထားတဲ့ ဘီလူးသဘက်ကြီးကို နာလန်မထူနိုင်အောင် ချေမှုန်း အဆုံးသတ်နိုင်လိုက်ပြီလို့ မော်ကွန်းအသစ်ရေးနေတာကို မသေခင် နာနာကျည်းကျည်း မျက်လုံးဒေါက်ထောက် ကြည့်သွားလိုက်ဦးပေါ့။ ဟုတ်ပလား။