ချန်ဂင်တို့စခန်း (၄၁)

“ရွှေအာကာဘုံစိုး

အလို … ပစ္စုန်မင်းငယ်လေး

ဘယ်ခင်းနှင့် ငြှိုး။

ခိုးညှာသူဖန်

မိုး ဘာပြုထန်သလေး။”

ဟုတ်သားပဲ။ ဝါတောင်မဝင်သေးဘူး။ မိုးကလည်း သည်းလွန်းပါတယ်။ ရွာထဲကလူတစ်ယောက်က ပြောသေး။ သူ ဒီမှာနေလာတာ အနှစ် ၂၀ ရှိပြီ။ နယုန်လကြီး ရေကြီးတာ သည်တစ်ခါ ကြုံဖူးသေးသတဲ့။ ရွာအောက်ပိုင်းတွေ ရေမြုတ်နေလို့ ပြောတာပါ။ ကိုယ်ကတော့ ချောင်းကလေးရဲ့ အပြောင်းအလဲတွေကို နေ့တိုင်းသွားကြည့်ပါတယ်။ တစ်ရက်လောက် မိုးတိတ်သွားရင် ပြန်ပြန်ကြည်လာသားပဲ။ ကမ်းပါးပြိုတဲ့နေရာတွေသွားကြည့်ရင် ပထဝီဖတ်စာအုပ်ထဲကအတိုင်း မြေဆီလွှာတွေ အလွှာလိုက် အချပ်လိုက် တွေ့ရတယ်။ ချောင်းထဲက ကျောက်စရစ်တွေ အဲ့ဒီအောက်က လာတာလေ။ ရွှေထွက်ရင် ရွှေကြောရှိတယ်။ ကျောက်ထွက်ရင် ကျောက်ကြော ရှိတယ်။ တချို့ရွာတွေမှာ နှစ်မျိုးလုံးရှိတယ်။ ကြည့်တတ် ကျင်တတ် ဆေးတတ် ကောက်တတ်ဖို့ပဲ လိုသတဲ့။

ကိုယ်ကတော့ ရေကြောကိုပဲ မြင်ပါတယ်။ တသွင်သွင်စီးတဲ့ စမ်းချောင်းလေးပေါ့။ စိမ့်တွင်းတွေ ရေထွက်တွေလည်း ရှိပါတယ်။ ကြည်တောက်နေတာပဲ။ ဒီမှာလည်း အဘဆရာကြီးများ ထုတ်လုပ်တဲ့ နဝရတ်ရေစင်တော်တွေ ရှိပါတယ်။ စမ်းရေကို ပေါင်းခံပြီး ပြန်ချက်ထားတာ။ တစ်ရွာလုံးချက်ပြီး တစ်ရွာလုံးရောင်းလည်း ရောင်းလို့ကို မလောက်ဘူး။ ကိုယ်တိုင်မသွားနိုင် ကားဆရာလူကြုံနဲ့ မှာသောက်ကြတယ်။ ရိုးရိုးရော ဆေးမြစ်စုံရော ၂ မျိုးရတယ်။ ဟိုဟာကောင်းတယ် ပြောတာပဲ။ ဟုတ်မဟုတ်တော့ မသိ။ သောက်လိုက်ကြတာ စုံစုံမက်မက်။ အမူးမြန်တယ်။ ပူဆင်းသွားတယ်။ နောက်တစ်နေ့ ခေါင်းမကိုက်ဘူး။ ရွာမှာတုန်းကတော့ ခနခန လက်ဆောင်ရတယ်။ သိမ်းထားပြီး ပီဒက်တွေဆီ ပစ္စည်းပို့တဲ့အခါ ထည့်ထည့်ပေးတယ်။ အချမ်းပြေတယ်လေ။ အရမ်းချမ်းနေတဲ့အချိန် မဟုတ်လား။ သူတို့ခမျာ ဆေးပေါ့လိပ်ကလေးတောင် လက်ချင်းကူး ဖွာကြရတာ။ စိမ့်စမ်းရေလေးနဲ့ဆို ပိုမကောင်းပါလား။

တခါတခါလည်း ကလေးတွေကို ပေါ့ပေါ့ပါးပါးထားပြီး မိုတီလေးဘာလေးတင်ပေးဖို့ လိုတယ်။ ဖုန်းဘေလေးဘာလေး ထည့်ပေးတဲ့အခါပေးတာပေါ့။ စခန်းက ကလေးတွေအတွက် ဖုန်းဘေ မှန်မှန်ပို့ပေးသူတွေ ရှိပါတယ်။ လိုင်းမမိရင် တစ်ပြားမှမကုန်ဘူး။ လိုင်းမိတဲ့နေရာရောက်ရင် ထည့်သမျှပြောင်ရော။ မအလက ဈေးတက်ပစ်တာ မတရားကိုး။ သူတို့ဟာသူတို့ကျတော့ မိုင်တဲတွေ ဘေထည့်စရာမလိုပဲ အလကားပေးသုံးထားသတဲ့။ အဲ့ဒါကြောင့် မုန်တိုင်ပင်က ဆယ်ဖီ ဝါရှင်တန်ဒီစီ ရောက်တာပေါ့။

ဒီတစ်ခါတော့ ကိုယ့်ကလေးတွေကိုယ် မိုတီပြန်ပေးရမလား မသိဘူး။ သနားပါတယ်။ သူတို့နဲ့ အတန်းတူတွေ စာမေးပွဲ ပေါပေါပဲပဲ အောင်ပြီး အထူးကုတွေဖြစ်၊ အပြင်ဆေးခန်းတွေ လှည့်ထိုင်။ အဲ့ဒီလူတွေအပြင် ပြစရာလူလည်း မရှိတော့ အကြီးအကျယ် စီးပွါးတွေဖြစ်၊ အိမ်တွေမြေတွေ ဝယ်တဲ့သူတောင်ဝယ်သတဲ့။ ဘယ်သူကမှ သူတို့ကို SP လုပ်မယ့်သူလည်း မရှိပါဘူး။ သူတို့ကတောင် ကိုယ့်ပြန် SP လုပ်နေကြသေး။ ဆရာကြီးတွေကလား။ သူတို့လည်း နှမ်းဆီစစ်စစ်တွေပဲဟာ။ အပြင်မှာခွဲလို့ အကူခေါ်တဲ့အခါ စီဒမ်ခေါ်လို့ ကွိုင်တက်သွားမှာပေါ့။ နှမ်းဆီက နှမ်းဆီချင်းပဲ ဆီကြိတ်တာကောင်းပါတယ်။ အသံမထွက်ဘူး။ စီဒမ်တွေလား။ မင်းတို့နိုင်အောင် အရင်လုပ်နှင့်ဦးလေ။ နိုင်ရင် နိုင်တဲ့လူခေါ်မယ်။ လောလောဆယ် မင်းတို့က ကွိုင်။ ကွိုင်လာမရှာနဲ့။ ဟုတ်ပြီလား။

ဒီလို လူကြီးပီပီ အားပေးချီးမြှောက်မှုမျိုးနဲ့ ဒီကလေးတွေမှ စိတ်ဓါတ်မကျ၊ ဘယ်သူကျမလဲ။ အလုပ်မလုပ်ရတာလည်း တစ်နှစ်ကျော်ကြာပြီ။ လခက မရ။ ဆရာသမားတွေကလည်း ကိုယ့်တောင် ငြိုးထားဦးမလားမသိ။ အိမ်မှာနေတော့လည်း ကျီးလန့်စာစား။ ရဲစခန်းကကောင်တွေက ကိုယ့်မြင်ရင် ဖါခေါင်းကြည့်ကြည့်ပြီး “ဒေါက်တာ။ ဆေးရုံမသွားတာ သိတယ်နော်။ အာရကေလေးဘာလေး လုပ်ပါဦး။” က လာသေးတာ။ အပြင်ဆေးခန်းတွေအနားတော့ ရစ်သီရစ်သီ မလုပ်လေနဲ့ ဆရာ။ ဟိုမှာ ပေတရာခင်ခင်ကြီးက ဆပ်ပြာနဲ့ ပွတ်လွှတ်မလို့ စောင့်နေတယ်။ “ဒီလို ဒီလို ဒီလို လက်ဆေးပါ။” သင်ပေးဖို့။ တချို့လည်း အိမ်ချိတ်ပိတ်ခံနေရပြီ။ အဲ့ဒီတော့ သူတို့နဲ့အတူတူ လက်တွဲဖော်တချို့ဟာ အမှတ်တမဲ့နဲ့ လက်တွဲဖြုတ်ပြီး အလုပ်ထဲ ပြန်ဝင်သွားကြသတဲ့။

CDM လုပ်တယ်ဆိုတာ အစတုန်းကတည်းက အများညီလို့ ဤ ကျွဲဖတ်ခဲ့တဲ့ အလုပ်မှ မဟုတ်တာ။ ဒီလမ်းကို မှန်တယ်လို့ ယုံကြည်လို့ လျှောက်ခဲ့တဲ့လမ်းလေ။ ယုံကြည်ချက်ဆိုတာ ကိုယ့်ခေါင်းထဲမှာပဲ ရှိတဲ့အရာ။ သူများယုံတိုင်း လိုက်ယုံစရာ မဟုတ်ဘူး။ တက်ကျမ်းထဲက စကားတွေ ပြန်မကိုးကားတော့ပါဘူး။ တစ်ရာဖိုး သုံးပုဒ်တွေ။ ကိုယ့်ဦးနှောက်ကို ကိုယ့်ဘာသာယုံလိုက်။ လူကြီးလည်းဖြစ်နေပြီ။ ဆရာဝန်ဖြစ်လို့ ဘွဲ့လွန်တောင်ရတော့မယ့်ဟာ။ မှန်တယ် ထင်ပေမယ့် မလုပ်ရဲဘူး မလုပ်ဝံ့ဘူး။ ရဲရဲဝန်ခံလိုက်စမ်းပါ။ သတ္တိမရှိတာ လက်ခံပေးလို့ရတယ်။ ကြောက်တတ်ရင် ဝန်ကင်းသတဲ့။ ကိုယ့်မှာလည်း မိသားစုနဲ့ပေါ့။ အေးအေး။ ဒီလောက်ဆို နားလည်ပြီ။ သို့သော် စကြောက်ကြီးကနေ စဆရကကြီး ထထလုပ်တာကိုတော့ ရွံလွန်းလို့။ ဘာတဲ့။ ဒီမိုကရေစီဆိုတာ ဘာ၊ လူ့အခွင့်အရေးဆိုတာ ဘာ။ ဆရာလာလာ မလုပ်ပါနဲ့။ အဲ့ဒါ သတ္တိရှိတဲ့လူတွေမှ ပြောလို့ရတဲ့စကား။ လက်လျှော့အညံ့ခံပြီး စစ်ခွေးတွေအောက်မှာ ပြုသမျှ နုပါတော့မယ် လည်စင်းခံပေးတဲ့သူက လှေခွက်ချည့်ကျန် အလံမလှဲ တောင့်ခံထားတဲ့သူတွေကို ဒီမိုကရေစီတရား လာဟောစရာ အကြောင်းကို မရှိဘူး။

သူတို့ကို ကြည့်ပြီး ငါများ မှားနေပြီလားလို့ နောင်တရလာရင် စိတ်ဓါတ်ကျချင်သလိုဖြစ်လာရင် ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဘယ်ဟာက အမှား ဘယ်ဟာက အမှန်လဲ။ နဂိုက ဘာဖြစ်လို့ မှန်တယ် ထင်ခဲ့တာလဲ။ အခု ဘာဖြစ်လို့ မှားတယ် ထင်သွားတာလဲ။ ကိုယ့်ရွေးချယ်မှုဟာ မှားသွားပြီ ထင်လို့ အချိန်မီ ပြန်လည်ပြင်ဆင်ခွင့် ရချင်တယ်။ အိုကေပါ။ ကိုယ်ရွေးတဲ့လမ်း ကိုယ်လျှောက်မှာပဲ။ လမ်းဆုံးရင် ရွာတွေ့လိမ့်မယ် လျှောက်သာလျှောက်။ သူများအသက်တွေရဲ့ သေရေးရှင်ရေးကို ရွေးချယ်ဆုံးဖြတ်ရမယ့်သူဟာ ကိုယ့်ဘဝရှေ့ရေး မှန်အောင်မှ မရွေးတတ်ရင် ခံပေါ့။ ကိုယ့်ထိုက်ကိုယ့်ကံ။ ယုံကြည်ချက်ဆိုတာ လှေနံဓါးထစ် မဟုတ်ဘူး။ မှန်တယ်ထင်တာတွေ တချိန်မှာ အကုန်မှားတော့ ရင်ထဲ ထိချက်က ပြင်းလွန်းသတဲ့။

မမှန်မှန်း သိသိကြီးနဲ့ မလွန်ဆန်နိုင်လို့ အမှားဘက်က ရပ်တည်ရတဲ့အခါ ကိုယ့်ဘက်က ပေးလိုက်ရမယ့်အရင်းအနှီးက ကြီးလွန်းပါတယ်။ အဲ့ဒါတွေ ပေးနိုင်ပါ့မလား သေချာပြန်စဉ်းစား။ ဘက်နှစ်ဘက်ကို ချိန်ခွင်ပေါ်တင်ပြီး ဘယ်ဘက်ကသာမယ် ထင်သလဲ။ သာတဲ့ဘက်ကိုလိုက်မယ်လား။ သာရာစီးခေါ်တာပေါ့။ စီးပလေ့စေ။ မှားတာမှန်တာ နိုင်တဲ့ဘက်က ရာဇဝင်ရေးတာပဲဟာ။ နုကြည်က ပုံမလာပါဘူး။ မြဝတီသတင်းပဲ နားထောင်ကြရအောင်။ နောက်ဆို မိုးဟိန်းက ဒေါက်တာသန်းထွန်းနေရာမှာဝင်ပြီး သူရိယနေဝန်းကို သမိုင်းဖတ်စာအုပ် လုပ်ကြတော့မှာ။ ဆေးရုံပေါ် လူနာတင်ချင် ရွှေရူပါဦး ခြေသလုံးကြီး မေးစေ့လေးနဲ့နှိပ်နှိပ်ပေးပြီး အဘဆီက ပါမစ်ယူကြ။ အဲ့သလိုဘဝမျိုးမှာ ဂျပန် ၅၀၀၊ ၅ ကမ္ဘာ ကျင်လည်ကြချေဦးစို့။ ကိုယ်တင်မကဘူး။ ကိုယ့်သားကိုယ့်သမီးလက်ထက်အထိလေ။ မြန်မာပြည်ကြီး သက်ဆိုးရှည်သမျှပေါ့နော။

ဒါကတော့ အောင်လုဆဲဆဲ နဲ့ အောင်ကာစ ကလေးတွေ လမ်းပျောက်နေတဲ့ကိစ္စကို ပြောတာပါ။ အဲ့ဒီနောက်တော့ အလည်အလတ်တွေ ဘုံပျောက်ကြတဲ့ကိစ္စကို ပြောရပါဦးမယ်။ ဆေးလောက က CDM ဆိုတာ အောက်ခြေကနေ ပြိုဆင်းလာပြီး ခေါင်မိုးလေးတည်းတည်း ကျန်တာ လို့ ဟိုအရင်တုန်းက ပြောဖူးပါတယ်။ ဆရာဝန်ကတုံးလေးတွေ (ဘွဲ့လွန်မပါသေးတဲ့ ကလေးတွေ လို့ ပြောတာ) တစ်ယောက်မကျန် အလုပ်ထဲက ထွက်သွားတယ်။ ဗိုလ်ကတော်တွေ နဲ့ မလွန်ဆန်နိုင်သူ တချို့တလေပဲ ကျန်ခဲ့တယ်။ ဘွဲ့လွန်တွေ အောင်ကာစတွေ တော်တော်များများကိုပါသွားတယ်။ အပေါ်မှာ တောင့်ခံပြီးကျန်ရစ်တာ consultant level ကနေ စတယ် လို့ ပြောရမယ်။ အဲ့ဒီကအထက်မှာ CDM လုပ်တဲ့သူ တော်တော်ရှားသွားပြီ။ ရှိရင်လည်း တောထဲရောက်ရင်ရောက်၊ မရောက်ရင် ထောင်ထဲရောက်ကုန်ပြီ။

သူတို့ပြောတဲ့စကားက တသံတည်းပါပဲ။ ဒီအဆင့်ထိရောက်ဖို့ ရင်းထားရတာ များနေပြီ။ အသီးမှည့်ချိန်ကျမှ အပင်မခုတ်နိုင်ဘူး။ အလိမ်မာနဲ့ နေမှာပေါ့။ ဒါလည်း ပြောဖူးပါတယ်။ သေသူခံ ကျန်သူစံလိမ့်မယ်။ ရှားရှားပါးပါး စံတဲ့အထဲကျန်နေခဲ့ဖို့ စံရှားတင်လုပ်ကြတာ ဆိုတဲ့အကြောင်း။ ဒါကအတွင်းစကားနော်။ အပြင်လူ မပြောဘူး။ အပြင်လူကိုတော့ “ဆရာဝန်ဆိုတာ ဘယ်အစိုးရတက်တက် လူနာရဲ့မျက်နှာကိုပဲ ကြည့်ရတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း နဲ့ မညီဘူး။” အဲ့သလိုမျိုးစကားတွေကို ဇော်မဲလုံးမျက်ခွက်ကြီးနဲ့ ဟိန်းလားဟောက်လား ပြောရတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံဆိုတာ သူတို့ချည့် လည်ပတ်လို့ ရတာ မဟုတ်ဘူး။ Consultant ဆိုတာ night duty ဆင်းလို့မရဘူး။ မိုးကြိုးပစ်တတ်တယ်။ ဒါကြောင့်မို့လို့ အငယ်ထဲက နိုင်ကွက်ပျော့ကွက် ရှိတဲ့သူတွေကို ချော့တလှည့်ချောက်တလှည့် ဂျင်းထည့်ပြီး မက်လုံးကလေးနဲ့ အလုပ်ထဲ ပြန်ခေါ်ရတာပေါ့။ သူတို့အားလုံးကို ဘာမှမလုပ်နဲ့။ စာအုပ် နှစ်အုပ်စီပေးပြီး အိမ်စာပဲ လုပ်ခိုင်းလိုက်။ နေ့စဉ် ကြည့်သမျှ လူနာတွေကို နံပါတ်စဉ်ထိုးပြီး နံမည်ကလေးပဲ တပ်ခဲ့ခိုင်း။ ဆေးခန်းတစ်အုပ် ဆေးရုံတစ်အုပ်ပေးလိုက်။ ဘယ်သူ့မှ ပြန်ပြစရာ မလိုပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ သိရင်ရပါပြီ။ ဖြေကြည့်။ ဘယ်စာအုပ်က ပိုထူသလဲ လို့။ ပြီးရင်တော့ “အဲ့ဒါ ငါပဲ သိတာပါ။ တခြား ဘယ်သူမှ မသိပါဘူး။” လို့ မအောင့်မေ့နဲ့။ သိလား။ တလောကလုံးသိနေပြီး ကိုယ်တိုင်သာ မသိသေးတာ။ သိ ဘာဖြစ်သေးတုန်း။ မဖြစ်ပါဘူး။ ဘာမှ မဖြစ်ပါဘူး။ ပျော်နေကြတယ် မဟုတ်လား။ ဆေးခန်းကစားပွဲပေါ်မှာ လာဘ်ခေါ်တဲ့ကြောင်ရုပ်ကြီးတောင် တင်ထားမလား မသိ။

အဲ့ဒါက ပြဿနာမရှိဘူး။ အခု ရှိလာတဲ့ ပြဿနာက ဆေးရုံမှာ ဆရာဝန်မလုံလောက်လို့ တပ်ထဲက မိုးကျတွေကို ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ် လုပ်လာတာ။ “အဲ့သလိုမျိုး ဝင်လာခဲ့ရင် ဆရာတို့က အကုန်ထားခဲ့ပြီး ထွက်သွားမှာပဲ။” ဆိုတဲ့ ဆရာဝန်ကြီးတွေလည်း ဘာမှ မတတ်နိုင်ပါဘူး။ မိုးကျဆိုတာ မိုးပေါ်က ကျလာတာလေ။ သူတို့ထားဖို့ နတ်စင်ပြင်ရင် အထက်က ဆရာတွေပဲ နေရာဖယ်ပေးစရာ ရှိတာပေါ့။ “အသက်တွေလည်းကြီးပါပြီ။ ထွက်စာတင်ထားတယ်။ ပင်စင်တင်ထားတယ်ဆို။ သွားလိုက်တော့ မင်း သွားလိုက်တော့။” ဆို ရုံခါပလိုက်တာပေါ့။ မင်းတို့ အရပ်ဆရာဝန်တွေ မလုပ်လို့ တပ်ဆရာဝန်တွေ လာလုပ် ရတာလေ။ လုပ်နိုင်လုပ် မလုပ်နိုင် ထွက်။ ငကန်းသေရင် ငစွေလာလိမ့်မယ်။ အပြင်မှာဆေးခန်းထိုင်ရင် မင်းတို့လည်းပါမောက္ခ ငါတို့လည်း ပါမောက္ခ။ အမြီးချင်းယှဉ်ရင် ရုရှားကအမြီးတစ်ချောင်းတောင် အပိုပါသေး။ နှီးချင်းတော့ လာမယှဉ်နဲ့။ အထီးချင်းတောင် မျိုးအောင်အောင်စပ်နိုင်တာ တပ်ထဲမှာပဲ ရှိတယ်။ လုပ်ကြလေ။ ကိုယ်ဖော်တဲ့ဆေး ကိုယ်ကုန်အောင်စားကြ။

အောင်မြလေး။ ဒီတစ်ခါတော့ အိုင် မိုတီပေးလိုက်တာ ဆူဆိုက်တောင် လုပ်ကုန်မလားပဲ။ တကယ်တော့လေ နဂိုတုန်းက အုတ်အရောရော ကျောက်အရောရော ဖြစ်နေတဲ့အရာတွေဟာ ပြင်းထန်တဲ့ အရှိန်အဟုန်တစ်ခုနဲ့ ရွေ့လျားသွားရတဲ့အခါ သူ့ဟာနဲ့သူ သိပ်သည်းဆ တူရာတူရာတွေ စုသွားပြီး သပ်သပ်စီ ဖြစ်သွားတတ်တယ်။ စမ်းချောင်းကလေးကိုပဲကြည့်။ မိုးကြီးလို့ တောင်ကျရေတွေစီးဖန် များတဲ့အခါ ကျောက်စရစ်ခဲတွေတောင် အကြီးအသေး အလိုက် အရွယ်တူရာ ခွဲထုတ်လိုက်သလို သပ်သပ်စီဖြစ်သွားတယ်။ သောင်ပေါ်ရင်တောင် ကျောက်စရစ်သောင် နဲ့ သဲသောင် တစ်နေရာစီနေတယ်။ အာဏာသိမ်းလိုက်တဲ့အခါ လူတွေက တပ်ဘက် အရပ်ဘက် နှစ်ခြမ်းကွဲထွက်သွားတာ မဟုတ်ဘူး။ လောကဓံလှိုင်းကြမ်းအောက်မှာ စရိုက်စိတ်ထား တူရာတူရာတွေ သပ်သပ်စီ ကွဲထွက်လာတာ။ ကွဲမသွားလည်း ကိုယ့်အကောင့်ထဲမထားချင်လို့ ရှင်းပစ်လိုက်တဲ့သူတွေ အများကြီးပါ။ ဘာလုပ်မလဲ။ သူလည်း အကုသိုလ်ဖြစ်။ ကိုယ်လည်း အကုသိုလ်ဖြစ်။ အဲ့ဒါကြောင့် ဒီနေ့ ဖေ့စ်ဘုတ်ပေါ်တက်လိုက်ရင်လေ အမေ့ပုံလှလှလေးတွေနဲ့ မွေးနေ့ဆုတောင်းကလေးတွေချည့်ပဲ ဖတ်ရတယ်။ တနေ့လုံး အဲ့ဒါတွေချည့်ပဲ။ ကိုယ်မမြင်ရတဲ့ ဟိုဘက်ရပ်ကွက်က ကလေကချေတွေ စာမျက်နှာမှာတော့ ဒဟတ်တောသုဿန်မှာ အမေ့ဓါတ်ပုံကြီးနဲ့ အသုဘချပွဲ လုပ်ကြသတဲ့လေ။ လူချည့်ဆို မပြောဘူး။ သင်္ကန်းဝတ်တွေပါပါသေး။ ဒီလိုအောက်တန်းစားတွေနဲ့များ မြင်လောက်သောနေရာ ကြားလောက်သောအရပ်ထိကို မကြုံချင် မဆုံချင်ဘူး။ ရွံလို့ သနလို့။ သူတို့နဲ့မှ စိတ်ဝမ်းတူညီတယ်။ သူတို့အလိုကျ သေဆိုသေ ရှင် ဆိုရှင် နေပါ့မယ် ဆိုပြီး ကိုယ်နဲ့ လမ်းခွဲသွားတဲ့သူတွေ ဒါမှမဟုတ် ကိုယ်နဲ့ သဘောချင်းမတိုက်ဆိုင်တဲ့သူတွေဆိုရင်လည်း စိတ်နှလုံးသိပ်သည်းဆ မတူညီတဲ့အတွက် ဟိုဘက်သောင်ခုံပေါ် ကြွတော်မူပါ လို့ တခါတည်း နှုတ်ဆက်လိုက်ပါတယ်။ စိတ်တူ သဘောတူ မနောဖြူတဲ့သူတွေနဲ့ပဲ အတူလျှောက်မှာပေါ့ မဟုတ်ဘူးလား။

“ခရေလမ်းလေး ပန်းအဖွေးသား စမ်းကလေးအနား အတူသွားမယ်။

ခရေလမ်းကလေး ချမ်းအေးသလောက် စမ်းကလေးရောက်အောင် အတူလျှောက်မယ်။

ပန်းခရေတွေ မြေမှာကျဲတော့ အလွမ်းတွေခြွေ ကြွေစရာပဲပေါ့။

လန်းလန်းလှလှ လင်းလင်းလှိုင်လှိုင် ကြွယ် ….။”