ဂေါတမဘုရားရှင်က ကပ္ပိလဝတ်ပြန်ပြီး မိသားစုနဲ့ ဆွေတော်မျိုးတော်တွေ ချေချွတ်တဲ့အခါ ယသော်ဓယာမိဖုရားကတော့ လာရောက်ဖူးမြှော်ခြင်း မရှိပါဘူးတဲ့။ သုမေဓာရှင်ရသေ့ဘဝကတည်းက အတူတူဆုပန်ပြီး ဘဝအဆက်ဆက် ပေါင်းဖက်လာသူချင်း စကားလေးတစ်ခွန်း စာကလေးတစ်စောင်မျှ နှုတ်ဆက်ဖော်မရပဲ ခွဲသွားရက်သူကြီးမို့ မိန်းမသားတို့သဘာဝ စိတ်ကောက်တော်မူတာ လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့်လည်း အဆောင်တော်ထိ ကြွမြန်းလာတဲ့ ဘုရားရှင်ကို မြင်လိုက်ရင်ပဲ ဖြေမဆည်နိုင်အောင် ခံစားရလွန်းလို့ သည်းအူပြတ်မျှ ငိုရှာသတဲ့။ ဒီအခါမှာ ဘုရားရှင်ကလည်း မလွန်ဆန်နိုင်တဲ့ ယောက်ကျားတို့ ဝတ္တရားအရ (ပါရမီတွေ အတူဖြည့်ပေးဖူးတဲ့ ကျေးဇူးကြောင့် လို့တော့ ပြောရတာပ။) ချော့တော်မူရပါတယ်။ “မငိုပါနဲ့ တကာမလေး။ တိတ်ပါ။ သံသရာမှာ နှစ်ယောက်သား ခွဲခွါရလို့ ငိုကြွေးလာရတဲ့ မျက်ရည်တွေက သမုဒ္ဒရာကြီးလောက် ရှိနေပါပြီ။” ဆိုပြီး ကိန္နရီမောင်နှံ ချောင်းခြားတဲ့ ဘလ္လာတိယဇာတ်ကို ဟောတော်မူပါတယ်။
လွန်လေပြီးသော ဘဝတစ်ခုမှာ အင်မတန်ချစ်ခင်ကြတဲ့ ကိန္နရီကိန္နရာမောင်နှံဟာ လေပြင်းမုန်တိုင်း တိုက်ခတ်ပြီး ချောင်းရေတွေကျလာတာကြောင့် တစ်ညလုံးကွဲကွာသွားရသတဲ့။ မနက်လင်းမှ ပြန်တွေ့ကြပြီး သူတို့ချင်း ဖက်ငိုတာ အနှစ် ၇၀၀ တောင် ကြာသတဲ့။ သံသရာရေစက်ဆိုတာ သည်လိုပဲ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာ သဘောတရားကို ဆင်ခြင်မိတာကြောင့် ယသော်ဓယာမိဖုရား ကျွတ်တန်းဝင်ပါတယ်။ သူကတော့ ပါရမီဉာဏ် ရင့်သန်သူကြီးကိုး။
ဗုဒ္ဓဝင်ဇာတ်လမ်းကောင်းလေးမို့ ခေတ်အဆက်ဆက် ဆိုလိုက်ကလိုက်ကြတာ။ ရေဒီယိုမှာ လာနေကျ ဦးစိန်အောင်မင်းရဲ့ ရာဟုလာအမွေတောင်းခန်း ဆို ကလေးဘဝကတည်းက နားထဲစွဲနေတယ်။ ယသော်ဓယာမင်းသမီးလုပ်တဲ့ ဒေါ်စီစီစိန်ဆိုလည်း လက်ဖျားကိုခါရော။ အသံကောင်း၊ အဆိုကောင်း၊ အငိုကောင်း။ ဒါတွေက ဇာတသဘင်ပညာရှင်များရဲ့ လက်ရာ။ ကျွတ်တမ်းမဝင်သော်လည်း ဂန္ဓဝင် အနုပညာလက်ရာများပေါ့။ ရဟန်းပညာရှိများ ဖန်တီးတဲ့အခါမှာတော့ ဘလ္လာတိယပျို့ ဆိုပြီး မှီငြမ်းကိုးကားစရာ စာပေအမွေအနှစ် တစ်ခု ဖြစ်ခဲ့တယ်။ မဟာဂီတ သီချင်းကြီး ထဲမှာဆို “ဖြေနိုင်ပေါင်”၊ “မြူဝန်းလို့ခို”၊ “ဟေဝန်စုံမြိုင်” ဆိုပြီး ကိန္နရာချောင်းခြားပတ်ပျိုးတွေ ထွက်ခဲ့တယ်။ သီချင်းကြီးကြိုက်တတ်ရင်တော့ ဆိုရတီးရ အင်မတန် အရသာရှိတဲ့ သီချင်းတွေပါ။
နားထောင်ရတာကျတော့ လေပါတီမမြရင်ရဲ့ “တစ်နာရီတည်း” ကို ပို ကြိုက်ပါတယ်။ ဗမာဂီတာကလေးနဲ့ ဆိုသွားတာ။ “ကိန္နရီမောင်နှံလို အမှန်ချစ်ခင်တုန်းဝယ် မိုးလေဆင့်တယ်။ နှစ်ကိုယ်ကြားကို ဖြတ်ကာ ချောင်းရေကဖယ်။ တစ်ညတည်းပါ။ ခွဲရတာ မကြာ။ အောင့်မေ့ရှာ။ အနှစ် ၇၀၀ တိုင်အောင်သာ။ တကယ် တွေးလို့ဆွေးဖွယ် လွမ်းပုံဖွဲ့တယ်။ မောင်… မြရင်နဲ့တော့ ချွဲလွန်းပါလှတယ်။” တဲ့။ ဘလ္လာတိယဇာတ်တော်နဲ့ လာချွဲတဲ့ချစ်သူကို ပြန်ချော့တာ။ တစ်ညခွဲရလို့ အနှစ် ၇၀၀ တောင် ငိုရတာမျိုး သူကတော့ မကြိုက်ပါဘူးတဲ့။ ခွဲရတဲ့အချ်ိန်တွေ ရေတွက်လွမ်းဆွေးနေမယ့်အစား တစ်နာရီကလေးပဲ အတူနေရနေရ၊ ချစ်ခဲ့တဲ့အချိန်ကလေးတွေကိုပဲ တန်ဖိုးထားရအောင်ပါတဲ့။ အဲ့သလို နေရဖို့လည်း ညတိုင်းညတိုင်း ဘုရားမှာ ဆုတောင်းနေပါတယ်တဲ့။ “တစ်နာရီတည်း မောင်နဲ့ချစ်ပါရစီ” သီချင်းကလေး။
ဆရာသုခမိန်လှိုင်လက်ထက်မှာတော့ ကိန္နရာချောင်းခြား အမှာစကားကို ပလေးဘွိုင်းသန်းနိုင်၊ မေဆွိ၊ ချမ်းချမ်းတို့ ကိုယ့်မူနဲ့ကိုယ် ပြန်ဆိုကြပါတယ်။ အရာရာ မသေချာတဲ့ လောကကြီးထဲ မပေါင်းထိုက်လို့ နှစ်ယောက်သား ဝေးရသည်ရှိသော် ရက်တွေအကြာကြီး ပူဆွေးငိုကြွေးနေရမှာ မကြည့်ရက်တာကြောင့် အသစ်ရှာချစ်ပြီး ပျော်ပျော်နေသွားပါ လို့ ခွင့်ပြုတဲ့အကြောင်း ပါ။ သူ့ဘက်က ငိုမယ် မငိုဘူး အသစ်ရှာမယ် မရှာဘူးကိုတော့ ပြောမထားပါဘူး။ ဒါလည်းပဲ အင်မတန် ချစ်စရာကောင်းတဲ့ အတွေးစိတ်ကူးကလေးပါပဲ။
ကိန္နရာချောင်းခြားပုံပြင်ကို အခုချိန်မှာ ဘာလို့ ခေါင်းထဲရောက်လာသလဲဆိုတော့ ကိုယ်တို့မှာ ချောင်းရေယာဉ်လွှမ်းလို့ လမ်းမသိပါပြီ ဖြစ်နေတာကိုး။ ရွာကလူနာတွေလည်း မလာနိုင်ဘူး။ သေရေးရှင်ရေးမို့ မဖြစ်မနေ လာရရင် မနက်စောစော ရွာကထွက်ခဲ့၊ ည မိုးကြီးစုပ်စုပ်ချုပ်မှ ဆေးရုံကို ရောက်တယ်။ ခွဲပေးပြီး ရောဂါပျောက်လို့ ပေးဆင်းထားတဲ့ လူနာတွေလည်း အိမ်မပြန်နိုင်သေး။ “နှင်တော့မချပါနဲ့ဦး ဆရာရယ်။” ဆို ဆက်နေနေကြတယ်။ တောင်ပေါ်က သွားခေါ်လာတဲ့ လူနာလေးတစ်ယောက်ကတော့ ဆေးရုံမှာတင် ငါးလလောက် ရှိနေပြီ။ လာတုန်းက သတိလစ် တက်ချက်ပြီးရောက်လာတာ။ နောက်ရက်ကျ မျက်စိကွယ်ပြီး လေဖြတ်သွားတယ်။ ဟိုးမြို့တော်အထိလွှတ်ပြီး CT scan တောင် သွားရိုက်ပြီးပြီ။ Cerebral infarction ထွက်ထားတယ်။ ခဏခဏ တက်တတ်လို့ ဆေးနဲ့ထိန်းထားရတာ။ မျက်စိကတော့ ပြန်မမြင်တော့ဘူး။ လက်တစ်ဘက် အကြောသေသွားခဲ့ပြီ။ သူ့ အိမ်ပြန်ပို့ဖို့အတွက် ဆေးရုံကနေ ကတ္တရာလမ်း ရှိတဲ့အထိရောက်အောင် ကားနဲ့လိုက်ပို့ရတယ်။ ဟိုဘက်ကို အသင်းတော်က ကားစီစဉ်ပြီး ရွာအရောက် ပို့ရတယ်။ ဆေး ၂ လစာ ပေးလိုက်ပြီး တစ်လတစ်ခါလောက်တော့ လာပြပါ မှာလိုက်ပေမယ့် လာနိုင်မယ် မထင်ပါဘူး။ ဆေးရုံဆင်းလူနာ ၃-၄ ယောက်လောက်စုပြီး စက်လှေတစ်စင်း ငှါးပြန်မယ် စီစဉ်ကြည့်ပေမယ့် စက်လှေတွေက မထွက်သေးဘူး။ ရေကြောင်းမငြိမ်သေးလို့။
အသွားအလာတွေ ပြတ်တောက်သွားတဲ့အခါ အခြောက်အခြမ်းတွေ စုထားခဲ့လို့ စားရေးသောက်ရေးက အဆင်ပြေပါရဲ့။ ဆေးတွေဝါးတွေကျတော့ စုထားပေမယ့်လည်း လူနာများတော့ အလျဉ်မမီဘူး။ တချို့လူနာတွေကျတော့ ဆေးခန်းဖွင့်စကတည်းက အဆက်မပြတ် ပေးလာရတာ ၆ လရှိပြီဆိုတော့ ဘယ်နည်းပါ့မလဲ။ ကုန်ရင်ဝယ်သောက် လို့ မှာလိုက်ပေမယ့်လည်း ဒီဆေးတွေ ဒီမှာမှ ဝယ်လို့မရနိုင်တာ။ ပေးပြန်လိုက်တဲ့ကလေးဆို Encorate ၁ ပြား ၃ ကြိမ်ကို လျှော့လို့မရဘူး။ လျှော့လိုက်ရင် ပြန်ပြန်တက်လာလို့။ ဆေးရုံမှာနေတာလည်း ၆ လလောက် ရှိပြီဆိုတော့ ဆေးကုတဲ့သူက ကုနိုင်တယ်။ လူနာစောင့်တဲ့သူက မစောင့်နိုင်တော့ဘူး။ ပြန်လာမပြနိုင်မှာကိုပဲ စိုးရိမ်မိတယ်။ ငွေရေးကြေးရေးက ပူစရာ မရှိပါဘူး။ ကိုယ့်ကို လှူပေးနေတဲ့သူတွေ ရှိပါတယ်။ လမ်းပိတ်လို့ ပစ္စည်းမရောက်တော့တာက ခက်တာ။
ကိန္နရာချောင်းခြား ဇာတ်လမ်းကလေးကို သူများတွေ ရေးတဲ့ဖွဲ့တဲ့အတိုင်း မခံစားပဲ ကိုယ့်အတွေးနဲ့ကိုယ် ဖြန့်ထွက်တွေးတောကြည့်မိတဲ့အခါ နောက်ထပ်တွေးစရာ တစ်ခုရပါတယ်။ ပိယေဟိ ဝိပ္ပယောကော ဒုက္ခဟာ ကျန်နေရစ်ခဲ့သူတွေမှာပဲ တဘက်သတ်ခံစားရတာလား။ စွန့်ခွါထွက်သွားရသူတွေမှာရော ဘယ့်နှယ်မှ မခံစားရဘူးလား။ ယသော်ဓယာမင်းသမီး ခံစားရသလို သိဒ္ဓတ္ထမင်းသားကရော မခံစားရဘူးလား။ ဘဝပေါင်းများစွာက သံယောဇဉ်ကို အဲ့သလောက် လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်သလား။ လွယ်မှာတော့ မဟုတ်ပါဘူး။ သူလည်း မခံစားရပဲ နေမှာတော့ မဟုတ်။ သို့သော် သူ့ဆီမှာ ရစ်ပတ်နှောင်တွယ်ထားတဲ့ သံယောဇဉ်ကြိုးက လွတ်အောင်ရုန်းထွက်နိုင်တဲ့ စွမ်းအားရှိနေတာ အမှန်ပဲ။ “တကယ့်ကို တွေးကြည့်ပြန်တော့ မသေးသည့်အားအင်” ဆိုတဲ့ နှောင်ကြိုးကို အရိယာသူတော်စင်တို့ကလွဲရင် ဖြတ်တောက်စိမ်းကားနိုင်ရိုး မရှိပေမယ့် ခုခေတ် ခုအခါ တချို့လူတွေဟာ ရှိသမျှသံယောဇဉ်အနှောင်အဖွဲ့တွေကို ထားခဲ့ပြီး ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးရတာပဲ ဆို တောထဲတောင်ထဲမှာ ဆင်းရဲဒုက္ခလာခံနေကြတာ ဘာဖြစ်လို့များပါလိမ့်။
အရက်မူးရင်း အဖေကို တ တ ငိုတဲ့ ကလေးမလေးက မိဘရင်ခွင်က ခွဲပြီး ခံတုတ်ကျင်းထဲ ငုတ်တုတ်လာထိုင်နေတာ မချစ်လို့လား။ လူတစ်ယောက် နဲ့ တစ်ယောက် ချစ်ခြင်း မုန်းခြင်းဆိုတာ ရှိနေသ၍ ပိယေဟိ အပိယေဟိ ဒုက္ခတွေက အလိုလို ပါလာမှာပဲ။ ခွဲခွါရလို့ ခံစားရတဲ့ ပူဆွေးသောက ပရိဒေဝမီးတွေ တောက်မလာဖို့ ကာယကံရှင်ရဲ့ စိတ်ထဲမှာ ချစ်ခြင်းမုန်းခြင်းတွေ မတွေးနိုင်အောင် ကင်းနေမှ ရမယ်။ ဘုရား ရဟန္တာမှ မဟုတ်တာ။ ချစ်ခြင်းမုန်းခြင်းကင်းအောင် ဘယ်လိုလုပ်နေနိုင်မှာလဲ။ ဒါကတော့ ချစ်ခြင်းမုန်းခြင်း ဘာကြောင့်ဖြစ်ရသလဲ သိရင် ရှင်းသွားမှာပါ။ ချစ်ခြင်း မုန်းခြင်းဆိုတာ ဝိတက် နဲ့ ဝိစာရ ကြောင့် ဖြစ်ပါသတဲ့။ တွေးတောတာ နဲ့ ကြံစည်တာကို ပြောတာပါ။ လူတစ်ယောက်အကြောင်းကို စဉ်းစားပြီး အဲ့ဒီစိတ်အတွေးဟာ ကာယကံရှင်ရဲ့စိတ်နှလုံးကို ပွါးစေပြီး နှစ်သက်သာယာတဲ့ ခံစားချက်ကို ပေးနိုင်ရင် အဲ့ဒါ ချစ်တာပဲ။ မပေးနိုင်တဲ့ ဆန့်ကျင်ဘက်က မုန်းတာ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအတွေးတွေဟာ ကိုယ်ကျိုးအတ္တကို အခြေခံနေတာပဲ။ ချစ်ရင် ပိုင်ဆိုင်ချင်ကြတယ်။ မခွဲမခွါ အတူရှိနေစေချင်တယ်။ အဲ့သလိုမှ မဟုတ်ရင် စိတ်ထဲမှာ နေမထိထိုင်မသာနဲ့။ နာကျင်ခံစားရတယ်။
တကယ်လို့များ လူတစ်ယောက်ဟာ သူ့ကိုယ်ကျိုးစီးပွါးအတွက်ကိုတောင်မှ ဝိတက်တွေ ဝိစာရတွေ တွေးစရာကြံစရာ အချိန်မရှိဘူးဆိုရင် တခြားလူတစ်ယောက်ကို ချစ်တဲ့စိတ်ဖြစ်လာဖို့ လွယ်မှာ မဟုတ်ဘူး။ လွမ်းရေးထက် ဝမ်းရေးကခက်တယ်။ စားဝတ်နေရေးအတွက် အသည်းအသန် ရုန်းကန်နေရရင် အိမ်ထောင်သားမွေး အချစ်ရေးကို စဉ်းစားနိုင်ဖို့ အချိန်မရှိဘူး။ သူတောင်းစားတောင် ထမင်းဝမှ မင်းအောင်လှိုင်မျက်ခွက်ကြီး ဆွဲဆွဲထိုးလို့ရမယ်။ လက်သီးနဲ့ ပြောတာ။ ရွာမီးရှို့လို့ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ “လွမ်းသလေမောင်ကြီး ယိုလာရီး” လုပ်ရိုးထုံးစံ မရှိဘူး။
နောက်တစ်ခုက အတိတ်ဖြစ်ရပ်တွေကို ပြန်ပြောင်းအောင့်မေ့နေဖို့ အချိန်မရှိဘူး။ ယုံကြည်ချက်တစ်ခုအတွက် ဒါမှမဟုတ် နာကြည်းချက်တစ်ခုအတွက် တိုက်ပွဲဝင်နေရတယ် ဆိုရင် အချစ်တွေ အလွမ်းတွေ တိုးမဝင်သာဘူး။ စိတ်ဆိုတာ အမျိုးမျိုး ထွေပြားတာ မှန်ပေမယ့် တစ်ချိန်မှာ တစ်ခုပဲ ဖြစ်လို့ရတယ်။ နှစ်ခု တပြိုင်တည်း မဖြစ်ဘူး။ ဇောစိတ်က အရမ်းထက်သန်နေရင် တခြားစိတ်တွေ ကြားဝင်လို့ မရဘူး။ လူတစ်ယောက်ရဲ့ စိတ်အာရုံကို အချိန်ပြည့်လွှမ်းမိုးထားတဲ့ အရာတစ်ခုရှိနေရင် လွမ်းတဲ့ဆွေးတဲ့စိတ်က တော်ရုံနဲ့ မဝင်နိုင်ဘူး။ ဝင်ရင်တောင် အကြာကြီး မနေဘူး။ ကိုယ်တို့တတွေ ညအိပ်ယာဝင်တဲ့အခါ ကိုက်ခဲ ပင်ပန်းပြီး ဖျားချင်နာချင်ပေမယ့် မနက် ဆေးရုံမှာ အလုပ်လုပ်တဲ့အခါ လူနာတွေ ဆေးကုနေရတာနဲ့ ကိုယ့်ဝေဒနာကိုယ် မေ့သွားတာလည်း ဒီသဘောပဲ။ စိတ်ဆိုတာ တပြိုင်တည်း နှစ်ခုမဖြစ်တဲ့သဘောအရ တခြားအရာတွေကို အလှည့်မပေးနိုင်လောက်အောင် ထက်သန်တဲ့စိတ်အားတစ်ခု ရှိနေရင် သူကချည့် စိုးမိုးထားတော့တယ်။ အဓိပတိပစ္စယော ခေါ်မလားမသိ။ “ကလေးတွေတော့ အိမ်လွမ်းရှာကြရော့မယ်။” “ဆရာတို့ရော အိမ်ကို မလွမ်းဘူးလားရှင့်။” မေးစရာ မလိုပါဘူး။ ဒီဘက်မှာ သတိရဖို့ကို သတိမရနိုင်တော့တဲ့ အတွေးအာရုံတွေ ရှိတယ်။ အသည်းဆိုတာ သည်လိုနဲ့ မာတတ်လာတာပဲ။ သိဒ္ဓတ္ထမင်းသားဆိုတာ ၄ သင်္ချေ နဲ့ ကမ္ဘာတစ်သိန်းတိုင်တိုင် ဗောဓိဉာဏ်အလင်းရဖို့ ဓိဌာန်ထားတာမို့ အဲ့ဒီစိတ်ဟာ ချစ်ခြင်းမုန်းခြင်း ခံစားချက်တွေ တိုးမပေါက်နိုင်တာ အသေအချာပဲ။ သူ့အသွေး သူ့အသား သူ့အသက်တောင် ပေးလှူနိုင်ပါတယ် ဆိုမှ သူ့မယား သူ့သားသမီးတွေ အကုန်စွန့်လွှတ်နိုင်တာ ဝေသန္တရာဘဝမှာကတည်းက သက်သေပြထားတယ်။ သူမပိုင်တဲ့ သူများဘဝတွေကို နိုင့်ထက်စီးနင်း ပြုကျင့်တယ် လို့ တွေးရမှာ မဟုတ်ဘူး။ ဟိုဘက်က စိတ်တူသဘောတူ မဟုတ်ရင် သူ့အလိုတစ်ခုတည်းနဲ့ ကိစ္စမပြီးမြောက်ဘူး။ အပြန်အလှန် တွယ်ငြိရစ်ငင်ထားသော်ငြားလည်း သူ့ဘက်မှာ သံယောဇဉ်ဆိုတာ ကြက်ချည်တဲ့ကြိုးနဲ့ ဆင်ကိုတုပ်ထားသလိုပဲ။ ထူးထူးထွေထွေ ရုန်းထွက်စရာ မလို။ “စိတ်သာရှင်စော ဘုရားဟော” လို့ ဆိုတယ် မဟုတ်လား။
ပြောရင်းဆိုရင်းနဲ့ပဲ အဲ့သလိုမျိုး စိတ်အားထက်သန် အရူးအမူးဖြစ်ပြီး ဘာကိုမှ ခံစားချက်မရှိ၊ အတွယ်အတာ မရှိ။ ဘာပဲလုပ်ရလုပ်ရ၊ ဖြစ်နေတဲ့သူတစ်ယောက်ကို မျက်စိထဲမြင်လာပါတယ်။ သူ့ခမျာ သမ္မတဖြစ်ချင်စိတ်က ငယ်ထိပ်ကိုတက်ကပ်နေတာ။ မွှန်လို့။ တနိုင်ငံလုံး ကျွမ်းထိုးမှောက်ခုံဖြစ်လည်း ဂရုမစိုက်ဘူး။ သန်း ၅၀ မှာ ၅ သိန်းပဲ ထောက်ခံမယ့်သူ ရှိရင် ကျန်တဲ့ လူ ၄၉ သန်းခွဲ သတ်ပစ်ပြီး သူ့ထောက်ခံတဲ့ သောက်ပိန်း ၅ သိန်းနဲ့ စိုးစံမယ့်အကောင်။ သူသွားမယ့်လမ်းအတွက်ဆိုရင် သူ့တပ်ထဲက ရဲဘော်ကနေ ဒုတိယဗိုလ်ချုပ်မှူးကြီးအထိ ဘယ်သူ့ချနင်းရ နင်းရ စတေးပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်မယ့်သူ။ သူ့ရှမ်းဘုန်းကြီးက ယတြာအစီအရင်အနေနဲ့ “ကြူကြူလှကြီး ငါ့ပေးမလား။ ဒါမှမဟုတ် သူနဲ့ကွာပြီး ငါ့ကိုယူမလား။” ဆိုလည်း နှစ်ခါ မစဉ်းစားမယ့်လူ။ အရှက်တွေ သိက္ခာတွေ၊ သံသရာမှာ အပြန်တစ်ရာ ခံရမှာတွေ အကုန် လှစ်လျူရှုနိုင်ပြီနော်။ နက်ဖြန်သဘက် ကြိုးစင်တက်ရမှာတောင် မတွေးနိုင်တော့ပဲ စိတ်ကူးထဲမှာ လျှပ်စစ်ရထားကြီး ပျော်ပျော်စီး။ ရွေးကောက်ပွဲကြီးပြန်လုပ်။ သူချည့်ပဲနိုင်။ သမ္မတပြန်လုပ်၊ ငြိမ်းချမ်းရေးတွေရ။ ကမ္ဘာက လက်ခံ။ ရာဇဝင်မှာ စာတင်မယ့် သူရဲကောင်းကြီးပေါ့။
အရူးရောဂါဆိုတာ ကူးစက်တတ်သလားလို့တောင် သံသယဖြစ်လာပြီ။ သူ့အောက်မှာ ထမင်းလွတ် လိုက်ရူးနေတဲ့သူတွေပါ မနည်းမနောကြီး မြင်နေရလို့။ အရင်တုန်းက Mass Hysteria ဆိုတာတော့ ကြားဖူးတယ်။ အခုမြင်နေရတာကျတော့ Mass Mania ခေါ်မလား မသိဘူး။ သွက်သွက်ကို ခါနေတာပဲ။ သူတို့လိုလူမျိုးတွေက ရထားဥဩသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ် မဖြစ်ဘူး။ မြစ်ငယ် မီးရထားဝင်းထဲသွား အကုန်လုံး ရိုက်နှက်ဆွဲထုတ် ခေါ်ခဲ့ ဆိုတဲ့စိတ်ပဲ ရှိမယ်။ ကျေးလက်က အမေ့အိမ်လေးအကြောင်း စဉ်းစားနေလို့ မီးရှို့တဲ့အလုပ်ကို တုန့်ဆိုင်းမနေဘူး။ အမေ့အိမ်ရော အဖေ့အိမ်ရော၊ ရှို့သာရှို့၊ ဒီကောင်ကြီးတွေ ကောင်မကြီးတွေ နုကြည်ကို အလှူငွေထည့်နေမယ် ဆို ပြတ်သားလိုက်တာများ။
အိမ်း… လောကကြီးမှာ မလွမ်းသာနိုင်တဲ့သူတွေ တော်တော်များနေပြီ ထင်ပါရဲ့လေ။ ဒါမှမဟုတ်လည်း ကုလားကားထဲကလို လွမ်းရင်းတန်းလန်း ကမ်းခြေသွား၊ ကလပ်တက်၊ ဆယ်ဖီရိုက်၊ တစ်တော့ဆော့ပြီး မျက်ရည်စက်လက် ကခုန်နေကြသလားမှ မသိတာ။
“လွမ်းစရာတွေးရင် ရူးလောက်အောင် စိတ်ညစ်တာမို့။ လမ်းမှာတွေ့ရင် ပြောပြပေးပါ သိပ်ချစ်တာလို့။ ယို့ ယို့ ခင်မောင်း ခင်မောင်း။”