ချန်ဂင်တို့စခန်း (၃၉)

“မိုးဒေဝါ ချိန်ခါလေဟုတ်ပဲ

တဖွဲဖွဲ တသည်းသည်း

ရွာပဲခုနေ မိုးကစွေစွေ။

တိမ်ခြေတောင်ထဲ မိုးကမည်း။

တဖွဲဖွဲရယ်နှင့်

တသည်းသည်းရယ်နှင့်

တိမ်ထဲကနေ

မိုးဘာပြုစွေတယ်လေးလေ့။”

အခုမှ နယုန်လပြည့် ရှိပါသေးတယ်။ မိုးတွေကလည်း စွေလိုက်တာ မပြောပါနဲ့။ ခနလေး စဲသွားပြီးရင် ပြန်ပြန်သည်းလာရော။ ပြက္ခဒိန်ထက် အများကြီးစော ရွာတဲ့မိုးမို့လို့ သူ့နောက်က မနည်းမီအောင်လိုက်နေရတာပေါ့။ ရေစစ်ကန်တွေ ရေမြုတ်မော်တာတွေနဲ့ တွင်းရေတော့ အဆင်ပြေသွားပါပြီ။ ဒါပေမယ့်လည်း အဲ့သလောက်ပေါများနေတဲ့ မိုးရေတွေပါ သုံးချင်တာကြောင့် ရေတံလျှောက်တပ်ပြီး ပိုက်တွေနဲ့ မိုးရေခံဖို့ပါ လုပ်ရတယ်။ ရေမရလို့ နှစ်ရက်လောက် ခွဲခန်းပိတ်ထားလိုက်တာ ခွဲလူနာတွေ ပုံသွားလို့ တစ်နေ့ကို နှစ်ယောက်သုံးဃောက် ဖြိုနေရသေးတာ။ အလုပ်ကို လောဘတကြီးနဲ့ ကြုံးလုပ်နေတော့ ဆေးတွေက မလောက်တော့ပြန်ဘူး။ နဂိုက မှာနိုင်လွန်းလို့ အဆက်မပြတ်ရနေတာ။ အခု လမ်းတွေလည်းပိတ်ကရော အသုံးများတဲ့ဆေးတွေက ကုန်ပါလေရော။ ထပ်မှာထားပေမယ့် လမ်းအခြေအနေကြောင့် ရောက်မလာ။ နီးစပ်ရာ ဟိုကလှမ်းချေး သည်ကလှမ်းချေး ချေးရပြီလေ။ ကိုယ်သုံးတဲ့ဆေးဖြုန်းအားလည်း ကိုယ့်ဘာသာကိုယ်တောင် ပြန်မယုံချင်ဘူး။ တစ်မိုးတွင်းစာ တွက်စုတာ အခု တစ်လနဲ့ ပြတ်ကုန်မှကိုး။

ဆေးသယ်တဲ့ လမ်းကြောင်းက အရင်ကထက် တစ်ကြောင်းပိုရှည်သွားတယ်။ ကားလမ်းမရှိတော့လို့ ရေလမ်းကနေ ပတ်သယ်ရတာ။ လောလောဆယ် ရေကြောင်းက မငြိမ်သေးဘူး။ တမျိုးပြီးတစ်မျိုး ပြောင်းနေတုန်း။ မြစ်တို့၏မာယာ ဆိုတာကို ဆရာမဂျူး ဝတ္ထုဖတ်တုန်းက အခုလို လက်တွေ့သဘောမပေါက်ဘူး။ “ဣတ္ထိဝင်္ကံ နဒီဝင်္ကံ” ဆိုတဲ့စကားကို မြန်မာမှုပြုတယ်လို့ပဲ ထင်တာ။ တကယ့်တကယ်မှာကျတော့ မြစ်တစ်စင်းရဲ့ ပြောင်းလဲခြင်းတွေဟာ ခန့်မှန်းတွက်ဆလို့ ခက်လှပါတယ်။ အမြင်မှာတော့ နေ့တိုင်း မျက်စိအောက်မှာ တွေ့နေမြင်နေကျ မြစ်ချောင်းကလေးပေါ့။ ကိုယ်ကတော့ ဒီမှာ စမ်းချောင်းကလေးဆီကနေ သင်ခန်းစာရတယ်။

ကိုယ်တို့စခန်းကလေးဟာ စမ်းချောင်းကလေးနံဘေးမှာ ရှိတယ်ဆိုတာ စာဖတ်သူတိုင်း သိတယ်လေ။ စာထဲမှာလည်း မြင်သာအောင် ရေးပြခဲ့တယ်။ ပုံထဲမှာလည်း ချစ်စရာကောင်းအောင် ရိုက်ပြခဲ့တယ်။ အဲ့ဒီကြည်လင်တဲ့ စမ်းချောင်းကလေးက တနေ့တခါ ရေမချိုးပဲ မနေနိုင်အောင် စွဲဆောင်ထားခဲ့တယ်။ အခုလည်း ချိုးတုန်းပါပဲ။ ဒါပေမယ့် အရင်စမ်းချောင်းနဲ့ နည်းနည်းမှ မတူတော့ဘူး။ နေ့ချင်းညချင်း ပြောင်းလဲသွားပြီ။ ကမ်းပါးတွေက တစ်ဘက်မှာပြိုရင် တခြားတစ်ဘက်မှာ သောင်ခုံတွေ ပေါ်လာတယ်။ နဂိုကမှတ်ထားတဲ့ ရေအတိမ်အနက်တွေကလည်း နေရာရွေ့သွားတယ်။ ချိုင့်တွေထဲမှာ သဲတွေအပြည့်ဖြည့်ထားလိုက်ပြီ။ တချို့နေရာမှာ သဲချည့်ပဲ တစ်ခြမ်း၊ ကျောက်စရစ်ချည့်ပဲတစ်ခြမ်း၊ ရေစီးကြောင်းလေးခြားပြီး နေကြတယ်။ ပင်လယ်ကမ်းခြေက beach ကလေးတွေလိုပါပဲ။ ဒါပေမယ့် အဲ့ဒီသောင်ခုံပေါ်မှာ “မြေပြင်က ပျော့ပျော့ကလေးဆို” လို့ ဆုန်သင်းပါရ်သွားမလုပ်နဲ့။ ခြေထောက်ကို မနည်းပြန်နှုတ်ယူရမယ်။ အပေါ်ကျောတင်းနေတဲ့ သဲပြင်အောက်မှာ ရွှံ့နွံတွေ ရှိတာကိုး။ ရေစီးကြောင်းကလည်း အမြဲပြောင်းလဲနေတာမျိုး။ တချို့နေရာတွေကျ ချောင်းလယ်မှာ သောင်ခုံကလေးပေါ်လာပြီး နှစ်ခြမ်းခွဲစီးတယ်။ ရေစီးအားကလည်း တနေရာ နဲ့ တနေရာ မတူပြန်ဘူး။ စီးလာတဲ့ရေရဲ့ ထုထည်ပမာဏ နဲ့ အရှိန်အဟုန်က ချောင်းရိုးကလေးရဲ့ ကမ်းပါး နဲ့ ကြမ်းပြင်ကို သူလိုချင်သလို ပြုပြင်ယူသွားတယ်။ တောင်ကျရေဆင်းလာရင်း တမဟုတ်ချင်း တိုက်စားသယ်ဆောင် သွားတော့တာပဲ။ တို့အညာဆီက ဒေါင်းသေချောင်းတို့ ရန်ပါယ်ချောင်းတို့လိုမျိုးပေါ့။ ချောင်းရေဆင်းရင် မြစ်ရေလည်း လျှံစမြဲမို့ ဟိုးအောက်ဘက်မှာရှိတဲ့ လှထုံတို့ရွာမှာလည်း အောက်ပိုင်းတစ်ပိုင်းလုံး ရေမြုတ်ကုန်ပါပြီ။ ဒီလိုအချိန်တွေဆိုရင် ရှပ်ပြေးရေယာဉ်တွေတောင် ကောင်းကောင်းဝင်လို့ရနေပြီ။ ရေလမ်းက အချိန်ပိုကြာပေမယ့် စားရိတ်သက်သာတယ်။ ကုန်လည်း များများတင်လို့ရတယ်။ ဂိတ်ကြေးကျတော့ သူကပိုပေးရတယ်။ တစ်စင်းဖြတ်ရင် ၂ သိန်းခွဲနဲ့။ အဲ့ဒါ မနှစ်ကဈေး။ ဆီဘောက်ဆာကားတွေ မဝင်နိုင်တော့လို့ ရေလမ်းကိုပဲ အားကိုးစရာ ရှိသလေ။ ဆီဈေးကြီးပေမယ့် ရွှေဈေးက သူ့ထက်အတက်ကြမ်းတော့ မျောမောင်းရတာ ကိုက်သေးတယ်။ အထွက်နည်းလို့ မကိုက်တဲ့ တချို့တလေပဲ ဆက်မမောင်းနိုင်တာ။ ဒီဇယ်ဈေးကြီးတာရယ်၊ ခွဲခန်းကလည်း နေ့တိုင်းနီးပါး မီးစက်နှိုးရတာရယ်ကြောင့် ညဘက်ကျ မီးစက်ကို ၁ နာရီသာသာလောက်ပဲ နှိုးပေးနိုင်တော့တယ်။ စောစောအိပ်ထ ပြုကျင့်ကြပေါ့။

ဒီဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဓိကဝင်ငွေဟာ စုပေါင်းစစ်ဆေးရေးဂိတ်တွေမှာ ပေးရတဲ့ ဂိတ်ကြေးတွေပါပဲ။ သွားလမ်းသာလို့ လာလမ်းဖြောင့်ချင်ရင် ရေစင်ဖိုးလေးသာ ဆက်ဆက်သွား။ အစစ်အဆေး အမေးအမြန်းမရှိ။ အိုကေတယ်။ ရွာကိုလာတုန်းက ကိုပိုင့်ကားပေါ်မှာ ရင်တမမ ဘုရားတ လိုက်လာရသလောက် ကိုပိုင်က “ဘာမှ မပူပါနဲ့ ဆရာရယ်။ ဒါနဲ့ဖြတ်ရင် မအိုကေစရာ အကြောင်းမရှိဘူး။” ဆိုတဲ့စကားကို အခုချိန်မှာတော့ လက်တွေ့ဒိဌ ယုံလို့ရသွားပြီလေ။

သူတို့က ပိုက်ဆံပဲ ယူနေတာလား။ ပိုက်ဆံရရင် ဘာအဖမ်းအဆီးမှ မလုပ်ဘူးလား ဆိုတာတော့ မဟုတ်ပါဘူး။ သူတို့မှာ သတင်းအတိအကျနဲ့ “ဒီကားနံပါတ်နဲ့ ဒီလူဒီလူ လာရင်ဖမ်း။” ဆိုပြီး လျှို့ဝှက်ညွှန်ကြားထားတာတွေ ရှိပါတယ်။ အဲ့ဒါမျိုးကျတော့ သေချာပေါက်ကို ဖမ်းတာပါ။ ဘာဖြစ်လို့ သူတို့ကျမှ ဖမ်းရသလဲဆိုတော့ အဲ့ဒီလူတွေက စည်းကမ်းနဲ့အညီ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း မလာပဲ ရိုးရာမသိ ထုံးစံမသိနဲ့မို့ နတ်ကိုင်တာပါ။ အရာအားလုံးဟာ ဥပဒေပြင်ပကနေ သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကားနေတယ်ဆိုရင်တောင် စည်းမရှိ ကမ်းမရှိ ဖြစ်ချင်တိုင်းဖြစ်နေလို့ မရပါဘူး။ ရွှေမှာလည်း ရွှေလမ်းကြောင်း၊ ကျောက်မှာလည်း ကျောက်လမ်းကြောင်း၊ သစ်မှာလည်း သစ်လမ်းကြောင်း၊ ဘိန်းမှာလည်း ဘိန်းလမ်းကြောင်း ရှိပါတယ်။ သူတို့အချင်းချင်းတောင် တစ်ယောက်ကိုတစ်ယောက် ဘောင်ကျော်လို့ မရပါဘူး။ ပြဿနာတက်လာလို့ ဒါ ဘယ်သူ့အပိုင်လဲ မေးလိုက်ရင် နောက်ကွယ်က “ညီလေးရေ။ ဒါလေးကတော့ ဘယ်သူနဲ့ ပတ်သက်ရာပါကွာ။ လွှတ်ပေးလိုက်ပါ။” ဆိုတဲ့ မီးသေသူတစ်ယောက်ယောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ရောင်းဝယ်ဖောက်ကားနေသူအားလုံးဟာ မိဆိုင်ဖဆိုင် နတ်ကြီးဝါကြီး ဘိုးတော်ဘတော်ကြီးများကို ခိုရကိုးရ ပသရတာပါ။

ရောက်တုန်းရောက်ခိုက် ကျောက်ဝိုင်းတွေလည်း ဝင်ကြည့် ဘိန်းခန်းတွေလည်း ဝင်လေ့လာတဲ့အခါ သူတို့က တစ်ခုတော့ သေသေချာချာ မှာပါတယ်။ အမှတ်တရလောက်ဖြစ်ဖြစ်တောင် ဝယ်မလာခဲ့ပါနဲ့တဲ့။ ဒါတွေအားလုံးက သူ့လမ်းကြောင်းနဲ့သူ သွားမှရပါတယ်တဲ့။ ဒီတိုင်းသယ်လို့ကတော့ ဘယ်နားဝှက်သယ်သယ်။ မမိဘူးဆိုတာ မရှိဘူးတဲ့။ သူတို့လောကမှာ မျက်နှာစိမ်းဆိုတာ မရှိ။ ကုန်သည် က ကုန်သည်၊ ကယ်ရီ က ကယ်ရီ၊ လော်ပန် က လော်ပန်။ လိုင်စင်ထုတ်ပေးထားသလိုကို သိကြပါတယ်။ အခုမှ ရောက်လာတဲ့ ဘူမသိကိုးမသိအကောင်တွေ ဘုရားမတင်နတ်မဝင် လာလုပ်ရင် “အဲ့ကောင် ဖမ်းလိုက်” လို့ နဖူးမှာ စာကပ်လွှတ်လိုက်သလိုကို သူတို့မျက်စိထဲ ထင်းထင်းကြီး ဖြစ်နေပါသတဲ့။

ဒါလည်းပဲ မြစ်တို့၏မာယာ လို့ ပြောရမလား မသိဘူး။ တစ်လမ်းတည်းသွားကြသူချင်းအတူတူ ရွှေတစ်လိုင်း၊ အစိမ်းတစ်လိုင်း၊ အဖြူတစ်လိုင်း။ သူ့လမ်းကြောင်းနဲ့သူ စီးဆင်းတယ်။ သူ့ပဲ့ကိုင်သူနဲ့ သူမောင်းနှင်တယ်။ သူ့ဘိုးတော်ဘတော် အစောင့်အရှောက်နဲ့သူမှ လုံခြုံတယ်။ ကိုယ်တွေ့ကြုံလို့သာ ယုံခဲ့ရတယ်။ တဆင့်ကြားစကားနဲ့ဆို ယုံရခက်ခက်။ ဘိန်းဘုရင်မဆိုတာ ဟိုးရှေးရှေး အော်လစ်ယန်းတို့ခေတ်တုန်းကလို ခြောက်လုံးပြူးခါးကြားထိုးပြီး မြင်းတစ်စီးနဲ့တောလည်နေစရာ မလိုဘူး။ ဝှီးချဲပေါ် ယောဂီဝတ်ကလေးနဲ့ထိုင်ပြီး အလှူရေစက် လက်နဲ့မကွာ ဝိသာခါကျောင်းအမကြီးလို နေတာ။ အမေက ဘယ်တော့မှ ရွာလွန်ရွက်တိုက် မလုပ်ဘူး။ “အမေရေ သည်ကနေ့တော့ ဆိုင်ဖွင့်လို့မရဘူးနော်။” ဆို မောင်ရင်လာ တံခါးပိတ် ချိတ် ပဲ။ တစ်ယောက် နှစ်ယောက်လောက်တော့ အဖမ်းပြမှဖြစ်မယ်ဆိုလည်း လိုက်သွားပေးမယ့်လူ အသင့်။ အထဲမှာလည်း အငြိမ်း၊ အပြင်မှာလည်း အငြိမ်း။ ဖမ်းသူ၊ အဖမ်းခံသူ၊ အပြင်မှာ ကျန်ရစ်သူ အကုန် ကျေကျေနပ်နပ် ဖြစ်စေရမယ်။ အမေ့မေတ္တာရိပ်က လုံခြုံတယ်လေ။ ဆရာတော်ဘုရားလည်း အမေ မှ အမေ။ ပစ္စည်းလေးပါး ဒါယိကာတင် မဟုတ်ဘူး။ လပြည့်လကွယ် ဆွမ်းစားရိတ် သီတင်းတစ်ပါတ် ဆယ်သိန်း သိန်း ၂၀ မပြတ်တမ်း လှူတယ်။ တောင်ကျောင်းသာလို့ မြောက်ကျောင်းကျ မသာဘူး မထင်လေနဲ့။ အမေရှိတဲ့နယ် ဘယ်ကျောင်းမှ ဆွမ်းမငတ်စေရဘူး။ သူတော်ကောင်း အရေခြုံထားတာ မဟုတ်ဘူး။ တကယ်ကို စိတ်ကောင်းသဘောကောင်း သူတော်ကောင်း ကျောင်းအမကြီးပါ။ သူကိုယ်တိုင်လည်း ဘိန်းရောင်းဘိန်းဝယ် လုပ်မနေပါဘူး။ ဒါပေမယ့် တချိန်က သူဖောက်ခဲ့တဲ့လမ်းကြောင်းပေါ်မှာ သူ့တပည့်သားမြေးတွေ အောင်စေပိုင်စေ နိုင်စေပွဲပေါင်း လုပ်နေကြတာ။ အမေ့နံမည်လေး တ တ ပြီး အမေ့ဆုံးမစကားသာ နားထောင်။ ထိမယ့်ခလုပ် ဆုတ်တယ်။ အမေ နဲ့ ပါတ်သက်ဆက်နွယ်ရတဲ့ ဝန်ထမ်းသားသမီးတွေကိုလည်း ကုံလုံကြွယ်ဝအောင် မစတယ်။ တိုင်းမှူးအဆက်ဆက်တောင် အမေ့ကို အမေတပ်ပြီး ခေါ်ရပြောရတယ်။ အမေတို့က မယ်တော်ကြီးအဆင့်ရောက်သွားပြီ။ ဒီဘက်ပိုင်းတကြော အမေ့ထက်ကြီးတဲ့ ဂိုဏ်းစတား မရှိဘူး။ ဒါ ဒီနယ်မြေတကြောက လမ်းကြောင်းလေးတစ်ကြောင်းကို နမူနာပြတာနော်။

အဲ့သလိုပြောလို့ ဒီနယ်တဝိုက်ဟာ တရားဥပဒေမစိုးမိုးဘူး လို့ မထင်နဲ့ဦးနော်။ ဥပဒေအပြင်ဘက်က အလုပ်တွေမှာတောင်မှ သူ့နယ်မြေနဲ့သူ rules and regulations တွေ ရှိတယ်။ သူ့ရေစီးကြောင်းလေးအတိုင်း လိုက်ရတယ်။ ကိုယ့်သဘောနဲ့ကိုယ် ရွာလွန်ရွက်တိုက်လုပ်ရင် လှေမှောက်ရော။ မင်းအောင်လှိုင်ဟာ တစ်နိုင်ငံလုံးကို အာဏာသိမ်းပေမယ့် ပူတာအိုကိုတော့ မလာရဲသလိုပေါ့။ သူ့လက်အောက်က တပ်တွေဟာလည်း သည်နယ်မြေကိုရောက်ရင် စစ်ကိုင်းမှာ ရွာတွေကို မီးတိုက်သလိုတော့ တဆုံးတစ မလုပ်ရဲဘူး။ “တက်မလာနဲ့။ တောက်ချပစ်လိုက်မယ်။” ဆို လက်ဆင်တွေပေးထားကြတာ။ ဟောဒီ ရေစီးကြောင်းထဲမှာတော့ ဘာမှ လှုပ်လှုပ်ရှားရှား မစဉ်းစားနဲ့။ ငြိမ်ငြိမ်ကလေးသာနေ။ ဒီရေ။ လှိုင်းဖွေး။ မုန်တိုင်းကကြမ်းနေလို့။

အဲ့ဒီလိုနဲ့ ရေးရင်းရေးရင်း သဘောပေါက်လာလိုက်တာက ရေစီးကြောင်းပေါင်းစုံကို ရပ်တန့်စစ်ဆေးရတဲ့ စုပေါင်းဂိတ်တွေဟာ အပေါ်မှာရေးထားခဲ့သလို အဓိကဝင်ငွေ မဟုတ်ပဲ မုန့်ဖိုးပဲဖိုး ရေစင်ကြေးမျှသာ ရှိတယ် ဆိုတာကိုပါ။ ဂိတ်ကလူတွေက နဖူးပေါ်စာရေးထားသလို ထင်ရှားနေတဲ့၊ လမ်းကြောင်းအတိုင်းလိုက်မလာတဲ့သူတွေကိုပဲ ဖမ်းလို့ရပါတယ်။ သူ့လမ်းကြောင်းနဲ့သူလာသော နတ်ရေးတဲ့ ရွှေနဖူးစာတွေကို ရေစင်ဖိုးလေးကောက်ပြီး ကွမ်းယာပါရင် ထားခဲ့ပါဦး လုပ်ရတာကိုး။ “ဟုတ်မှလည်း လုပ်ပါကွာ။ ကွန်တိန်နာလိုက် မိမိနေတဲ့ ပိုင်ရှင်မဲ့တွေ ဘီလီယံနဲ့ ချီပြီး ရှိပါတယ်။”လို့ ပြောမလား မသိပါဘူး။ အဲ့ဒါ ဖမ်းလို့မိတာ မဟုတ်ဘူးလေ။ လွှတ်ထားတဲ့ ကြားထဲက လက်ထဲဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့ ယာဂုအိုးအကွဲတွေ။ အဲ့လောက်တန်ကြေးများတဲ့ပစ္စည်းတွေမှာ ပိုင်ရှင်မရှိဘူး ဆိုတာ ပိုင်ရှင်အထိ ဆက်မဖမ်းဘူး ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ပိုင်ရှင်ပါ မိရင်လည်း စွပ်ကျယ်စုတ် နဲ့ အာကာထွန်းဘောင်းဘီဝတ်ပြီး ရာဘာဘိနပ် နောက်မြီးပြတ်စီးထားသော ဘီလျံနာကြီးကို အံ့ဖွယ်သရဲ ထူးကဲစွာ တွေ့ရမယ်။ အဲ့ဒီအခါမှာ ရှောရှောရှူရှူ ကူးသန်းသွားလာနိုင်ဖို့အတွက် ပေးရကမ်းရတယ်ဆိုရင် အဲ့ဒါ လမ်းပေါ်မှာ ကားဆရာတွေက လက်သိပ်ထိုးပေးသွားတဲ့ ရေစင်ဖိုးကိုပြောတာ မဟုတ်ဘူး ဆိုတာ သဘောပေါက်လာပါတယ်။ သူ့အထက်မှာ မြို့တော်ရင် ရွာတော်ရင် နယ်တော်ရင်တွေကို ရိုးရာမပျက် တင်မြှောက်ပသတာတွေရှိမှ နတ်သားနတ်သမီး နတ်တပည့်အပေါင်းတို့လည်း စီးပွါးလာဘ်လာဘ တိုးတက်မှာ မဟုတ်လား။ ကိုင်း ပေါက်ပြီနော်။

“ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ့် ကျော် ကျော် ကျော် ကျော်။

တို့ ကိုကြီးကျော်။

ကိုကြီးကျော်ကို ချစ်လိုက်ပါတဲ့ မောင်းမတွေရေ။

ရွှေ ဆို ရွှေမရှား။

ငွေ ဆို ငွေမရှား။

စိန် ဆိုပတ္တမြား။

မရှား လိုရာတွေ

ရကြပါစေ ရပါစေ။

ဖေဖေကျော်က ပို့တဲ့ မေတ္တာရေ။”