ဘုရားပေးတဲ့ဆု

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက မာတင်လူသာကင်း လို့ခေါ်တဲ့ အမေရိကန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူကြီး တစ်ဦးဟာ “I have a dream” ဆိုတဲ့ ကမ္ဘာကျော်မိန့်ခွန်းကြီးတစ်ခုကို ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြောသွားခဲ့တယ်။ နှစ်ပရိစ္ဆေဒကြာပြီမို့လို့ သူ့စကားတွေ လေထုထဲမှာ ပျောက်သွားပေမယ့်လည်း သန်းပေါင်းများစွာသော အမေရိကန်ညိုပြာညက်တွေရဲ့ ရင်ထဲအသည်းထဲမှာတော့ အခုချိန်အထိ ပဲ့တင်ထပ်နေတုန်းပါပဲ။ အမေရိကန်နိုင်ငံအတွက်လည်း သမိုင်းဝင်တဲ့ အဆိုအမိန့်တစ်ခု ဖြစ်ခဲ့တာပေါ့။ သူ ဘာတွေ ပြောသွားလဲ မသိချင်ဘူးလား ဟင်။ ဘာမှမခက်ပါဘူး။ Google ထဲ ခေါက်ရှာလိုက်ရင် စာသားနဲ့ဖတ်မလား။ အသံနဲ့ နားထောင်မလား။ ရုပ်မြင်သံကြားကလေး ရှုစားမလား။ ငှက်ပျောသီးကမှ အခွံနွှာနေရပါဦးမယ်။ သူဘာတွေ ပြောခဲ့သလဲဆိုတာထက် ကိုယ်ဘာကို ပြောချင်သလဲဆိုတာပဲ မသွယ်မဝိုက် နိဒါန်းချီတာ ကောင်းပါတယ်။

သူက သူ့မှာ အိပ်မက်တစ်ခု ရှိတယ်တဲ့။ တစ်နေ့ကျရင် သူ့နိုင်ငံတော်ကြီးမှာ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးတွေ တန်းတူရလာလိမ့်မယ် ဆိုတဲ့ အိပ်မက်ပါတဲ့။ ကျွန်ကမွေးတဲ့ကလေးတွေနဲ့ သခင်ကမွေးတဲ့ကလေးတွေ ကြမ်းတပြေးတည်း အတူထိုင်ပြီး ညီရင်းအကိုပမာ ရင်းနှီးချစ်ကြည်စွာ ပြောဆိုဆက်ဆံကြလိမ့်မယ် ဆိုတဲ့ အိပ်မက်ပါတဲ့။ ဥပဒေမဲ့ ဖိနှပ်ချုပ်ချယ်နေတဲ့ လူ့ငရဲခန်းတွေကို တရားမျှတလွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့ အိုအေစစ်ကလေးတွေ ဖြစ်အောင် ပြောင်းလဲပစ်နိုင်လိမ့်မယ် ဆိုတဲ့ အိပ်မက်ပါတဲ့။ သူမွေးထားတဲ့ ရင်သွေးကလေးတွေကိုလည်း အသားအရောင်ထက် ကိုယ်ကျင့်သိက္ခာကို အခြေခံပြီး အလေးပေးဆက်ဆံတတ်တဲ့ မြေပေါ်မှာ ကြီးပြင်းစေလိုပါသတဲ့။ ပြောရရင် ဆုံးမှာတောင် မဟုတ်ဘူး။ အများကြီး ကျန်သေးတယ်။ အောင်မယ်လေး။ အိပ်မက်တွေ တပုံကြီးပဲ။

သူ အဲ့ဒီမိန့်ခွန်းကို ပြောပြီးနောက် အနှစ် ၅၀ ကျော် ကြာတဲ့အခါ သူ့အိပ်မက်တွေ တော်တော်များများ အကောင်အတည်ပေါ်နေပြီဆိုတာ သွားတွေ့လိုက်ရတယ်။ သူတို့ခေတ် သူတို့အခါတုန်းက ဒီအယူအဆသာအမှန် လို့ တရားသေလက်ကိုင်ထားကြတဲ့ “Segregation” လို့ ခေါ်တဲ့ အသားအရောင်ခွဲခြားဆက်ဆံတာတွေဟာ အခုအခါမှာဆို အင်မတန် ရှက်စရာကောင်းတယ်လို့ ယူဆလာကြပြီ။ အမေရိကန်သမိုင်းမှာ အိမ်ဖြူတော်ပေါ် လူညိုယဉ်ကြီး ရောက်ခဲ့တယ်ဆိုတာ လကမ္ဘာပေါ် လူတွေရောက်တာထက်ကို အံ့သြစရာကောင်းခဲ့တာ။ ဒီစကားတွေကို သူပြောစဉ်အခါတုန်းကတော့ ဘယ်သူကမှ မယုံကြပါဘူး။ ဆုတောင်းလေ ဆုတောင်း လို့ ငေါ့တော့တော့ပဲ ပြောကြဦးမှာ။ ကိုင်း အခုတော့ အစက တို့မပြောလား ဆိုပြီး ပြန်ပြန်အစဖော်လို့တောင် ရနေပြီ။ အားမငယ်ကြနဲ့ ညီနောင်သားချင်းတို့။ ဘယ်လောက်ပဲ အင်အားကြီးမားတဲ့ မတရားမှုမျိုးမဆို အချိန်က တရားစီရင်တဲ့အခါ အမှန်တရားကို ဘယ်တော့မှ အနိုင်ရရိုးထုံးစံ မရှိဘူး။ သူ့ဘာသူ အာဏာရှင်ပဲခေါ်ခေါ် ကယ်တင်ရှင်ကြီးပဲခေါ်ခေါ် အချိန်တန်လို့ နွားပိန်ကန်တဲ့အခါ သူ့ကို ဘယ်လိုခေါ်သလဲဆိုတာထက် သူ ဘာတွေ လုပ်ခဲ့သလဲဆိုတာနဲ့ပဲ သမိုင်းတွင်သွားမှာ။ (ထောင့်ကန်ဘောပါ ခင်ဗျ။ ပင်နယ်တီမပေးပါနဲ့။)

သူတို့အနောက်နိုင်ငံတွေမှာက ခရစ်ယာန်သာသနာ ထွန်းကားတဲ့အရပ်ဆိုတော့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကလည်း ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အတွေးအခေါ် အယူအဆတွေ များပါတယ်လေ။ ရှင်ဘုရင်ဆိုတာ ဘုရားသခင်က ခွင့်ပြုထားတာမို့ သာမာန်လူသားတွေရဲ့ သက်ဦးဆံပိုင်တယ် ဆိုတာမျိုး၊ လူမည်းတွေဆိုတာ လူဖြူတွေ ခိုင်းစေဖို့ ကျွန်အဖြစ် မွေးဖွားလာတာမို့ တဆင့်တည်းတတန်းတည်း သာတူညီမျှ ဆက်ဆံလို့ မဖြစ်ဘူး ဆိုတာမျိုးတွေကို အရိုးစွဲနေအောင် ယုံကြည်ကြပါတယ်။ ဘုရားသခင်က အဖြူဆိုရင် လူတွေက မည်းဖို့မကြိုးစားနဲ့။ ဘုရားသခင်က ဖန်ဆင်းတော်မူထားတာကို လူသာမာန်တွေက ပြုပြင်ဖို့ မစဉ်းစားနဲ့။ သင်ဟာ လူသား။ ဘုရားကို အံဖက်တုပြိုင်စရာ မဟုတ်။ အဲ့သလိုမျိုးအတွေးအခေါ်အယူအဆတွေကို မာတင်လူသာကင်းလိုပဲ ဆန့်ကျင်တော်လှန်ခဲ့တဲ့သူတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲကမှ ကိုယ်တို့ ဆေးပညာလောကက သမားဟူးရားကြီးတွေထဲမှာပါတဲ့ သူရဲကောင်းနှစ်ဦးအကြောင်းကို ရုပ်ရှင်ဇာတ်ကားကလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဇာတ်ကားနံမယ်က “Something the Lord Made” တဲ့။ မြန်မာလိုဆိုတော့ “ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသော တချို့ကိစ္စတွေ” လို့ ပြောရမှာပေါ့နော်။

၁၉၃၀ တုန်းက Nashville ဆိုတဲ့ မြို့ကလေးမှာ Vivien Thomas လို့ ခေါ်တဲ့ နီဂရိုး လူငယ်ကလေးတစ်ယောက်ရှိတယ်။ သူ့အဖေသင်ပေးထားလို့ လက်သမားပညာကို ပျံနေအောင် တတ်ကျွမ်းပေမယ့်လည်း သူဖြစ်ချင်တဲ့အိပ်မက်က လက်သမားဆရာ မဟုတ်ဘူး။ အထက်တန်းကျောင်းက ဒီပလိုမာအောင်ပြီးပေမယ့် ဆရာဝန်ဖြစ်ချင်တာကြောင့် လက်သမားလုပ်ပြီး ကျောင်းစားရိတ်စုနေတာ။ တစ်နေ့မှာတော့ အဲ့ဒီမြို့က “Vanderbilt Experimental Surgery Laboratory” ကနေ လက်တိုလက်တောင်း Assistant တစ်ယောက်ခေါ်တာနဲ့ အဲ့ဒီတက္ကသိုလ်က နံမယ်ကျော်ဆရာဝန်ကြီး Professor Alfred Blalock ဆီမှာ အလုပ်သွားလျှောက်တယ်။ လခက မက်လောက်စရာမရှိပေမယ့်လည်း သူတို့မြို့ရဲ့ အကျော်ကြားဆုံး ဆရာဝန်ကြီးလက်အောက်မှာ အလုပ်လုပ်ရမယ်ဆိုတော့ သူလည်း အိပ်မက်တွေ တပုံကြီးပဲလေ။

လောလောဆယ် သူလုပ်ရတဲ့အလုပ်က ဆရာဝန်ကြီး ခွဲစိတ်သုတေသနလုပ်နေတဲ့ ပိုင်ရှင်မဲ့ခွေးတွေကို အစာရေစာကျွေးမွေး ထိန်းသိမ်းရတဲ့အလုပ်။ ဒါပေမယ့် အရာရာ အင်မတန် သိလွယ်တတ်လွယ်တဲ့ သူဟာ ရက်ပိုင်းအတွင်းမှာပဲ ဆရာဝန်ကြီးလုပ်တဲ့ သုတေသန ခွဲစိတ်မှုတွေမှာ ခြေသည်းလက်သည်းလောက် ထောင့်စေ့အောင် ဝင်လုပ်နိုင်လာတာ တွေ့ရတယ်။ အကွက်မြင်တယ်။ စိတ်လည်းဝင်စားတယ်။ ဘယ်နေရာ ဘာရှိတယ်။ ဘာလုပ်လို့ရတယ်။ အကုန်လေ့လာထားတဲ့အပြင် အလုပ်အစောကြီးလာပြီး စာအုပ်စင်ပေါ်က ဆေးစာအုပ်တွေကို သေသေချာချာ လှန်လှော ဖတ်ရှုနေတာတွေ့မှ သူ့ဆရာလည်း ဒီကောင် ခေသောသူမဟုတ်။ ဆေးကျောင်းတက်ဖို့ ဆရာဝန်ရူးရူးနေတာမှန်း ရိပ်မိတယ်။ တပည့်တွေ မွေးလာတာ အံခွနေတဲ့ ဆရာဆိုတော့ ဘယ်လိုကိုင်တွယ်ရမယ် တန်းကနဲပေါက်တာပေါ့ဗျာ ဘာမှမလိုဘူး။ ဂျူတီကုတ်အဖြူလေးတစ်ထည် လက်ဆောင်ပစ်ပေးလိုက်တာ ဟိုခမျာ မချွတ်တော့ဘူး။

သင်ပေးလို့ သိလွယ်တတ်လွယ် အကွက်မြင်တဲ့ တပည့်ဆိုတော့ မိုက်မိုက်ကန်းကန်းတပည့်ကို မိုက်မိုက်ကန်းကန်းဆရာက ခွဲတဲ့စိတ်တဲ့ အတတ်ကိုပါ ကန့်ကူလက်လှည့် စသင်ကြည့်တယ်။ ဟိုကလည်း တစ်မိုက်ပြ တစ်လံမြင်တယ်။ သူ့စမ်းသပ်ဓါတ်ခွဲခန်းထဲ မျက်နှာလွှဲလို့ရတဲ့အခါ နောက် ၁၃ နှစ်လောက်ကြာလို့ Baltimore က John Hopkins University ကို Professor & Head of Department of Surgery အဖြစ် ပြောင်းသွားတဲ့အခါ တပည့်ကျော်ကိုပါ တပါတည်းခေါ်သွားတယ်။ အရင်ကတည်းက တခြားတက္ကသိုလ်တွေမှာ အဲ့ဒီရာထူးမျိုးပေးပေမယ့်လည်း သူ့လက်ထောက် အညိုဆင်ကလေးကို လက်မခံလို့ သူငြင်းခဲ့တာလေ။ သူက စာသင်တဲ့အလုပ် ခွဲတဲ့စိတ်တဲ့ အလုပ်တွေအပြင် သုတေသနအလုပ်ကိုလည်း စွမ်းစွမ်းတမံ လုပ်ချင်သေးတာကြောင့် Vivien မပါရင် မြင်းကောင်းခွာလိပ် အဖြစ်မခံနိုင်ဘူး။

လောကကြီးမှာ သူတို့ဆရာတပည့် နှစ်ယောက်တည်းရှိရင်တော့ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ဆရာတပည့်နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝ နဲ့ ပတ်ဝန်းကျင်တွေက နှစ်ယောက်စလုံးကို အခက်ကြုံစေတယ်။ Vivien က မျက်နှာဖြူဆေးရုံပေါ်မှာ ဂျူတီကုတ်ကြီးတဖားဖားနဲ့ လုပ်နေတာကို တဆေးရုံလုံးက မျက်စိစပါးမွှေးစူးတယ်။ “ရာရာသသ။ ကော်ဖီသွားဝယ်ပေးစမ်းကွာ။” ဆို ပိုက်ဆံပစ်ပေးတဲ့သူတောင် ရှိတယ်။ သူ့ဆရာကသာ ဘာမှမဖြစ်တာ။ ကျန်တဲ့ဆရာဝန်တွေက သူတို့ကြားထဲ Vivien ဝင်လာရင် အရက်ပျံနဲ့ပဲ ထပွတ်တော့မယောင်၊ နွားနို့နဲ့ပဲ ရေချိုးတော့မယောင် ရှိတယ်။ အဖြူတွေ အနက်ကိုနှိမ်တာထက် အနက်အနက်ချင်း နှိမ်တာက ပိုအသည်းနာဖို့ ကောင်းတယ်လေ။ သူလည်း Class 3 အဆင့်ဝန်ထမ်း၊ ကိုယ်လည်း Class 3 အဆင့်ဝန်ထမ်း ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူတာတော့ မခံနိုင်ပေါင် လို့ ကြေးတိုက်တဲ့အခါ Vivien က အဲ့ဒီ Class 3 ဆိုတာ ဘာမှန်းမသိလို့ ရုံးကိုသွားမေးတယ်။ အဲ့ဒါ ပေးစကေးကိုပြောတာလေ။ နင့်ကိုခန့်ထားတာ သန့်ရှင်းရေးအလုပ်သမား၊ အထွေထွေလုပ်သား၊ တစ်ပတ်ကို ၁၆ ဒေါ်လာစားနဲ့ ခန့်ထားတာ လို့ ပြောလိုက်မှ ကိုရင်လေးလည်း ငါးရံ့ပြာလူး ဖြစ်သွားတယ်။ တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ် Lab ထဲက မထွက်ရပဲ အလုပ်ပြီးအလုပ် အလုပ်ပြီးအလုပ် ဆက်တိုက်လုပ်လာခဲ့တာ သူ့လက်ထဲ စုမိဆောင်းမိဖို့ မပြောနဲ့ ငှားထားတဲ့အိမ် ရေယိုလို့ ပြင်စရာ ပိုက်ဆံမရှိဘူး။ ကလေးတဘက်နဲ့ မိန်းမက အလုပ်ထွက်လုပ်ချင်တာတောင် ကလေးထိန်းမငှားနိုင်လို့ ငတ်တလှည့် ပြတ်တလှည့် ပေပြီးနေနေတာ။ ဆေးကျောင်းတက်ဖို့ စုဆောင်းထားသမျှ ငွေတွေကလည်း ဘဏ်ဒေဝါလီခံသွားလို့ ပလုံ တောင် မမြည်လိုက်ဘူး။ သူ့ဟာနဲ့သူ ညစ်နေတဲ့ တပည့်ကို ဆရာသမားက သူ့ဝသီအတိုင်း ထဟောက်မိတဲ့အခါ ဘသားချောက ထွက်စာတင်သွားလို့ ရှီးဖောကြီး တိုင်ပတ်သွားတယ်။ ဆေးရုံနဲ့ အကြောက်အကန် ပြောပြီးမှ လကုန်ရင် ဘောနပ်စ် ၂၅ ဒေါ်လာ တိုးပေးပါ့မယ်။ ရာထူးကိုလည်း Surgical Technician လို့ ပြောင်းခေါ်ပေးပါ့မယ်။ လို့ ချော့ချော့မော့မော့နဲ့ အိမ်လိုက်ခေါ်ရတယ်။

Vivien ကို လက်မလွှတ်နိုင်တဲ့အကြောင်းကတော့ အဲ့ဒီဆေးရုံမှာ Professor Blalock က ကလေးအထူးကုဆရာဝန် Dr Helen Taussig နဲ့တွဲပြီး Blue Baby လို့ ခေါ်တဲ့ မွေးရာပါ သူငယ်နာမောပြာ နှလုံးရောဂါသည်ကလေးတွေကို သုတေသနလုပ်နေတယ်။ အဲ့ဒီကလေးတွေကို ကိုယ်တို့ ဆေးပညာလောကမှာတော့ “Tetralogy of Fallot” လို့ ခေါ်တယ်။ သန္ဓေသားဘဝ နှလုံးဖွံ့ဖြိုးစဉ်အခါမှာ နေရာလေးခု ဖောက်ပြန်ချို့ယွင်းသွားလို့ဖြစ်တာ။ အဲ့ဒီရောဂါသည် ကလေးတွေဟာ သက်ဆိုးမရှည်ကြဘူး။ အသားအရေပြာနှမ်းနှမ်းနဲ့ မောရင်းကြပ်ရင်း အသက်ကုန်ရတာ အင်မတန် သနားဖို့ကောင်းတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါတုန်းက နှလုံးကို ခွဲစိတ်ကုသဖို့ဆိုတာ ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့တဲ့အရာမို့လို့ ဝေဒနာရှင်ကလေးတွေကို အထက်ကပြောခဲ့တဲ့အတိုင်း ကိုယ်တော်ရှင် ဖန်တီးတော်မူခဲ့တဲ့ တချို့ကိစ္စတွေ အဖြစ်နဲ့ မတို့ရဲမထိရဲ ကြံကြီးစည်ရာ လို့ သဘောထားခဲ့ကြတယ်။

ကြီးမြတ်တဲ့ ဘုရားသခင် ဖန်ဆင်းတော်မူတဲ့ ကိစ္စကို ဆရာဝန်မဟုတ်ဘာမဟုတ်၊ လူဖြူကလေးတောင် မဟုတ်တဲ့ Vivien က ဆုတောင်းမေတ္တာ ကောင်းချီးသြဘာတွေ မပါပဲ ပြန်လည်ပြုပြင်ဖို့ စဉ်းစားခဲ့တာ သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ သူ့အိမ်မှာ ရေပိုက်တွေ ပိတ်တဲ့အခါ သည်ဘက်ကပိတ်ရင် ဟိုဘက်ကသွယ်တာပေါ့ ဆိုတဲ့ အခြေခံနဲ့ပဲ ရိုးရိုးလေး စဉ်းစားခဲ့တာပါ။ အဲ့သည်လို စဉ်းစားနိုင်ဖို့အတွက် လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အရှုပ်ထွေးဆုံးဖြစ်တဲ့ နှလုံးပတ်ပတ်လည်က သွေးလွှတ်ကြော သွေးပြန်ကြောတွေရဲ့ အဝင်အထွက်အကွာအဝေးကို မျက်စိမှိတ်ပြီး လက်နဲ့စမ်းလိုက်ရုံနဲ့ အပ်ချမတ်ချ သိနိုင်ပြောနိုင် ဖြတ်နိုင်ဆက်နိုင်အောင် ကျွမ်းကျင်မှု ရှိရတယ်ဆိုတော့ ပြောဖို့လိုမယ် မထင်ပါဘူး။ (လူမှာ မလုပ်ခင် အဲ့ဒီသွေးကြောဖြတ်ဆက်တဲ့အလုပ်ကို Vivien က ခွေးအကောင် ၂၀၀ ကျော်နဲ့ အောင်မြင်အောင် လုပ်ခဲ့ပြီးသားပါ) တိုတိုပဲ ပြောကြပါစို့ရဲ့။ ဘုရားသခင်အလိုတော်ကြောင့် သူတို့ အောင်မြင်သွားပါတယ်။ သူတို့လုပ်ခဲ့တဲ့ Operation ဟာ ကိုယ်တို့ ပြဌာန်းဖတ်စာအုပ်တွေထဲမှာ အမည်နာမနဲ့တကွ ဆရာဝန်တိုင်း လေ့လာဆည်းပူးစရာ သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နံမယ်ကတော့ “Blalock-Taussig Shunt” တဲ့။ Vivien မပါပါဘူး။ သူ့ခမျာ ဆရာဝန်မဟုတ်တဲ့အတွက် မှတ်တမ်းတင်ဓါတ်ပုံရိုက်တဲ့အထဲတောင် မပါခဲ့ရပါဘူး။ အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ အောင်မြင်မှုတစ်ခုဟာ သူတို့ဆရာတပည့်နှစ်ယောက်ကို စိတ်ဝမ်းကွဲစေခဲ့ပါတယ်။

ဒေါက်တာကြီးဘက်က မခံနိုင်တာက တဆေးရုံလုံးကလူတွေက သူ့နောက်ကွယ်မှာ ဒီလူကြီး Vivien မပါပဲ ဘာတစ်ခုမှ လုပ်နိုင်တဲ့သူ မဟုတ်ဘူး လို့ အတင်းပြောကြတာကိုပါ။ မဟုတ်ရင်တော့ ဘယ်နာစရာ ရှိပါ့မလဲ။ ခက်တာက ရုပ်ပျက်ဆင်းပျက်ကို အဟုတ်လွန်နေတာပါ။ ခွဲခန်းထဲက Pager နဲ့ ကုန်းအော်ပြီး Vivien ကို လှမ်းခေါ်ရတဲ့အထိ၊ ခွဲစိတ်နေတဲ့တချိန်လုံး သူ့နောက်ကနေ ဘာပြီးဘာလုပ် ဘာပြီးဘာလုပ် တတွတ်တွတ် ခိုင်းတာကို လိုက်လုပ်နေရတဲ့အထိ ရုပ်ပျက်ပါတယ်။ (ရုပ်ရှင်က ဇာတ်နာအောင် အိုဗာတင်းဖျော်ထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။) သူများတွေက အမနာပ ပုတ်ခတ်ပြောဆိုနေတာကို သူ ဂရုစိုက်လို့ မဟုတ်ပါဘူး။ သူကိုယ်တိုင်ရော သူ့တပည့်ရော သိထားတဲ့ ဘယ်သူ့အစွမ်း ဘယ်သူ့လက်ရာဆိုတဲ့ အောင်မြင်မှုကြီးကို သူတစ်ယောက်တည်း ခပ်တည်တည်နဲ့ မင်္ဂလာယူ သူကြီးဘုရား ရွာသားကောင်းမှု လုပ်ထားတာကို လိပ်ပြာမသန့်တဲ့အတွက် ချစ်တပည့်ကြီး ထွက်စာတင်တဲ့အခါ အရင်အခါတွေလို ချော့ချော့မော့မော့နဲ့ လိုက်ပြန်မခေါ်တော့တာပါ။

Vivien ဘက်က စိတ်နာတာကလည်း သူ့ကိုနေရာမပေးတဲ့ လူဖြူအသိုင်းအဝိုင်းကို မဟုတ်ပါဘူး။ အဖြူတွေက အမည်းကို နှိမ်တာ မထူးဆန်းဘူး။ နေသားကျနေပြီ။ နာစရာလို့ကို မမြင်တော့တာ။ ဒါပေမယ့်လည်း အောင်မြင်မှုရတဲ့အခါမှာ သူ့ဆရာသမားက သူ့ကို ဘယ်တော့ လှည့်ကြည့်မလဲ အရိပ်တကြည့်ကြည့်နဲ့နေတာတောင် ဟိုကသူ့ကို ပလစ်ကိတ်ကျွေးသွားတာကိုတော့ ရင်နာနေပုံရပါတယ်။ ညဘက်ကြီး အိမ်မှာ အိပ်လို့တောင် မပျော်ပဲ ဆေးရုံက သူ့ဆရာကို ဂုဏ်ပြုတည်ခင်းတဲ့ ညစာစားပွဲကို ဝိတ်တာယောင်ယောင်၊ ဘဲလ်ဘွိုင်းယောင်ယောင်နဲ့ မှောင်ရိပ်ထဲက ခိုးနားထောင်ပါတယ်။ တလောကလုံးကို ကျေးဇူးတင်တာတောင် သူ့နံမယ် သုဒ္ဓေါတစ်လုံးမပါတဲ့အတွက် မှောင်ရိပ်ထဲကပဲ မျက်ရည်ကျပြီး အိမ်ပြန်။ နောက်တစ်နေ့ ထွက်စာတင်သွားပါတယ်။ သူ ၁၅ နှစ်တိတိ သည်အလုပ်ထဲမှာ အိပ်မက်မက်ခဲ့တယ်။ ဘာဆိုဘာမှ ဖြစ်မလာဘူး။ “Thank you” လေး တစ်ခွန်းတောင် မကြားရဘူး။ လူမည်းတွေကို ဦးစားပေးလက်ခံတဲ့ တက္ကသိုလ်တွေမှာ ဆေးကျောင်းတက်ဖို့ သွားလျှောက်တယ်။ သူဘာတွေ ဘယ်လောက်ကြီး လုပ်ခဲ့လုပ်ခဲ့ ဆရာဝန်ဖြစ်ချင်ရင် ဟိုးအင်တာအစကနေ ပြန်တက်မှရမယ်။ မဖြစ်နိုင်တော့ဘူး။ အသက်က ၃၅ နှစ် ကလေးက သုံးယောက်။ လူမည်းတစ်ယောက်ရဲ့ ကန့်သတ်လစာအနေအထား။ သည်ဘဝအတွက်တော့ နှမလက်လျှော့နေလေဦးတော့ပဲ။ အဲ့သလိုနဲ့ ဆေးကုမ္ပဏီတွေမှာ ဆေးလိုက်ကြော်ငြာတဲ့အလုပ် လုပ်ကြည့်တယ်။ သူမပျော်ဘူး။ သူ့ကိုသိတဲ့ဆရာဝန်တွေနဲ့တွေ့ရင် ပိုဆိုးတယ်။ နောက်ဆုံးတော့ သူ့ဆရာဆီပြန်ပြီး နဂိုအလုပ်ပဲ ပြန်ပေးပါတော့ လို့ တောင်းပန်တယ်။

သူ့ဆရာကတော့ ရှင်းပါတယ်။ “ငါက မင်းနဲ့မတွေ့ခင်တုန်းကလည်း သည်အတိုင်းပဲ။ မင်းနဲ့အလုပ်လုပ်နေတော့လည်း သည်အတိုင်းပဲ။ မင်းထွက်သွားတော့လည်း သည်အတိုင်းပဲ။ အခု မင်းပြန်လာတော့မှ ပြောင်းလဲသွားမယ် ထင်လို့လား။ ဘာမှ ပြောင်းလဲစရာ မရှိဘူးနော် အရင်အတိုင်း ရှိနေမှာ။” လို့ ခပ်ကြောကြော ပြောပါတယ်။ ဒီနေရာမှာ Vivien ပြန်ဖြေတဲ့ စကားတိုတိုတုတ်တုတ်ကလေး တစ်ခွန်းတည်းနဲ့တင် ကိုယ့်မှာ ဟတ်ထိသွားပြီး သည်စာကို ထရေးမိပါတော့တယ်။ သူပြောတာ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ “It is not about you. It’s about work.” တဲ့။ ဆိုလိုတာက သူ ဒီအလုပ်ဆီပြန်လာရခြင်းအကြောင်းရင်းက သူ့ဘော့စ်နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ ဘော့စ်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အရင်အတိုင်းပဲ ဖြစ်ပစေ၊ ဂရုကိုမစိုက်တာ။ ဒါပေမယ့် ဒီအလုပ်ထဲမှာ သူလုပ်နေရတဲ့အလုပ်ကတော့ ပိုက်ဆံရချင်ရ မရချင်နေ။ နံမည် ဂုဏ်သတင်း ကျော်စောခြင်း ရှိချင်ရှိ မရှိချင်နေ။ လူတွေက အသိအမှတ်ပြုချင်ပြု မပြုချင်နေ။ သူ့လုပ်ရပ်သူ ကျေနပ်တယ်။ ဒီအလုပ်ထဲမှာ ဆရာဝန်တွေက သူ့ဆီမှာ သင်ကြားပါရစေ၊ အတူတူ လုပ်ခွင့်ပြုပါဆိုပြီး သူ့ဆီက ပညာကို တလေးတစား ရယူဖို့လာကြတာ။ အပြင်မှာဆို ကျနော့်ဆီက ဆေးကလေးတွေ ဝယ်ပါဆိုပြီး သူက လိုက်ခယရတာ။ ဘုရားသခင်က Blue Baby လေးတွေကို ကုစားနိုင်ဖို့ သူ့ကိုဖန်တီးခဲ့တယ်ဆိုတာဟာ သူ့အတွက် ဘာနဲ့မှ မလဲနိုင်ဘူးလေ။ ဝါခင်းထဲမှာ ကျွန်အဖြစ်မွေးဖွားလာခဲ့တဲ့ သူ့အဖိုး၊ တောနယ်ကလေးမှာ လက်သမားဆရာအဖြစ် အသက်မွေးတဲ့ သူ့အဖေဆီကနေ သူကိုယ်တိုင်ကတော့ ဘုရားသခင်ဖန်ဆင်းတော်မူသော ပြာဋိဟာတစ်ခု (Miracle) အဖြစ်နဲ့ နေရတာကို ကျေနပ်တယ် ဆိုပါတော့။

အောင်မယ်လေး။ ဇာတ်ထဲမှာတော့ မင်းသားလေးငို။ သည်အခန်းဟာ အလွမ်းဆုံးပါပဲ။ ကိုယ်တွေရဲ့ဘဝကလည်း Vivien နဲ့ အဖြစ်သနစ်တွေ တူလွန်းဆင်လွန်းလို့ မျက်ရည်တွေ ဗူးသီးလုံးလောက်ကို ကျမိပါတယ်။ ကိုယ်တွေ ဆရာဝန်လခနဲ့ အလုပ်ထဲမှာနေရတာလေ Vivien လိုပဲ။ အဲယားကွန်းပျက်လို့မှ အသစ်မလဲနိုင်ဘူး။ အိမ်ထောင်ကျစကတည်းက တပ်ထားတာ အခု သမီး ၁၈ နှစ်ပြည့်တော့မယ်။ ဖွင့်လိုက်ရင် အေးသာမအေးတယ် မိုးလုံးဟိန်း။ မိသားစု စားဝတ်နေရေး နေနေသာသာ သမီးမုန့်ဖိုး ကိုယ့်ဆီဖိုးနဲ့ လခတက်တက်ပြောင်ရော။ ဘောစိတွေ အဆူအဟောက်လောက်များဖြင့် ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း စုံလှလို့ ပျင်းတောင်ပျင်းသေးတယ်။ လူနာတွေဆီက ကျေးဇူးတင်ခံရဖို့ရော မှတ်နေလား။ Live ရိုက်ပြီးတင်မှာ ကြောက်လို့ သွားဖြဲလေးနဲ့ ဖားနေရတာ။ နံမယ်ကတော့ ကိုယ့်ဝါဒ်ထဲတက်တဲ့လူနာ၊ ကိုယ်ခွဲပေးတဲ့လူနာ၊ ကိုယ်စာသင်နေတဲ့ကျောင်းသားကတောင် ကိုယ့်ဘယ်သူမှန်းသိတာမဟုတ်။ ပင်စင်ယူဖို့ဆိုတာ ဆယ်နှစ်တောင် မလိုတော့ဘူး။ သူများတကာလို ပင်စင်ယူရင် ဘာကျန်ဖို့ ညာကျန်ဖို့ အဝေးကြီးပါလေ။ လောလောဆယ် လကုန်ရင်တောင် ကိုယ့်အိပ်ထဲ ပိုက်ဆံမကျန်လို့ အိမ်ကတောင်းသုံးရတာ။ ဒါနဲ့များ ဒီအလုပ်ပေါ်မှာ ဘာမက်စရာရှိလို့ ရူးရုးမိုက်မိုက် ဆက်လုပ်နေသလဲ။ ကိုယ့်ဘာသာ စဉ်းစားလို့ကို မရဘူး။ အခု Vivien ပြောလိုက်မှ လင်းကနဲ သဘောပေါက်သွားတာ။ ဟုတ်တယ်။ သူများနိုင်ငံတွေမှာ သွားလုပ်ရင် လူလိူသူလို နေရတယ်။ လူတန်းစေ့အောင် လစာရတယ်။ အပြင်ဆေးခန်းတွေမှာ ထွက်ရှာရင် ထူထူလိုလို ပါးပါးလိုလို လှီးတတ်ရင် လှီးတတ်သလို အူစိုတယ်။ သိတယ်လေ။ မလုပ်တာ။ ဒီအစိုးရဆေးရုံက လိမ်ဖယ်လိမ်ဖယ် လူနာတွေမှာ ကိုယ်ရှိခြင်းအားဖြင့် တစုံတရာ အထောက်အကူဖြစ်သွားတယ်၊ ချမ်းသာရာရသွားတယ်ဆိုရင် ဘယ်သူ အသိအမှတ်ပြုပြု မပြုပြု ကိုယ်လည်း သူတို့အတွက် ဘုရားပေးတဲ့ဆု ဖြစ်သွားတယ် မဟုတ်ဘူးလား။ တန်ပါတယ်။ ဒီတစ်ခွန်းတည်းနဲ့။ “It’s not about you. It’s about work.” ပါ။

ကုသိုလ်ကံပေး မရသေး။ နှောင့်နှေးဗျာပါ မရှိရာတဲ့။ အချိန်တန်တော့ အကျိုးမပေးတဲ့ကံ အကျိုးမပေးတဲ့စေတနာဆိုတာ ရှိကို မရှိပါဘူး။ ၁၉၆၄ မှာ Professor Blalock ကြီးက Columbia မှာ အလုပ်သွားလုပ်တော့မယ် ဆိုတော့ သူ့တပည့်ကျော် ပဲလှော်ကို လိုက်ခဲ့ဖို့ခေါ်တယ်။ Vivien က မလိုက်တော့ဘူး။ သူ ဒီမှာပဲ သူ့အလုပ်နဲ့သူ ပျော်ပါတယ်တဲ့။ နောက်ဆုံးတော့ Vivien ကို သူအလုပ်လုပ်တဲ့ John Hopkins University ကနေ Honorary Ph D ဘွဲ့ ပေးလိုက်ပြီး Dr Vivien Thomas အဖြစ်နဲ့ သူ့ဆရာဘေးနားမှာ ပုံတူပန်းချီကားကြီး ချိတ်ပေးလိုက်ပါတယ်။ “Blalock-Taussig Shunt Operation” ကိုလည်း သူ့နံမယ် ထပ်ဖြည့်ပြီး “Blalock-Thomas-Taussig Shunt” လို့ ဖတ်စာအုပ်ထဲမှာ အပြည့်အစုံ ရေးပေးလိုက်ကြပါတယ်။ သူလည်း သူ့အိပ်မက်တွေ တကယ်ဖြစ်လာသားပဲနော်။

ကဲ ဟိုးရှေ့မှာ ပြောခဲ့တဲ့ ထောင့်ကန်ဘောကလေးကို ပင်နယ်တီ ပြန်ပေးရအောင်ဗျာ။ လက်ရှိအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စတွေကို အိပ်မက်မက်တယ် ဆိုပါစို့။ ကိုယ့်ဘက်က အမှန်တရားကိုသာ မြဲမြဲမြံမြံ လက်ကိုင်ထားနိုင်လို့ရှိရင် ဘယ်လောက်ပဲ ရက်စက်ကြမ်းတမ်းတဲ့ မတရားမှုမျိုးကိုမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်အနိင်ယူနိုင်မှာပဲ။ အဲသည် အနိုင်ယူနိုင်တဲ့အချိန်ရောက်တဲ့အထိ ကိုယ့်သက်တမ်း မလောက်ငှလို့ သေသွားရမယ်ဆိုရင်တောင် တမလွန်ဘဝကို နောင်တ၊ သောက၊ ဗျာပါဒတွေ မပါပဲ လိပ်ပြာသန့်သန့် ကူးသွားလို့ရတယ်။ ကိုယ့်သားသမီးမျိုးဆက် ကျန်ခဲ့သူတွေကိုလည်း အရှက်ရစရာ၊ သိက္ခာကျစရာ၊ အမုန်း ရန်ကြွေး၊ အငြှိုးအတေးတွေ ချန်ထားမပစ်ခဲ့ဘူး။ အနေလည်းလှ အသေလည်းလှတဲ့ ဘဝမျိုးကိုရောက်တယ်ဆိုတာ ကိုယ်နဲ့ စိတ်တူသဘောတူ မနောဖြူ အူစင်းတို့ကို အားပေးစကား ပြောကြားလိုက်ပါတယ်လေ။ (မတူဘူးလို့ ပြောလိုက်တာနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်သွားမှာနော်။ ဟွင်းဟွင်း။ သေချာစဉ်းစား။)