ချန်ဂင်တို့စခန်း (၃၇)

မှုန်ရနံ့ငယ်နှင့်

ထုံပျံ့ငယ်သင်းကြူ

ဝန်းရံငယ်ဆူ

ခွန်းသံကြူရွှေပိတုန်းငယ်တို့

စုရုံးကာတောင်ဟုန်သံနှင့်

ဝဲပျံကာမြူးတော့တယ်လေး။

ပိတုန်းတွေမှ အသံဆူတာ မဟုတ်ပါဘူး။ ပုရစ်တွေက ပိုတောင်ဆူသေး။ ပုဇင်းရင်ကွဲတွေ ပါလာလို့ကတော့ နားတွေကို အူနေပြီသာမှတ်။ ဒီကြားထဲ ဖားတွေကလည်း အသံစုံကိုမြည်လို့။ တောထဲတောင်ထဲမို့လို့ တိတ်ဆိတ်ငြိမ်သက်နေမယ်လို့ ထင်ရင် အဲ့ဒါဟာ တော်တော်ကို မှားတဲ့အတွေးပါပဲ။ အကောင်ပလောင်တွေ ဘယ်လောက်ပေါတယ် မပေါတယ် စားလို့တောင် မကုန်နိုင်ပါဘူးဆို။ သူများအသက်တွေဘာတွေ ထွေလီကာလီ လျှောက်မစဉ်းစားနိုင်တော့ပါဘူး။ နောက်ဆုံးတော့ predators and preys ဆိုတဲ့ သဘာဝ အစာစက်ဝန်းနဲ့ပဲ မြင်မိပါတော့တယ်။ ကိုယ်တိုင်တော့ သတ်မစားဘူးပေါ့။ ဒါပေသိ ဖားကိုမြွေမြိုတာကတော့ သူ့သဘာဝအစာ လို့ပဲတွေးလိုက်တယ်။ ဒီတောဒီတောင်ထဲမှာ အမဲလိုက်တဲ့သတ္တဝါနဲ့ အစားခံရတဲ့သတ္တဝါနဲ့က မျိုးပြုန်းသွားတဲ့အထိ မဖြစ်ပဲ မျှတနေဖို့ပဲ လိုတယ် လို့တွေးတတ်လာခဲ့ပြီ။ တောတွေပြုန်းသွားလို့မဖြစ်ဘူး။ တောတွေပြုန်းကုန်ရင် သစ်ပင်တွေချည့်ပဲ အခုတ်ခံရလို့ ပြောင်တလင်းခါသွားတာ မဟုတ်ဘူး။ တောတွေတောင်တွေကို အမှီပြုနေထိုင်ကြတဲ့ သန်းပေါင်းများစွာသော သက်ရှိသတ္တဝါများစွာ ဂေဟစံနစ် ပျက်စီးသွားတယ်။ မျိုးတုံးပျောက်ကွယ်သွားတယ်ဆိုတာကို ကိုယ်တွေ့မျက်မြင် ခံစားနားလည်လိုက်ရတယ်။ အညာမှာ ရွာကုန်အောင် မီးလိုက်တိုက်နေတဲ့ မအလစစ်တပ်ပြုနေဆဲ အကုသိုလ်တရားတွေကို ကိုယ်တို့ကတော့ တောရိုင်းတိရစ္ဆာန် ပိုးကောင်မွှားကောင်ကလေးတွေအပေါ်တောင် မကျူးလွန်စေချင်တော့ဘူး။

မိုးတွေ တရစပ်ရွာပြီး ချောင်းရေတွေ တလဟောဆင်းလာတော့ ချောင်းထဲမှာ အမြဲတွေ့နေကျ ငါးကလေးတွေ အကုန် ရေစီးနဲ့ မျောပါသွားသလား မသိ။ ရေချိုးရင်း လူတောင်မျောမသွားအောင် မနည်းရပ်နေရတာ။ ချောင်းအောက်ပိုင်းရောက်ရင်တော့ ရေစီးပြန်နှေးသွားမှာပါ။ မြစ်ထဲကိုဝင်ရင်တော့ ရေကမကြည်နိုင်တော့ဘူး။ လက်ဘက်ရည်ကျဆိမ့်အရောင်ဖြစ်သွားပြီ။ မျောတွေမောင်းပြီး ရွှေကျင်ကြတာကိုး။ ဘာပဲပြောပြော ရေဦးရေဖျားကို ကြည်ကြည်လင်လင် သုံးခွင့်ရလိုက်လို့ စမ်းချောင်းကလေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ ရေတွင်းလေးလည်းပြီးပြီ ရေစစ်ကန်လည်းပြီးပြီဆိုတော့ နောက်တပါတ်လောက်ဆို တွင်းရေကိုပဲ သုံးတော့မယ်။ လူနာများတော့ ရေသုံးများတယ်။ ချောင်းနဲ့နီးပေမယ့်လည်း ဗွက်တောထဲကနင်းသွားရမှာမို့ သူတို့လည်း အလွယ်တကူ ဘုံဘိုင်ပဲ ဖွင့်သုံးကြတယ်။ လူနာစောင့်တွေ ချက်ပြုတ်စားသောက်ကြဖို့ မီးဖိုရုံလေးတစ်ရုံ ပြင်ထားပေးရတယ်။ ဒါပြီးရင်တော့ နောက်ထပ်လူနာဆောင်တစ်ဆောင် ထပ်ချဲ့ဖို့ ပြင်ရဦးမှာ။ မနက်ကတည်းက ဆေးခန်းပြဖို့ရွာကထွက်လာတဲ့ လူနာတွေခမျာ ညကြီးမိုးချုပ်မှ ဆေးရုံကိုရောက်လာလို့ ပြန်မလွှတ်ပဲ အိပ်စရာနေရာ စီစဉ်ပေးရတာပေါ့။ ဆေးရုံမှာ လူစည်တယ်မစည်တယ် ဆေးရုံဝတင် ခေါက်ဆွဲဆိုင် ၂ ဆိုင်ဖွင့်နေပြီ။ ရွာထဲကကလေးတွေက ဆေးရုံရှေ့လာဆော့ရင်း ပါးစပ်ကပြောသေးတာ။ “ဆေးရုံမှာ လူတွေအများရီးပဲဆိုလို့ လာကြည့်တာ။” တဲ့။

ကိုယ်ကတော့ အဲ့သလိုဖြစ်လာရင် ဆေးရုံကို ဆေးရုံလို့ မမြင်တော့ဘူး။ စက်ရုံတစ်ခုလို မြင်လာတယ်။ နေမကောင်းလို့ ရောက်လာတဲ့ လူနာတွေက ကုန်ကြမ်းတွေ။ နေကောင်းလို့ ပြန်ဆင်းသွားတဲ့သူတွေကတော့ ကုန်ချောပေါ့။ တက်လာလိုက် ဆင်းသွားလိုက် အစဉ်တစိုက် လည်ပတ်နေတဲ့ စက်ရုံတစ်ခု။ ကိုယ်တို့တွေက လုပ်သားတွေပေါ့။ များများမြန်မြန် ကုပေးနိုင်ဖို့ အရေးကြီးတယ်။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြတို့ ဘာတို့ မိုတီပေးရမလိုဖြစ်နေပြီ။ အရင်တခါစာရေးတုန်းက ထည့်ရေးတဲ့လူနာတွေက ကောင်းသွားပြီ။ ဆင်းကုန်ပြီ။ နောက်ထပ် လူနာအသစ်တွေ ရောက်လာပြီ။ တစ်မိုးတွင်းစာ မှန်းစုထားတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေ ပြိုက်ကနဲ လျော့ကုန်လို့ ပြန်မှာရဦးတော့မယ်။ ခုမှ မိုးဝင်တာ တစ်လရှိသေး။ လမ်းကတော့ ရေလမ်းပွင့်အောင် စောင့်နေတုန်း။ လှထုံတို့ရွာကတော့ လူနာလိုက်ပို့လို့ရအောင် လယ်ထွန်စက်ကို နောက်တွဲတပ်ပြီး Ambulance လုပ်ဖို့ စီစဉ်နေကြသတဲ့။ ကိစ္စမရှိပါဘူး။ နောက်လလောက်ဆို လှေနဲ့လာလို့ရတော့မယ်။

မနက်တုန်းကတော့ ရွာထဲကနေ သေသေချာချာလာဖိတ်လို့ ဆုတောင်းပွဲတစ်ခု သွားခဲ့တယ်။ ကလေးတွေရဲ့မူကြိုကျောင်းလေးပြန်ဖွင့်ပေးလို့ ဆုတောင်းပွဲလုပ်တာ။ တကယ်တော့ မူကြိုကျောင်းမှ မဟုတ်ပါဘူး။ ရွာမှာ အလယ်တန်းကျောင်းလေးလည်း ရှိတယ်။ အဲ့ဒီကျောင်းလေးလည်း ပြန်ဖွင့်တာ။ ဘယ်သူ့တိုက်တွန်းချက်နဲ့မှ မဟုတ်ပဲ သူ့သဘောနဲ့သူဖွင့်တာပါ။ ဒါပေမယ့် တိုက်နယ်မှူးကတော့ မိန့်ခွန်းပြောတယ်။ သူတို့အနေနဲ့ ကလေးတွေ ကျောင်းဖွင့်ခြင်း မဖွင့်ခြင်းအပေါ်မှာ ဘာဖိအားနဲ့မှ တိုက်တွန်းတာ ကန့်ကွက်တာ မလုပ်ပါဘူးတဲ့။ သို့သော်လည်း ကျောင်းဖွင့်ခြင်းကို စစ်ကောင်စီအပေါ် အလိုတူထောက်ခံခြင်းလို့ အဓိပ္ပါယ်မကောက်ယူပါနဲ့တဲ့။ ဒီပြည်နယ်တစ်ခုလုံးက စစ်ကောင်စီကို လုံးဝမထောက်ခံကြောင်း အတိအလင်း ပြောထားပြီးသားပါတဲ့။

နောက်ထပ် အဓိပ္ပါယ်ကောက် မလွဲစေချင်တာကတော့ ကျောင်းဖွင့်တယ်ဆိုတာ ကလေးတွေကို စာသင်ဖို့သက်သက်တစ်ခုတည်း မဟုတ်ပါဘူးတဲ့။ ကလေးတွေဖွံ့ဖြိုးမှုအတွက် သူတို့ရှိသင့်ရှိထိုက်တဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှိနေစေချင်တာတဲ့။ စာမသင်ပါဘူး။ ဆော့မယ်။ ကစားမယ်။ သီချင်းသင်မယ်။ ကျမ်းစာသင်မယ်တဲ့။ ဒါပေမယ့် ကျမ်းစာသင်တာ ခရစ်ယာန်ဘာသာပြောင်းဖို့မဟုတ်။ ကလေးတွေလိမ်မာအောင် ဆုံးမဖို့ပါပဲတဲ့။ ဘယ်ဘုရားသခင်ပဲဖြစ်ဖြစ် ကလေးတွေကို လိမ်မာယဉ်ကျေးအောင်ပဲ ဆုံးမပါတယ်တဲ့။

အကျိုးဆောင် သင်းအုပ်ဆရာတော်ကတော့ “ဆရာဝန်ကြီးလည်း ကိုယ်တိုင်လာတာ ကလေးတွေ နဲ့ မိဘတွေအတွက် စကားလေးပြောပေးပါဦး။” တဲ့။ ပါရဦးမှာလား။ ခက်ကပြီ။ ဒီကလေးတွေက ဆေးရုံ လာမပြဖူးတဲ့သူ ရှိကိုမရှိဘူး။ သူတို့ပဲ နံမည်ပေးထားတာ။ ဖိုးဖိုးဆရာဝန်ကြီးတဲ့။ ဒီကလေးတွေနဲ့ပါတ်သက်ပြီး ဖြစ်စေချင်တာကို ဆုတောင်းပေးရမယ်ဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ ကလေးလေးတွေ ဖြစ်ပါစေ လို့ပဲ ဆုတောင်းပေးလိုက်တယ်။ စစ်ရှောင်နေရတဲ့ ဥကွဲသိုက်ပျက်ကလေးတွေလို ကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာ မရစေချင်ဘူး။ ဘေးကင်းလုံခြုံစေချင်တယ်။ ဒီရွာမှာ ဗမာစစ်တပ်မရှိတာ အဲ့ဒီကလေးတွေအတွက် ဘုရားသခင်စောင့်ရှောက်တဲ့ ကောင်းချီးမင်္ဂလာ လို့ ပြောရမယ် ထင်တယ်နော်။ စစ်တပ်ရှိတဲ့အရပ်ဟာ ပြည်သူတွေအတွက် မလုံခြုံဘူး။ ကျောင်းသားအရွယ် လူမမယ်လေးတွေအတွက်လည်း မလုံခြုံဘူး။ ဆရာဝန်တွေအတွက်တောင် မလုံခြုံလို့ ရန်ကုန်က ဆရာဝန်ကြီး အဲ့ဒီကိုရောက်နေရတာ မဟုတ်ဘူးလား။ နောင်သောအခါမှာ ဒီအရပ်မှာ ဆေးလာကုပေးသွားတဲ့ ဆရာဝန်ကြီးတစ်ယောက်က ဒီရွာက ကလေးလေးတွေကို ဘယ်လိုဖြစ်လာစေဖို့ မျှော်မှန်းသလဲဆိုရင် အများကြီး မျှော်လင့်မထားပါဘူး။ ပျော်ရွှင်ကျန်းမာသောကလေးဘဝကို လွန်မြောက်ပြီးတဲ့နောက်၊ ဘဝမှာ ဘာပဲဖြစ်လာဖြစ်လာ ပျော်ရွှင်ကျန်းမာသော လူသားတစ်ယောက်အနေနဲ့ ရှင်သန်နေထိုင်သွားဖို့ကိုပဲ အလိုရှိပါတယ်။

သို့သော်လည်း ဒီကလေးတွေထဲကနေ လုံးဝ (လုံးဝ) ဘယ်တော့မှ ဖြစ်မလာစေချင်တဲ့ လူစားတစ်မျိုးတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဟောဒီရပ် ဟောဒီရွာ ဟောဒီပြည်နယ်ကနေ မင်းအောင်လှိုင်လို စိတ်ဓါတ်ရှိတဲ့ လူစားမျိုး ဘယ်သောအခါမှ ထွက်ပေါ်မလာပါစေနဲ့လို့ ဆုတောင်းပေးလိုက်တယ်။ မိဘတွေ ဆရာတွေကလည်း အဲ့လိုလူမျိုးနဲ့ နည်းနည်းလေးမှ တူမသွားအောင် သွန်သင်ဆုံးမပေးကြပါ လို့ မှာလိုက်တယ်။ တကယ်တော့လေ ဒင်းက ကမ္ဘာလောကတစ်ခုလုံးမှာ နောက်ထပ်မရှိသင့်တဲ့ လူစားမျိုးပါပဲ။ မယုံရင် စစ်တမ်းကောက်ကြည့်။ သန်း ၅၀ လုံး တသဘောတည်းရှိလိမ့်မယ်။

ဒီရပ် ဒီရွာမှာ ကလေးတွေ ကျောင်းတက်နိုင်တာရော ကိုယ်တို့ ဆရာဝန်ဆရာမတွေ ဆေးရုံဖွင့်ပြီး ဆေးကုနိုင်တာရောဟာ စောစောကပြောခဲ့ပြီးသလိုပဲ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ် အရေးယူခြင်းမပြုနိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေက ကာကွယ်ပေးထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ နို့မို့လို့ကတော့ ကြာပေါ့။ လောက်တောင်မလောက်ဘူး။ နောက်အကြောင်းတစ်ခုကတော့ သူတို့အတွက် နဂါးလှည့်မသင့်တဲ့အရပ်မို့ ဖြစ်မှာပေါ့လေ။ နဂါးခံတွင်းမို့ မဆင်းဝံ့သလားမှ မသိတာ။

ဗိုလ်မှူး ဗိုလ်ချုပ်အောက်ကိုဆင်းရင် အိုနာကျိုးကန်းတောင် ကင်းပြည့်အောင်မကာနိုင်တဲ့စစ်တပ်ဟာ EAOs တွေနဲ့ အပစ်ရပ်ပြီး NUG / PDF ကို ပယ်ပယ်နယ်နယ်နွှာဖို့ ကြံပါတယ်။ သူတို့ကိုတကယ်တမ်း အမြစ်ပြတ်အောင် ချေမှုန်းမယ့် ရန်သူဟာ ဒီဟာတွေပဲ ရှိတာကိုး။ အဲဒါကြောင့် သူ့ရန်သူရှိတဲ့ မြောက်ပိုင်း နဲ့ တောင်ပိုင်း၊ နှစ်ပိုင်းခွဲပြီး အသေအလဲ ထိုးစစ်ဆင်တာပေါ့။ အဓိကပစ်မှတ်ထားတာကတော့ PDF စခန်းတွေပါပဲ။

မြောက်ပိုင်းရဲ့ အဓိက player က KIO / KIA ဖြစ်ပြီး သူတို့က ဖြစ်နိုင်ရင် ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲမဖော်ဆောင်ပါဘူး။ စစ်ကိုင်းထဲဝင်တိုက်တာပါ။ သူတို့အနေနဲ့မတိုက်ပဲ PDF အနေနဲ့ပဲ တိုက်ပါတယ်။ ကစထမှူးတွေ တစ်ဆက်ပြီးတစ်ဆက် ပြုတ်ထွက်ကုန်အောင် လက်သံပြောင်သလို ရွာပေါင်းများစွာ ပြာပုံဖြစ်သွားတဲ့အထိ စစ်တပ်ဘက်ကလည်း မြေလှန်ပစ်ပါတယ်။ အကျိုးဆက်ကတော့ KIA တပ်ရင်းတွေမှာ PDF တွေ ဝင်လာမစဲ တသဲသဲဖြစ်ကုန်တာပါပဲ။ ဒါပေမယ့်လည်း ကချင်တွေအနေနဲ့ မန္တလေး နဲ့ နေပြည်တော်ကို တက်သိမ်းမယ့် အလားအလာတော့ မမြင်ပါဘူး။ “လိုင်ဆာကို ဗုံးကျဲမယ်။” ပြောတုန်းကတော့ “ကျဲကြည့်လေ။ ဒါဆိုလည်း KIA ဌာနချုပ်ကို နေပြည်တော်မှာ ပြောင်းထိုင်လိုက်မှာပေါ့။” လို့ ပြောဖူးပါတယ်။ အခုတော့ လိုင်ဆာကို တိုက်ရိုက် ဗုံးမကျဲသေးလို့ နေပြည်တော်ကိုလည်း ဘေးမဲ့ပေးထားတဲ့သဘောပဲနဲ့တူပါတယ်။

လိုရင်းပြောရရင် မအလဟာ ကချင်ပြည်နယ်ကို ထိုးစစ်မဆင်ရဲဘူး။ မဆင်နိုင်ဘူး။ သို့သော် ကချင်ပြည်နယ်ကလည်း မအလ လက်နက်ချရတဲ့အထိ ရှိသမျှ စစ်အင်အား အလုံးအရင်းနဲ့ ဝင်တိုက်ပေးမှာ မဟုတ်ဘူး။ ကွန်ချက်တော့ ပြပေးပါတယ်။ ဟင်းစားတော့ ကိုယ့်ဘာသာ ရှာရမှာ။ တိုက်။ ကိုယ့်ဘာကိုယ်တိုက်။ ဘာလိုလဲ။ ကူနိုင်ကူမယ်။ နိုင်ပြီဆိုတော့ပြော။ အောင်ပွဲခံကြမယ်။ ရှုံးရင်တော့ မင်းကိုငါမသိဘူးပဲ။ ချင်းတွေရော အညာသားတွေရော စစ်ရေးအရ အသာစီးရပေမယ့် ကျေးလက်ရပ်ရွာတွေ စိစိညက်ညက်ကျေပါတယ်။ ဗိုလ်နဂါးကိုဆို ကြောက်လိုက်တာမှ ဖိန့်ဖိန်ုတုန်လို့။ အင်းတော်ကြီးမှာတောင် တပ်သားတွေမိုင်းစာကျွေးပြီး နဂါးနာမ်နှိမ်ပွဲ လိုက်လုပ်ရတာ။ (နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ် မထင်။)

တောင်ပိုင်းမှာတော့ ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်မှာ NUG အစိုးရအဖွဲ့တွေရဲ့ ဌာနချုပ် နားခိုရာဖြစ်လိမ့်မယ်အထင်ရှိလို့ ရှိသမျှအင်အား အကုန်သုံးပြီး အလုံးအရင်းနဲ့ ထိုးစစ်ဆင်ပါတယ်။ နိုင်ငံခြားများရောက်သွားရင် ကြေးစားလူသတ်သမား ငှါးပြီးတော့တောင် လုပ်ကြံသတ်ဖြတ်ဖို့ခိုင်းပါတယ်။ (သူတို့လုပ်တတ်တာလည်း ဒါပဲ ရှိတာကိုး။) ဒါပေမယ့်လည်း ခုချိန်ထိတော့ ပိုင်ဖြိုးသုလွှင့်ပစ်တဲ့ စီးကရက်အစီခံတောင် လိုက်မကောက်နိုင်ပါဘူး။ “အို မကြားချင်ဘူး မကြားချင်ဘူး။ အဆိပ်တွေ အဆိပ်တွေ။” လုပ်နေရတယ်။

မေလ ၉ ရက်နေ့နောက်ပိုင်းမှာ သူတို့ရဲ့စစ်ဆင်ရေးဗျူဟာတွေကို ထုံးတို့ပြီးမှတ်ထားရင် ကျည်ကုန်နေတာလား ဆီကုန်နေတာလား တစ်ခုခုပဲလို့ တွေးစရာဖြစ်ပါတယ်။ ဘယ်လက်နက်ကိုင်နဲ့မှ ကျားကုတ်ကျားခဲ ရင်ဆိုင်တိုက်ခိုက်တာ မရှိတော့ပါဘူး။ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ပြီး အရပ်သားကိုပဲ ချေမှုန်းတယ်။ စစ်ကြောင်းထိုးရင်း မိုင်းနင်းမိရင် လှည့်ပြေးပြီး အနားရှိသမျှရွာတွေ ပတ်ရှို့တယ်။ သူ့ဘက်ကစစ်သားအကျအရှုံးတွေကလည်း တမင်ထိုးကျွေးသလား လို့တောင် အောင့်မေ့ရ။ “ရဲဘော်မသေ သေသော်အလောင်းမကောက်” ဆိုတာ သူ့လက်ထက်မှပဲ ကြားဖူးတဲ့စကား။ သူ့လူသူ စိတ်ဓါတ်မကျအောင် ဆိုက်ဝါးလုပ်တဲ့အနေနဲ့ ဖမ်းမိပြီးသားလူတွေ သေဒဏ်ချပြရတယ်။ အသစ်ထပ်ဖမ်းပြနိုင်တာမဟုတ်။ သူတို့ဘက်က တက်စရာတင်စရာ သတင်းမရှိရင် ဇော်မဲလုံးကြီးကို ဖာတန်းက ဆင့်ထားတဲ့ သတင်းထောက်အတုတွေနဲ့ လိလိလလတွေ အပြောခိုင်းပြီး စစ်မြှူနေရတယ်။ စစ်တုရင်ကစားသလို ကျားကွက်ရွှေ့သလို ပြောရရင် သူတို့မှာ ရွှေ့စရာအကွက်ကုန်ပြီး ချောင်ပိတ်မိနေပြီ။ သူ့တပ်သူပြန်နင်းထားရတာလည်း လေချုပ်ရော ရဲချုပ်ရော ပြုတ်ထွက်သွားပြီ။ အရေးထဲ လေတပ်သား နဲ့ ရဲစခန်းမှူး ထချလို့ ရဲတွေက အုံကြွမယ်တကဲကဲ။

“အရှုံးမပေးမချင်း ငါတို့နိုင်တယ်။” ဆိုတဲ့စကားဟာ အခုချိန်မှာတော့ စစ်သားတွေ မျက်ရည်စက်လက်နဲ့ အချင်းချင်းအားပေးပြီးပြောရမယ့်စကား ဖြစ်သွားပြီ။ မတွေ့ဘူးလား။ ဇော်မဲလုံးကြီးကအစ အလွတ်ကျက်နေရတာ။ ကိုယ့်ကိုယ်ကိုယ် ရှုံးမှန်းမသိပဲ ဆေးလိပ်လာတောင်းသောက်မယ့် မိအောင်လှိုင်ကြီး နဲ့ ဖက်ငိုရင်း ပြောကြပေတော့ကွာ။ ဒီတခါ ဘက်ဂရောင်း မြူးဇစ်ကိုတော့ ကျားပေါက်ကို မရေးခိုင်းတော့ဘူး။ ဗုံထောက်သံကလေးနဲ့ မြူးမြူးကလေး မသာချပေးမယ်။ ဟဟပေးမယ့်သူချည့်ပဲ သန်း ၅၀ ရှိမှာ မဟုတ်ဘူးလားလို့။ ပန်းခွေတွေ အမွှေးတိုင်တွေ ကြိုင်လို့နေမှာပဲ။

“သော်ကနှင်းဆီ

သင်းကြည်ကြိုင်လှိုင်အေး

ဂန္ဓာရုံ ဂန္ဓာရုံ ဂန္ဓာရုံ ဂန္ဓာရုံ

ဂန္ဓာရုံထုံသင်းငယ်

ထုံသင်းငယ် မွှေး။