“လူဆိုတာ အမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးရတာပဲ။” ဆိုတဲ့ အဆိုတော်ကြီးက ဘာတွေကို ယုံကြည်ပြီး ဘာတွေကို စတေးသလဲတော့ ကိုယ်လည်း မပြောတတ်ပါဘူး။ ကိုယ်ကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ ကံ၏အကျိုးကိုပဲ ယုံကြည်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဘဲစားဘဲချေ မရှိဘူး။ ကိုယ်စိုက်တဲ့အသီး ကိုယ်စားရမှာ။ သူတပါးအသက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့သူတွေဟာ တချိန်ကျရင် သူတို့ကိုယ်တိုင်သေခြင်းဆိုးနဲ့ သေရမှာချည့်ပဲ။ ဝဋ်ဆိုတာ ကြာချင်သာကြာမယ်။ မလာပဲတော့ မနေဘူး။ “ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့၊ ဘုန်းကြီးသက်ရှည်၊ ၉၀ တန်းအထိ နေသွားသားပဲ။ ဝဋ်လည်းလည်တာ မမြင်လိုက်ပါဘူး။” လို့ မအောင့်မေ့နဲ့။ ဒီတစ်ဘဝတည်းနဲ့ ပြီးသွားတဲ့ ကိစ္စမှ မဟုတ်တာ။ ဘယ်ငရဲမှာ ဘယ်နှစ်ကမ္ဘာခံစားနေရသလဲ ကိုယ်လည်း လိုက်ကြည့်နိုင်တာ မဟုတ်။ ကိုယ့်အကြောင်း၊ ကိုယ့်ကံပဲ အာရုံစိုက်ကြရအောင်နော့။
ကပ်ကြီး ၃ ပါးနဲ့ကြုံတွေ့ဖြတ်သန်းနေရပြီး ခေတ်ဆိုးခေတ်ကြပ်ကြီးထဲမှာ အကုသိုလ်ကောင်ကြီးတွေကို ဆန့်ကျင် တော်လှန်နေရပေမယ့် ကောင်းရာ ကောင်းကြောင်းပဲ လုပ်ခွင့်ရနေသူမို့လို့ ကိုယ့်အတွက်ကလည်း အကျိုးပေးကောင်းနေတာပါ။ လူသတ်တဲ့ဘက် မဟုတ်ဘူး။ လူကယ်တဲ့ ဆေးကုတဲ့ဘက်က။ မီးရှို့ဗုံးကြဲတဲ့ဘက်က မဟုတ်ဘူး။ တည်ဆောက်ထူထောင်တဲ့ဘက်က။ ခိုးဝှက်လုယူတဲ့ဘက်က မဟုတ်ဘူး။ လှူတန်းပေးကမ်းတဲ့ဘက်က။ ဘူးကွယ် လိမ်ညာ လှည့်ဖြားတဲ့ဘက်က မဟုတ်ဘူး။ မှန်ရာပြောတဲ့ဘက်၊ အမှန်တရားကိို ဖော်ထုတ်တဲ့ဘက်က။ “ကိုယ်ပြုသောကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမည်” ဆိုရင် ကိုယ်တို့မှာ ကောင်းကျိုးချမ်းသာတွေချည့် ရဖို့ရှိတယ်။ သူတို့မှာ ၅ နှစ်စာ အကုသိုလ်အထုပ်ကြီး မနိုင်မနင်း ရှိသလို ကိုယ့်မှာလည်း ဒီ ၅ နှစ်စာ ကောင်းမှုကုသိုလ်တွေ တပုံတပင်ကြီး ရှိတယ်။ အဲ့ဒါ ကိုယ့်ရဲ့ ယုံကြည်ချက်ပါ။
သူများတကာတွေ ယုံကြည်ချက်အတွက် အသက်ကိုစတေးတယ် ဆိုတာကိုယ့်အသက်ကိုယ် မစတေးကြပါဘူး။ အောက််လက်ငယ်သား၊ ရဲဘော်တွေရဲ့အသက်၊ စမထတပ်သားသစ်တွေအသက်၊ ပြည်သူတွေရဲ့အသက်ကို စတေးပစ်တာ။ ကိုယ့်ဘက်ကတော့ ယုံကြည်ချက်အတွက်စတေးခဲ့တာ ဘာတွေဖြစ်မလဲ ကိုယ့်ဘာသာအသိဆုံးပဲ။ သူများတွေလည်း သိကြမှာပဲ။ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေပဲ ရှိရှိ၊ ယုံကြည်ချက်ကို သစ္စာမဖောက်ပဲ ခရီးဆုံးလျှောက်မယ့်သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။အဲ့ဒီအခါကျတော့ ယုံကြည်ချက်တွေက ခံယူချက်ဖြစ်သွားပြီး မယိမ်းမယိုင် ရပ်တည်နိုင်တာပေါ့။ ကိုယ့်ရဲ့ ယုံကြည်ချက် ခံယူချက်တွေအရ အမှားအမှန်ခွဲခြားပြီး မှန်တဲ့ဘက်က ၊ ရပ်တည်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံမှားသံသယ ရှိလာရင် ကိုယ်နဲ့အတူရပ်တည်နေသူတွေက ဘယ်သူတွေလဲပြန်အကဲခတ်ပါတယ်။ အဲ့ဒီအခါကျတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အနီးအနားမှာ ဘယ်လိုလူတွေ ရှိသလဲဆိုတာ မြင်လာပြီး ဆန့်ကျင်ဘက်အသိုင်းအဝိုင်းမှာ ဘယ်လိုဟာတွေ ဝိုင်းအုံ ဝန်းရံနေကြသလဲ တွေ့ရတာပေါ့။ အဲ့လိုနည်းအားဖြင့်လည်း ကိုယ့်ရဲ့ရပ်တည်ချက် မမှားဘူး လို့ သိနိုင်တာပေါ့။ ရုပ်ချော သဘောကောင်း၊ သူတော်ကောင်းကလေးတွေက ကိုယ်ရှိတဲ့ဘက်မှာနေ။ ရုပ်ဆိုး၊ ပုတ်သိုး၊ သူခိူးကြမ်းပိုးတွေက စစ်တပ်ရှိတဲ့ဘက်မှာနေ။ သဘောပါတယ် မှလား ပရိသတ်ကြီး။
ကိုယ့်လျှောက်ခဲ့တဲ့လမ်းက ပင်ပန်းကြမ်းတမ်းပါတယ်။ ရောက်လည်း မရောက်နိုင်သေးဘူးလား။ အခုရော ဘယ်အခြေအနေရောက်ပြီလဲ လို့ မေးလာတဲ့အခါမှာ ကိုယ်ကတော့ မကြားရတာကြာပြီဖြစ်တဲ့ ကိုယ်တို့မေမေရဲ့ စကားတစ်ခွန်းနဲ့ပဲ ပြန်လည်ဖြေကြားလိုပါတယ်။ “We are on the way to Democracy.” တဲ့။ ကိုယ်တို့တော်လှန်ရေး မပြီးသေးပါဘူး။ အရေးတော်ပုံလည်း မအောင်မြင်သေးပါဘူး။ ဒါပေမယ့် ကိုယ်တို့ဦးတည်လျှောက်လှမ်းနေတဲ့လမ်းကြောင်းက ပန်းတိုင်နဲ့ သွေဖည်သွားခြင်း မရှိပါဘူး။ တစ်လှမ်းချင်းပဲ တက်တက်၊ တစ်လံချင်းပဲ တိုးတိုး၊ လားရာတုရူက ပြောင်းမှ မသွားတာ။ ဒီနေ့မရောက်၊ နက်ဖြန်ရောက်မယ်။ အခုမရောက်သေးလည်း မကြာခင်ရောက်တော့မယ်။ ရပ်မနေဘူး။ နောက်ပြန်လှည့်မသွားဘူး။ ပြိုလဲကျရှုံးမသွားဘူး။ အရွေ့တွေအများကြီး ရှိခဲ့ပြီ။ ခရီးတွေ အများကြီး ပေါက်ခဲ့ပြီ။
သေချာပါတယ်။ ကိုယ်တို့က ဘယ်မင်းလောင်းမှ နန်းမတင်ဘူး။ ဘယ်သူ့ကိုလိုနီအောက်မှ ကျွန်မခံဘူး။ စစ်ဗိုလ်စစ်သားတွေ မတရားသဖြင့် တိုင်းပြည်အုပ်ချုပ်တဲ့စံနစ်ကိုလည်း အလိုမရှိဘူး။ ကိုယ်တို့လိုချင်တာ ပြည်သူ့အင်အား၊ ပြည်သူ့ထောက်ခံမှု၊ ပြည်သူ့ဆန္ဒမဲရတဲ့ ကိုယ်စားလှယ်တွေ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ ဒီမိုကရေစီစံနစ်ကိုပဲ ဦးတည်တာပါ။ အခု ကိုယ်တို့ အဲ့ဒီလမ်းပေါ်မှာ ရောက်နေပြီ။ ဟုတ်သလား မဟုတ်သလား။ ကြည့်ရအောင်။
ဘဘကြီးဦးနေဝင်းခေတ်တုန်းက ဆိုရှယ်လစ်လူ့ဘောင်ကြီးတည်ဆောက်ပါမယ် ကြွေးကြော်ပြီးမှ “ငါလည်းမင်းလောင်း ထီးဖြူဆောင်း” ဆို မဟာဆီ၊ မဟာသွေး၊ မဟာသုက်တွေနဲ့ နှောချင်လို့ ရတနာနတ်မယ်ဘွဲ့ နဲ့ မိဖုရားမြှောက်ခဲ့သေးတယ်။ အဲ့ဒါ ဆိုရှယ်လစ်လမ်းစဉ်ကြီးနဲ့ တည့်သလား မတည့်သလား ကိုယ့်ဘာသာကိုယ်ပဲ ပြန်စဉ်းစားချေတော့။ ဘဘဦးစောမောင် ဆို ပုဂံဘုရားတွေဖူးပြီး သူ့ကိုယ်သူ ကျန်စစ်သားမင်းကြီးပါဆိုတဲ့အကြောင်း တွေ့သမျှလူ လက်ဆွဲ၊ ကွက်စိပ်ဟောသွားတယ်။ ကိုယ့်တိုင်းပြည်ကိုယ် ရူးရတာအားမရလို့ ရုရှားမှာ သောမကြွက်မင်းဇာတ်တော် ဟောပြီး ဇာတိဿယဉာဏ်ပဲ ရသလိုလို ထမင်းလွတ်ရူးပြတဲ့ကောင်က ရှိသေး။ ဒီကောင်တွေနောက်ပြန်လှည့်သလား မလှည့်သလား။ ကိုယ့်အိမ်ကိုယ် ပြန်ကြည့်စမ်းပါ။ ပက်ဆိုးဒင့် နဲ့ ဆင်ချေးတုံး သုံးပြီး စားအုန်းဆီတန်းစီတဲ့ခေတ်ကို ပြန်ရောက်နေတဲ့ဟာ။ လည်တော့လည်ပါတယ်။ နောက်ပြန်ကြီး။ ဒီကောင်တွေနောက်ကို လိုက်သွားရင် ဒီတိုင်းပြည် ဘယ်ကိုရောက်မှာလဲ မစဉ်းစားမိဘူးလား။ ကိုယ်တို့ကတော့ အရောက်မခံနိုင်ဘူး။ သူတို့အောက်မှာလည်း မနေဘူး။ ကိုယ်တို့သွားနေတဲ့လမ်းကြောင်းဟာ “On the way to Democracy” ဆိုတဲ့ လမ်းနဲ့ကိုက်တယ်။ လမ်းမပျောက်ဘူး။ ရောက်ကိုရောက်မှာ။ မလိုက်ချင်တဲ့ကောင်တွေ နေရစ်ခဲ့။
သူများနိုင်ငံတွေမှာ ပြည်သူတွေ တခဲနက်အုံကြွ ဆန္ဒပြရင် ဘယ်အစိုးရမှ တင်းမခံနိုင်ဘူး။ နီပေါ၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း။ ကြိုက်တဲ့ နိုင်ငံကိုကြည့်။ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဆိုတာ အဲ့လိုနိုင်ငံမျိုးတွေမှာသာ လုပ်လို့ရပါတယ်။ အာဏာသိမ်းပြီးစကတည်းက အာဆီယံ ၁၀ နိုင်ငံစလုံးခေါ်ပြောတာ “5 Consensus” ဆို။ ခုထက်ထိ ဘယ်တစ်ခွန်းကိုမှ ဖင်ကြားမညှပ်တာ။ ဆွေးနွေးလေ။ ကိုယ့်ဘာသာကိုယ်ဆွေးနွေး။ အဖြေထွက်တော့ လာပြော။ ဟုတ်ပြီလား။ မပြောတဲ့စကားတွေကို ပြောတယ် လို့ သတင်းစာထဲထည့်တယ်။ ပြောတဲ့စကားတွေကို “ဘယ်တုန်းကပြောဖူးလို့လဲ” ဘူးခါငြင်းဆန်တယ်။ ငလျင်ကယ်ဆယ်ရေးအတွက် ပေးတဲ့အလှူငွေတွေကို ဗုံးဝယ်ပြီး စာသင်ကျောင်းတွေ လိုက်ကြဲတယ်။ ဒီကောင့်ကို ငြိမ်ဝပ် အောင် ဆုံးမနိုင်တဲ့ဇ ရှိရင် တက်လာခဲ့စမ်းပါ။ ဖိတ်ခေါ်ပါတယ်။ Dialogue ဆိုတာ အနည်းဆုံး နှစ်ဦးနှစ်ဘက် ပြောရတဲ့စကား။ သူ့ဘာသူ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်၊ သဘောတူ၊ နားထောင်၊ လက်မှတ်ထိုးပေးရတာ ကမ္ဘာမှာ ရှိဖူးသလား။ NCA ဆယ်နှစ်ပြည့်ပွဲပဲဖြစ်ဖြစ်၊ KK Park ဝင်ရောက်စီးနင်းပွဲပဲဖြစ်ဖြစ်၊ အဆစ်အပိုင်းလိုက် သေနတ်နဲ့ချိန်ပြီး မဲပေးခိုင်းတဲ့ အတုအယောင်ရွေးကောက်ပွဲပဲဖြစ်ဖြစ်။ for show တွေ ချည့်ပဲလေ။ ကျောင်းတော်ရာဘုရားမှာ အကြွေစေ့ထည့်ရင် တစ်ပါတ်ပတ်ပြတဲ့ အရုပ်ကလေးများလို တောင်လှည့်မြောက်လှည့် ပြောချင်ရာတွေပြောပြီး သတင်းရေးတင်တာ။ ပိုက်ဆံလိမ်မှ လိမ်တာလား။ တနိုင်ငံလုံးကို ဗြောင်လိမ်ဗြောင်စား အနိုင်ကျင့်နေတာရော နိုင်ငံရေးကျားဖျန့် လို့ မခေါ်ဘူးလား။ မြန်မာနိုင်ငံသား သန်း ၅၀ က ကူညီကယ်တင်ဖို့ မထိုက်တန်ဘူးလား။
ထားပါတော့လေ။ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးမို့ တခြားနိုင်ငံတွေက ကူညီချင်လည်း ရတယ်။ မကူညီချင်လည်းရတယ်။ ကိုယ့်နိုင်ငံအရေးမို့လို့ ကိုယ်မလိုချင်တဲ့ အာဏာရှင်ကို ကိုယ့်ဘာသာကိုယ်ပဲ ဆန့်ကျင်တော်လှန်ရမှာပေါ့။ မတော်လှန်ပဲ ခံဝန်ထိုးပြီး အလုပ်ပြန်ဆင်းရင် စစ်အာဏာရှင်အောက်ကို ပြန်လည်ခိုဝင်သွားတာဖြစ်တဲ့အတွက် နောက်ကြောင်းပြန်လှည့်သွားတာပဲ။ အဲ့ဒီနည်းအားဖြင့် ဘယ်တော့မှ ဒီမိုကရေစီ မရနိုင်ဘူး။ ၈၈ ကတည်းက ကြုံခဲ့ပြီးသား။ ကိုယ်တို့ကတော့ အဲ့ဒီဆိုးကျော့သံသရာထဲက ရုန်းထွက်ခဲ့ပြီ။ ကိုကိုကြီးတို့၊ စန္ဒာမင်းတို့လိုလည်း စစ်ဘိနပ်ဦး နဖုးနဲ့တိုက် မခစားဘူး။ ဒါကြောင့် “I am on the way to Democracy.” လို့ ရဲရဲကြီး ပြောလို့ရတယ်။ လမ်းမမှားဘူး။ မျက်စိမမှောက်ဘူး။ ရောက်ကိုရောက်ရမယ့် ခရီး။ ဒီခရီးကို ကိုယ်တို့အမေသက်တမ်းတဝက်လောက် အကျဉ်းစံဘဝနဲ့နေပြီး နိုင်ငံရေးနည်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့တယ်။ နောက်ဆုံး ထောင်ထဲပြန်ဝင်ပြီး နောက်ကြောင်းပြန်လှည့်သွားတယ်။ အဲ့ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖောက်ထွက်နေကြရတယ်လေ။ ဒီတစ်လမ်းပဲ ရှိတယ်။ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ။ အသက်နဲ့ရင်းပြီး ကြိုးစားရမှာပဲ။ ဒါကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ပါ။
ကိုယ်ရွေးချယ်တဲ့လမ်းဟာ သာလို့ ကူးခဲ့တာ မဟုတ်ဘူး။ လွယ်လို့ လိုက်ခဲ့တာ မဟုတ်ဘူး။ ကြောက်လို့ ပြေးခဲ့တာ မဟုတ်ဘူး။ ဒီ ၅ နှစ်အတွင်းမှာကို သေကံကြုံခဲ့တာ ၄-၅ ခါ မက။ ဒါပေမယ့် တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ထွက်ပြေးရတယ် မရှိဖူးပါဘူး။ ကိုယ်နဲ့အတူ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေထဲမှာလည်း တော်လှန်ရေးကို ကျောခိုင်းသွားတဲ့သူ တစ်ယောက်မှ မရှိဘူး။ ခြေလက်ဆုံးရှုံးသွားတဲ့သူတွေလည်း အိမ်မပြန်ကြဘူး။ ခါးရိုးကျိုးပြီး အောက်ပိုင်းသေသွားတဲ့ကလေးတောင် လိုင်းပေါ်ကနေ ထောက်ပို့တပ်သား ဆက်လုပ်နေတယ်။ ကိုယ့်ဆီမှာလာနေပြီးမှ “တော်လှန်ရေးကို လက်လျှော့ပါပြီ။” ဆိုတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဖူးဘူး။ ဒီ ၅ နှစ်ဆိုတဲ့ကာလအတွင်းမှာ တခါမှ နောက်ပြန်လှည့်မသွားသလို ဆိုင်းငံ့ရပ်တန့်နေတာလည်း မရှိပါဘူး။ ကိုယ့်နောက်မှာ ကိုယ်တို့အဖွဲ့ကို ပံ့ပိုးကူညီ အားပေးနေတဲ့သူတွေကလည်း တခါကလေးမှကို တွန့်ဆုတ်ညိုညင် ငြီးငြူကြတယ် လို့ မရှိပါဘူး။ လိမ်တာညာတာ ဘုံးတာဘတ်တာတွေလည်း ကိုယ့်ဆီမှာတော့ မကြုံဖူးသေးဘူးဗျ။ ပြောပြီးပြီလေ။ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ရုပ်ချော၊ သဘောကောင်း၊ သူတော်ကောင်းတွေချည့်ပဲ ရှိပါတယ် လို့။
“ရုပ်ချောသလား ကြွခဲ့ပါခင်ဗျာ။
အသွက်ဆုံးရုပ် အဟုတ်ကိုမှန်လျှင်
အရုဏ်တော်မှာ ဆင်ဖြူတော်ဝန်
နှစ်ယောက်လောက်လိုတယ်။
ကိုယ့်ကိုယ်ကိုယ်ပင် မှန်ထဲကြည့်ပြီး
ရုပ်လှသလားလို့ ဟန်မယ် မဟန်မယ်
ထင်တစ်လုံးနဲ့ ထူးတဲ့ရုပ်ဖြူးယဉ်။”