တနေကုန် မအားတော့ စာရေးတာ အိပ်ချိန်ထဲက ဖဲ့ပြီး အရေးများတယ်။ ညဦးပိုင်းမှာ ပိုးကောင်လေးတွေ လာလို့ သန်းခေါင်ကျော် တရေးနိုး ရေးဖြစ်နေတာ တရေးနိုးသော် အကြံပေါ်လို့ မဟုတ်ပါဘူး။ Sound sleep မရပဲ REM sleep တွေနဲ့ အိပ်ရတဲ့အခါ ဦးနှောက်က မှတ်ဉာဏ်အဟောင်းတွေ ပြန်ပြန်လှန်တယ်လေ။ အဲ့ဒီအခါကျ အိပ်မက်တွေမက်ကရော။ အိပ်မက်တော်တော်များများက မသိစိတ်မှာဖြစ်ပေါ်နေတာမို့ နိုးလာရင် မမှတ်မိပေမယ့် တချို့ကျတော့လည်း နိုးတဝက်အိပ်တဝက်မို့ တကယ်ဖြစ်နေသလို ခံစားပြီး နိုးလာတဲ့အခါ အတွေးတွေကျန်တယ်။ ကိုယ့်အရွယ်က အိပ်မက်မက်ရင်း ရှူရှူးတွေပေါက်ချတဲ့အရွယ်တော့ မဟုတ်သေးဘူး။ နတ်တို့ကလည်း လာလာနှိုးပြီး မဆော်ပါဘူး။ သွေးလေခြောက်ခြားစရာလည်း မရှိတော့ စိတ်စွဲလန်း၍ မက်သော အိပ်မက်များသာ ရှိတယ်။ ကိုယ် ဘာတွေကိုများ အစွဲအလန်းကြီးနေပါလိမ့်။
အခုလောလောဆယ် လန့်နိုးလာတာက အိပ်မက်ထဲမှာ လေယာဉ်လာတယ်လေ။ ဆေးရုံလေးတစ်ခုရဲ့ဘေးမှာ ရောက်နေသခိုက် လေယာဉ်လာလို့ မြေကျင်းထဲမှာ ဆင်းပြီးဝပ်နေတယ်။ ကြောက်စိတ် တော့ မဟုတ်ဘူး။ ကိုယ့်လူတွေ အန္တရာယ်ကင်းရဲ့လားပဲ စိတ်ပူတာ။ “ကိုမြတ်ရေ” လို့ အော်ခေါ်ကြည့်တယ်။ သူလည်း နီးစပ်ရာ ကျင်းတစ်ကျင်းထဲ ရောက်နေမှာပါ လို့ တွေးနေတယ်။ အိပ်မက်ဟာ တကယ်လိုလို နဲ့ တခါတရံမှာ တကယ်ဖြစ်ပျက်နေတာတွေကလည်း အိပ်မက်လိုလိုပါပဲ။ ကိုယ့်မှာ စိတ်ဒဏ်ရာတစ်ခုတော့ ရခဲ့ပြီ လို့ သဘောပေါက်လာတယ်။ ကိုယ်တင်မဟုတ်ဘူးလေ။ ပြည်သူတွေအားလုံး ဒီလိုအိပ်မက်ဆိုးမျိုးတွေ မက်ဖူးကြမယ် ထင်ပါတယ်။ ဟိုတနေ့က ရှဲမိတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကလေးငယ်လေးတွေ လေယာဉ်လာလို့ ကမ္ဘာပျက်မတတ် ငိုယိုပြေးလွှားနေတာ ကြည့်လိုက်ရတယ်။ ကမ္ဘာကြီးက နေနိုင်လိုက်တာ လို့ အပြစ်မတင်ပါဘူး။ အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ဆိုတဲ့ ကိုယ်တို့ဆီကလူတွေကပဲ အဲ့ဒီကလေးတွေကို သရော်လှောင်ပြောင်နေကြတာ။ တစ်ရက် ၆၈၀၀ ရဖို့တောင် ဒီလိုလုပ်ရက်သေးရင် ရွှေတွေငွေတွေ ထားစရာမရှိအောင် ချမ်းသာဖို့ အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ဘာမလုပ်ရဲစရာ ရှိမလဲကွယ်။ ကိုယ်တိုင်သတ်ရတာလည်းမဟုတ်။ “ငါ မမြင်ချင်ဘူး။ ကြည့်ရှင်းလိုက်။” ဆို တစ်ခွန်းတည်းနဲ့ပြီးတယ်။ တာဝန်ခံစရာလည်း မလိုဘူးလေ။ ဦးနေဝင်းဆို ကျောင်းသားသမဂ္ဂ ဗုံးခွဲတဲ့ကိစ္စ “မို့ တကယ်ကို မသိခဲ့ဘူး။” ဆို သပ်ချသွားတာ။ သေသာသွားရော။ ဘယ်သူမှ ထပ်မေးတဲ့သူ မရှိ။
ငရဲပြည်ရောက်ရင်ကော “ကျွန်တော်က ကျောင်းသားတွေကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။” လို့ ငြင်းလာရင် ငရဲမင်းကြီးက သက်သေမခိုင်လုံလို့ ပြန်လွှတ်လိုက်မှာလား မသိ။ “တုတ်နဲ့ရိုက်ရင် တုတ်ခံလိမ့်မယ်။ ဓါးနဲ့ထိုးရင် ဓါးခံလိမ့်မယ်။ ဗုံးနဲ့ကြဲတော့လည်း ဗုံးခံမှာပေါ့။ အာဏသိမ်းလို့ တိုင်းပြည်ပျက်တာ အပြစ်တင်ချင်ရင် အသာတကြည်တောင်းတုန်းက သမ္မတပေးမလုပ်ခဲ့တဲ့ ထောင်ထဲကဘွားတော်ကို အပြစ်တင်ကြ။” လို့ သူတို့ တတပ်လုံးက ယူဆကြတယ်။ တကယ်လည်း အဲ့ဒီအတိုင်း အရှက်မရှိ ပြောထွက် နေကြတာပဲဟာ။ ဒီလူတွေကိုကျော်ပြီး သူများတိုင်းပြည်က မသိဖူးမမြင်ဖူးတဲ့ တစိမ်းတွေကို ဘလိမ်းရမှာ အဓိပ္ပါယ် မရှိပါဘူး။
စစ်ဗိုလ်စစ်သားဆွေမျိုးများဟာ အပုံလိုက်ကလေးကောက်ထားရတဲ့ ကလေးအလောင်းလေးတွေမြင်ရင် “သေပစေပေါ့။ သူတို့က သူပုန်တွေ စာသင်တဲ့ကျောင်းမှာတက်တာကိုး။” လို့ မရှက်မကြောက် ပြောရဲမန့်ရဲကြတယ်။ ဗိုလ်ချုပ်အဆင့်နဲ့ ဝန်ကြီးလုပ်နေတဲ့အကောင်တောင်မှ သတင်းစာရှင်းလင်းပွဲမှာ “ကော်လယ်ထွယ် ဒန်းမိတ်ကတော့ ရှိမှာပဲ။” လို့ ပြောင်ပြောင်တင်းတင်း ပြန်ဖြေရဲတယ်။ ဘာမဆိုလုပ်ရဲတယ်လေ။ ဘယ်သူကမှ သူ့ကို ပြန်မလုပ်နိုင်ပဲကိုး။ ကိုယ်တို့မှာသာ Geneva Convention နဲ့အညီ ထမင်းကျွေး၊ သတင်းမေးပြီး ပြန်လွှတ်လိုက်ရင် အဲ့ဒီကောင်တွေကပဲ စစ်ကူခေါ်ပြီး ပြန်လာမြေလှန်တာ။ ကလေးသတ်တဲ့ ခဝေးတပ် လို့ သူတို့ကို နံမည်ပေးထားလည်းပဲ “သတ်ရမှာပဲ။ အိုက်ကောင်တေ ကြီးလာရင် ပီဒက်ဖြစ်မယ့်တူတူ စောစောစီးစီး ရှင်းထားတာ ကောင်းတယ်။” တဲ့။ မြင်မြင်သမျှ စုဆောင်းရေး ခေါ်ရတဲ့အကြောင်းကလည်း အပြင်မှာထားရင် ပီဒက်ဖြစ်မယ့်အတူတူ သူတို့ဘက်က အသေခံခိုင်းလိုက်တော့ ရန်သူ့ကျည်ကို ဖြုန်းပြီးသား ရတာပေါ့ ဆိုတဲ့ စေတနာလေ။
ချေးကျရာပျော်တဲ့လောက်တွေကိုတော့ ထူးပြီး ခံစားမနေပါဘူး။ စာလုံးပေါင်းတောင်မမှန်ပဲ ကကြိုးကကြောင် လာမန့်ကတည်းက စွေစောင်းတို့ဘော်ဒါတွေမှန်း သိတယ်။ ဒါပေမယ့် အသားထဲက လောက်တွေကိုတော့ နည်းနည်း အသည်းနာတာအမှန်ပဲ။ DKBA, BGF, PC ကရင် ၃ ဖွဲ့က ရွေးကောက်ပွဲကို လိုအပ်တဲ့ အကူအညီပေးမယ် လို့ ပြောတဲ့အပြင် စကမဘက်က ကူတိုက်ပေးနေတယ် ဆိုတဲ့သဘောဟာ ရှေ့ဆက်ရမယ့် အနာဂတ်ကို ကော်သူးလေပြည်နယ်ကြီးလည်း မလိုချင်တော့ဘူး။ မြန်မာစစ်တပ်နဲ့ပဲ လက်တွဲသွားတော့မယ် လို့ သူတို့အနေနဲ့ ရွေးချယ်လိုက်တဲ့ သဘောပါပဲ။ ကရင်နီမှာ၊ ရှမ်းမှာ၊ ချင်းမှာ၊ စစ်ကိုင်းမှာ၊ ကချင်မှာလည်း အသားထဲကလောက်တွေ တပုံကြီးပါ။ တော်လှန်ရေးကို ပြန်တော်လှန်တဲ့သူတွေက စစ်ကော်မရှင် တည်မြဲနေမှ သူတို့အဖွဲ့အစည်းလည်း တည်မြဲလိမ့်မယ် လို့ ယူဆနေပုံပါပဲ။ NUG အစိုးရက တနိုင်ငံလုံး အောင်ပွဲရလာရင် သူတို့က တောထဲမှာဆက်ပြီး လက်နက်ကိုင်ကြမယ့် သဘောပေါ့နော်။ နိုင်ပဲ နိုင်ပါစေဦးလေ။ အဲ့တော့မှ ဆက်စဉ်းစားကြတာပေါ့။ အခုလောလောဆယ် ဖားကန့်မှာ မင်းဇေသန့် က KIA + KPDF ကို အမြစ်ဖြတ်ပစ်မယ် လို့ ကြိမ်းဝါးနေတယ်။ မင်း တော်တယ် မောင်ပြူး။ မင်းကို ငါတို့ ဝါရာဇွပ် သိမ်းပြီးတော့မှ ဘောက်ဆူးပေးမယ်။
ပျံလေတဲ့ငှက်ခါး နားမှသိစေ့မယ်တဲ့။ ရှေ့ဆက်မယ့် တော်လှန်ရေးခြေလှမ်းမှာ ငှက်ပစ်တံနဲ့တင် မလုံလောက်တော့ဘူး။ ငှက်သိုက်တက်နှိုက်တာ၊ ငှက်ဥတွေရိုက်ခွဲတာအထိ ရည်မှန်းထားမှ အပြစ်မဲ့ပြည်သူတွေ အသေအပျောက် နည်းလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲနီးလို့ လေယာဉ်စီးခရီးသည်ကြီး ဖြစ်နေပြီလို့ လာစိန်ခေါ်တဲ့ ကျက်သတုံးကောင်ကြီးကိုလည်း ထင်းခွေမကြုံ ရေခပ်ကြုံအောင် တနေ့ ၃ ခါလောက် အကွက်ကောင်း ချက်ကောင်း ချောင်းရပါဦးမယ်။ ကိုယ်တို့မှာ လေယာဉ်အိပ်မက်ဆိုးတွေမက်သလိုပဲ မအလ ရောက်လေရာ နေရာတိုင်းမှာ ဗျောက်အိုးတွေ တဒိုင်းဒိုင်းလိုက်ဖောက်ပြီး အိပ်မရအောင် နှောက်လို့လည်း ရနိုင်ပါတယ်။ ရပ်ကွက်ထဲက အုပ်ကြီးတွေဆီ အလှည့်ကျဖုန်းဆက်ပြီး ဟိုပြောဒီပြော ပြောရင်း “အခု ဘယ်နေရာမှာ ရှိနေလဲ” ဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ မေးပေးသင့်ပါတယ်။ လက်ဘက်ရည်ဆိုင် ဘီယာဆိုင်မှာ ပက်ပင်းတိုးရင်လည်း ဖုန်းလေး နားရွက်ကပ်ပြီး “သားကြီးရေ။ ငါ ဘယ်ဆိုင်မှာ ရှိတယ် ဟျောင့်။ အခုချက်ချင်း လာခဲ့လိိုက်တော့။” လို့ ပြောပြီး ထွက်လာခဲ့။ စစ်တပ်မပါ ပျူမပါ ရဲမပါနဲ့ဆို အိမ်သာတောင်မသွားရဲအောင် လက်ဆင်ပေးထားရမှာ။ ကိုယ်တို့ဘက်ကလည်း ဒီကောင်တွေကို စိတ်ဒဏ်ရာရအောင် အနှောက်အယှက်ပေးသင့်တယ် မဟုတ်လား။
ဒီနေ့မနက် နမ္မတူ၊ သီပေါကို ဗုံးတွေကြဲချသွားပြန်တယ်။ နောင်ချို၊ ကျောက်မဲ ပြန်ပါသွားပြီးတဲ့နောက် TNLA က နာလန်မထူနိုင်တော့ဘူးလို့ ထင်နေကြပေမယ့် တကယ်တမ်းတော့ အဲ့သလောက် အခြေအနေ မဆိုးသေးပါဘူး။ စကမဘက်ကသာ လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ အသေခံတက်သိမ်းခဲ့ပေမယ့် သူတို့ဘက်မှာတော့ အထိအခိုက် ခပ်ပါးပါးကလေးလောက်သာ ရှိပါတယ်။ ဖွဲ့စည်းပုံလည်း ပျက်မသွားပါဘူး။ နိုင်နိုင်ဦးတောင် ၂ ပြန်ကျော် ဆန်ပြုတ်သောက်သွားတယ် လွေးယေဦးကတော့ သာသာယာယာပဲ။ မြို့တွေပြန်ပေးလိုက်ရတယ်။ လေယာဉ်နဲ့ဗုံးကြဲဖျက်စီးခံရတယ်။ နှစ်ဘက်စစ်သားတွေထက် အရပ်သားတွေက ပို အသေအပျောက်များတယ်။ နောက်တော့လည်း ခဏလေးနဲ့ အသားကျပြီး ရိုးသွားမယ်။ သတ်ဖြတ်နေတဲ့သူတွေကို စိတ်မနာရဲပဲ အသည်းအသန် တော်လှန်နေတဲ့သူတွေကို “ဒီကောင်တွေ ငုံ့မခံပဲ ပြန်တိုက်နေလို့ လူတွေအများကြီး သေကြရတာ။” လို့ အပြစ်တင်လာမယ်။ ဟိုဘက်ကိုကျတော့ ပြောလည်းမပြောရဲ၊ တွေးတောင် မတွေးရဲတဲ့ဘဝ ရောက်နေပြီလေ။ ကျွန်ဇာတ်ဆိုတာ အဲ့သလိုသွင်းရတာမျိုးကိုး။
တော်လှန်ရေးဘက်ကလူဆိုတာ အတိုက်ခိုက်ခံရပါတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲမှ တိုက်ခိုက်တာ မဟုတ်။ စစ်ကြောင်းနဲ့ မြေလှန်ချေမှုန်းမှ တိုက်ခိုက်တာ မဟုတ်။ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းချိတ်ပိတ်တာ။ ခရီးသွားလာခွင့်၊ ပြည်ပထွက်ခွါခွင့်တင်မကဘူး။ နိုင်ငံသားဖြစ်ခွင့်ကိုပါ ပိတ်သိမ်းတာ။ မိသားစုတွေကို အမှုဆင်ဖမ်းဆီးတာ။ ယုတ်မာလို့ရသမျှ နည်းလမ်းပေါင်းစုံ အကုန်သုံးပြီး ယုတ်မာကြပါတယ်။ ဘယ်သူ့ကိုမှ ချွင်းချက် မထားပါဘူး။ အဲ့ဒါနဲ့မှ အားမရပဲ လိုင်းပေါ်မှာ ကျက်သရေကင်းမဲ့စွာ မဟုတ်မမှန်သတင်းတွေနဲ့ အပုပ်ချတိုက်ခိုက်တာလည်း နေ့စဉ်နဲ့အမျှပါပဲ။ ကိုယ်တွေက တနေ့တနေ့ မအားတဲ့ကြားထဲက စာကိုမနည်း အာရုံထားပြီး အပတ်တကုပ်ရေးသားနေရတာ။ ကိုယ့်အလုပ်ကိုယ်လည်း လစ်ဟင်းလို့ ဖြစ်တာမဟုတ်။ ဒီကောင်တွေကျတော့ တနေကုန် လိုင်းပေါ်မှာ မွှေနေတာကိုက သူတို့အလုပ်။ မဟုတ်မတရားတွေ စွပ်စွဲတိုက်ခိုက်တာကိုက သူတို့တာဝန်။ လူတစ်ယောက် အကောင့် ၁၀၀-၂၀၀ ဖွင့်ထားပြီး သတင်းမှားတွေဖြန့်ဖို့၊ ကိုယ့်ဘက်ကလူတွေ စိတ်ဓါတ်ကျသွားအောင် ဝါဒဖြန့်ဖို့၊ တော်လှန်ရေးဘက်က အားဖြစ်စေသူတွေကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ အုံနဲ့ကျင်းနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံရေးကျားဖျန့်တွေ ဖြစ်ပါတယ်။ စွပ်စွဲတဲ့သူအတွက်က အချက်အလက် မှန်စရာ မလို။ အသံအကျယ်ကြီး ထွက်သွားဖို့ပဲ လိုတယ်။
ကိုယ့်အောက်မှာလည်း ပွဲတွေကို စည်လို့ပါ။ အန်ဖရန်းမယ်။ ဖော်လိုဖြုတ်မယ်။ ဘွိုင်းကောက်လုပ်မယ်။ နင့်စာအုပ်များ ပေါင်ကြားကဟာနဲ့တောင် မဝယ်ဘူး။ ဆိုတော့ ကိုယ်ကပဲ ခြေသလုံးဖက်တောင်းပန်ရတော့မလို။ SP လုပ်ထားတဲ့ မင်းသမီးလေး အသံတောင် နားထဲ ကြားယောင်လာသေး။ “ရတယ်။ နင်တို့အားမပေးလည်း ရတယ်။ ဘာမှ မဖြစ်ဘူး။ ငါ့ဟာငါ ဘာအလုပ်မှ မလုပ်ပဲ ထိုင်စားလည်း နောက်ထပ် ဆယ်သက်စားမကုန်ဘူး။” တဲ့။ မပြောပါဘူး။ ပြောစရာလား။ ကလေးကလားနဲ့။ ကိုယ့်စာအုပ်က သူ့အဝှါကြီးထဲထည့်ဖို့ ထုတ်ဝေတာ မဟုတ်ပါဘူး။ အခု စာအုပ်က တစ်အုပ်မှတောင် လက်ထဲမရောက်သေးဘူး။ ပရီအော်ဒါတွေနဲ့ အားလုံးကုန်သွားလို့ နောက်တစ်ကြိမ် ထပ်မံပုံနှိပ်လိုက်ပါဦးမယ်။ မြန်မာပြည်တွင်းကလူတွေအတွက်တော့ မရောင်းချင်လို့ မဟုတ်ပဲ လက်ဝယ်ထားရှိသူတွေ အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ လူကိုယ်တိုင်ပြန်လာမှ လက်မှတ်ထိုး၊ အာဘွားပေးပြီး ရောင်းပါ့မယ် ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။