ချန်ဂင်တို့စခန်း (၃၆)

မနေ့ညက မိုးတွေ အရမ်းသည်းတာပဲ။ ညဘက် ခွဲခန်းသိမ်းတုန်းက နောက်ကျနေပြီဆိုပြီး ရေသေချာမတင်ခဲ့မိဘူး။ မနက်ကျတော့ ချောင်းထဲမှာ ရေအပြည့်။ အေးကြည်တဲ့ စိမ့်စမ်းရေယဉ်တော့ မဟုတ်ဘူး။ သွင်သွင်မောက်ဖြိုး တိုးတဲ့ရေသီတာဖြစ်သွားပြီ။ ရေချိုးနေကျနေရာလေးတွေ ပျောက်သွားပြီ။ အဝတ်တန်းလေးတွေ အဝတ်လျှော်ခုံကလေးတွေ မျောပါသွားပြီ။ ချောင်းနံဘေးကသောင်ကလေးလည်း ရေမြုတ်ကုန်ပြီ။ ရေမော်တာချိတ်ထားတဲ့ ငုတ်တိုင်လေးတောင် ထိပ်စွန်းပဲပေါ်တော့တယ်။ မော်တာလေးတောင် ရှိသေးရဲ့လားမသိ။ မြှုတ်ထားတုန်းက ချောင်းစပ်မှာ။ အခု အဲ့ဒီနေရာက ချောင်းလယ် ဖြစ်သွားပြီ။ နောက် တစ်မိုးနှစ်မိုးရွာရင် သူလည်း ရေစုန်မျောတော့မှာ။ အစောကြီးကတည်းက ကြိုမြင်လို့ အဝီစိတွင်းတူးထားပေမယ့်လည်း ရေစစ်ကန်က မလုပ်ရသေးဘူး။ ဒီမှာက မီးသွေး၊ ကျောက်၊ သဲ၊ ဖွဲပြာနဲ့ ရေစစ်ကန် ခံပြီးမှ သုံးလို့ရကြတာ။ ရေထွက်ကောင်းပေမယ့် ရေဆီပါတယ်။ သံချေးပါတယ်။ ရွှေကြော၊ ကျောက်ကြောတွေအပြင် သံကြောတွေရော ရှိနေသလား မပြောတတ်ဘူး။ ဟိုနားလေး သည်နားလေးဆီက တောင်စောင်းတွေဆိုလည်း သံလိုက်တောင်လို့ နံမည်ပေးထားကြတာတွေ ရှိတယ်။ ကားကို ဂီယာဖြုတ်ထားရင် အလိုလိုဆွဲလှိမ့်သွားတတ်သတဲ့။ ဆရာ့အတွက် သိဒ္ဓိဝင်အဆောင်ပါ ဆိုပြီး လာပေးထားတဲ့ ကျွန်းနက်ကလေးတွေဆိုလည်း မီးမြီုက်လို့ ကျွမ်းသွားရင်တောင် သံလိုက်ဓါတ် ရှိနေတုန်းပဲ။ မြေပေါ်ရော မြေအောက်ရော အဆန်းတကြယ်တွေ ရှိတဲ့ တောတောင်ရေမြေပါလေ။

လူနာတွေကလည်း အဆန်းတကြယ် ရှိလိုက်လေ။ လှေဝမ်းထဲ ပစ္စည်းဝင်ယူတာ မမြင်မစမ်းနဲ့မို့ မီးခြစ်ခြစ်ကြည့်သတဲ့။ ဓါတ်ဆီပုံးကြီးအနားမှာလေ။ တကိုယ်လုံးလောင်သွားတာ အပ်ထိုးစရာနေရာမရှိဘူး။ သွေးပေါင် ဘယ်နားကပတ်တိုင်းရမှန်း မသိဘူး။ (Penile pressure cuff လေး ထွင်ကြည့်ချင်တာ Nobel prize ရနေမှာစိုးလို့) လည်ပင်းကသွေးကြောထဲ လိုင်းထည့်ပြီး ညကြီးမင်းကြီး ခွဲခန်းဝင်ရတယ်။ အခြေလေးချောင်းသတ္တဝါအဖြစ် ကလေးတွေကို တစ်ယောက်တစ်ချောင်းစီ အပိုင်စားပေးပြီး “ဒီမှာကြည့်။ ဆရာလုပ်သလို လိုက်လုပ်ကြ။” ဆို burn dressing ကို လက်တွေ့သင်ကြားပေးလိုက်ပါတယ်။ ပိုးသတ်ထားတဲ့ ပိတ်ဖြူတွေကို တစ်ထည်ခင်း တစ်ထည်အုပ် သေသေချာချာ ကုတင်နေရာထိ ခင်းကျင်းလိုက်ပို့ခဲ့ပေမယ့် မနက်ကျတော့ ပိတ်ဖြူတွေဖယ်ပြီး မွှေးပွစောင်တွေ ခြုံထားလို့ လုပ်ထားသမျှ အလကားပဲ။ လိုင်းကလည်း ပြုတ်ထွက်နေပြီ။ ထိုးစရာနေရာ မရှိပါဘူးဆိုမှ။

“နို့ သိမှသိပဲကို။” က သူတို့ ပြောနေကျစကား။ သိချင်တာကျတော့လည်း ရှေ့က ကျူးကျူးပြီးကို သိတာ။ ဒီမနက်ခွဲမယ့် သားအိမ်ခေါင်းကင်ဆာလူနာက ဆရာဝန်တွေထက် ကြိုမြင်တတ်တယ်။ ညက သူတို့ ခွဲခန်းဝင်တယ်။ ရေပိုက်ကွဲနေလို့ ရေတင်လို့မရဘူးပြောတယ်။ မိုးရွာလို့ချောင်းရေနောက်ရင် မနက် ခွဲဖြစ်မှာ မဟုတ်ဘူး။ နေ့လည်လောက်မှနေမယ်ဆို သူ့သဘောနဲ့သူ ခေါက်ဆွဲတွေစားပစ်သတဲ့။ ဒီမှာက သွေးလှူရှင်ပါ အသင့်ခေါ်ထားရတဲ့ဥစ္စာ။ မရဘူး။ ခွဲရမယ်ဆို ခွဲကိုခွဲရမှ။ နောက် ၆ နာရီစောင့်ပြီးခွဲတယ်။ diathermy စက်ကလေး ပျက်နေလည်း အပ်ချည်ကြိုးနဲ့ တိတ်အောင်တုပ်ပြီးခွဲတယ်။ အရမ်းတွေကို စိတ်ရှည်နေပါတယ်ဆိုမှ ခွဲခန်းထဲကလည်းထွက်ရော အဲ့ရှေ့ကလမ်းက သွားမရတော့ဘူး။ ကျောက်ကားတွေ အခေါက်ခေါက်အခါခါ ဖြတ်နေတာ။ ရွာလူကြီးဆီ ဖုန်းခေါ်ပြီး “အခုချက်ချင်း ပြန်ပြင်ပေး။” လို့ ကုန်းအော်ပလိုက်တယ်။ ပြင်တော့ပြင်တာပဲ။ ခုထက်ထိတော့ လျှောက်မရသေး။ ဒီအရပ်ကဗွက်ဟာလေ။ ကားမပြောနဲ့။ ဆိုင်ကယ်လည်း မရုန်းနိုင်။ ဇွပ်ဆို နစ်သွားတဲ့ခြေထောက်တောင် ဆွဲနှုတ်လို့မရအောင် ကျွံသွားတာ။

ဒီလိုဗွက်တောထဲ ဆင်းရုန်းဖူးတာ ဒီလထဲမှာ တစ်နှစ်ပြည့်တော့မှာပါလေ။ မနှစ်က ဒီကိုလာတုန်းက ကိုယ်ပိုင်ဥစ္စာဆိုလို့ ကိုယ့်ဖာသာ သယ်နိုင်ပိုးနိုင်တဲ့ တစ်ကိုယ်စာပဲ ပါခဲ့တယ်။ “၁၅ ရက် တစ်လလောက်တော့ ကြာချင်ကြာမပေါ့။ အခြေအနေအရပဲ။” လို့ စိတ်ထဲမှာ တွေးထားခဲ့တယ်။ ဖမ်းမှာကြောက်လို့ ထွက်ပြေးတာ မဟုတ်ပေမယ့် စစ်ကားတွေ အိမ်ရှေ့လာရပ်ရင်၊ ကားတားပြီးရပ်ခိုင်းရင် သည်းထိပ်ရင်ဖိုဖြစ်ရတာ ကိုယ်မလိုချင်ဘူး။ ဘာပြစ်မှုမှ မကျူးလွန်တဲ့ ကိုယ်လိုအဆင့်အတန်းနဲ့လူတစ်ယောက်ဟာ စစ်အစိုးရပြုတ်မကျမချင်း ကျီးလန့်စာစား အသက်ရှင်ရတာ အဓိပ္ပါယ်ကို မရှိဘူး။ တနေ့ထက်တနေ့ ပိုကြပ်လာအောင် ဖိနှိပ်ချုပ်ကိုင်မယ့်လက်ထဲမှာ မလူးသာမလွန့်သာနဲ့ အချည်ခံအတုပ်ခံ လည်စင်းမပေးချင်ဘူး။ အဲ့ဒါကြောင့်မို့ ထွက်ခဲ့တာ။ တကယ်လို့များ ခုချိန်ထိ ရန်ကုန်မှာပဲ ဆက်ရှိနေဦးမယ်ဆိုရင်လို့ တွေးစရာ မလိုပါဘူး။ ပေးထားတဲ့ အချိန်ရော နေရာရော သေချာရင် ကိုယ် အဲ့ဒီမှာ မရှိတော့တာ သေချာတယ်။ “RIP ဆရာစိုး” တို့ “ဆရာစိုးကို ချက်ချင်းလွှတ်” တို့ စာကလေးတွေတင်ပြီး သတိရမယ့်သူရှိရင် ကံကောင်း။ စာအဟောင်းလေးတွေဖတ်ချင်တောင် “ဆာစိုးကို မေ့သွားပြီလား ပိတ်သတ်ကြီး” ဆို ပြန်ပြန်ရှဲနေရမှာ။

မြို့မှာနေတဲ့ကိုယ့်ကိုသာ ဘယ်သူဘယ်ဝါမှန်း သိချင်သိမယ်။ တောထဲရောက်တဲ့ကိုယ့်ကိုတော့ ဘယ်သူကမှ မသိကြပါဘူး။ မကြားဖူး မမြင်ဖူးတဲ့ ပကတိသူစိမ်းသက်သက်ပါ။ သူတို့ဆီလာတာ လူနှစ်မျိုးပဲ ရှိတယိ။ CDM လား။ PDF လား။ CDM ဆိုရင်တော့ ပျော်သလောက်နေ။ ထမင်းပါကျွေးထားမယ်။ PDF ကတော့ စစ်သင်တန်းတက်ပြီး စစ်စည်းကမ်းနဲ့နေရတယ်။ ကျန်တာကတော့ အတိတ်ကိုအတိတ်မှာပဲ ထားရစ်ခဲ့ပါတော့။ ဘဝကို စခန်းရောက်မှ ပြန်စယူ။ အဲ့ဒီအချိန် အဲ့ဒီနေရာအထိရောက်အောင် ကိုယ့်နောက်က အဖော်လိုက်ပေးမယ့် ကလေးတစ်ယောက်ပါလာတာ ကိုယ့်အတွက် အများကြီး ကံကောင်းပါတယ်။

စခန်းထဲမှာ ကိုယ်တို့ ၄၅ ရက် ကြာခဲ့တယ်။ ပျင်းစရာကြီးလို့ မပြောနဲ့။ တောထဲမှာ ရှင်သန်နေထိုင်နိုင်အောင် ကိုယ်တို့အများကြီး လေ့ကျင့်ယူရတယ်။ တောထမင်းတောဟင်း လာသမျှအကုန် ဗိုက်ထဲသွင်းနိုင်ဖို့ နာရီဝက်ကျော်ကျော် တောင်အဆင်းအတက်လုပ် ရေချိုးပြီးမှ ဟပ်ထိုးလိုက်ပြီး စားနိုင်တာ။ တကိုယ်လုံး အဖုအပိန့်တွေနဲ့ ရွတ်တွကြမ်းထော်လို့။ အဝတ်တွေမခြောက်ရင် မီးကင်ဝတ်ရတာ။ အဲ့သလိုနေရင်းကမှ ရန်ကုန်ကလူတွေကို အသည်းအသန် ဆေးကုနေရပါတယ်ဗျ။ ကိုဗစ်တတိယလှိုင်းကြမ်းချက်ကတော့ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်း အသိအကျွမ်းထဲက ဘယ်သူမှမကျန်တော့အောင် ကူးကုန်ပါတယ်။ အရင်ကတော့ ကိုယ့်မှာ ချိတ်ဆက်လှုပ်ရှား လုပ်ကိုင်နေတဲ့ ကျန်းမာရေး ယန္တရားကြီးတစ်ခုလုံး ရှိတယ်။ AYA center ကြီးလည်း ရှိတယ်။ ဖုန်းလေးဆက်ဆက်ပြီး လိုသလို ဖြေရှင်းပေးနိုင်တယ်။ ထိထိရောက်ရောက် ကူနိုင်တယ်။ တောထဲမှာရောက်နေချိန်မှာတော့ ဘာမှ လုပ်ပေးလို့မရပါဘူး။ ဆေးရုံကြီးကိုတောင်မှ လူနာလွှဲလို့မရ။ ရမ်းပြောတာ မဟုတ်ပါဘူးဗျ။ သေသေချာချာ ရောက်အောင်ပို့ပါတယ်။ SpO2 60-70% တွေတောင် အိမ်ပြန်လွှတ်နေတာ။ သူတို့အိမ်ပြန်လွှတ်တဲ့လူနာတွေကို ဟိုကနေ ဖုန်းတစ်လုံးနဲ့ လူနာမမြင်ရပဲ ဆေးကုရတဲ့ဘဝ။ ဆေးတွေက ဝယ်မရ။ အောက်ဆီဂျင်တစ်အိုးရဖို့ လူတစ်ယောက်စောင့်ပြီး တနေကုန်တန်းစီရ။ နောက်တော့ အမေအိမ် အဒေါ်အိမ် ရှိသမျှဆွေမျိုးအိမ် တအိမ်လုံး တစ်ယောက်မကျန် ကိုဗစ်ကူးကြနဲ့ အလူးအလိမ့်ပါပဲ။ ကိုယ့်သူငယ်ချင်းတွေရဲ့ မိအိုဖအိုတွေ တော်တော်များများ ကိုဗစ်လှိုင်းနဲ့ အမှည့်ကြွေကြွေကုန်တယ်။ ဝန်ကြီးဌာနကတော့ CDM တွေကြောင့် လူအင်အားမရှိလို့ လို့ ပြောတာပေါ့။ အဲ့ဒီထက်ဆိုးတာက အောက်ဆီဂျင်အိုးတွေကိုလိုက်သိမ်းတာ၊ လိုသလောက်ဖြည့်လို့မရအောင်ပိတ်ပင်တာ၊ ကပ်ရောဂါကို အရပ်သားပြည်သူများအကြား ကိုင်တွယ်ကုသပေးခြင်း မရှိတာကြောင့် သုဿန်တွေတောင်ချဲ့ယူခဲ့ရတာ၊ နေ့ညမပြတ် အလောင်းချင်းထပ်နေအောင် သင်္ဂြိုလ်ခဲ့ရတာ လူတကာသိပြီးသားပါပဲ။

မြို့ပေါ်ကလူတွေကို တောထဲက ဆေးလှမ်းကုနေရင်းကမှ Burma VJ ကနေ ကပ်ရောဂါအကြောင်း အင်တာဗျူးချင်ပါတယ်ဆိုလို့ ပထမတော့ စိတ်တိုမိသေးတယ်။ အင်တာနက်လိုင်းက ရတချက် မရတချက်ရယ်။ မေးခွန်းတွေပေးထားလိုက်။ အဆင်ပြေသလို ဖြေပေးမယ်ဆိုပြီး တောစခန်းထဲပဲ အင်တာဗျူးအဖြေတွေ အပိုင်းလိုက်ရိုက်ပေးရပြန်ပါတယ်။ ပြောချင်တာက တောထဲမှာနေခဲ့သမျှ ကာလပတ်လုံး အားအားယားယား ငြိမ်ငြိမ်ဆိမ်ဆိမ် ထိုင်နေခဲ့တာ တစ်ရက်ကလေးမှ မရှိခဲ့ပါဘူး ဆိုတာပါ။ ကိုယ့်ဆီရောက်လာတဲ့အလှူငွေတွေကိုလည်း ရောက်တဲ့အရပ် လိုတဲ့နေရာမှာ လက်လှမ်းမီသလောက် ဖြည့်ဆည်းပေးခဲ့တာချည့်ပဲ။အဲ့ဒီနောက်မှာလည်း ဟိုကသည်က သတင်းးဌာနတွေ အင်တာဗျူးဖို့ မေးခွန်းတွေပို့၊ ဖုန်းတွေခေါ်၊ မပြီးနိုင်အောင်ပါပဲ။ ကိုယ်ဘာမှ မလုပ်နိုင်တဲ့ကိစ္စတွေကို ပါးစပ်ပြောလေးနဲ့ ခေါင်းမွှေးဖြူတဲ့အောင် လော်ရသမောင် မလုပ်ချင်ပါဘူး။ ဟိုအကြောင်းသည်အကြောင်း သောင်းပြောင်းထွေလာတွေကို ဘက်ဂရောင်းဖျောက်ထားတဲ့ မျက်နှာပြဲပြဲကြီးပြပြီး ဇွန်းထားထား လုပ်ရတာလည်း ဝါသနာမပါဘူး။ ဘယ့်နှယ် ဒိုင်းညှောင့်ကြီး မျက်စိအောက်မှာ ထားပြီးမှ အာလူးထိုင်ဖုတ်စရာလား။ အဲ့ဒီအခိုက်အတံ့မှာ ကိုဗစ်စင်တာဖွင့်ဖို့ ဆရာဝန်လိုတယ်ဆိုလို့ ရွာကိုတက်ခဲ့တာပါ။ တကယ်လို့များ ခုချိန်ထိအောင် တောစခန်းမှာပဲ ရှိနေဦးမယ်ဆိုရင်လည်း ဒီအတိုင်းပဲ ထိုင်မနေတာ သေချာပါတယ်။ ခုလောက်ရှိရင် မြို့ပေါ်ပြန်တက်ပြီး တဒိုင်းဒိုင်းနဲ့ ဗိုလ်ကာတွန်းလုပ်နေလောက်ရောပေါ့။ “အရေးကြီးပြီ ညီနောင်အပေါင်းတို့။ ဂွေးကြီးတာ ခါချဉ်ကောင်ကိုက်လို့။” ဆို အနုပညာ ဖန်တီးမှုတွေလည်း တင်ချင်တင်ဖြစ်မှာပေါ့။ အဲ့သလိုမလုပ်ဖြစ်ခဲ့တာ အကြောင်းတစ်ခုပဲ ရှိပါတယ်။

တော်လှန်ရေးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ခြေစုံပစ်ပြီး ပါဝင်ရတော့မယ်ဆိုရင် ကိုယ့်မှာရှိတဲ့ talent တွေ အားသာချက်တွေကို အိပ်သွန်ဖာမှောက် အသုံးချချင်တယ်။ ရိုးရိုးဆရာဝန်လို ဆေးပေးဆေးထိုး ကုရုံတင်မဟုတ်ဘူး။ ခွဲစိတ်ဆရာဝန်ပီပီ တတ်စွမ်းသမျှ အသုံးချပြီးကုချင်တယ်။ စာရေးခြင်းအတတ်ပညာလည်း ချန်မထားချင်ဘူး။ ဆိုရှယ်မီဒီယာပေါ်က အဆက်အသွယ် အချိတ်အဆက် အားလုံးကိုလည်း ထိထိရောက်ရောက် ကျောထောက်နောက်ခံ ယူပစ်လိုက်ချင်တယ်။ ကုန်ကုန်ပြောရရင်ကွယ်။ ဘဝများစွာ သံသရာမှာ ပြုပြုသမျှသော ကောင်းမှုကုသိုလ်အဟုန်တို့ဖြင့် အကျိုးပေးရသည်ရှိသော် အဲ့ဒီကုသိုလ်အားလုံး ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့ပဲ သုံးမယ်။ “နတ်ရွာနိဗ္ဗာန် မရောက်ရလည်း နေပါစေတော့။ မိအောင်လှိုင်သေဖို့ပဲ အရေးကြီးပါတယ်။” ဆိုတာမျိုး။

တကယ်တော့ ဒီကာလ ဒီအခြေအနေမှာ ကိုယ့်အတွက် သည်လမ်း သည်စခန်းကို ရောက်ခဲ့တယ်ဆိုတာ သစ်ရွက်ကြွေ လေပွေမွှေ့သလို အညှာမခိုင်တဲ့ လေလွင့်ရွက်ဝါ ဘဝနဲ့ ရောက်လာတာ မဟုတ်ဘူး။ ဖြစ်ချင်ရာဖြစ် ရေစုန်မျှောရင်း ရေမျောကမ်းတင် ဘဝနဲ့ သူများက ဆယ်ယူထားတာလည်း မဟုတ်ပါဘူး။ သေရေးရှင်ရေး ဒွိဟဖြစ်စရာ လမ်းဆုံလမ်းခွတွေမှာ ရှင်သန်ရေးလမ်းစကိုချည့် အရှုံးမပေးပဲ ထိုးဖောက်ခဲ့လို့ သည်သောင်သည်ကမ်းကို အသက်နဲ့ကိုယ်နဲ့ မကွဲမကွာ ရောက်လာတာပဲ ဖြစ်ပါတယ်။ ကိုယ်မရွေးချယ်ပဲ လွှဲရှောင်ခဲ့တဲ့ လမ်းခွဲတွေဟာ အခုချိန်မှာ ပြန်စဉ်းစားကြည့်ရင် သေလမ်းတွေချည့်ပဲဆိုတာ တွေ့ရပါလိမ့်မယ်။ လွိုင်ကော်သွားဖို့ ပင်လောင်းလမ်းအတိုင်း ဆင်းသွားပြီးမှ လမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုပြီး လှည့်ပြန်ခိုင်းလို့ မရောက်ခဲ့လိုက်ဘူး။ နောက်တခေါက် လေးကေ့ကော်ကို ရည်ရွယ်ပြီး ထွက်လာလိုက်တာ ၃၉ မိုင် လမ်းခွဲကွေ့ကာနီးမှ အခုနေရာကို စီစဉ်ချိတ်ဆက်ပေးတဲ့သူနဲ့ အဆက်အသွယ်ရပြီး လမ်းကြောင်းပြောင်းသွားတာ။ မရောက်ဖြစ်ခဲ့တဲ့ခရီးတွေဟာ ကျန်ရစ်စေဖို့ ဖြစ်လာပြီး မထွက်မဖြစ်ခရီးလမ်းတွေကလည်း လွတ်မြောက်စေဖို့ ကံကဖန်လာတာကိုး။ မော်ဦးတို့ ကိုကျော်လင်းတို့ဆို ထောင်ထဲမှာရောက်ကုန်ပြီ။ မောင်မောင်ငြိမ်းထွန်းကလေးဆို ဆုံးရှာပြီ။ ကိုယ်လည်း အဲ့ဒီလူတွေနဲ့ တလမ်းတည်းလျှောက်ခဲ့သူပါလေ။ လက်တစ်လုံးခြားလေးတင် လွတ်လွတ်လာတာ။

အိုကွယ်။ အစကတည်းက Non C လုပ်ထားလည်း ပြီးတဲ့ဟာကို။ အိုးမကွာ အိမ်မကွာ။ ရာထူးတောင်တက်ဦးမယ့်ကိစ္စ။ ဟုတ်ပါ့မလား။ “ကျယ်မက နှမ်းဆီပါမောင်။” ဆိုကတည်းက ကိုယ့်အတွက် အသက်မပါတဲ့ ဘဝကြီးလေ။ မသာကောင် ပါမောက္ခကြီး အဖြစ် အိမ်မှာငုတ်တုတ်ထိုင်နေလို့ကော အသက်ရှင်တာလို့ ခေါ်နိုင်ပါ့မလား။ ကိုယ်ကတော့ အဲ့သလိုမျိုးမှ အသက်မရှင်နိုင်တဲ့ဥစ္စာ။ သေကာမှသေရော။ ဒီဘက်လမ်းပဲ ရွေးစရာရှိပါတယ်။ ဘာအလုပ်မှမလုပ်ပဲ တစ်နှစ်ကျော်ကြာအောင် ဟိုအိမ်ကပ်ပုန်းလိုက် သည်အိမ်ကပ်ပုန်းလိုက် ဆက်လုပ်နေရင်လည်း စိတ်ဓါတ်ကျပြီး လုံးပါးပါးဦးမှာ။ အသက်ရှူနိုင်မှ အသက်ရှင်တယ်လို့ ခေါ်တယ် မဟုတ်လား။ ကိုယ်လည်းပဲ အသက်ရှင်သန်ဖို့ အသက်ရှူချောင်တဲ့နည်းကို ရွေးခဲ့တာပါလေ။ လူချင်းတူပေမယ့် အသက်ရှူချင်းကွဲလို့ သူတို့ရှင်သန်တဲ့နည်း နဲ့ ကိုယ်ရှင်သန်တဲ့နည်း မတူဘူး။ ဒါလေးပဲ။

ဖြတ်သန်းလာခဲ့တဲ့ လမ်းခရီးတလျှောက် လမ်းခွဲတွေမှာ ရွေးချယ်ဆုံးဖြတ်ခဲ့ရတယ်။ ကျန်ခဲ့တဲ့သူတွေ ချန်ခဲ့တဲ့သူတွေလည်း ရှိတယ်။ ခရီးက မဆုံးသေးဘူး။ ဆက်လျှောက်ရဦးမယ်။ အဲ့ဒီမှာလည်း သေရေး နဲ့ ရှင်ရေးကို ရွေးချယ်စရာတွေ ရှိဦးမှာပဲ။ ရှင်လျက်နဲ့ သေရတဲ့ဘဝမျိုးထက် သေသော်လည်း ရှင်သန်ကျန်ရစ်မယ့် ဘဝကိုပဲ ရွေးချယ်ပါမယ်။ အာဇာနည်မျိုး သေရိုးမရှိတဲ့။ လုပ်ကြံသတ်ဖြတ်လို့လည်း မသေနိုင်သူ။ မတရား ကြိုးမိန့်ပေးလို့လည်း မသေနိုင်သူ။ အများပြည်သူ ရင်ထဲမှာ ချစ်ခြင်းမေတ္တာဖြင့် ဆက်လက်ရှင်သန်နိုင်သူ ဖြစ်အောင် ရွေးချယ်ဆုံးဖြတ်ရလိမ့်ဦးမယ် ထင်ပါတယ်။