မုန်တိုင်းက ထန်ထန် ရေဆန်က ကြမ်းကြမ်း

ဗီယက်နမ်၊ ဟောင်ကောင်၊ ထိုင်ဝမ်ကို ဗြောင်းဆန်အောင် မွှေသွားတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဟာ ကချင်ပြည်နယ်မှာလည်း အဖျားခတ်လာလိမ့်မယ် လို့ မျှော်လင့်ထားပါတယ်။ မနေ့ကတော့ လျှပ်စီးတွေ မိုးကြိုးတွေနဲ့ အုန်းအုန်းဆန်အောင် သည်းထန်နေရာက ဒီနေ့မနက်လည်းရောက်ရော နေကျဲကျဲတောက် ပူလောင် အိုက်စပ်နေပါလေရော။ အခုလေးတင် ရေချိုးပြီးစ ရှိသေး။ ချွေးတွေက ပြန်ထွက်လာပြီ။ တနေ့ ၃ ခါလောက် ရေချိုးနေရတယ်။ ကိုယ်တို့ချိုးနေကျ စမ်းချောင်းကလေးက နေ့တဝက်လောက် မိုးတိတ်သွားရင် ကြည်လင်နေရောပဲ။ နေ့တဝက်လောက် မိုးရွာသွားရင်တော့ ရေတိုးပြီး နောက်ကျိနေတယ်။ ကိုယ်တို့မှာ မိုးရွာတာကြာရင် ရေကောင်းသုံးလို့ မရဘူး။ မိုးရေခံသုံးရတယ်။

အခုလိုမျိုး ပူတဲ့အချိန်ဆိုရင်တော့ ရေချိုးရတာ အင်မတန်ဇိမ်ရှိတယ်။ ရေကကြည်လို့ သန့်လို့၊ အေးစိမ့်နေတာ။ ညဘက်လည်း ရေချိုးချင် ထချိုးတာပဲ။ လမင်းကြီးက ထိန်ထိန်သာလို့။ လမသာရင် ကြယ်တွေက ပိုလှတယ်။ 3D view နဲ့ Universe ကြီးထဲ နဂါးငွေ့တန်းကို နဂါးပါးစပ်က မှုတ်ထုတ်လိုက်တဲ့ မီးခိုးတန်းကြီးလို မြင်ရတယ်။ မှိတ်တုပ်မှိတ်တုပ် ကြယ်ကလေးတွေက မြေပေါ်မှာလည်း ဝဲပျံနေကြတယ်။ ပိုးစုန်းကြူးလေးတွေ။ “မောင်ရယ် ဖမ်းပေး။ မြိုချပစ်လိုက်မယ်။ မေ ဖင်မှာ မီးလင်းချင်တယ်။” ဆိုတဲ့ မတ်မတ်ဆောင်းအသံကြီးတောင် ကြားယောင်လာတယ်။ ညပေမယ့် ကြောက်စရာ မရှိဘူး။ ချောင်းကြမ်းပြင်ကို ခြေဖဝါးက မှတ်မိတယ်။ အကောင်ပလောင် လှုပ်လှုပ်ရှားရှား မြင်ရင် Loki တို့ ၂ ကောင်က ဝိုင်းဟောင်တာ။ ကိုယ်တို့နားမှာ ငုံးကြက်ကယ်ဖွတ်မြွေ တင်မကဘူး။ ဒရယ်တွေ ချေတွေပါ ရှိတယ်။ တရေးနိုး အိမ်သာထသွားလည်း လိုက်ခဲ့တာပဲ။ ညဘက်ရောက်ရင် စောင့်ရှောက်ရမယ် လို့ သိထားကြတဲ့ပုံ။ စကားပြန်မပြောတတ်ပေမယ့် လူတွေပြောတာ နားလည်ပြီး သူတို့ပြောချင်တာကိုလည်း လူတွေနားလည်အောင် အမူအယာနဲ့ ပြတတ်တယ်။ ခွေးနဲ့စကားပြောရတာ ၆၈၀၀ စားတွေကို ပြန်မန့်ရတာထက်တော့ အဓိပ္ပါယ်ရှိတာ အမှန်ပဲ။

ပိုးကောင်လေးတွေများတာက ညဘက်မှာ စာရေးလို့တော့ အဆင်မပြေဘူး။ ဖုန်းသုံးရင် အကောင်တွေ ရောက်လာတတ်လို့။ စောစောအိပ်ပစ်လိုက်ပြီး တရေးနိုးမှ ထစာရေးရတယ်။ သန်းခေါင်ကျော်သွားရင် အကောင်တွေ မလာတော့ဘူး။ ဒီဘက်မှာ မိုးကတော့ ၁၁ လပိုင်းအထိ ရွာမှာပါ။ လမ်းတွေက အဲ့တော့မှ ပြန်ကောင်းလိမ့်မယ်။ အရင်နှစ်တွေကတော့ မိုးတွင်းဆို ဘယ်မှ မသွားပဲ အထိုင်ချပေမယ့် ဒီနှစ်မှာ မိုးထဲလေထဲမှာပဲ ကူးလိုက်သန်းလိုက်သွားရတယ်။ အခုရက်ပိုင်းအတွင်းမှာ စစ်ကြောင်းထိုးတာတွေ ခဏရပ်သွားပြီး လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုံးနဲ့ လေယာဉ်နဲ့ ဗုံးကြဲတာတွေပဲ အဆက်မပြတ် လုပ်နေတယ်။

ဒီလိုအချိန်မျိုးဆိုရင် စုဆောင်းရေးဆွဲတာ၊ လူဖမ်းပြီး ပိုက်ဆံတောင်းတာ၊ ဆိုင်ကယ်သိမ်း၊ ကျောက်သိမ်းလုပ်တာ၊ မထင်ရင် မထင်သလို ပစ်ခတ်သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တာ။ အဲ့လိုမျိုး စစ်ရာဇဝတ်မှုတွေ ပိုပေါလာတတ်တာမို့ ခေါင်းမဖော်နိုင်အောင် စစ်တိုက်နေကြတာကမှ ကောင်းလိမ့်ဦးမယ် လို့ အောင့်မေ့မိတယ်။ လက်နက်ကိုင်ချင်းသာ မယှဉ်ရဲတာ။ လက်နက်မဲ့တွေအပေါ်တော့ မတရားအနိုင်ကျင့်ကြတဲ့ အမျိုးတွေလေ။ ဓါးဓါးချင်း လှံလှံချင်းဆို သူတို့က ဖင်လှန်ပြေးတဲ့အဖွဲ့။ ဒီ့ထက်လည်း သိက္ခာကျစရာ၊ သောက်ကျင့်ယုတ်စရာ မရှိတော့ဘူး။ ဂိတ်ဆုံး ကမ်းကုန်နေပြီ။ တဘက်နဲ့တဘက်ကြားမှာ ဒလန်၊ သူလျှို၊ သတင်းပေး လို့ စွပ်စွဲသတ်ဖြတ်တာတွေကလည်း အများကြီး။ စစ်ဖြစ်လို့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားချိန်မှာ တရားစီရင်ရေးက ဥပဒေပညာရှင်တောင် ပါချင်မှ ပါမယ်။ “ထောင်ကျစေ။ ထောင်သို့တိုက်ရိုက်သွားပါ။ စထွက်ကွက်ကို မဖြတ်ရ။ ကျပ် ၂၀၀ မယူရ။” ဆိုတဲ့ ကစားပွဲထဲက စီရင်ချက်မျိုး ထွက်လာရင် ကံကောင်း။ သူတို့ဘက်က အုပ်ချုပ်ရေးအာဏာ မစိုးမိုးတဲ့ဆီမှာ တော်လှန်ရေးဘက်က ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ လည်ပတ်သွားမှာကို သိပ်ကြောက်တယ်။ ဒါကြောင့်မို့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်း မှန်သမျှ နာလံမထူနိုင်အောင် ဗုံးကြဲတိုက်ခိုက်နေတာ။ သူတို့ မအုပ်ချုပ်တဲ့နေရာမှာ သောက်စရာ ရေအိုးစင်တောင် မရှိစေရဘူး။ ဒီလိုယုတ်ညံ့တဲ့စိတ်ထားမျိုး တိရိစ္ဆာန်လောကမှာတောင် ရှာလို့မရ။

အရာရာက ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ မိုးတွေက ပြန်သည်းလာပြီ။ အခုမှ မုန်တိုင်းရောက်တော့တာ။ ဖားကန့်စစ်ပွဲက ဆိုင်းတောင်ဘက်ကို ရွေ့လာပြီ။ အင်းတော်ကြီးဘက်မှာ စုဆောင်းရေးတွေ ဆွဲနေပြန်ပြီ။ နောက်ထပ် စစ်ထဲလိုက်စရာ လူငယ်လူရွယ်လည်း သိပ်မကျန်တော့ပါဘူး။ လုံးတုံဂိတ်မှာ ဗုံးကွဲလို့ ဖြတ်သွားတဲ့ အရပ်သား တစ်ယောက်သေတယ်။ ဗန်းမော်မှာတော့ ခုထက်ထိ ဘတပြန် ကျားတပြန်ပါပဲ။ စစ်ပြေးတဲ့သူတွေကတော့ နဂါးခံတွင်းထဲ မဝင်မိအောင် နဂါးလှည့်သင့်သလို ပြေးရတယ်။ လူလွတ်အောင်ပြေးပြီးရင်တော့ ကျန်တဲ့ပစ္စည်းတွေ သံယောဇဉ်ဖြတ်ခဲ့။ စားနပ်ရိက္ခာတွေ ဖြတ်တောက်ထားတော့ ရွာထဲကနွားတွေ တတိတတိနဲ့ ကုန်ရော။ ဆန်တစ်အိပ်က ၄ သိန်းဈေး၊ ဆီ ၅ ပိဿာပုံးက ၂ သိန်းဈေးဖြစ်နေပြီ။ ဘယ်ဈေးဖြစ်ဖြစ် အရပ်သားတွေဆိုတော့ ဝယ်စားရတာပဲ။ စစ်ပွဲရဲ့အလယ်၊ မုန်တိုင်းရဲ့မျက်စိထဲကနေ စားကောင်းသောက်ဖွယ်တွေ စာထိုင်ရေးနေလို့ ကာလံဒေသံလေး အားနာပါဦး အပြောခံရတယ်ဗျား။ စိတ်ကူးလေးနဲ့ စားမြုံ့ပြန်ရတာတောင် မသထာတဲ့သူက ရှိသေး။ မြို့ပေါ်မှာနေ၊ မအေ့အသုဘ မြေကျပြီးတာနဲ့ သီချင်းတက်ဆိုနေတဲ့သူမှ မဟုတ်တာ။ တောထဲတောင်ထဲ ရှိတာလေးနဲ့တင်းတိမ်ပြီး အာသာပြေရေးတဲ့စာကိုမှ ခံတွင်းမတွေ့ရင်လည်း နေပါစေတော့။ သွား သွား။ ကျော်စွာလင်းသမီးက ကျိုတိုမှာ မာစတာဘွဲ့ရသွားပြီ။ တော်လိုက်တာ တတ်လိုက်တာ သွားလုပ်ချေကြ။ ဘောမတဲ့၊ ပတ်ထမ်းတဲ့သူဆိုတာ သူ့ပုခုံးပေါ် တစုံတရာမှ ရှိမနေရင် ဟာတာတာကြီးရယ်။

လောလောဆယ် ရွာနေတဲ့မိုးကြောင့် ဒီနေ့အဖို့ အပြင်သွားဖို့ မဖြစ်နိုင်တော့ဘူး။ ချောင်းရေကလည်း နောက်သွားပြီ။ မနေ့က အဝချိုးထားလို့ တော်သေးတာပေါ့။ မိုးတအားခြိမ်းရင် Loki တို့ ၂ ကောင် အိမ်ပေါ်ကို အလန့်တကြား ပြေးတက်လာကြတယ်။ မိုးခြိမ်းတာနဲ့ ဗုံးကွဲတာကို သူတို့ ခွဲတတ်မှာ မဟုတ်ဘူး။ ဒီမိုးက မုတ်သုန်မိုး မဟုတ်ပဲ အရှေ့ဘက်ကလာတဲ့မိုးဖြစ်တဲ့အတွက် မြောက်ပိုင်းမှာ ရေကြီးရေလျှံဖြစ်မယ့်သဘောရှိတယ်။ လေက အရှိန်လျော့သွားပေမယ့် ရေက သွန်ချလိုက်သလိုပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ပဲ မျက်စိအောက်တင် ချောင်းရေတက်လာတယ်။ သစ်တုံးတွေ အရှိန်နဲ့မျောပါလာကြတယ်။ ရေသံတွေ တဝေါဝေါနဲ့ ဖြတ်ကူးလို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး။ အရင်တံတားဟောင်းလေးဆို မျောပါသွားလောက်ပြီ။ မနေ့ကနဲ့ ဘာမှမဆိုင်တဲ့ အပြောင်းအလဲ တစ်ခုပဲ။ စစ်ရေး နိုင်ငံရေး အခြေအနေတွေလည်း ဒီလိုမျိုး ရုတ်ချည်းပြောင်းလဲသွားရင် ကောင်းမှာပဲ။

တရုတ်ကြီးက နန်းစွန့်ပါတော့လို့ တိုးတိုးတိတ်တိတ် ခေါ်ပြောတာကို စိတ်ကောက်ပြီး ရုရှားမှာ ငသလောက် ပေါင်း သွားကျွေးတဲ့ မအလ ဟာ ပူတင်ကြီးဆီမှာတော့ ရွေးကောက်ပွဲပြီးရင် သူ အာဏာစွန့်ပါတော့မယ် လို့ မဟုတ်တရုတ်တွေ သွားပြောနေပြန်ပါတယ်။ “အို မဟုတ်တာ။” လို့ ဟိုက တားရင် တရုတ်ကြီးကို အပြစ်ပုံချမလို့နေမှာ။ အိုး သွားစမ်းပါ။ မာယာတွေ ရိုးနေပြီကွာ။ “နားလိုက်တော့ သားရီး” ဆိုပြီး ဖူးခက်ခေါ် ဒဘယ်ကပ်တစ်ပတ်လောက် လိုက်စီးခိုင်းနေမှ အခက်။ အရပ်ကမမီမကမ်းဟာကို။ ဒိုဘာမင် နဲ့ တယ်ရီယာကို မျိုးစပ်သလို ဖြစ်နေတော့မှာပဲ။

အာဏာသိမ်းတုန်းက တရုတ် နဲ့ ရုရှားက မီးစိမ်းပြလို့ သိမ်းရဲတဲ့ မအလဟာ အခု သူ့ပါပါးတွေက “နားလိုက်တော့။” လို့ ဇာတ်ညွှန်းရေးလာရင် ဘယ်လိုလုပ်မလဲ။ သူတစ်ယောက်တည်း ချည်ပြီးတုပ်ပြီး အပိုင်ရိုက်မယ့် ရွေးကောက်ပွဲက သူ့အတွက် မဟုတ်ဘူး ဆိုရင် သူ ဘာဆက်လုပ်မလဲ။ တပ်တွင်းမှာတောင် အစည်းမပြေအောင် မနည်း အမှုတွဲထားတဲ့ အဖိုးကြီးတော်တော်များများက တပ်ပြင်ကို ရောက်သွားရင် သူ့ဩဇာ နာခံပါဦးမလား။ ၆ လုံးတန်းက သူပလစ်ထားတဲ့ အဖိုးကြီးတွေကရော သူနဲ့ တလှေတည်း ဆက်စီးပါ့မလား။ တပ်ထဲမှာ သူဖြုတ်ထားတဲ့သူတွေလည်း တော်တော်များ နေပြီ။ အဲ့ဒီလူတွေက သူ့ကို အပြစ်မယူပါဘူး။ ခွင့်လွှတ်တယ် ဆိုရင် သူကိုယ်တိုင်ကရော ယုံပါ့မလား။ စိုးရိမ်မိတယ် ငပုရယ်။ ကိုယ်တောင် ဘာမှ မလုပ်လိုက်ရပဲ သူ့စားရိတ်နဲ့သူ စမုံတုံးသွားမှာကို။ အဲ့သလိုသာဆို ဘယ်အရသာရှိတော့မှာလဲ။

တရုတ်က နှပ်ကြောင်းပေးလိုက်တဲ့ ရွေးကောက်ပွဲကို သူ့အတွက် ထွက်ပေါက်အမှတ်နဲ့ ရူးရူးမိုက်မိုက် တိုးဝင်မိတဲ့ မင်းအောင်လှိုင်ဟာ နောက်ပြန်လှည့်လို့မရတဲ့ ဘေးကြပ်နံကြပ်ထဲမှာ နောက်ထပ်ရွေးချယ်ဆုံးဖြတ်စရာ လမ်းဆုံလမ်းခွတစ်ခုကို ရောက်လာပါတယ်။ ကိုကို့ကိုရွေးမှာလား အဲ့ဒီချာတိတ်ကို ရွေးမှာလား ဆိုတာမျိုးပါ။ စစ်တပ်ရဲ့ ဆက်လက်ဖြစ်တည်မှု နဲ့ သူ့ရဲ့ ဆက်လက်ဖြစ်တည်မှု။ တစ်ခုခုကို မဖြစ်မနေ ရွေးချယ်ပေးရတော့မယ်။ နှစ်ခုစလုံး မရနိုင်တော့ဘူး။ သူဆက်ရှိနေရင် စစ်တပ်တခုလုံး မဖြစ်မနေ ဖြိုခွင်းခံရတော့မယ်။ စစ်တပ်ကို ဆက်ရှိစေချင်ရင် သူက အနားယူပြီး နောက်လူကို တင်ပေးခဲ့မှ ရမယ်။ အဲ့ဒါက သူတို့စစ်တပ်အတွင်းမှာ ရှိတဲ့ အတွင်းရန် internal conflicts ပဲ ရှိသေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ စစ်တပ်ရော သူရော အမြစ်မကျန် ချေမှုန်းဖို့ကလွဲရင် သူတို့ကို ဘာရွေးချယ်စရာမှ ပေးမထားဘူး။

ဒီအခြေအနေရောက်လာရင် သူဘာကိုဆက်လုပ်မလဲ မသိစရာအကြောင်း မရှိပါဘူး။ တိုင်းပြည်တခုလုံး စိစိညက်ညက်ကျေအောင် ချေမှုန်းပြီး တရုတ်လက်၊ ရုရှားလက် ရှိသမျှထိုးအပ်နေတဲ့ကောင်က သူ့စစ်တပ်ကြီးပြိုကွဲသွားမှာကို သောက်ဂရုစိုက်လိမ့်မယ် ထင်လို့လား။ သူ့ဘက်ကလည်း အဆုံးထိသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒီဘဲလစ်ရင် ငါက ကာ/ချုပ်ဖြစ်မှာ။ ငါက ဝန်ကြီးချုပ်ဖြစ်မှာ။ အိပ်မက်တွေမက်နေတဲ့သူတွေ အကုန်ထိုးကျွေးခံရမှာ။ သူလစ်အောင်စောင့်နေရင် ကိုယ်ပဲ အရင်လစ်သွားမှာမို့ မလစ်လစ်အောင် ဝိုင်းချောက်ချဖို့ပဲ ရှိတော့တယ်။ ဒီအတိုင်းဆိုရင် နောက် ၃ လအတွင်းမှာ နိုင်ငံရေးစားခွက်လုပွဲတွေ ဘယ်ဘက်မှာ ပြင်းထန်လာမလဲ မုန်တိုင်းရဲ့ လားရာလိုပဲ တွက်ချက်ခန့်မှန်းလို့ ရပါလိမ့်မယ်။ အပင်တွေလည်း လဲကြဦးမယ်။ ကမ်းပါးတွေလည်း ပြိုကြဦးမယ်။ ချောင်းရေတွေလည်း အဟုန်ပြင်းပြင်းနဲ့ တိုက်စားမျောပါသွားကြမယ်ပေါ့။ ဒီမှာလည်း စာထဲထည့်ရေးမလို့ စောင့််ကြည့်နေတယ်နော်။ မချိမဆန့် မရှုမလှ ကျဆုံးခန်းတွေမြင်လို့ကတော့ ဘယ်လိုတွေတောင် ကွင်းကွင်းကွက်ကွက် သရုပ်ဖော် ကလော်တုပ်သွားမလဲ စောင့်ကြည့်လိုက်။ မသာရှင်ကြီးက မထော်တွေဝတ်ပြီး တောကျလိုက်တာ လို့ ဘလိန်းမခံရအောင် ဆိုမာလီငြိမ်းချမ်းမကြီးကို မိတ်ကပ်ပြင်ခိုင်းဖို့ ခုကတည်းက ဆွဲစိထားလိုက်ပါတော့ ဖွားကျော်ကူရေ။