ခင်တို့အိမ်မှာ မြိန်မြိန်စားချင်တယ်

ခုတလောတော့ တရုတ်ဇာတ်လမ်းတိုတွေ ပျင်းလာလို့ Netflix ဘက်ကို ပြောင်းကြည့်ဖြစ်ပါတယ်။ အမှန်တော့ Netflix ကိုပဲကြိုက်တာပါ။ ဒါပေမယ့် ဇာတ်ကားတစ်ကားဆုံးအောင် အချိန်မပေးနိုင်ပဲပြတ်တောင်း ပြတ်တောင်း ကြည့်နေရတာမို့ အရသာပျက်လို့ တိုးလို့တန်းလန်းတွေ များတယ်။ ဆေးရုံမရှိတော့ပေမယ့် အလုပ်က ပိုတောင်ရှုပ်သေး။ လူလည်း ပိုပင်ပန်းသေး။ စာတောင် တစ်ပိုဒ်ရေးလိုက်၊ ချထားလိုက်၊ ရောက်တဲ့နေရာက ပြန်ဆက်ရေးလိုက်နဲ့ ဆက်ရာတွေ ထင်နေမှာ။ ရေးနိုင်တုန်း တွန်းရေးထားရတာလေ။ နောင်ကျ အသက်ကြီးလာတော့ မျက်စိကမွဲ၊ ဉာဏ်ကနည်းသွားရင် ဘယ်လိုလုပ်မတုန်း။

ကိုယ်ရေးတဲ့စာထဲမှာ ရသပါစေချင်သလိုပဲ ကိုယ်ကြည့်တဲ့ reels တွေထဲမှာ ရသခံစားချင်လို့ အစားအသောက်ပါတာတွေ ပိုကြည့်ဖြစ်တယ်။ မြိုင်တို့ ၊ ဂယ်လက်ဆီတို့ ကြိုက်တယ်။ ဇာတ်လမ်းတွဲကြည့်ရင်တောင် “Mr Queen” တို့၊ “Bon appetit, Your Majesty” တို့ စောင့်ကြည့်တယ်။ အပိုင်းတစ်ပိုင်း Menu တစ်မျိုးနဲ့ ဟုတ်နေတာပဲ။ အစားစားတဲ့အခါ မျက်စိပသာဒနဲ့ အရင် အရသာခံရတာမို့ အဲ့ဒီအရသာကို ဗီဒီယိုနဲ့လည်း ခံစားလို့ ရတယ်။ ကိုရီးယားကားထဲမှာလည်း တကယ်တမ်းတွက်ကြည့်ရင် နန်းတွင်းကား၊ အချက်အပြုတ်ကား၊ စုံထောက်ကား၊ ရင်ထုလင်လုကား။ ဒါမျိုးတွေချည့် လှည့်ပတ်ရိုက်နေတာပါ။ ရုပ်တွေတောင် သိပ်မချောကြတော့ဘူး။ မျက်စိထဲ ရိုးသွားလို့လား မသိ။ အစားအသောက်ကားတွေ ဦးစားပေးရိုက်ရတော့ မင်းသား မင်းသမီးတွေချည့် လှလို့မရဘူးရယ်။ စားဖွယ်ဟင်းလျာတွေလည်း မြင်ရသူ သွားရည်ယိုလောက်အောင် ဝါးရီးဆွဲပြနိုင်ရမယ်လေ။ ငပိရည်နဲ့နည်ဖတ်ပြီး လက်နဲ့ပယ်ပယ်နယ်နယ် ပလုပ်ပလောင်းစားပြတာက စားရတာ အားရပါးရ ရှိပေမယ့် မြင်ရတာ စားချင်စရာ မကောင်းဘူး။ ဂျော်နာရဲ့ နှုတ်ခမ်းစူစူလေးနဲ့ မပွင့်တပွင့် ဝါးပြတာမျိုးမှ အာဂျီးမားတွေ သွားရည်တမြားမြားကျပြီး “စားချင်လိုက်တာ။ ဂျော်နာ့ကို။” ဖြစ်ကုန်တာ။ ဒီတစ်ကားလုံးမှာ သူ့နှုတ်ခမ်းလေးက အသက်ဆိုပဲ။ ဖြစ်မှ ဖြစ်ရလေ။ ဝင်းဦးလောက် များ လှရင် ပဲဟင်းစားတဲ့ကား ရိုက်ခိုင်းဦးမှာလား မသိ။

အချက်အပြုတ်ကားတွေ အကြည့်များတဲ့အခါ နိုင်ငံတခုနဲ့တခု မီးဖိုချောင်သုံး အမွှေးအကြိုင်တွေ မတူမှန်း သိလာတယ်။ ဥရောပသားတွေ ပင်လယ်ခရီးနဲ့ ကမ္ဘာပတ်တာဟာ မဆလာဝယ်ဖို့ လို့ ငယ်ငယ်တုန်းက ပြောတာကို နားမလည်ခဲ့ဘူး။ ကိုယ်တွေက ဟင်းခပ်အမွှေးအကြိုင်ဆိုရင် ဇီယာ၊ ဖာလာ၊ မဆလာလောက် သိတာလေ။ ကိုယ်တိုင်လည်း အချက်အပြုတ်မတတ်တော့ herbs နဲ့ spice ကို ခွဲမသိဘူး။ shallot နဲ့ onion ကို အတူတူပဲ လို့ မှတ်တာ။ အဲ့ဒါတွေက dictionaries ထဲ ရှာကြည့်လို့လည်း မျက်စိထံမမြင်ဘူး။ ဒီတစ်မျိုးတည်းကိုပဲ တနေရာနဲ့ တနေရာ အခေါ်အဝေါ် မတူဘူး။ ရန်ကုန်မှာ ရှမ်းနံနံ လို့ခေါ်တဲ့ဟာကို ဒီဘက်မှာ ကုလားနံနံတဲ့။ ဒါတောင် တရုတ်နံနံ၊ ဗမာနံနံ၊ ပူစီနံ မပါသေးဘူး။ သူ့ဒေသမှာပဲ ရနိုင်တဲ့ဟာတွေလည်း ရှိတယ်။ ရခိုင်မုန့်တီကို ရခိုင်မှာ ငရုပ်ကောင်း နဲ့ ချက်တာ မဟုတ်ဘူး။ ပဒဲကော၊ အာပူရွက်နဲ့ ချက်တာ။ ကချင်ဟင်းတွေဆိုလည်း ဖက်ဖယ်၊ ပင်စိမ်း၊ ငါးညှီမြစ်၊ ကန်ဆင်း တို့နဲ့ချက်တာ။ အဲ့ဒါတွေ ရန်ကုန်မှာ မရဘူး။ ကြက်သားဟင်းပင်စိမ်းအုပ်ပြီး ကြက်ကချင်ချက် ပြောရောင်းနေတဲ့ဟာတွေ။ အဲ့ဒီဟင်းခပ်ပစ္စည်းတွေ မတူတဲ့အတွက်ကြောင့် နေရာဒေသကွဲရင် အနံ့အရသာကွဲပြားတာ။

အနံ့မွှေးဖို့ထည့်တဲ့ ဟင်းခပ်ပစ္စည်းတွေပြီးရင် အရသာလေးလေးပင်ပင် ရှိဖို့ ထည့်ရတဲ့ဟာတွေလည်း ရှိသေးတယ်။ ဆားခပ်ရင်လည်း ငံတာပဲ။ ငပိခပ်ရင်လည်း ငံတာပဲ။ ငံပြာရည်ခပ်ရင်လည်း ငံတာပဲ။ ဒါပေမယ့် အရသာ မတူဘူး။ နေရာမှားသုံးရင် ဟင်းပျက်တယ်။ လူတစ်ယောက်တည်း ချက်တဲ့ မုန့်ဟင်းခါးတောင်မှ ငံပြာရည်ပြောင်းသုံးရင် အရသာ ပြောင်းသွားတယ်။ အဝတ်အစားကမှ အတွဲအဖက် အစပ်အဟပ် တည့်ရတာ မဟုတ်ဘူး။ ဟင်းခပ်ပစ္စည်းတွေကလည်း သူ့နေရာနဲ့သူ သုံးတတ်မှ လိုချင်တဲ့ အရသာရတယ်။ ကိုယ့်အိမ်က မီးဖိုချောင်တစ်ခုတည်းမှာတောင်မှပဲ အမေချက်တဲ့ဟင်း၊ အဖွားချက်တဲ့ဟင်း၊ ကိိုယ့်ညီမတွေချက်တဲ့ဟင်း၊ သူများချက်တဲ့ဟင်း။ လျှာပေါ်မှာ တင်ကြည့်ရင် ခွဲခြားလို့တတ်တယ်။ အဲ့ဒါကိုကျ လက်ရာ လို့ ခေါ်တယ်လေ။ သူတို့ဆီက အစားအသောက်ရုပ်ရှင်တွေ ဘယ်ကားကြည့်ကြည့် အပ်ကြောင်းထပ်နေတာက ပါးစပ်ထဲဝါးရင်း မျက်ရည်လေးလည်လာပြီး ငယ်ငယ်တုန်းက အမေချက်ကျွေးတဲ့ ဟင်းကို သတိရလိုက်တာ ဆိုတဲ့ plot က rating အမြင့်ဆုံးပဲ။ အရသာ လျှာကသိပြီးရင် မှတ်ဉာဏ်တွေကို နှိုးဆွပြီး ရင်ထဲမှာ ဆွတ်ပျံ့လွမ်းမော သွားတယ်ပေါ့။ မာလာရှမ်းကော စပ်စပ်လေး စားလည်း မျက်ရည်တွေရော၊ နှာရည်တွေရော၊ ချွေးသီးချွေးပေါက်တွေရော ထွက်တဲ့ဟာကို။

ကိုယ်တို့မြန်မာတွေက အစားအသောက် စားရင် အချို၊ အချဉ်၊ အငံ၊ အစပ်၊ အခါး၊ အဆိမ့်ကိုပဲ အရသာခံကြပေမယ့် သူများနိုင်ငံကတော့ အပျော့၊ အမာ၊ အကြွတ်၊ အဆတ် (Texture) ကိုပါ အရသာ ခံကြပါတယ်။ လက်တစ်ဆစ်လောက် အသားတုံးတစ်တုံးကို သိန်း ၂၀-၃၀ ပေးစားတယ် ဆိုတဲ့ အမဲသားတွေက ကိုယ်တွေလျှာဖျားက အရသာ ၆ ပါးကြောင့်မဟုတ်ပဲ နူးညံ့ပျော့ပြောင်းမှုလေးတစ်ခုတည်းကိုပဲ အရသာခံတာပါ။ ဂျပန်တွေစားတဲ့ အသားစိမ်း၊ ငါးစိမ်း sashimi တွေဆိုရင်ဆားကလေးတောင်မခပ်ပဲ သူ့မူလအရသာနဲ့ နူးညံ့လတ်ဆတ်မှုကို ခံစားပါတယ်။ ပေါ့တယ်ထင်ရင် ငံပြာရည်လေးတို့လိုက်၊ ညှီတယ်ထင်ရင် ဝါဆာဘီလေးပွတ်လိုက်၊ ဘာအမွှေးအကြိုင်၊ ဘာဟင်းခပ်မှ မလိုဘူး။ ဒီအတိုင်းစားတယ်။ ချက်ထားတာမဟုတ်ပဲ အစိမ်းစားတာဖြစ်တဲ့အတွက် လတ်ဆတ်သန့်ရှင်းဖို့တော့ အရေးကြီးတယ်။

အသားငါးဆိုတာ လတ်ဆတ်တာနဲ့ မလတ်ဆတ်တာ အရသာချင်း ဘာမှမဆိုင်မှန်း ကိုယ်တိုင်စားဖူးတော့သိပါလိမ့်မယ်။ ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ မူဆယ်၊ လောက်ကိုင်မှာပဲဖြစ်ဖြစ်၊ ဂဏန်း၊ ပုဇွန်၊ ကင်းမွန်၊ ကမာ၊ ရေဘဝဲ၊ ပင်လယ်စာတွေ ရေခဲပုံးနဲ့ အရောက်ပို့ပေးတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီပင်လယ်စာတွေအားလုံး ကမ်းခြေမှာလတ်လတ်ဆတ်ဆတ်စားရသလောက် တော့ ဘယ်တော့မှ မချိုပါဘူး။ seasoning ရဲ့အရသာပဲ ရှိမယ်။ သဘာဝရဲ့အရသာ မပါတော့ဘူး။ texture, flavor, taste အကုန်လုံး လျော့သွားတယ်။ City Mart က frozen counter မှာ ဝယ်တဲ့ ဆယ်လမွန်ငါးအသားလွှာချင်းတောင် တင်သွင်းလာတဲ့ နိုင်ငံအပေါ် မူတည်ပြီး ဈေးက ထက်ဝက်လောက် ကွာတာကိုး။ ပြင်သစ်ရာဇဝင်ထဲက Vatel ဆိုတဲ့ စားဖိုမှူးကြီးဟာ လူဝီ-၁၄ ဘုရင်မင်းမြတ်ရဲ့ ညစာစားပွဲမှာ တညသိပ်ငါးတွေနဲ့ ချက်ပြုတ်ကျွေးမွေးရတာ စိတ်တိုင်းမကျတဲ့အတွက် သူ့ကိုယ်သူ သတ်သေသွားပါတယ်။ စားဖိုဆောင် အနုပညာဆိုတာ လေ့လာလိုက်စားလို့ ကုန်တယ် မရှိပါဘူး။ ဒါကြောင်မို့ Netflix ထဲမှာ ရုပ်ရှင်ရှာတဲ့အခါ အချက်အပြုတ် ဇာတ်လမ်းတွဲတွေချည့်ပဲ ကြည့်လို့မကုန်အောင် ပေါများနေတာလေ။

ကိုယ်ဆိုလည်း ကလေးဘဝ ရုပ်ရှင်ဇာတ်လမ်းကို နားမလည်ခင်ကတည်းက ထမင်းစားခန်းပါတဲ့ ဇာတ်ကားဆို လွှတ်သဘောကျတာ။ ကိုယ့်အမေနဲ့ သွားကြည့်တဲ့ ကားတစ်ကားဆို ခုထိမှတ်မိတယ်။ “ကညာပျို နဲ့ ဇရာအို” တဲ့။ လူကြီးတွေက ရယ်ရလို့ ကြိုက်တယ်။ ကိုယ်ကျတော့ စံရှားတင်ကြီး ဆံပင်ဖြတ်ပြီး “ဘရာစီယာ အခါခါဝတ်၊ တာတာတွတ်၊ သူညွှတ်လာအောင် ခေါ်။ အိုး မောင့်။” ဆိုတာကြီးကို နားမလည်လို့ မရယ်ရဘူး။ ဇာတ်သိမ်းခန်းမှာ ကော်လိပ်ဂျင်နေဝင်း နဲ့ မြင့်ဖေတို့ ထမင်းစားပွဲဝင်ထိုင်တော့ လူကြီးတွေက ပြီးပြီဆိုပြီး ပြန်ဖို့ထတယ်။ ကိုယ်က “မပြန်ချင်သေးဘူး။ ဟိုမှာထမင်းစားတော့မယ်။ ဘာဟင်းတွေလဲ မသိ။” ဆို ဆက်ကြည့်နေတာ။ တကားလုံးမှာ အဲ့ဒီတစ်ခန်းပဲ မှတ်မိတယ်။ အိုက်အခန်း အကြိုက်ဆုံး။ ဒီအရွယ်ကြီးထိလည်း ချစ်ခန်းကြိုက်ခန်းထက် ချက်ခန်းပြုတ်ခန်းတွေကို အကြည့်များနေတာ။ ငတ်ကြီးကျတယ် လို့ ပြောရမလားပဲ။

အချက်အပြုတ် ဝါသနာပါတာတော့ မဟုတ်ပါဘူး။ အိမ်မှာဆို မအေတွေ၊ နှမတွေက ထမင်းပွဲရှေ့ရောက် ခူးကျွေးတာပဲ စားတာ။ ကိုယ့်မီးဖိုချောင်ထဲ ဘယ်နေရာ ဘာရှိမှန်းတောင် သိတာ မဟုတ်။ ဆာဂျင်ဖြစ်ပြီး တစ်ယောက်တည်း နယ်ထွက်ရတော့မှ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်ဖို့ မဖြစ်မနေ သင်ယူရတာ။ အမြဲတမ်းတော့ မချက်ချင်ဘူး။ အပျင်းကြီးလို့။ ချက်ချင်တဲ့ရက် ချက်တယ်။ မချက်ချင် ဝယ်စားတယ်။ အစားအသောက်ကို အာသာငမ်းငမ်း တပ်မက်တဲ့စိတ်တော့ မရှိဘူး။ စားတာကလည်း ကြောင်စာလောက်ပဲ။ ဘူဖေးလို အမုန်းဆွဲ အဝဆွဲ၊ စားလေတန်လေ ဆိုတာမျိုးထက် တို့ကနန်းဆိပ်ကနန်း၊ ကုန်တန်ဝတန် တစ်ပန်းကန်ဆိုတဲ့ fine dining မျိုးကို ပိုသဘောကျတယ်။ Chinese Cuisine ကို နှစ်သက်ပေမယ့် အဲ့သလို ထမင်းဝိုင်းကြီးနဲ့ ဟင်းတွေ ပြည့်လျှံနေအောင် ကျွေးတာမျိုးကို မစားနိုင်ဘူး။ အခု ဟော်တယ်တွေမှာ တစ်ယောက် ဒေါ်လာ ၅၀-၁၀၀ ပေးရတဲ့ Buffet Feast တွေကို သိပ်အရသာမတွေ့ဘူး။ အမယ်တွေ အရမ်းစုံပြီး အကုန်လျှောက်မြည်းချင်နေလို့ ဘယ်အရာကိုမှ ခံတွင်းမတွေ့တော့ဘူး။ စားဖူးတယ် ဆိုရုံနဲ့ အကုန်ပြီးပြီးသွားတယ်။

ဆူရှီကို သိပ်မကြိုက်ပေမယ့် Japanese Cuisine က ကိုယ်နဲ့ ကိုက်တယ်။ သူတို့လည်း ကိုယ့်လိုပဲ ပါးဖြဲနားဖြဲ မစားဘူး။ ဆွမ်းတော်တင်သလောက်ကလေးပဲ စားတာ။ ဘယ်ဟင်းပွဲကိုမှ အဝမကျွေးဘူး။ မြည်းရုံစမ်းရုံလောက်ဆိုတော်ပြီ။ သူတို့အစားအသောက်တွေကလည်း အနံ့တွေ အရသာတွေ သိပ်မထည့်ကြဘူး။ သဘာဝအရသာကိုပဲ အသားပေးတာ။ ရန်ကုန်မှာ ရှိတဲ့ ဂျပန်ဆိုင်တွေက အရမ်းဈေးကြီးတယ်။ ဟင်းချက်စရာတွေက ဂျပန်က မှာတာမို့လို့တဲ့။ ကိုယ့်ဟာကိုယ်တော့ မစားနိုင်ပါဘူး။ သူများကျွေးမှ စားဖူးတယ်။ ကုက္ကိုင်းက ဆိုင်လေးတစ်ဆိုင် ရှိတယ်။ မြေအောက်ထဲဆင်းသွားရတာ။ နံမည်က “Born in Japan” တဲ့။ သူ့ဆိုင်မှာ မီနူးမရှိဘူး။ Chef က သူချက်ချင်တာ ချက်ကျွေးတာ။ ချေးမများနဲ့။ ကျွေးတာစား။ ဘာစားစား စားကောင်းဖို့ သူတာဝန်ယူတယ်။ အဲ့သလိုမျိုး။ ဆိုင်လေးကလည်း ကျဉ်းကျဉ်းလေး။ သူ့ဟာက ဈေးရောင်းနေတာနဲ့ တောင် မတူပါဘူး။ ဧည့်သည်လာလို့ အိမ်ရှိတာလေးတွေ ချက်ပြုတ်ကျွေးမွေးနေသလိုပဲ။ bartender တစ်ယောက်၊ chef တစ်ယောက်၊ cashier တစ်ယောက်နဲ့ လည်ပတ်နေတာ။ waiter တောင် မရှိ။

နောက်တစ်ဆိုင်ကလည်း အရမ်းဈေးကြီးပါတယ်။ Sedona အောက်ထပ်မှာ ရှိတယ်။ ကိုယ့်ဆရာကြီးလိုက်ကျွေးလို့ စားရတာ။ သူက အဆန်းဗျ။ Dining room မှာ စားရတာ မဟုတ်ဘူး။ မီးဖိုချောင်ထဲ ဒယ်အိုးအပြားကြီးဘေးမှာ ခုတ်ထစ်လှီးဖြတ် ကျော်ချက်ပြီး ပန်းကန်လေးတွေနဲ့ တွန်းပို့ပေးတာ။ ဒါ စားလို့ကုန်မှ နောက်တမယ် ထပ်ပြင်တယ်။ စားဖိုမှူးတွေက မြန်မာ မဟုတ်ဘူး။ မီးဖိုမှာ မီးမွှေးကတည်းက ဂျပန်လိုတွေ ကုန်းအော်ပြီး မီးဟုန်းဟုန်း တောက် အောင် ရှို့ပြသေး။ ဒယ်အိုးလေး ဆီဆွတ်ပြီး ပဲပင်ပေါက် ဆားဖြူးကြော်တာလေးလည်း စားလို့ကောင်းတာပဲ။ Main Course ကတော့ အမဲသားပေါ့လေ။ ဒါတောင် ဦးတေဇ ဂျပန်ကို လေယာဉ်ပျံနဲ့သွားစားတယ်ဆိုတဲ့ တတုံးကို သိန်း ၃၀ ကျော်တန် Kobé Beef မဟုတ်သေးဘူး။ သူတို့က ကိုယ်တွေလို နူးနူးနပ်နပ် စားတာ မဟုတ်။ အရောင်ရဲရဲ အပေါ်ကြောတင်းရုံလေးကိုမှ soft ဖြစ်တယ်။ juicy ဖြစ်တယ် ဆိုပြီး ခုံခုံမင်မင် စားကြတာ။ အစိမ်းဆို ပိုတောင် ကြိုက်သေး။

European dishes တွေလည်း ကိုယ်နှစ်သက်ပါတယ်။ ဈေးကြီးလွန်းလို့ ခဏခဏ မစားနိုင်တာ တစ်ခုပဲ။ ကိုရီးယားကားထဲမှာ ပြိုင်ပွဲဝင်ဟင်းလျာဖြစ်တဲ့ “Beef Bourguingon” တို့ “Crème Brulé” တို့ဆို ပြင်သစ်ကျောင်းမှာထဲက လုပ်စားဖူးပါတယ်။ သူတို့ဟင်းခပ်အမယ်တွေကတော့ ကိုယ်တို့နဲ့ မတူဘူး။ သီချင်းထဲမှာပါတဲ့ parsley, sage, rosemary & thyme ဆိုတာတွေက ဒီမှာလည်း မရဘူး။ Parmesan cheese, Mozzarella cheese နဲ့ Cheddar cheese တောင် စုံအောင် မစုနိုင်ပဲ ပြင်သစ်ဟင်းတွေ ချက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြင်သစ်အိမ်တွေမှာဆို သူတို့မီးဖိုချောင်မှာ cheese အမျိုးပေါင်း ၄-၅၀ ကို ဗျပ်နဲ့ထားတာ။ Wine cellar မရှိတဲ့အိမ်ဆို အရက်ပုလင်းတွေ ပုတ်နဲ့သိမ်းထားတာ။ အဲ့ဒါတွေက သူများအိမ် ဧည့်သည်လုပ်မှ စားကောင်းပါတယ်။ ဆိုင်မှာစားရင် တအားဈေးကြီးတာ။ အရသာလည်း မမီဘူး။ စမ်းချောင်းထဲက Café De Bar ရဲ့ seafood နဲ့ စပိန်ထမင်းကြော်တော့ ကြိုက်တယ်။

ရေးရတာ အရသာရှိလိုက်တာကွယ်။ ဖတ်ရတာလည်း အရသာရှိမှာပေါ့။ ကိုယ်ပြောတဲ့ဟင်းတွေကို အပြင်မှာ တကယ်စားဖူးတယ် ဆိုရင်လေ။ အဲ့ဒါကြောင့် ပြောတာပေါ့။ အရသာ လျှာကသိတယ် ဆိုပေမယ့် ဦးနှောက်က memories တွေကိုလည်း recall ပြန်ပြန် ခေါ်တယ်။ “Drinks bring back all the memories and memories bring back, memories bring back you.” ဆိုတာမျိုးရယ်။ ကိုယ်လည်းပဲ အခု recall ပြန်ခေါ်နေရတယ်လေ။ ဪ အဲ့ဒါလေး စားဖူးသားပဲ။ ဘယ်တုန်းကလေ။ ဘယ်သူနဲ့ပေါ့။ အဲ့ခါကျတော့ ပါးစပ်ထဲမှာလည်း အရသာလေးတွေ ပြန်ပေါ်လာရော။ ဂျော်နာကမှ တစ်ကိုက်လောက်ဝါးပြီး ပန်းခင်းကြီးထဲရောက်သွားလိုက်၊ ကြာအိုင်ကြီးထဲရောက်သွားလိုက် ဖြစ်တာ မဟုတ်ဘူး။ ကိုယ်လည်းပဲ စာရေးနေရင်းကနေ Lotté Hotel ရောက်သွားလိုက်၊ “l’Opéra” ရောက်သွားလိုက်၊ Novotel ရောက်သွားလိုက်ပေါ့။ သာယာနေလိုက်တာများ။ တောထဲမှာ စားရတာက ခေါက်ဆွဲခြောက်ပြုတ်၊ အမဲခြောက်ဖုတ် ဖြစ်ချင်ဖြစ်မယ်။ စိတ်ကူးထဲက အရသာကတော့ ဂျော်နာထက်ရော၊ ဝမ်းရှထက်ရော မလျော့ပါဘူးဗျာ။ ဖဿ ပစ္စယာ ဝေဒနာ တဲ့။ လျှာကခံစားမိတဲ့ အာရုံပေါ်မှာ သိမှုဆိုတဲ့ ဝေဒနာက လိုက်လာမယ်။ အဲ့ဒါပြီးရင် သညာ၊ စေတနာ၊ ဧတဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသီကာရ ဆိုပြီး စေတသိက်တွေ အစဉ်အတိုင်းလိုက်လာရောတဲ့။ ပါဠိတွေများလို့ နားရှုပ်မသွားပါနဲ့။ စောစောကပြောတဲ့ “Memories bring back, memories bring back you.” ဆိုတာနဲ့ အဓိပ္ပါယ် တူတူပါပဲ။ အမေချက်တဲ့ဟင်းကလေး လွမ်းလိုက်တာ။ ငါ့သမီးလေးလည်း ဒါမျိုးစားစေချင်လိုက်တာ။ စင်္ကာပူရောက်မှ သူငယ်ချင်းတွေနဲ့ သွားစားဦးမယ်။ အဲ့ဒီအရသာကလေးတွေကလည်း တောထဲတောင်ထဲ မစားရအညှော်ခံရတဲ့ဘဝကို ချိုမြိန်စေပါတယ်လေ။