ကိုယ်တို့အညာမှာတော့ အိမ်ဆိုရင် အောက်ထပ်မှာ ကွပ်ပျစ်ကလေးခင်း။ အပေါ်ထပ်မှာ ဘုရားစင် နဲ့ အိပ်ခန်းနဲ့။ မီးဖိုဆောင်ကို အိမ်ဘေးမှာ အဆွယ်ထား။ ချိုးရေသုံးရေအတွက် ရာဝင်စဉ့်အိုးကြီး ၂ လုံးလောက် ဖြည့်ထားပြီးရင် အိမ်သာကိုတော့ နောက်ဖေးခြံထောင့်ဆီမှာ သပ်သပ်တူးထားကြပါတယ်။ ဒါက လူနေဖို့ပဲ ရှိသေးတာ။ နွားနေဖို့ တင်းကုပ်ကလေးက တစ်ခု။ မျက်နှာကျက်ပေါ်မှာ နွားစာစင်တင်ထားပြီး ဆောက်။ နွားတင်းကုပ်က ရေမမြုတ်အောင် ဗွက်မပေါက်အောင် ခပ်မြင့်မြင့်ကလေး မြေဖို့ထားပြီး အလယ်မှာ လောင်းလှေတစ်စင်းလို သစ်ထွင်းတဲ့ နွားစာခွက်တစ်ခု တည်ထားတယ်။ အပြင်ဘက်မှာတော့ နွားစာစင်းတဲ့ ခြေနင်းဓါးစက်ကလေး တစ်ခုထားရတယ်။ အဲ့ဒီနောက်တော့ ဝမ်းစာသိမ်းဖို့ စပါးကျီ ဒါမှမဟုတ် နောက်ချေးသရိုးကိုင်ထားတဲ့ ပုတ်အကြီးကြီးတွေကို အမိုးမိုးပြီး ထားကြတာပေါ့။ ရေတွင်းက အိမ်တိုင်းမရှိဘူး။ နီးစပ်ရာ ရေတွင်းရှိတဲ့အိမ်မှာ ကိုယ့်စက်သီးနဲ့ကိုယ် ရေပုံးလေးကြိုးတပ်ပြီး ငင်သုံးခပ်သုံးကြတာပဲ။ ဘယ်အိမ်ကြည့်ကြည့် အကုန် ဒီအတိုင်းပဲ။ အိမ်တစ်အိမ်လုံး ခေါင်အစ ကြမ်းအဆုံး ဈေးကဝယ်သုံးတာ ဘာမှမရှိဘူး။ အကုန် ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ကိုင်ပြုပြင်ထားတာ။ ရွာကလူတွေက အလုပ်နဲ့လက်နဲ့မပြတ်မှ လူလူသူသူနေရတာ။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်တယ်ဆိုတာ အပိုအလိုမရှိ မှန်တယ်။ လုပ်ကိုင်ပေးမယ့်သူမရှိ၊ ဟုတ်ဟုတ်ငြားငြားလည်း သုံးစားမရဘူးဆိုရင် “မုဆိုးမအိမ်က ဓါးမတိုလိုပဲ။” လို့ ပြောကြတယ်။ မှန်မှန် သွေးပေးမယ့် သူမရှိတော့ ခုတ်မရ လှီးမရနဲ့ လွှင့်ပစ်ဖို့ပဲ ကောင်းတော့တယ် လို့ ပြောချင်တာ။
အခုရွာမှာတော့ နွားတင်းကုပ်၊ နွားစာခွက်၊ နွားစာစင် မတွေ့ဘူးဗျား။ တစ်ရွာလုံးပေါင်းမှ ရွာအရှေ့ခြမ်းမှာ ကောက်ရိုးပုံ ၃ ပုံပဲ တွေ့မိတယ်။ (အေးသာရေ။ နင်တော့ ဒုက္ခပဲ။) မိုးကျပြီဆိုတော့ ထွန်ကြယက်ကြ မျိုးကြဲကြပြီလေ။ အဲ့ဒါတွေလည်း အပင်ပန်းခံပြီး နွားနဲ့ဖက်မရုန်းကြပါဘူးလေ။ ထွန်စက်တွေ ဝယ်နိုင်ဝယ်။ မဝယ်နိုင် ငှါးထွန်ကြတာပေါ့။ ကိုယ်တွေက ဘယ်ခေတ်ထဲမှာ နေတာမို့တုန်း။ နွားကို သူတို့သုံးရင် မနက်အစောပိုင်း နေမပူခင် နဲ့ ညနေနေအေးတဲ့အခါ ထင်းတိုက် ကျောက်သယ် ဟိုနားသည်နား ဝန်တင်သွားဖို့ပဲ သုံးတယ်။ ခိုင်းပြီးရင် ထမ်းပိုးဖြုတ်ပြီး ကြိုးဖြည်လွှတ်လိုက်။ နွားက သူ့ဘာသူ နွားအုပ်ရှိရာ လိုက်ရှာပြီး ရေကြည်ရာ မြက်နုရာ သူ့ဘာသာသူ ရှာဖွေစားသောက်တယ်။ ညနေ နွားရိုင်းသွင်းချိန်ကျ ကိုယ့်အိမ်ကိုယ် ပြန်လာအိပ်တယ်။ တစ်ရွာလုံးပေါင်းရင် နွားအကောင် ၄၀ လောက်ရှိတယ်။ နွားရှင်တွေက ကိုယ့်နွားကိုယ် မှတ်မိသလို နွားတွေကလည်း ကိုယ့်အိမ်ကိုယ် မှတ်မိတယ်။ နွားတွေအကုန် ဝဖီးနေပြီး ချိုကြီးတွေထောင်နေတာ ကျွဲလောက်နီးနီးပဲ။
နွားပေါက်ကလေးတွေလည်း အများကြီးတွေ့ရတယ်။ ဒါပေမယ့် နွားနို့တော့ တစ်ခါမှ ဝယ်မရဖူးဘူး။ သောက်ချင်ရင် မြို့ကိုမှာရတယ်။ ရောက်လာလို့ ကျိုလိုက်ရင် နို့မဖြစ်ပဲ အဖြူဖတ်တွေ သပ်သပ်ထွက်လာရော။ သကြားရည်လေးနဲ့စားရင်တော့ မလိုင်လုံး အရသာမျိုးပဲ။ လူနာတွေကို အာဟာရပြည့်အောင် နို့ဆန်ပြုတ်ကလေး လုပ်တိုက်ချင်လို့ ရွာထဲလှည့်ဝယ်တာတောင် နွားနို့က ရှာမရ။ နို့လိုချင် နို့စားနွားမကမှ နို့ထွက်တာတဲ့။ ခိုင်းနွားက နွားနို့သောက်လို့ရတဲ့အစား မဟုတ်ဘူးတဲ့။ အတူတူပါပဲ။ ကြက်ဥစားချင်လည်း ဥစားကြက်က အုတဲ့ဆီ ဝယ်ရတာ။ နို့စားနွားတို့ ဥစားကြက်တို့ဆိုတာ အချိန်တန်ရင် မလိုချင်ဘူးဆိုလို့တောင် မရဘူး။ သူ့နို့ထွက်နှုန်း၊ ဥကျနှုန်းအတိုင်း ဒလဟောဆင်းလာတတ်တဲ့အမျိုး မဟုတ်လား။
ကိုယ်တွေလည်း အဲ့သလိုပဲလား မသိပါဘူး။ ဘာမှ ရေးစရာ မရှိတော့ဘူး။ ကုန်ပြီ တော်ပြီ။ မရေးတော့ဘူး။ ရပ်တော့မယ်။ လက်စသတ်လို့မရ။ အချိန်တန်တော့ ဖင်ဝက ပြူတစ်ပြူတစ် ကြက်ဥကလေးတွေလို၊ ရင်သားမှာ တင်းကားယိုကျလာတဲ့ နွားနို့ဖွေးဖွေးတွေလို တစ်ပုဒ်ပြီးတစ်ပုဒ် စိမ့်ယိုမွေးဖွားလာနေကျပါပဲ။ အထူးတလည် အားထုတ် ဖြစ်ညှစ် ယူရတာ မဟုတ်ပဲ လွယ်လင့်တကူ စီးဆင်းလျှံကျလာတဲ့ သဘောပါကွယ်။ ဒီလိုနဲ့ပဲ ၃၅ ပုဒ်တောင် မြောက်ခဲ့ပြန်ပါပေါ့။
ရာသီဥတုအခြေအနေကို နိဒါန်းပျိုးရရင်တော့ မနက်က နေသာလိုက်တာဆို အဝတ်တွေထုတ်လှမ်းပြီး စာထိုင်ရေးနေကာမှပဲ အခု မိုးတွေရွာလာလို့ စောနက ပူလိုက်တာ အော်နေတဲ့ ကိုယ့်ဘာသာတောင် ကြောင်တောင်တောင် ဖြစ်သွားတယ်။ ကိုရွှေမိုးကလည်း တစ်ရက်မှကို ပြတ်တယ် မရှိပါလားနော်။ လမ်းတွေတော့ ပျက်ပါပြီ။ ပိတ်ပါပြီ။ လာလို့မရပဲ လမ်း ညအိပ်နေရတဲ့အတူတူ ဘယ်ကားမှ ပေးမဝင်တော့ပါဘူး။ မသွားမဖြစ်လို့ လာရတဲ့လူနာတွေတောင် အသွားအပြန် တစ်ရက်ခရီး ဖြစ်သွားပြီကိုး။ မိုးတွင်းကျရင် လူနာနည်းသွားမှာပါလေ ဆို နားရချည်သေးရဲ့ ကြံနေတာတောင် မနေ့က လချုပ်စာရင်းတွေ လုပ်ကြည့်တဲ့အခါ မနည်းတဲ့အပြင် တက်တောင်တက်လာသေးပါလား လို့ သွားတွေ့ပါတယ်။
ပြင်ပလူနာက လတိုင်း ၅၀၀ အထက်မှာပဲ ရှိပေမယ့် အတွင်းလူနာရော ခွဲစိတ်လူနာရော ၂ ဆလောက်များလာပါတယ်။ ၂ ရက်တခါလောက် ခွဲခန်းဖွင့်ဖွင့်နေရပြီး တချို့ရက်တွေမှာ ၂ ယောက်ဆက်တိုက်ခွဲရတယ်။ အမွှာပူးကလေးတင် ၃ စုံလောက်မွေးထားပြီး Major operations တွေလည်း များများလာပြီ။ သွေးလှူရှင်ရှာပြီး သွေးသွင်းရတာကို ၅ ယောက် ရှိသွားပြီ။ Ruptured Ectopic Pregnancy ကို Ultrasound မပါ၊ ဗိုက်ပေါ်လက်တင်စမ်းပြီး သေချာပါတယ်ဆို ခွဲခန်းထဲတန်းပို့ခဲ့တာ ၂ ယောက်ရှိပြီ။ မနေ့ညကတော့ မိုင်းထိတဲ့လူနာဆီက တွဲလဲကလေးဖြစ်နေတဲ့ လက်ချောင်းတွေ အကုန်ဖြတ်ပြီး နှိုးမယ်လည်းကြံရော ရင်ဘတ်မှာ အပေါက်သေးသေးလေး ၃ ပေါက် ထပ်တွေ့ပြန်တယ်။ လူနာကလည်း မပြောဘူး။ အခုမှလည်း မေးမရတော့ဘူး။ မေ့နေပြီဟာကို။ လက်ကလေးနဲ့ခေါက်၊ နားကြပ်ကလေးနဲ့ထောက်ပြီး သေချာပါတယ် အဆုတ်ကပေါက်သွားပြီဆို chest tube ထပ်ထည့်ရသေးတယ်။ တော်ပါသေးရဲ့။ ရှူးကနဲ လေတွေထွက်လာလို့ ဝမ်းသာသွားတာ။ ဓါတ်မှန်ကြည့်ပြီး သေချာမှ လုပ်ရမယ်ဆို သေချာတယ်။ သေမှာ။ အလှူရှင်က ဓါတ်မှန်စက် ဝယ်ပေးမယ် ပြောပေမယ့် ကိုယ်တို့အတွက် မေ့ဆေးစက်က ပိုအရေးပါလိမ့်မယ်ထင်လို့ မေးမြန်းနေပါတယ်။ အဲ့ဒါလေးသာ ရလိုက်မယ်ဆို အရမ်းကို ပြည့်စုံတဲ့ ခွဲခန်းလေး ဖြစ်သွားမှာ။
ပြီးခဲ့သလောက်တွေ စာရင်းချုပ်ကြည့်ရင် ကိုယ်တို့ဒီမှာဆေးကုတာ ပြင်ပလူနာ ၂၅၀၀ လောက် အခမဲ့ ဆေးကုပေးပြီးပြီ။ အတွင်းလူနာ ၁၃၀ ကျော် ဆေးရုံတင်ကုပြီးပြီ။ ခွဲခန်းထဲမှာခွဲတာတင် လူနာ ၄၅ ယောက် ရှိပြီ။ ကလေး ၂၇ ယောက်မွေးပေးပြီးသွားပြီ။ အားလုံးကို အခမဲ့ဆေးကုနေလို့ ရွာလူကြီးတွေက ပိုက်ဆံကောက်ခိုင်းပြီး အလှူခံမှန်ပုံးကြီးတစ်ပုံး လာပေးသွားတယ်။ ကိုယ်ကတော့ ဆေးရုံမှာ အဲ့ဒါကြီးချထားရမှာ ရှက်လို့ ပြန်သိမ်းထားတယ်။ စိတ်မပူပါနဲ့။ ကျွန်တော့ဆီမှာ လည်ပတ်နိုင်အောင် လှူပေးမယ့် အလှူရှင်တွေ ရှိပါတယ် လို့ ပြန်အားပေးလိုက်တယ်။ ပိုက်ဆံတွေအများကြီးလည်း မလိုချင်ဘူး။ ကိုင်ထားရတာ တာဝန်ကြီးလို့။ တစ်လတစ်လ စားစရိတ်ကလေး၊ ကလေးတွေကို မုန့်ဖိုးပေးဖို့ကလေး၊ ဆေးတွေ အလျင်မီအောင်ပြန်ဝယ်နိုင်ဖို့ လည်ပတ်နိုင်ရုံကလေး ရရင်တော်ပြီ။ နောက်တစ်လက ကိစ္စ နောက်ကိစ္စ။ ဘာတွေကို ပူနေရဦးမှာလဲ။ ဒီကိုရောက်လာတုန်းကဆို ကျောပိုးအိပ်လေးတစ်လုံးနဲ့ အဝတ်အစား ၄ စုံပဲ ပါတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒီတုန်းကသာ “ဆေးရုံထောင်ချင်လိုက်တာ။ ငါ့ ဘယ်သူများ ပိုက်ဆံထုတ်ပေးပါ့မလဲ။” တွေးပူနေလို့ရှိရင် ရူးတောင်သွားဦးမယ်။ အဲ့ဒါကြောင့် ဘာကိုမှလည်း တွေးမပူဘူး။ ဘာကိုမှလည်း မရမနေ လိုချင်လိုက်တာ မရှိဘူး။ လတ်တလော တစ်မိုးတွင်းစာ ပြည့်စုံအောင်စုလိုက်တယ်။ တော်ပြီလား။ တော်ပြီ။ နောက် လိုမှပဲ ထပ်ရှာကြတာပေါ့။ အခုတော့ ကျေနပ်လိုက်ပြီ။
တနေ့တနေ့ ဆေးရုံ နဲ့ လူနာတွေနဲ့ အကြားမှာ လည်ပတ်လုပ်ကိုင်နေရတာက တစ်မျိုး။ အသစ်အဆန်းတွေနောက် ကောက်ကောက်ပါသွားတတ်ပြီး စာအရှည်ကြီးဖတ်ရမှာ ပျင်းရိရိုးအီသွားတတ်သူတွေကို ဒီတစ်ခါ ဘာတွေများ ရေးထားပြန်ပြီလဲဆို ကိုယ့်ဆီမှန်မှန်လာဖတ်ချင်လာအောင် နို့စားနွားမများ ဥစားကြက်များပမာ အချိန်မှန်မှန် စာတွေရေးနိုင်ဖို့ ကြိုးစားနေရတာက တစ်မျိုး။ ကိုယ့်ဘာသာကိုယ်တောင် အချိန်မလောက်ပါဘူး။ လွမ်းနေဖို့၊ မှိုင်နေဖို့၊ စိတ်ညစ်နေဖို့၊ စိတ်ဓါတ်ကျနေဖို့ကို အချိန်မရတာ။ သူများအကြောင်းတွေ ဝင်တွေးပြီး ဝန်တို၊ မစ္ဆရိယစိတ်ပွါးဖို့ဆို ပိုဆိုးတော့မပေါ့။ “မိုက်လိုက်တာ သားရီးရာ။ မင်းတို့အောက်တန်းကလူတွေတောင် ပရော်ဖက်ဆာဖြစ်ပြီး ဆေးခန်းတကာပတ်ထိုင်၊ အိမ်တွေခြံတွေ ပိုင်နေပြီကွ။” ဆိုလည်း “သာဓုပါတော်။” အပြင် ဘာမှပြောစရာ မရှိပါဘူး။ ကိုယ်မစားနိုင်တဲ့အသီး သူများစားတာ ဘာကိစ္စ မလိုလားစရာ ရှိရမလဲ။ ဒီဘက်ခရီးကို လျှောက်ခဲ့တဲ့နောက် ဟိုဘက်ခရီးမှာ ဘာတွေရှိမလဲ။ ကိုယ်နဲ့မဆိုင်တော့ဘူး။ CDM လုပ်ခဲ့တဲ့နောက် Non C တွေမှာ ဘယ်လိုတွေရှိမလဲ။ ကိုယ်လှည့်ကြည့်စရာ လိုလို့လား။ ဒီလိုကိစ္စမျိုးတွေနဲ့တော့ စိတ်ဓါတ်ကျစရာ အကြောင်းတရားလို့ မမြင်ပါဘူး။ “ရန်ကုန်မှာ သူများတွေ ပုံမှန်ပြန်ဖြစ်နေတာ ကြာပါပြီ။” ဆိုပြီး စပါးသွား ကလပ်တက်လုပ်နေသူတွေကို မြင်ရတဲ့အခါ ကိုယ့်မျက်စိထဲမတော့ မြဝတီသတင်းထဲက လူတွေလိုပဲ သဘောထားပါတယ်။ ဒီလူတွေမပါနိုင်လို့ တော်လှန်ရေးကြီးက ကြန့်ကြာနေတာ မဟုတ်ဘူး။ ဒီလူတွေ ကိုယ့်ဘက်ပါလာလို့လည်း တော်လှန်ရေးကြီးအတွက် အားဖြစ်စရာ မရှိဘူး။ အလကား ဆန်ကုန်မြေလေးတွေ။ အရေးအရာလုပ် စကားထဲထည့်ပြောရလောက်အောင်ကို အဖိုးမတန်ဘူး။ သူတို့မပါရင် လှေတောင်ချောင်သေးဟာ။ ခေါ်လာလည်း လှော်မှာမှ မဟုတ်တာ။ လှေကြုံစီးတွေ။ အိမ်ပြန်ချင်စိတ်နဲ့ လွမ်းတာ လွမ်းလို့ရပါတယ်။ တချို့တွေ နေနိုင်လွန်းတယ် နဲ့တော့ စိတ်ဓါတ်မကျပါနဲ့။ နေနိုင်သူတွေ ထားခဲ့ပြီး မနေနိုင်သူချင်းပဲ လက်တွဲမှာ မဟုတ်ဘူးလား။ ပြန်လှည့်ကြည့်မနေပါနဲ့တော့။
တကယ်တော့ ဖေ/၂၁ နောက်ပိုင်းမှာ နဂိုအတိုင်းတို့၊ ပုံမှန်တို့ဆိုတာ ဘယ်နေရာမှာမှ ပြန်ရှိလာနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ တောဖြစ်ဖြစ် မြို့ဖြစ်ဖြစ်ပါ။ စိတ်ဓါတ်ကျအောင် ရိသဲ့သဲ့လာလုပ်ပြတဲ့ Psy War တွေကို မယုံပါနဲ့။ ရန်ကုန်မှာမို့လို့ ပုံမှန်ပြန်ဖြစ်ရမတဲ့လား။ ကိုယ့်အမေ ဆို အိမ်မှာတောင် နေမဖြောင့်တော့ဘူး။ သားကိုမမိရင် အမေကိုဖမ်းတဲ့စစ်တပ်အုပ်ချုပ်မှုအောက်မှာ အိမ်ရှေ့စစ်ကားရပ်တိုင်း အသည်းတုန်အူတုန်ဖြစ်နေရတဲ့ဘဝ။ ကိုယ်တို့နားမှာ အလှူငွေထည့်လို့ အိမ်လာဖမ်းတာ လူမတွေ့လည်း တွေ့တဲ့သူဖမ်းခေါ်သွားတာပဲ။ ၄ နှစ်သား ကလေးလေးတောင် မချန်ဘူး။ အိမ်မှာကျန်ခဲ့တဲ့လူကြီးတွေ နှလုံးရောဂါနဲ့ အသက်ကုန်တယ်။ အဲ့ဒါ နော်မယ်ပဲလား။ ဆန်းတော့မဆန်းဘူးနော်။ မင်းလိုလူစား အများကြီးဟေ့ လို့ အော်ရမယ်။ သူ့ခေတ်မှာ အလှူငွေထည့်ရင် ဝန်ကြီး ဒုဝန်ကြီး ညွှန်ချုပ်တွေလည်း တန်းစီပြီး ထောင်ထဲရောက်တယ်။ ကျန်ရစ်ခဲ့တဲ့မိသားစုတွေ အသံတောင်မထွက်ရဲဘူး။ ဘာသံမှမကြားတာ အေးချမ်းသွားတာ မဟုတ်ဘူး။ ကြောက်လို့ ငြိမ်သွားတာ။ နော်မယ်ဆိုတာ တပ်တွင်းတပ်ပြင်မှာတောင် မရှိဘူး။ မအလအိမ်မှာရော နဂိုအတိုင်း စားကောင်းအိပ်ပျော် ရှိမယ် ထင်လို့လား။ ဝေးသေး။ သူ့မိန်းမနဲ့အိပ်ရင်တောင် ကျည်ကာမချွတ်ပဲ ဇစ်ဖြုတ်အိပ်မယ့်ကောင်။ ရှူရှူးပေါက်တာထက် ပိုအသုံးဝင်စရာလည်း မရှိတဲ့ကောင်။ ဒါ့ကြောင့် အပြင်မှာ လူတွေ နဂိုအတိုင်းဖြစ်ကုန်ပြီ လို့ ဘယ်တော့မှ မတွေးပါနဲ့။ ဘယ်နေရာ လက်ညှိုးထိုးထိုး သွေးကွက်တွေနဲ့ မလွတ်ပါဘူး။
နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့တာ အိမ်တိုင်းအိမ်တိုင်း၊ မိသားစုတိုင်းမှာပါပဲ။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးပါပါတယ်။ အရင်တုန်းက အတန်းသားတွေ စုစုပြီးလုပ်တဲ့ ဆရာကန်တော့ပွဲတွေတောင် နောက်ဘယ်တော့မှ ဖြစ်လာနိုင်စရာ မရှိတော့ဘူး။ တစ်ယောက် နဲ့ တစ်ယောက် မတွေ့ချင် မမြင်ချင်၊ စကားအခြေအတင် မပြောချင်တဲ့သူတွေ များများလာလို့။ ကိုယ်တို့မုန်းတာ အာဏာသိမ်းတဲ့ မင်းအောင်လှိုင်တို့ တဆွေလုံးတမျိုးလုံးတင်မကဘူး။ အလိုတူအလိုပါ စစ်ခေါင်းဆောင်တွေ အားလုံးပါတယ်။ မထူးပါဘူး။ အောက်က သခင်အားရ ကျွန်ပါးဝနေတဲ့ စစ်ဗိုလ်စစ်သားတွေလည်း တစ်ယောက်မကျန်ပါတယ်။ ဆွေမျိုးတော်ရင်တောင် သေခန်းပြတ်တယ်။ အဲ့ဒီမှာတင် မရပ်ပါဘူး။ ဘုရားပုံလေး ရှဲပြီး ပဌာန်းရွတ်နေတဲ့ ဗိုလ်ကတော်မတွေလည်း အကုန်အန်ပစ်လိုက်ရော။ စွမြင်ကပ်လို့။ စစ်တပ်ကိုထောက်ခံတယ်ဆို ရွှေရူပါဦး စစ်မေဦးတောင် မကျန်ဘူး။ ခါးခါးတူးတူး မုန်းတယ်။ ဒင်းတို့နဲ့ မကင်းနိုင်ရင် နေတိုး နဲ့ စိုင်းစိုင်းခမ်းလှိုင်ပါ ဘွိုင်းကောက်တယ်ကွာ။ အေးရော။ အဲ့သလိုနဲ့ပဲ ကိုယ် မကြည့်ချင် မမြင်ချင် မဆက်ဆံချင်၊ သေခန်းပြတ်ပဲ သူငယ်ချင်း ဆိုတဲ့သူတွေနဲ့ ဘယ်တော့ ဘယ်အချိန် နဂိုအတိုင်း ပြန်ဖြစ်စရာရှိသလဲ။ “စံပါယ်ရယ် သူငယ်ချင်းတွေမို့။” လာမလုပ်နဲ့။ “သွား။ ငါ့ကားကိုမထိနဲ့။ ရွံတယ်။” အနုပညာသမားဆိုတာ ဘယ်အစိုးရတက်တက် ပေါ်လစီကားရိုက်ပေးရတာပါဆို။ ကြည့်မယ့်သူ မရှိလို့ ရုံပိုင်ရှင်တွေက ပြန်ပိတ်ပျစီတော့ တောင်းပန်နေရတယ် မဟုတ်ဘူးလား။
ဖြစ်ပြီးသမျှ ကိစ္စတွေဟာ နောက်ကြောင်းကိုပြန်ရောက်ပြီး နဂိုအတိုင်း ဖြစ်ဖို့ နေနေသာသာ ဘယ်တော့မှ ပြန်အဖတ်ဆယ်မရအောင် ပျက်စီးဆုံးရှုံးသွားတာတွေ တပုံကြီး ရှိတယ်။ တဘက်နဲ့တဘက် အသည်းနာသွားရတာ စစ်တပ် နဲ့ စစ်ဗိုလ်တွေနဲ့ သက်သက်တင် မကဘူး။ အဲ့ဒီဘက်နဲ့ ပါတ်သက်တယ်ဆိုရင် သီတဂူဘုန်းကြီးလည်း ဦးမချချင်တော့ဘူး။ ထီးလိုမင်းလိုတောင် တင်ထားတဲ့ထီး မြေခမှ ပြန်ဖူးတော့မယ်။ မုန်းစွဲတွေစွဲတဲ့ဘဝမှာတော့ ဒီတစ်သက် ဒီဘဝတင်မကပါဘူး။ ဘဝဆက်တိုင်း အဲ့ဒီလူတွေကို လိုက်သတ်ချင်လောက်အောင် စိတ်နာတယ်။ အိုး အမုန်းတရားတွေများလိုက်တာ။ များမှာပေါ့။ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ မြန်မာနိုင်ငံသားသန်း ၅၀ စလုံးရဲ့ ရင်ထဲမှာ အမုန်းပင်တွေပေါက်အောင် သူတို့ကိုယ်တိုင်ပဲ နေရာအနှံ့ လိုက်စိုက်နေတယ် မဟုတ်ဘူးလား။ အခု မုန်းပင်တွေ သန်စွမ်းလာပြီ။ ရိပ်သိမ်းဖို့သာ အသင့်ပြင်ထားကြပေါ့နော့။
“အတီတာ။ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ။ ယခုလည်းပဲ မိုက်ဆဲမှန်စွာ။ ရှေ့ကိုတိုးလို့ ထမ်းပိုးမိုက်ဦးမှာ။ အဆုံးသတ်သင့်တာ။”