တန်ဆောင်မုန်းလမှာ မိုးတွေရွာ နေတာ ပျော်စရာတော့ မကောင်းပါဘူး။ ကထိန် မလှည့်ရ၊ မီးပုံးပျံ မလွှတ်ရလို့ မဟုတ်ဘူး။ ရေထဲမိုးထဲ မဖြစ်မနေ သွားလာနေရတဲ့ဒုက္ခက မကျွတ်နိုင်သေးလို့ပါ။ သွားလမ်းလည်း မသာသလို လာလမ်းလည်း မဖြောင့်ဘူး။ လမ်းလို့သာပြောရတယ်။ အာသောကမင်းကြီးခင်းသွားသလား မှတ်ရ။ ချိုင့်ခွက်ကြီးတွေက ရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀။ ဗွက်အိုင်ကြီးခုနစ်ထွေလည်း ဖြတ်ရသေး။ သူများတကာတွေ ဒီရာသီမှာ တိမ်ပင်လယ် ကြည့်နေကြပြီဆို။ ကိုယ်တို့မှာတော့ ဒီမိုးတိတ်တာနဲ့ တန်း မီးလှုံရမယ့်သဘောရှိတယ်။ ရာသီဥတုက အအေးဘက်ကို ပြောင်းလာပြီ။ စစ်ပွဲတွေလည်း နည်းနည်း အေးသွားပြီး လူသစ်စုတာ၊ ဂိတ်ပိတ်ပြီး ပိုက်ဆံတောင်းတာလောက်ပဲ လုပ်တော့တယ်။ ဖားကန့်ဘက်က အင်အား ၄၀၀ လောက် ထုတ်နှုတ်သွားပြီး သံလမ်းရိုးဘက်ကို ပြန်မဲနေတယ်။ ဗန်းမော်ဘက်ကတော့ အသံတွေ ငြိမ်သွားပြန်ပြီ။ မိုးကုတ်၊ မတ္တရာဘက်ကို တာစူနေတာကိုး။ တရုတ်နယ်စပ် ကိုတော့ ပြန်ဖွင့်ပေးလိုက်လို့ ဈေးတွေနည်းနည်း ပြန်ကျလာပြီ။
ခဏနေလို့ ဘိန်းပေါ်တဲ့အချိန်ဆို ဒေါ်လာဈေးတွေလည်း ပြန်ကျလာလိမ့်ဦးမယ်။ နှစ်တိုင်းနှစ်တိုင်း ဒေါ်လာဈေးအနိမ့်ဆုံးအချိန်ဟာ ဘိန်းပေါ်ချိန်ဖြစ်တယ် ဆိုတာသိရင် ဒီအစိုးရရဲ့ အဓိက ပြည်ပပို့ကုန်က ဘာဖြစ်မလဲဆိုတာ သဘောပေါက်မှာပါ။ မြန်မာပြည်က သူဌေးတွေဟာ တစ်လတစ်ယောက်ဆိုသလို သိန်းပေါင်း ကိုးသောင်းလောက် အကုန်အကျခံ မင်္ဂလာဆောင်ကြပြီး သိန်းပေါင်းသိန်းချီတဲ့ လက်ဝတ်ရတနာတွေ မထပ်အောင် ဝတ်ဆင်နိုင်ကြတယ် ဆိုတာလည်း လူတကာတွေ့မြင်နိုင်တဲ့ အမှန်တရားပါပဲ။ သောက်ကျိုးနည်းအေ။ စစ်ဖြစ်နေတဲ့တိုင်းပြည်လို့ ယုံနိုင်စရာတောင် မရှိဘူး။ သုံးနိုင်လိုက်ကြတာဆိုတာ။ သူတို့နဲ့တွေ့မှပဲ အင်္ဂလန်က ဘုရင်မကြီးတောင် အဟောင်းတွေပဲ ဝတ်နိုင်တဲ့ အထည်ကြီးပျက် ဖြစ်သွားပြီ။ အင်္ဂလန်၊ အမေရိကားက ဓနငွေကြေးတွေဟာ ကုန်သွယ်စရာ မလိုပဲ မြန်မာ၊ ကမ္ဗောဒီးယား၊ လာအို၊ ထိုင်း နယ်စပ်တွေကို ရောက်လာတာ နည်းမှ မနည်းပဲကိုး။ အစိုးရလူကြီးပိုင်းတွေ မတရားကို ချမ်းသာကြွယ်ဝကုန်ကြပြီ။ အခွန်တွေ စိတ်ထင်တိုင်း တိုးကောက်နေတဲ့ ဒေါ်နယ်ထွမ့်ကြီးကို scam center တွေက ဟဟ ပေးသွားတာ။ လိမ်လည်ခွန်ဆိုတာ ကမ္ဘာမှာ မရှိဘူး ဘဲကြီး။ လစ်လိုက်တော့။ ခများ ချမ်းသာတယ် ဆိုတာ မအလ အိပ်နေသလောက်ပဲ ရှိမယ်။ ငလျင်လှုပ်ရင်တောင် ပိုက်ဆံတွေဝင်နေတဲ့ အစိုးရ။ ရွှေတိဂုံ၊ မဟာမြတ်မုနိကတောင် ဒေါ်လာတွေ ဌာပနာဆက်ရတဲ့ အစိုးရ။ ဘာဥပဒေမှ မလိုပဲ လုပ်ချင်ရာလုပ်၊ တကမ္ဘာလုံးက ငုတ်တုတ်ထိုင်ကြည့်နေရတဲ့ အစိုးရ။ ခများတို့လို ၅၁% နှာတစ်ဖျားမဲနဲ့ နိုင်တာ မဟုတ်ဘူး။ အတိုက်အခံမပါ၊ တစ်ယောက်တည်းပြိုင်ပြီး ၁၀၀% ကိုယ့်မဲကိုယ် ယူပြီးနိုင်မယ့်အစိုးရ။ အဲ့လူကြီး မြန်မာပြည်မှာသာ လာအရွေးခံရင် ဒေဝါလီခံတုန်းက အကြွေးတွေ မဆပ်လို့ဆိုပြီး ရွေး/ကော်မှာတင် တောက်ချပလိုက်လို့ရတယ်။ မဲဆိုတာ ဖြူသလား မည်းသလားတောင် သိလိုက်မှာ မဟုတ်။
ကိုးကန့်တွေကို တရုတ်အစိုးရက သေဒဏ်ပေး အဆုံးသတ်ခဲ့ပေမယ့် အဲ့ဒီဘက်က ကျားဖျန့်တွေက မိုင်းလားဘက်၊ ထိုင်းမြန်မာနယ်စပ်တလျှောက်၊ လာအို၊ ကမ္ဗောဒီးယားနယ်စပ်တလျှောက် ကို ရွှေ့ပြောင်းသွားတယ် ဆိုတာ အားလုံးသိကြပြီးသားပါ။ အခုချိန်မှာ အားလုံး အာရုံစိုက်လာတာ ရွှေကုက္ကိုမြို့သစ်မို့ စောချစ်သူကြီးက ပျာပျာသလဲ ငြင်းချက်ထုတ်ပြီး လေးကေကော်က KK Park ကို ထိုးကျွေးရတယ်။ တချိန်တည်းမှာပဲ မိုင်းလားကလည်း ကျားဖျန့်ပစ္စည်းတွေကို မီးပုံရှို့ပြရပြန်ရော။ မိုးကြိုးပစ်တော့မှာမို့ ထန်းလက်နဲ့ကာတာလေ။ အဲ့ဒီ ကျားဖျန့်တရုတ်တွေ လေယာဉ်နဲ့ ထွက်ပြေးနိုင်ဖို့ ကျိုင်းတုံလဝကက မှတ်ပုံတင်အတု၊ ပတ်စ်ပို့အတုတွေ လုပ်ပေးနေတာ တစ်ယောက်ကို သိန်း ၁၅၀၀ တောင် ပေးရတဲ့အကြောင်း သတင်းထဲမှာပါလာပြီ။ ထိုင်းမှာဆို ပေထုံတန်ကို ပါတီက ထုတ်ပယ်ပြီး အနုတင်ပါ ကုလားထိုင်လှုပ်နေလို့ မိုးကြိုးတွေပစ်နေတဲ့ဟာကို။ ဒီဘက်ကိုသာ ထိထိရောက်ရောက် ကိုင်တွယ်နှိမ်နှင်းတော့မယ်ဆိုရင် စစ်အစိုးရလည်း လေယာဉ်နဲ့ ဘယ်လာရုစ်ကို ထွက်ပြေးဖို့ပဲ ရှိပါတော့တယ်။ ရွေးကောက်ပွဲအကြောင်း မကောင်းပြောရင် ဖမ်းမယ်သတ်မယ် နဲ့သာ ကြိမ်းဝါးနေတာ။ သူ့ဟာကြီးက လုပ်ပဲ လုပ်ဖြစ်ပါစေဦး။ ဘဏ့်ရှင်ကြီးတို့ရေ။ “မဲဆွယ်ဖို့ ပိုက်ဆံချေးပါ။ ဝန်ကြီးဖြစ်တော့ ပြန်ဆပ်ပါ့မယ်။” ဆိုရင် မယုံလေနဲ့နော်။ ဆလော့ဂိမ်း၊ ငါးပစ်ဂိမ်း ဆော့တာကမှ ပြန်ရနိုင်ချေများဦးမယ်။
တကယ်ဆိုရင် ယူကေ၊ အမေရီးကား၊ ဥရောပတလွှားဆိုသည်မှာ စာမတတ်ပေမတတ်တွေ မူးလို့တောင် ရှူစရာ ရှာမရပါဘူး။ ဒါပေသိ တို့ဆီက စာမတတ်ပေမတတ်တွေက AI လေးသုံး၊ translator လေးသုံးပြီး မျှားလိုက်ရင် တန်းကနဲကို မိတော့တာပဲ။ ဖြစ်မှဖြစ်ရလေ။ တို့ရွာကမိအေးတို့တောင် “ဒီဖုန်းက ကံစမ်းမဲ တစ်သိန်းပေါက်တယ် အမ။ ဖုန်းဘေဖြည့်ပြီး ပင်ကုတ်လေးပြန်ပို့ပေးနော်။” ဆိုတာနဲ့ “ဟဲ့ မသာ။ ငါ မယူဘူး။ နင့်ဟာနင် သုံးလိုက်တော့။” ဆို တန်းဘလော့ပစ်တာ။ မြန်မာတွေ ဉာဏ်ရည်မနိမ့်တာထက် အလိမ်ခံရစရာ ပိုက်ဆံကို မရှိလို့ ဖြစ်မှာ။ သူများတကာ လိမ်တယ်ညာတယ်ဆိုတာ ငါတို့အစိုးရ အိပ်နေသလောက် ရှိတာအေ့။ ဇော်မဲလုံးကြီးကိုသေချာကြည့်။ မှိုင်းဝနေတဲ့ မီးပုံးပျံကြီးလို မုသားစကားတွေနဲ့ တင်းပြောင်ဖောင်းကားလာတာ ပေါက်တောင်ထွက်တော့မယ်။
အာဏာအတွက် တကမ္ဘာလုံးကိုတောင် ဗြောင်လိမ်ဗြောင်စားလုပ်နေတဲ့နိုင်ငံမှာ အဲကွန်းခန်းထဲထိုင်၊ ကွန်ပြူတာတစ်လုံးနဲ့ ဘယ်ကမှန်းမသိတဲ့သူတွေကို ပိပိရိရိလိမ်နိုင်ရင် လခကောင်းကောင်းပေးမယ် ဆိုတဲ့ အလုပ်အကိုင် အခွင့်အလမ်းဟာ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတာနဲ့စာရင် ဘယ်လောက် သက်တောင့်သက်သာ ရှိသလဲ။ တောထဲမှာလို ဆင်းတောင့်ဆင်းရဲ နေရတာလည်း မဟုတ်။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် အပြည့်အစုံနဲ့ နိုင်ငံခြားရောက်နေသလို နေရမယ့် ဥစ္စာ။ ဒီအခွင့်အရေးမျိုးက နေစရိတ် စားစရိတ် ကြီးတဲ့ ရန်ကုန်မှာ တော်ရုံနဲ့ ရဖို့မလွယ်။ အဲ့ဒါကြောင့် KK Park ကို ဖြိုခွဲဖျက်ဆီးတဲ့အချိန်မှာတောင် အဲ့ဒီထဲက ကျားဖျန့်လုပ်သားတွေဟာ အနားပတ်ဝန်းကျင်မှာ ရှိတဲ့ ကျားဖျန့်ကုမ္ပဏီတွေဆီကို အလုံးအရင်းနဲ့ ပြောင်းရွှေ့လုပ်ကိုင်နေကြပါသတဲ့။ သူတို့ထဲက ဆယ်ရာခိုင်နှုန်းမျှလောက်သာ ထိုင်းဘက်ကို ထွက်ပြေးတာ လို့ ဆိုတယ်။ ဒီသတင်းဆောင်းပါး အရဆိုရင်တော့ ထိုင်းနယ်စပ်က ကျားဖျန့်အလုပ်ရုံတွေကို တားဆီးနှိမ်နှင်းလိုက်ပြီဆိုတာ ဖြစ်နိုင် မဖြစ်နိုင် အသိသာကြီးပါ။
အခုဆိုရင် မြန်မာဆိုတာ ကျားဖျန့်တွေရှိတဲ့နိုင်ငံလို့တော့ တကမ္ဘာလုံးက သိကုန်ပြီ။ အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာပြည်ဟာ သူတို့အကျိုးစီးပွါးအတွက် မြိုးမြိုးမြက်မြက် ရစရာ မရှိသော်ငြား သူ့နိုင်ငံသားတွေ အကျိုးစီးပွါး ထိခိုက် လာရင်တော့ မျက်စိစပါးမွှေးစူးလာမှာပဲ။ မူးယစ်ဆေးဝါးအတွက် ဗင်နီဇွဲလားကို ဝင်တိုက်တဲ့ အမေရိကန်အစိုးရဟာ ကျားဖျန့်ကိစ္စနဲ့ မြန်မာစစ်တပ်ကို အရေးယူမယ်ဆိုရင်လည်း ခိုင်လုံတဲ့အကြောင်းပြချက်က ရှိနေပြီလေ။ မြန်မာနိုင်ငံအပေါ်မှာ တရုတ်က အဲ့သလောက်လွှမ်းမိုးချုပ်ကိုင်နေတာ သူ့အတွက် ဝမ်းသာစရာမှ မဟုတ်တာ။ အာဆီယံဆန်းမစ် လာတက်ပြီး စကားထဲတောင် ထည့်ပြောမသွားဘူးဆိုတာ အကြံအစည် တခုခုတော့ ရှိလို့ဖြစ်မယ်။ အခုလိုမျိုးအတွင်းအား အပြင်အားတွေ ဆုံလာတဲ့အခါ ကိုယ်တို့တော်လှန်ရေးက ဆူတဲ့ပွက်တဲ့အဆင့် မဟုတ်တော့ပဲ အထက်မီးအောက်မီးနဲ့ နူးနူးနပ်နပ် နှပ်တဲ့ အဆင့်ကို ရောက်လာတာပေါ့လေ။
သူ့အတွက်ဖိအားတွေများလာလေလေ၊ အမှားပိုလုပ်လေလေမို့ ကိုယ့်သေတွင်းကိုယ်တူးနေတာ တော်တော်တောင် နက်နေပါပြီ။ နေရာတော်တော်များများမှာ စစ်အင်အားတွေ တိုးမြှင့်ပြီး တရစပ် ထိုးစစ်ဆင်နေတယ်။ အသေအပျောက် ကို လုံးဝထည့်မတွက်တော့ဘူး။ သူ့တပ်သားတွေအသက်ကိုတောင် မစဉ်းစားတော့တာ။ TNLA ကို မကြဲဖြစ်တဲ့ဗုံးတွေကို တနိုင်ငံလုံးပတ်ကြဲနေတယ်။ ထိထိမထိထိ၊ ရှိရှိ မရှိရှိ။ မည်းမည်းမြင်ရာကြဲတာ။ တနေ့က ကိုယ်တို့ဘက်ကို လေယာဉ် ၃ စီးနဲ့ ၆ လုံးလာချသွားတယ်။ 0.5 နဲ့လည်း အတွဲလိုက်ပစ်သွားတယ်။ တစ်ယောက်မှတော့ မထိဘူး။ ဒီနေ့ကျ ကန္နီက ဆေးရုံကို ပါရာဂလိုက်ဒါနဲ့ချတာ ၈ ယောက်သေတယ်။ နောက်ရက်တွေလည်း နေ့တိုင်း ဗုံးဆက်ကြဲဦးမှာပါ။ ကိုယ်တို့ဆေးရုံ အခုပြန်ဖွင့်၊ အခုလာကြဲမှာ။ သံသာမိုးသိမ့်လေးကို အအော်ခိုင်းလိုက်ရမလား။ “မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ဟိုး။ စတော့ပ်။ မလုပ်ပါနဲ့။” ဆိုပြီး။
စစ်ခဝေးတွေက သူတို့လုပ်နေကျ အကျင့်အတိုင်း သူခိုးက လူဟစ်နိုင်ဖို့လည်း အသည်းအသန် ပြင်ဆင်နေကြလေရဲ့။ “KK Park က စောချစ်သူနဲ့ရော စစ်အစိုးရနဲ့ရော ဘာမှမဆိုင်ပါဘူး။ KNU ကလုပ်တာပါ။ ဒေါ်စုအစိုးရလက်ထက်မှာ စာချုပ်ချုပ်တာပါ။” တဲ့။ ဘင်္ဂလားနယ်စပ်မှာ သူတို့ကိုယ်တိုင် ရွာလုံးကျွတ်သတ်ဖြတ်ပြီး ICJ အထိရောက်ခဲ့တဲ့ ရိုဟင်ဂျာတွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးပြီး AA ကို ပြန်တိုက်ခိုင်းတယ်။ “ငါတို့နိုင်ရင် ရခိုင်ပြည်နယ်က မင်းတို့အတွက်ပဲ။” လို့ မက်လုံးပေးသတဲ့။ ယွမ်သန်းနဲ့ချီတဲ့ တရုတ်ငွေအတုတွေကို မန္တလေးကနေ လိုင်ဆာကို ပြန်ပို့တယ်။ သူ့လည်ပင်းမှာ စွပ်ထားတဲ့ ကြိုးကွင်းတွေကို EAO တွေဆီ အမှုတွဲပြီး လက်ရှောင်ဖို့ ကြိုးစားတာလေ။ အောက်လက်ငယ်သားတွေက လူသတ်၊ ဓါးပြတိုက်၊ မုဒိန်းကျင့်၊ ရွာမီးရှို့ လုပ်တဲ့အချိန်မှာ စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်ကို အပိုင်းပိုင်းဖဲ့ပြီး သူများလက်ထဲ ထိုးအပ်နေတယ်။ ရာဇဝင်တွေ သမိုင်းတွေ ရိုင်းချင်တိုင်း ရိုင်းပစေတော့။ အရေးကြီးတာ သူ နဲ့ သူ့မိသားစု စည်းစိမ်များစွာနဲ့ အသက်ရှင် ကျန်ရစ်ဖို့ လိုတယ်။ ပြေးစရာ မြေတင်မကဘူး။ မန်ရှင်ကြီးပါ ဆောက်ထားပြီးသား။ ထွက်ပြေးဖို့ ကိုယ်ပိုင်လေယာဉ်ကြီးလည်း ဝယ်ထားပြီးသား။ ဓါးစာခံထိုးကျွေးဖို့ scapegoat တွေ စီစဉ်ထားပြီးသား။ ဘုရင့်နောင်ကြီးက ဖောင်ဖျက်ပြီး စစ်တိုက်တာ။ မအလကြီးကတော့ ပြေးပေါက်ရော ပြေးယာဉ်ရော စီစဉ်ပြီးမှ အောက်လူတွေ မကုန်မချင်း ထိုးကျွေးတာ။ သူ့အောက်ကစစ်တပ်ကြီးက လူဝယ်လူဖမ်း တရကြမ်း စစ်သားစုဆောင်းနေတဲ့ကြားက မျိုးသုဉ်းပျောက်ကွယ်သွားရတော့မှာ။ အဲ့ဒါ final destination ပဲ။ နွေဦးတော်လှန်ရေးဟာ ကမ်းမမြင်လမ်းမမြင် အခြေအနေမျိုးတော့ မဟုတ်တော့ဘူးပဲ။ မအလ နဲ့ အပေါင်းအပါတွေအတွက် ၃ ချိုင်းကင်းတွေမြင်နေရပြီလေ။ တစ်ယောက်ပြီးတစ်ယောက်သေရင် တစ်ခေါက်ပြီးတစ်ခေါက် ကပြမှာ။ ကုလားကားထဲကလို။
“ပျော်သလားဟေ့ မောင်တို့ရေ။”
“ပျော်တယ်ဟေ့။ ပျော်တယ်ဟေ့။”