လွင်ပြင်ကန္တာ ကြမ်းသတဲ့လား

ချန်ဂင်တို့ဆေးရုံကို စဆောက်တုန်းက အလှူရှင်တွေ ငွေကုန်ကြေးကျ များမှာစိုးလို့ အဆောက်အဦး ခိုင်ခိုင်မာမာတောင် သိပ်မဆောက်ပါဘူး။ အဟောင်းအပျက်တွေကို ပြုပြင်ပြီးနေခဲ့တယ်။ အသစ် ဆောက်တဲ့ခွဲခန်းကိုတောင် အတွင်းခန်းပဲ အုတ်ပတ်ပြီး အပြင်တစ်လွှာကို အထပ်သားနဲ့ကာခဲ့တယ်။ တော်ပြီလေ။ တစ်မိုးနှစ်မိုးလောက်ဆို တော်လှန်ရေးက ပြီးတော့မှာ လို့ ထင်ခဲ့တာ။ မမအိုဂျီက လူနာတွေကိို ၆ လ လောက် ခွါချိန်းရင် “အဲ့လောက်ကြီး မကြာပါနဲ့။ တော်ကြာ ကိုယ်တို့အိမ်ပြန်သွားရင် ခွဲပေးမယ့်သူ မရှိပဲနေမယ်။” လို့ ပြောခဲ့သေးတယ်။ တကယ်လည်း ကိုယ်တို့ဘက်က အရေးသာတဲ့အချိန်တွေ အများကြီး ရှိခဲ့တာပဲ။ အဲ့သလိုဖြစ်လာတိုင်း ငပုတစ်ကောင်က တရုတ်ခြေသလုံးပြေးဖက်လိုက်၊ ရုရှားခြေသလုံးပြေးဖက်လိုက်နဲ့ တိုင်းပြည်ကို ထိုးအပ်ပြီး ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်လို့ သူ့အတွက် ထွက်ပေါက်ရှာခဲ့တယ်။ စစ်တိုက်စရာ စစ်သားကုန်တဲ့အခါ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေခဲ့တယ်။ ပျူတွေ၊ ဒလန်တွေ၊ မဘသတွေကို လက်နက်တပ်ဆင်ပေးပြီး အရပ်သားချင်း ဖမ်းဆီးသတ်ဖြတ်ခိုင်းခဲ့တယ််။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေကို လူတွေက မေ့နေပြီ။ တော်လှန်သူတွေ အေးအေးမနေလိို့ တိုင်းပြည်မအေးချမ်းတာ လို့ ထင်နေကြတယ်။ အပြစ်ပြောစရာရှိရင် တော်လှန်တဲ့သူကိုပဲ မပြီးနိုင်မစီးနိုင် စွပ်စွဲပြစ်တင်ကြတယ်။ gaslighting လုပ်နေတာ လို့တောင် ပြောခဲ့သေး။ ဟိုဘက်က စစ်တပ်ကိုတော့ မပြောရဲကြဘူး။ ဘောမတွေကို ဟဟပေးရင်တောင် ထောင်ချပစ်တာကိုး။ ဒီလိုနဲ့ပဲ တော်လှန်ရေးကြီးက အဓွန့်ရှည်လာတယ်။

အခုတော့ အကုန်လုံးက ပြောကုန်ပြီလေ။ ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထားရတော့မယ် တဲ့။ သူတို့မပြောလည်း ပြင်နေပါတယ်။ “တော်လောက်ပြီ။ နိုင်ငံခြားထွက်ပြီး အလုပ်ရှာမယ်။” လို့လည်း တစ်ခါမှ မစဉ်းစားပါဘူး။ ဒီမှာပဲနေမယ်။ ဒီမှာပဲ ဆေးကုမယ်။ ဆောက်ထားတဲ့ ဆေးရုံ ၂ ရုံ အဖြိုခံရရင် သူများဖြိုလို့ မပြိုတဲ့ဆေးရုံ ပြန်ဆောက်မှာပေါ့။ အရင်ဆေးရုံဆောက်တုန်းကဆို လွန်ရောကျွံရော သိန်း ၁၀၀-၂၀၀ လောက်ပဲ အကုန်ခံတာ။ ကိုယ်တွေပြန်သွား အလကားဖြစ်မှာစိုးလို့။ အခုဆေးရုံကတော့ ခံပန်းခိုင် ယာယီရွေ့ရမယ့် ကိစ္စ မဟုတ်ဘူး။ အခိုင်အမာ တောင့်တောင့်တင်းတင်း ဆောက်မှ ရမယ်။ သိန်းပေါင်းထောင်သောင်း ရင်းနှီးပြီးဆောက်ရတာ အဲ့ဒါ ရေရှည် plan မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲ။ အပစ်အခတ်ရပ်ပြီး ပိုက်ဆံရှာရင် အဲ့လောက်ပိုက်ဆံနဲ့ ကျောက်တူးတူး ရွှေတူးတူး ဒူးနှန့်ပြီး လော်ပန်လုပ်လို့ရတယ်။ အသက်ထက်ဆုံးတော်လှန်သွားမှာမို့လို့ ဒီလောက် အပင်ပန်းခံ ငွေကုန်ခံပြီး ရုန်းနေတာ။ ရွေးကောက်ပွဲ ၂ ခါလုပ်၊ မင်းအောင်လှိုင်ပြုတ်၊ ကာချုပ်အသစ်က လက်နက်ချမယ် ဆိုရင်တောင် ရင်းနှီးထားတာတွေ တန်အောင်လည်း မသုံးလိုက်ရဘူးဆို နှမျောလွန်းလို့ ငိုချင်းချနေရမယ်။ အဲ့ဒီတော့ ရေရှည်ပြင်တဲ့ဘဝမှာ နောင် တော်လှန်ရေးကြီး ပြီးသွားတဲ့အခါကျရင် သတင်းသမားတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ၊ သမိုင်းသုတေသီတွေ တကူးတက လာရောက်ကြည့်ရှု မှတ်တမ်းယူရတဲ့အထိကို ရည်ရွယ်ပါသဗျ။ ကိုယ်လုပ်နေသမျှ အလုပ်တွေဟာလည်း ဝမ်းဝဖို့၊ ခါးလှဖို့၊ ကားစီးဖို့၊ အိမ်ဝယ်ဖို့တွေ မဟုတ်ပဲ သမိုင်းမှာ တင်ကျန်ရစ်စေဖို့၊ နောင်သံသရာ ဘဝကူးဖြောင့်ဖို့အတွက်ပါ တခါတည်း ရည်စူးပါသလေ။ ကိုင်း ဒီ့ထက် ရေရှည်တဲ့ plan ရှိရဦးမလား။ ကြာချင်သလောက် ကြာပေ့စေ။ ဘာမှ စိတ်ပူစရာ မရှိ။

ဆရာကြီးများကတော့ ပြောကြဖောကြတယ်ဗျ။ မင်းတို့တော်လှန်ရေးက အလှူခံပြီးရပ်တည်နေတာ ရေရှည်အတွက်တော့ မဖြစ်နိုင်ဘူးတဲ့။ သူပြောတာက သေနတ်ကလေးနဲ့ ဓါတ်ပုံရိုက်ပြပြီး ကိုယ်တွေဘက်က အလှူရှင် ရှာနေတယ်ပေါ့လေ။ အလှူငွေနဲ့ စစ်တိုက်တာ ကိုယ်တွေမှ မဟုတ်တဲ့ဥစ္စာ။ စစ်ကိုင်းငလျင်ကြီးအတွက် အလှူငွေတွေကို လေယာဉ်နဲ့ ဗုံးကြဲဖို့ သုံးနေတာ မင့်ဘိုးအေ မအလ မဟုတ်ဘူးလား။ သူတို့ဟာက မပြောရဲ မဆိုရဲရုံတင် မဟုတ်ဘူး။ တွေးတောင်မတွေးရဲတဲ့ဘဝ။ အဲ့လောက် သွေးကြောင်နေရင်တော့ သူများခြေထောက်အောက်က လွတ်မှာ မဟုတ်။ ကိုယ်တွေဘက်က အင်တိုက်အားတိုက် fund raising လုပ်နေတာ မှန်ပါတယ်။ အဲ့ဒီအတွက်ပဲ သူတို့ဘက်က အသည်းအသန် ပိတ်ဆို့တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ကော့စမက်တစ်ဝယ်လို့ ထောင်တသက်တကျွန်းချတာ ဒီနိုင်ငံမှာပဲ ရှိတယ်။ သူတို့ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက်၊ ကိုယ်တို့ဘက်မှာ အလုပ်ပျက်အကိုင်ပျက် မရှိပါဘူး။ PDF ရဲဘော်လေးတွေအားလုံး သူတို့ကို ချစ်တဲ့ခင်တဲ့ ပံ့ပိုးတဲ့ အားပေးဝန်းရံသူတွေ ရှိကြတယ်။ တို့ကလေးတွေက သွားလေရာ မျက်နှာပန်းပွင့် စန်းပွင့်ပြီးသား။ သူတို့လို မျက်နှာစေ့စေ့ကြည့်ပြီး တံတွေးထွေးခံရတဲ့အစား မဟုတ်ဘူး။ ဝါးတားဂိတ်နဲ့ ထမင်းအိုးတည်စရာ မလိုဘူး။ ဘယ်ရပ်ဘယ်ရွာကမဆို ကြည်ကြည်ဖြူဖြူ ကျွေးကြမွေးကြတယ်။ ဓါးပြတိုက်၊ မုဒိန်းကျင့်၊ အိမ်မီးရှို့နေတဲ့ မအလစစ်ခွေးတွေ ဒါမျိုး ဘယ်ကြုံဖူးမှာလဲ။ ဒီလိုလူထုထောက်ခံမှုနဲ့ တော်လှန်ရေးတပ်သားဆိုတာ နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် စစ်တိုက်ရလည်း စိတ်ပျက်အားလျှော့ မသွားပါဘူး။ ဟိုဘက်မှာဆို နေတိုးလို ဒိတ်ဒိတ်ကြဲတောင် ဇာတ်လမ်းတိုတစ်ပုဒ်နဲ့ မေတ္တာတုံးကုန်လို့ ဝေဖန်တဲ့သူတွေ လိုက်ဖမ်းနေရတာ။ ရေရှည်မပြောနဲ့။ တာထွက်မှာတင် ထမင်းငတ်တဲ့ကောင် ငတ်ကုန်ပြီ။

ချန်ဂင်ဆေးရုံ စထောင်ခါစတုန်းက ကိုယ့်မှာ စိတ်ပူနေရတာ နောက်ထပ် ဘယ်နှစ်လလောက် တောင့်ခံနိုင်မလဲ ဆိုတာပါ။ ကိုယ့်လက်ထဲမှာ ရှိတဲ့ပိုက်ဆံက သိန်း ၁၀၀ မပြည့်ဘူး။ ဒါတောင် ဆယ်ဇင်းတုန်းက ရတဲ့လခကလေး မသုံးမစားပဲ ကျစ်ထားရတာ။ “ဆေးတွေပြန်ဝယ်နိုင်ပါ့မလား။ လကုန်ရင် လခတွေ ပေးနိုင်ပါ့မလား။” ဆိုတဲ့ ပူပန်မှုက ကိုယ့်မှာတင် မဟုတ်ဘူး။ ကိုယ့်ဆီအလုပ်လာလုပ်တဲ့ ဆရာဝန်၊ ဆရာမတိုင်းမှာ ရှိတယ်။ လခပေးရင် မနည်းပေးယူရတယ်။ ဆရာ အဆင်ပြေမှ ပေးပါဆို အတင်းပြန်ပေးကြလို့။ မမအိုဂျီဆို သူ့လခတွေ တစ်ပြားမှ မယူဘူး။ အကုန်ပြန်ပေးသွားခဲ့တယ်။ ဆေးရုံမှာ အလကားကုနေတာလည်း သူတို့သိတယ်။ လူနာတွေဆီက အလှူငွေကလည်း ဆေးဖိုးတောင် မကာမိဘူး ဆိုတာ သူတို့မျက်မြင်ပဲ။ ဒါပေမယ့်လည်း ကိုယ်တို့ဆေးရုံကြီး တနေ့တခြား တိုးပွါးလာလိုက်တာ မယုံနိုင်စရာ။ လိုလေသေးမရှိအောင်ကို ပြည့်စုံလာခဲ့တယ်။ ဘယ်သူ့ဆီကမှ အလှူခံစရာ မလိုပဲ လိုအပ်တာတွေ ဝိုင်းဖြည့်ဆည်းပေးကြတယ်။ လစဉ်လစဉ် အလှူငွေတွေ ပို့ကြတယ်။ အခုထက်ထိကို ပို့နေဆဲပဲ။ လျော့မသွားတဲ့ပြင် ပို၍ပို၍ တိုးလာတာပါ။

ကိုယ့်ဆေးရုံ ဗုံးကျတဲ့အခါ သူငယ်ချင်းတွေက ပြန်လည်ထူထောင်ရေးအတွက် သူတို့ဘာသူတို့ fund raising လုပ်ပြီး အလှူခံပေးတာ သိန်းပေါင်း ၂၅၀၀ ကျော်တောင် ရပါတယ်။ မလုပ်ပါနဲ့ အတန်တန်တားတာတောင် မရ။ ကိုယ့်ဘာသာကိုယ် စာအုပ်ထုတ်ရောင်းတော့လည်း ၂ ခါရိုက်တာတောင် လက်ကျန်မရှိ။ စာအုပ်မထွက်ခင် ကုန်နှင့်ရော။ CDM မလုပ်ခင်က လခ ၄-၅သိန်းကို မလောက်မငှ သုံးခဲ့ရတဲ့ကိုယ်က တောထဲရောက်ကာမှ ထီမပေါက်၊ ကျောက်မအောင်ပဲ သိန်း ၄-၅ ထောင် အရင်းအနှီးနဲ့ ဆေးရုံတည်နိုင်တယ် ဆိုတာ ဘယ်လောက် အံ့ဩစရာကောင်းသလဲ။ တော်လှန်ရေးဆေးရုံ ဆောက်တဲ့နေရာမှာ “ကုန်ချင်သလောက် ကုန်” ဆို နောက်ဆံမတင်းပဲ ဆောက်နိုင်တယ်။ ကိုယ်တို့အတွက်ဆိုရင် “ဘာလိုချင်သလဲ။ လိုချင်သလောက် လှူပေးမယ်။” ဆိုတဲ့ အလှူရှင်တွေလည်း အသင့်ရှိနေတယ်။ ထန်းပလပ်စုတ်ကို ရွှေချလို့ နတ်ရုပ်ဖြစ်ချင် ဖြစ်လာမယ်။ ကိုယ့်ဆီမှာ လာရွှေချလို့ သူတို့ ဘာရမှာလဲ။ ဘာမှ ရစရာမရှိပဲ စေတနာသန့်သန့်နဲ့ တော်လှန်ရေးအတွက် ပံ့ပိုးကြတာ။ လျော့လာတာလား တိုးလာတာလား။ မြင်တဲ့အတိုင်းပဲလေ။ ရန်ကုန်ကထွက်လာတုန်းက ပိုက်ဆံလေး ၁၀ သိန်းလောက်ကို ဟိုနားဝှက် သည်နားဝှက်နဲ့ သယ်လာရတာ။ “ဒေါက်တာလေး။ ဘယ်သွားမလို့တုန်း။” လို့ မေးလာရင် “တောထဲမှာ ဆေးရုံဆောက်ပြီး ဆေးအလကားကုပေးမလို့ဗျ။” လို့ ဖြေကြည့်ပါလား။ ရယ်လိုက်ကြမယ့်အမျိုး။

ကိုယ့်အနေနဲ့ အလှူမခံပါဘူး လို့ ပြောရင်လည်း “မို့ ဗီဒယို မရိုက်ဘူး။ ဇီးယိုဇီးပေါင်း မရောင်းဘူး။” လို့ ချေသလိုမိုးသလို ဖြစ်ဦးမယ်။ တကယ်တော့ ကိုယ့်ဟာနဲ့ကိုယ် လုံလောက်နေလို့ နောက်ထပ် အပူမရှာချင်တဲ့သဘောပါ။ ပိုက်ဆံတွေအများကြီးမလိုချင်ဘူး။ ထားစရာလည်း မရှိဘူး။ တာဝန်လည်းကြီးတယ်။ ဆန္ဒက ခိုင်းတဲ့အလုပ်တွေတောင် မနည်း အမီလိုက်နေရတာ ပိုက်ဆံက ခိုင်းတဲ့အလုပ်တွေ ထပ်မလုပ်ချင်တော့ဘူး။ အခုကို ဆေးရုံပရောဂျက်က ကိုယ့်အတွက် ခါးချိမတတ်ရုန်းနေရတာ။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာ ဆေးရုံတွေ အများကြီးပေါ်လာမှာ။ သူတို့ဘက်က ဆေးရုံတွေကို ဗုံးလိုက်ကြဲရင် ကိုယ်တို့ကလည်း စိတ်ချလုံခြုံတဲ့ ဆေးရုံအသစ်တွေဆောက်ပြီး ဆေးကုမှာပေါ့။ ကြောက်ပြီး ထွက်ပြေးမယ် မထင်နဲ့။ လွတ်မြောက်နယ်မြေမှာ ကျည်ကွယ်မျက်ကွယ်မို့ အာချောင်နေတာ မဟုတ်ဘူး။ ဗုံးခိုကျင်းထဲ တက်လိုက်ဆင်းလိုက် လုပ်ရင်း လက်သံပြောင်ပြောင်နဲ့ ဆော်နေတာ။

ကိုယ့်လိုပဲ တော်လှန်ရေးကို ကျရာနေရာက ထောက်နေကူနေတဲ့သူတွေ တနိုင်ငံလုံးမှာ အများကြီးပါ။ မဲဆောက်က မာမီအောင်တို့ဆို မိုးဗြဲဒယ်ကြီးနဲ့ အဆက်မပြတ်ကို ကြော်လှော် နေရတာ အားရစရာကြီး။ ကိုယ်လည်း ဆေးရုံဆောက်ပြီးရင် လူနာတွေကိုပါ ထမင်းချက် ကျွေးမယ်။ တော်လှန်ရေးအတွက် ဈေးရောင်းရင်း၊ ချက်ပြုတ်ကြော်လှော်ရင်း ရံပုံငွေ ရှာဖွေပေးနေတဲ့ အိမ်ရှင်မတွေလည်း တပုံကြီးပဲ။ ဖာသိဖာသာနေတဲ့သူတွေ ရှိပေမယ့် မနေနိုင်မထိုင်နိုင် ဝင်ရောက်ဝန်းရံနေသူတွေက ပိုများပါတယ်။ လင်းလင်းတို့၊ ခါရာတို့၊ ဒေါင်းတို့ဆိုလည်း ပြည်သူ့အသည်းစွဲ။ နေတိုး နဲ့ စိုင်းစိုင်းခမ်းလှိုင် မပါလို့ ငုတ်တုတ်မေ့နေရအောင် ပေါကားရိုက်နေတာမှ မဟုတ်တာကို။ ကိုးကန့်၊ ဝ၊ ပလောင်တွေ အပစ်ရပ်သွားတာနဲ့ တော်လှန်ရေးကြီး ကျရှုံးသွားစရာမရှိ။ အင်အားတွေ လျော့မသွားပါဘူး။ တိုးပွါးနေတာပါ။

အရင်တုန်းကတော့ တော်လှန်ရေးကြီးကို ကနေ့ ပြီးမလို၊ မနက်ဖြန် ပြီးမလို၊ မျှော်လင့်ခဲ့ပေမယ့် အခုတော့ အဲ့သလို မမျှော်လင့်တော့ဘူး။ သူ့ဟာသူ ကြာချက်သလောက်ကြာ။ မပြီးမချင်းတော့ ဇွဲမလျှော့တမ်း ဆက်တိုက်နေမှာပဲ လို့ စိတ်ပိုင်းဖြတ်ထားလိုက်တယ်။ ခရီးရှည်ကြီး လျှောက်ရမယ်ဆိုရင်လည်း သက်လုံကောင်းအောင် လေ့ကျင့် ပြင်ဆင်ပြီးသားပါ။ Surgical Fellows တွေ မွေးထုတ်နိုင်ဖို့ ကြိုးစားနေတယ်။ ဆေးကျောင်းမပြီးသေးတဲ့ကလေးတွေကို စာသင်စာစစ်ပေးနိုင်အောင်၊ ဘွဲ့လွန်ကျောင်းသားတွေကို အရည်အချင်းစစ်ပြီး ဘွဲ့ပေးနိုင်အောင် ဟိုးအရင်ကတည်းက လုပ်နေခဲ့တာပါ။ ကိုယ့်ဆေးရုံကနေ MSc အောင်သွားတဲ့သူလည်း ရှိပါတယ်။ ဆူလွယ်နပ်လွယ် တစ်နပ်စား မဟုတ်ပဲ ရေရှည်တိုက်ပွဲအတွက် ရည်မှန်းပြင်ဆင်ထားတာတွေပါ။ ၅ နှစ်ဆိုတဲ့ ကာလအတောအတွင်း တော်လှန်ဆရာဝန်တွေ တတ်မြောက် ကျွမ်းကျင်လာတဲ့ ပညာရပ်တွေ အများကြီး ရှိတယ်လေ။ ဒါတွေက အလကားဖြစ်သွားမှာမှ မဟုတ်တာ။

ကိုယ်တို့က အာဏာသိမ်းစစ်ကော်မရှင်ကို အမြစ်ပြတ်အောင် မတွန်းလှန်နိုင်ပါလား လို့ စိတ်ပျက်အားငယ် ရမှာ မဟုတ်ဘူး။ သူတို့ကသာ ဒီလောက်နှစ်တွေကြာလာတာတောင်ငြိမ်ဝပ်အောင် မထိန်းသိမ်းနိုင်ပါကလား လို့ စိတ်ဓါတ်တွေ ကျနေရမှာ။ ရွေးကောက်ပွဲကို အခါခါခွဲပြီး ဟန်ပြလုပ်တာတောင် တိုင်းပြည်ဧရိယာတဝက် မလွှမ်းခြုံနိုင်ဘူး။ တဘက်ဘက်က အပြတ်အသတ်မနိုင်ပဲ တရုတ်အင်အားနဲ့ အပစ်အခတ်ရပ်ခိုင်းသည်ရှိသော် ထွက်လာမယ့်အဖြေက တောင်မြန်မာပြည် နဲ့ မြောက်မြန်မာပြည် နှစ်ခြမ်းကွဲသွားစရာပဲ ရှိတယ်။ အဲ့ဒီတော့မှ မြောက်ကိုရီးယားတွေ ထွက်ပြေးသလို ပြေးမလာကြနဲ့နော်။ ယူတို့ဘာယူတို့ ပေါက်ကိုယ်တော်၊ ဝါသဝကို ဦးသုံးကြိမ်ချပြီးတော့နေ။ မေမေကြူ့ထမီမပြီး သွားရိပ်ကလေးခိုပြီးနေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်လောက်ကို ခရီးသွားလက်မှတ်နဲ့ အုပ်ကြီးတုံးထုပြီးမှ သွားကြလာကြ။ ဖေ့စ်ဘုတ်ပတ်စဝါဒ်ကို စအဖမှာ မှတ်ပုံတင်ပြီး သုံး၊ ဆေးကုဖို့ဆေးဝယ်ဖို့လိုရင် စစ်ဗိုလ်တွေဆီ ခွင့်ပြုချက် အရင်တောင်း။ ကောင်းလိုက်တဲ့ နိုင်ငံတော်ကြီး။ အဲ့ဒါကမှ ယူတို့အတွက် ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုကြီး ဖြစ်မှာ။ သူလည်းတန်ရာတန်ရာ ကိုယ်လည်းတန်ရာတန်ရာ အစိုးရ ရကြမယ်လေ။ ဘာမကျေနပ်စရာ ရှိသလဲ။ ဦးသက်ခိုင်ဝင်းအောက်မှာနေ၊ တင်ထွန်းတို့ နန္ဒဝင်းတို့ စကားနားထောင်။ ပျော်စရာကြီးပါကွာ။ နေကြစမ်းပါ တသက်လုံး။ တို့ဆီမလာနဲ့။ အဲ့သမှာပဲနေ။ ပြန်မမြင်ချင်ဘူး။

တရုတ်ကြီး အမွေခွဲပေးလိုက်လို့ မြန်မာပြည် နှစ်ခြမ်းကွဲသွားရင် “ပွတာပဲ။ ငါတို့က ချမ်းသာတဲ့ဘက်မှာ။ ဆယ်သက် စားမကုန်ဘူး။” လို့ ပျော်မနေနဲ့နော်။ အဲ့ဒါ ခဝါချထားတဲ့ပိုက်ဆံ၊ ဘိန်းပိုက်ဆံ၊ ကျားဖျန့်ပိုက်ဆံ။ ပယ်ဆောက်ချင်လို အမှုတွဲခံရဖို့ပြင်ထား။ စားချိန်ဝါးချိန်တောင် ရလိုက်မှာ မဟုတ်။ “ဟဲ့ မိသက်။ သူ့ကြွေးရှိက ဆပ်ရသည်သာ။” ဆိုတာ ယုံပြီ မဟုတ်လား။ မေမေ့စော်ကား ငရဲလားမယ့် သမီးတွေ။ ယောင်းမမြင်းစီးထွက်တာ ယောင်းမငုတ်တို အစူးခံရပြီ။ ဘောမတွေ၊ သာ့ဒ်ပါတီတွေကို ကိုယ်တို့ရှိတဲ့အခြမ်းမှာ လက်မခံပါဘူး။ သူတို့ဘာသူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက်။ ဟိုဘက်မှာပဲ နေကြပစေ။ ဘောရိပ်ခိုခို ခေါရိပ်ခိုခို၊ ခိုချင်ရာ ခိုကြပစေတော့။ ကိုယ်တို့က ရေရှည်တော်လှန်ဖို့ ပြင်ထားသလို သူတို့ဘက်ကလည်း ရေရှည်ကျွန်ခံဖို့ ပြင်ထားပြီးသား ရှိမှာပါလေ။