မြို့ပေါ်မှာနေတဲ့သူတွေဟာ အရွယ်ကောင်းလေးတွေကို ဘယ်ကရောက်လာမှန်းမသိတဲ့ လူတစ်စုက ရိုက်မောင်းပုတ်မောင်း ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းရေးလုပ်တဲ့ လူမုဆိုးတွေဆီမှာ ပိုက်ဆံနဲ့ရောင်းစားတဲ့အဖြစ်တွေ တော်တော်များများ ကြုံဖူးကြမယ် ထင်ပါတယ်။ သတင်းတွေထဲမှာပါသလို ကိုယ့်မျက်စိအောက်မှာ မြင်လိုက်ရတာလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်သားသမီးမဟုတ်တဲ့အခါ ဝင်တောင် ဆွဲမယ့်တားမယ့်သူ မရှိပဲ ဒီအတိုင်းထိုင်ကြည့်၊ ရပ်ကြည့်၊ လက်ပိုက်ကြည့်နေကြတယ် မှလား။ ရုတ်ရုတ်သဲသဲတောင် မဖြစ်လိုက်ဘူး။ ခေါ်တဲ့ကား မောင်းထွက်သွားတာနဲ့ နေမြဲတိုင်း၊ စားမြဲတိုင်း ပျော်မြဲတိုင်း ပြန်ဖြစ်သွားမှာပဲ။ သားသမီးချင်းစာနာတဲ့ စိတ်မှ မရှိပဲကိုး။ နေတိုးတို့ မြင့်မြတ်တို့ဆို ကိုယ်တိုင် သားယောက်ကျားလေးမွေးထားပါလျက် ရွေးကောက်ပွဲလုပ်ဖို့ အတင်းခိုင်းတဲ့ ပေါ်လစီကားကို မျက်နှာပြောင်ပြောင် ရိုက်ရဲကြတယ်။ စစ်အစိုးရအောက်မှာ ဘယ်လိုနေရထိုင်ရ အလုပ်လုပ်ရတယ်ဆိုတာ သိလျက်သားနဲ့ သူတို့သားသမီးတွေလက်ထက်အထိတိုင်အောင် ဒီအတိုင်းပဲ ဆက်အဖိနှိပ်ခံမယ့်လမ်းကို မောင်းသွင်းကြတယ်။ ကိုယ်တိုင်သတ္တိမရှိလို့ မတော်လှန်ရဲရင်တောင် သတ္တိရှိရှိ၊ ဇွဲရှိရှိ အသက်ရော ဘဝရော စွန့်ပြီးတော်လှန်နေတဲ့သူတွေကို စော်ကားဖို့ မသင့်ပါဘူး။ အာဏာသိမ်းပြီးမှ ရုံတင်မင်းသားဖြစ်ခွင့်ရတဲ့ နှစ်ကောင်လို အခုမှ ရေခပ်ခွင့်ရတာဆိုလည်း ထားတော့။ မနက်ဖြန်သဘက်ခါပဲ မင်းသားတန်းက ဆင်းရတော့မှာကို ဘာတွေ မက်နေသလဲ။
အာဖရိက က လူမည်းတွေကို အတင်းဖမ်းပြီး ကျွန်ဈေးမှာရောင်းစားတဲ့ အလုပ်ဟာ မြန်မာပြည်မှာတော့ ၂၀၂၅ ကျမှ လာခေတ်စားတာ အမှန်ပါပဲ။ အုပ်ကြီးတွေ၊ ပျူတွေ၊ မဘသတွေ ဘယ်လောက်တောင် ဇောင်းကြွနေသလဲ မြင်တယ်မှလား။ “အမဲလိုက်အက၊ ခွန်အားရှိမှ၊ အထုပ်ထမ်းတဲ့သူ ဖြစ်ရမယ်” ဆို ပေါ်တာဆွဲတာလည်း နေရာမရွေး၊ အရွယ် ၃ ပါး မရွေးပါဘူး။ သားငယ်တွေအတွက်မှ ရတက်မအေးရတာ မဟုတ်။ သမီးပျိုတွေအတွက်က ပိုတောင် စိတ်ပူရသေး။ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်ဆိုတော့ လူသတ်မှု၊ ဓါးပြမှုပြီးရင် မုဒိန်းမှုက ထိပ်ဆုံးမှာ ရှိတယ်။ စစ်သားတွေ၊ ရဲတွေ၊ မဘသတွေက ပြုကျင့်လို့ ဘယ်မှတောင် တိုင်လို့ မရဘူး။ မျက်စိအောက်မှာ မြင်နေကြလည်း ဘယ်သူမှ ဝင်မဆွဲပါဘူး။ “ကောင်မလေးကိုက အရှက်မရှိတာ” ဆိုပြီး victim ကိုပဲ blame လုပ်ကြတာပါ။ ဒီမတရားမှုတွေကို တားဆီးဖို့၊ တော်လှန်ဖို့ နေနေသာသာ၊ အပြစ်တောင် မမြင်ဝံ့ဘူး။ မနိုင် နိုင်ရာပဲ ဖိထောင်းကြတာပေါ့။ “NUG ဘာလုပ်နေသလဲ။ နင်တို့တော်လှန်ရေးက ပြီးပဲ မပြီးတော့ဘူးလား။ နင်တို့က တော်လှန်ရေးနဲ့ လုပ်စားနေတာလား။” ဆို ကိုယ့်ဘက်ကိုပဲ ပြန်ပြန် အပြစ်တင်ပါတယ်။ ဒေါ်ရင်ရင်နွယ်ကြီးလိုပေါ့။ သူ့အဖေကိုသတ်တဲ့ စစ်သားအစိုးရကို သူကိုယ်တိုင် အားရပါးရ ဘောမလော်ဘီ လုပ်ပေးနေရတာ။ နေဝင်းကိုပဲ မုန်းတယ်။ နေဝင်းသားကို မမုန်းဘူးလေ။ သူ့နောက်က စစ်ဗိုလ်တွေဆိုရင်တော့ အရမ်းချစ်ပစ်လိုက်မယ် ဖြစ်သွားတာပေါ့။
စစ်အစိုးရက လူငယ်လူရွယ်တွေကို အတင်းအဓမ္မဖမ်းဆီး ရှေ့တန်းပို့တဲ့အဖြစ်ဟာ တရားဥပဒေနဲ့မညီပါဘူး။ အသက်မပြည့်သေးတဲ့ ကလေးတွေလည်း အများကြီးပါတယ်။ မှတ်ပုံတင်အတုလုပ်ခိုင်းတာ၊ ပိုက်ဆံနဲ့ ပြန်ရွေးရတာ၊ ပိုက်ဆံနဲ့ ရောင်းစားသွားတာ၊ ထွက်ပြေးသွားရင် နောက်တစ်ယောက် ပြန်ဖမ်းပေးရတာ၊ မဝရေစာကျွေးပြီး မြင်းဆေးပေးပြီး စစ်တိုက်ခိုင်းတာ။ အိမ်နဲ့ အဆက်အသွယ် ရမှာစိုးလို့ ဖုန်းပါ ပေးမသုံးတာ။ “ထိရင် ဆေးကုမပေး၊ မသေမရှင်ဆို ပစ်ထားခဲ့၊ သေရင် တပ်ပြေးစာရင်းထဲပြ။” ဆိုတဲ့ စစ်သည်တော်ကျင့်ဝတ်ကြီးနဲ့ ဆက်ဆံတာ။ ဘယ်နေရာမှ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတာ မရှိဘူး။ ရှေ့တန်းမှာ အခြေမလှရင် ကလေးတွေကို မိုင်းကြားထဲထားခဲ့ပြီး ဗိုလ်ကြီး၊ ဗိုလ်မှူးတို့က ထွက်ပြေးသွားတာလည်း ခဏခဏ။ ဒီအကြောင်းတွေကို ကိုယ်ကမှ မှတ်မှတ်သားသား စာရေးမထားခဲ့ရင် နောင်ကျတော့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင် ကားထဲကဟာတွေချည့် မှတ်တမ်းကျန်နေမှာပေါ့။ လူတွေက မေ့တတ်ပါဘိသနဲ့။ ခုလေးတင် ကုတင်ပေါ်က ဆင်းသွားတဲ့သူတောင် အခန်းပြင်ရောက်ရင် မမှတ်မိမှာစိုးလို့ မုန့်ဖိုးအရင်တောင်းပြီးမှ ထမီပြန်ဝတ်ကြတဲ့အမျိုး။
ကိုယ်တို့ကတော့ မမေ့တတ်ပါဘူး။ ကာယကံရှင်တွေ မေ့ချင်ယောင်ဆောင်ထားတဲ့အဖြစ်တွေတောင် မှတ်မိတယ်။ ငယ်ကျိုးငယ်နာဖော်တယ်ဖြစ်မှာစိုးလို့ မရေးတာ။ မစ်ကီမောက်နားရွက်နဲ့ မင်းသမီးအကြောင်းရော၊ ပုလင်းကွဲရှလို့ အဆိပ်သောက်ဖူးတဲ့ မင်းသမီးအကြောင်းရော သိတယ်။ ခရိုနီရလို့ မြောက်ကြွမနေနဲ့။ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်ကိုမေး။ စစ်တပ်က အရာရှိကြီးနဲ့ရတိုင်းကော စိတ်ချမ်းသာသလား ဒေါ်မေသစ်ကြီးကိုမေး။ လူကြီးသားနဲ့ရရင် ရွှေဘုံစံနိုင်သလား မယ်လိုဒီတို့၊ နဝရတ်တို့၊ ရေဘက္ကာဝင်းတို့ကိုမေး။ အိုင့်တော့ လာမမေးနဲ့။ ပြည်ဟိန်းသီဟ မလုပ်ချင်ဘူး။ ရှေ့မီနောက်မီမို့ အတက်တွေရော အကျတွေရော မြင်ဖူးတယ်။ “အမေရိကားကို လာချင် အမေရိကန်လင်ကို ယူကြပါရှင့်။” လို့ Vlog ရေးပြီး ဂုဏ်ဆာနေရင် စိုးမြတ်သူဇာတို့၊ မြတ်ကေသီအောင်တို့ကို လက်ညှိုးထိုးပြလိုက်မှာ။ အဲ့သမှာကြည့် ဆိုပြီး။ မပြောချင်လို့ ကြည့်နေတာ။ မသိလို့တော့ မဟုတ်ဘူး။
ရွေးကောက်ပွဲဆိုတဲ့အဓိပ္ပါယ်က အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေက “ကျွန်တော်/ကျွန်မတို့ကို ဆန္ဒမဲပေး ရွေးချယ်ပါ” လို့ စည်းရုံးဟောပြောပြီး ပြည်သူကရွေးချယ်တဲ့ ကိုယ်စားလှယ်ကို တင်မြှောက်ကြရတာ။ အခုဟာက စစ်တပ်က စာရင်းပေးတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြိုင်ဘက်မပေါ်အောင် သုတ်သင်ရှင်းလင်းပြီး ဘယ်သူဘယ်ဝါမှန်းတောင် အသိမပေးပဲ လွှတ်တော်ထဲကို အရောက်ပို့တာ။ လုပ်ဖြစ် မလုပ်ဖြစ်တောင် မသေချာသေးဘူး။ အမတ် ၃၂ နေရာက ပြိုင်စံမပေါ် နိုင်ငံကျော်ကြီးတွေ ဖြစ်နှင့်ပြီ။ စစ်တပ်တောင် ဝင်မရတဲ့ မဲဆန္ဒနယ်တွေမှာ ဘယ်သူ့တစ်မဲမှ ပေးစရာ မလိုပဲ တစ်ယောက်တည်းရှိလို့ တစ်ယောက်တည်း ရွေးထားလိုက်ပါပြီတဲ့။ ဘယ်ပါတီကမှ မဲမဆွယ်ခင် စစ်တပ်ကိုယ်တိုင်က ဒုန်းစိုင်းကားရိုက်ပြီး မဲဆွယ်ပေးနေပြီ။ ငါစီစဉ်တာ လက်မခံရင် သတ်မယ် ဖမ်းမယ် ဗုံးကြဲမယ် ဆိုတဲ့ မက်ဆေ့တွေတောင်ပါသေး။ ဘယ်နိုင်ငံကမှ အသိအမှတ်မပြုလည်း ရတယ်။ ပါပါကြီး နဲ့ ဒါဒါကြီး ရှိရင်ပြီးရော။ တရုတ် နဲ့ ရုရှားဟာ တကမ္ဘာလုံးနဲ့ ဆန့်ကျင်ပြီး စစ်အာဏာရှင်ကို ထောက်ခံအားပေးတဲ့ အကျိုးဆက်ကို သူတို့နိုင်ငံတွေ ပြိုလဲတဲ့အခါကျမှ အပေါ်က ဖက်ခွက်စားတွေကို ဘောက်ချာဆုတ်သလို ဆုတ်ပစ်ဖို့ ကောင်းကောင်းကြီး မှတ်ထားပါတယ်။
ဆိုလိုတာက ရွေးကောက်ပွဲပြီးရင်လည်း ဒီလူတွေပဲ ဆက်အုပ်ချုပ်ကြမှာပါ။ ဒီအတိုင်းပဲ ဆက်အုပ်ချုပ်ကြမှာပါ။ ပြည်သူတွေကလည်း ဒီအတိုင်းပဲ ဆက်တော်လှန်ကြမှာပါ။ နိုင်ငံတကာကလည်း ဒီအတိုင်းပဲ အသိအမှတ်မပြုပဲ ထားဦးမှာပါ။ မဖြစ်မနေ ပြောင်းလဲပေးစရာဆိုလို့ မင်းအောင်လှိုင်ကို တပ်ကအနားပေးပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးရမှာပဲ ရှိပါတယ်။ legitimacy ကို လိုချင်ရင် ဒီ ၂ ချက်က အရင် စ လိုက်လျောရမှာကိုး။ အဲ့ဒါကလည်း Gen L နိုင်ငံရေးသမားတွေကိုပဲ ချွေးသိပ်နိုင်လိမ့်မယ်။ ကလေးတွေကို ရပ်တန့်ဖို့ နားချနိုင်မှာ မဟုတ်။ End game ရောက်နေမှတော့ ဘယ်သူက ဇာတ်မျောချင်မှာလဲ။ သူ့ဘာသူ ဘယ်သူတွေရွေး၊ ဘယ်သူတွေနိုင်ပြီး ဘယ်သူသမ္မတတက်လုပ်တာပဲဖြစ်ဖြစ် အဖက်လုပ်စရာမှ မလိုတာ။ ရန်သူ က ရန်သူပဲ။ မင်းအောင်လှိုင်က ထာဝရမအလ။ အာဏာရဖို့ဆိုရင် ဖအေကို သတ်ရုံမက၊ မအေကိုပါ နောက်ကျွမ်းပစ်တဲ့ အဇာနှစ်သတ်။ ဒီ့ထက်လိုက်ဖက်မှန်ကန်တဲ့ နံမည် မရှိတော့ဘူး။
SP ဆိုတာ တကယ်တမ်းတော့ မြေနိမ့်ရာ လှံစိုက်လို့ပဲ ရတာပါ လို့ ထင်ချင် ထင်မှာပေါ့လေ။ ပရလောကသားတွေ ရှိပါတယ် လို့ ယုံယုံကြည်ကြည် ရုပ်ရှင်ရိုက်ပြပေမယ့် SP တကယ်အလုပ်ခံရရင် ဘယ်လိုနေသလဲ သူတို့မှ မမြင်ဖူးတာ။ မယုံကြဘူးလေ။ စိုင်းကောင်းစံ၊ မဲဇာ၊ ယုနန္ဒာမြင့်၊ ခင်စိုးပိုင် ဘာတွေဖြစ်သွားသလဲ ၊ ဘယ်လိုခံစားရသလဲ လိုက်မေးကြည့်ပါဦး။ ရုပ်ရှင်အစည်းအရုံးက အကူအညီတောင်းလို့ တစ်ကားတည်းပါမိတဲ့ စိန်ဂွက်ထော်ကြီးတောင် အဲ့ဒီတစ်ကားတည်းနဲ့ ထမင်းအိုးကွဲတာပဲ။ ပရိသတ် မေတ္တာတုံးရင် စစ်အစိုးရပေးတဲ့ အကယ်ဒမီရုပ်ကြီးနဲ့ ကားမရိုက်ရပဲ ငုတ်တုတ်ထိုင်နေရတာ။ အုန်းသီးတို့၊ ဒိန်းဒေါင်တို့ဆို မေးစရာမလိုဘူး။ မီဒီယာခေါ်ပြီး ငိုချင်းချနေပြီ။ ပေါကားကြိုက်တဲ့ မြန်မာပရိသတ်က ပေါကားသရုပ်ဆောင်တွေလို အပြင်မှာ ပေါပေါပိန်းပိန်း နေမယ် ထင်လို့လား။ ဦးကျောက်လုံး၊ အံ့ကျော်၊ အေးအေးသင်းကို ရုပ်ရှင်ထဲမှာ မုန်းပေမယ့် အပြင်မှာ လူချစ်တယ်။
သူတို့ဘဝက ဆူးကြားက ဘူးခါးပါလေ။ တော်လှန်ရေးဘက်ကိုပင်းရင် စကမ က လည်ပင်းညှစ်သတ်လိမ့်မယ်။ စကမ ဘက်ကို လော်ပြန်ရင်လည်း တနိုင်ငံလုံးက မေတ္တာတုံးလိမ့်မယ်။ ကိုယ့်ခြေထောက်ကိုယ် ရေနွေးပူလောင်းပြီး “အပူလောင်နေတယ်။ ဆေးရုံတက်နေတယ်။” ဉာဏ်များကြည့်ပါလား။ ဇင်ယော်မောင်မောင်ကြီးလို ခြေထောက် ကျောက်ပတ်တီးစည်းပြလည်း ရတာပဲကို။ မြန်မာပြည်ကနန်းစိန်တွေနဲ့ မကုချင်လို့ဆို နန်နန်ဂျားထိ ထွက်လို့တောင် ရသေး။ ဒင်းတို့ကိုက ရိုက်ချင်နေတာပါလေ။ ဦးရဲထွဋ်ကြီးတောင် ပြောယူရတယ်။ ပေါ်လစီကားရိုက်ချင်လို့ သူ့ဆီမှာ အတင်းလာအပူကပ်တဲ့သူတွေ စာရင်းနဲ့တောင် ထုတ်ပြလို့ ရသတဲ့။ အမရာဒေဝီလို သေနကအမတ်ကြီးဆီက ဘယ်လောက်၊ ဒေဝိန္ဒအမတ်ကြီးဆီက ဘယ်လောက်၊ ကာမိန္ဒအမတ်ကြီးဆီက ဘယ်လောက်၊ ပဂုတ္တအမတ်ကြီးဆီက ဘယ်လောက် ဆိုပြီး ဝန်ကတော်ဆီမှာ စာရင်းစာအုပ်နဲ့ ရှိပုံရတယ်။ “လူကိုယူပါ အသည်းကိုချမ်းသာပေးပါ” ဆိုတဲ့သူတွေရော စာရင်းထဲထည့်မှတ်သလား သိချင်လိုက်တာ။ မဟော်သထာဆီမှာ လယ်ဂျာတစ်အုပ်သပ်သပ် ရှိလောက်တယ်ဗျနော။
ကုသလာ ကုသလာ ကုသလာဓမ္မာတွေ၊ အကုသလာ အကုသလာ အကုသလာဓမ္မာတွေက လိမ်လို့ညာလို့ ဖုံးကွယ်လို့ ရတဲ့ကိစ္စတွေမှ မဟုတ်တာကွယ်။ “အို ကျားဖျန့်တဲ့လား။ တို့ဖြင့် အခုမှပဲ ကြားဖူးတော့တယ်။ မရှိဘူး မရှိဘူး။ တစ်ယောက်မှကို မရှိပါဘူး။” လို့ စောချစ်သူကြီးက ခေါင်းယမ်းလက်ခါပြလိုက်ရင် ရွှေကုက္ကိုကြီးက အပ်ချလောင်း ဆို ပျောက်သွားမှာလား။ သူ့ထက်အရင် ရွှေဘုံစံတဲ့ လောက်ကိုင်က ဖုန်အိမ်၊ ပယ်အိမ်၊ ဝေအိမ်တွေက တန်ခိုးရှင်ကြီးတွေနဲ့ နေခဲ့ဖူးတဲ့သူပါလေ။ အခု ဒီဆရာဝန်လေးက သက်ရှိထင်ရှားရှိသေးတယ်။ ကိုးကန့်ဘုရားသခင်ကြီးတွေ မရှိရှာတော့ဘူး။ တရားများလည်း ရရပါတယ်။ အသက်ကြီးလာတဲ့အခါ အတက်တွေရော အကျတွေရော၊ အနိမ့်တွေရော အမြင့်တွေရော မြင်ခဲ့ဖူးပေါင်းများပြီ။ ဘယ်အရာကိုမှ မိုးမမြင်လေမမြင် မာန်မတက်တော့ဘူး။ အင်းလျားကန်စောင်း နေပြီး ပထမဆုံး ပြိုင်ကားစီးတာ ဝင်းဦး။ ရုပ်ရှင်တစ်ကားရိုက် ရွှေတစ်ဆယ်သားလောက်ရပြီး မာစီဒီးစီးနိုင်တာ ကြည်ကြည်ဌေး။ ဒါပေသိ သူတို့ဆီက “ဆယ်သက်စားမကုန်ဘူး” ဆိုတဲ့စကား မကြားခဲ့ရပေါင်။ ဆယ်သက်မပြောနဲ့ တစ်သက်တောင်မခံလို့ နေဝင်ချိန်မှာ မာန်စွယ်ကျိုးရတဲ့သူတွေချည့်ပဲ။ ဥစ္စာဟူသည် မျက်လှည့်မျိုးတဲ့။ မင်းသမီးတွေဟာ သူတို့အလှဆုံးအချိန်မှာ သူတို့အတွက် အသာဆုံးသူနဲ့ ခမ်းခမ်းနားနားကြီး လက်ထပ်ထိမ်းမြားခဲ့ကြတာ မဆန်းဘူး။ ဒါပေမယ့်လည်း ဘဝဆိုတာ ရုပ်ရှင်ရိုက်သလို အဲ့ဒီနေရာတင် ပြီးပါပြီ ဇာတ်သိမ်းလို့မှ မရတာ။ အတက်တွေကိုချည့် မော့နေလို့မရဘူး။ အဆင်းရောက်လာရင် မေတ္တာနဲ့ ဖေးကူမယ့်သူ မရှိလို့ ကတော့ ဒလိမ့်ခေါက်ကွေးပဲ။ ရုပ်ရှင်သက်ကြီးပူဇော်ပွဲလုပ်တဲ့အခါ မြင်ပါလိမ့်မယ်။ ခင်လေးဆွေ၊ မြင့်မြင့်ခင်၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ နွဲ့နွဲ့စန်း။ ငယ်ငယ်တုန်းက ဘယ်လိုချောတာ၊ အခုချိန်မှာ ဘယ်လိုအိုတာပျိုတာ အပေါ်ယံတွေ လိုက် မနှိုင်းယှဉ်နဲ့။ သူတို့ငယ်ငယ်ကအကြောင်း၊ အခုလက်ရှိဘဝအကြောင်းတွေ အကဲခတ်ကြည့်လိုက်။ ၁၀၀၁ ည ပုံပြင်တွေကို ကြားရလိမ့်မယ်။ ဘယ်လိုအကြောင်းတွေက ဘယ်လိုအကျိုးဖြစ်သလဲ တွေ့လိမ့်မယ်။ ဘဝဆိုတာ အချိန်အကြာကြီး လိုက်ကြည့်ရင် မလည်တဲ့ဝဋ်ဆိုတာလည်း မရှိဘူး လို့ သိမြင်လာပါလိမ့်မယ်။
လောလောဆယ်တော့ မြန်မာပြည်မှာ ဗုံးမိုးရွာပြီး လူငယ်လူရွယ်တွေ အဖမ်းခံ အသတ်ခံ၊ အနိုင်ကျင့်ခံရအောင် စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ “လားရှိုးပြန်ပေးလိုက်စမ်း။” “မိုးကုတ် ပြန်ပေးလိုက်စမ်း။” နဲ့ မတရားဖိအားပေးနေတဲ့ တရုတ်အာဏာရှင် အစိုးရဟာ သူ့တိုင်းပြည်မှာ ဘယ်လိုတွေ ဝဋ်ပြန်လည်မလဲ ဖျာကလေးခင်းပြီး စောင့်ကြည့်လိုက်ဦးမယ်။ မကူးသောငါး မနားသောငှက်ရယ်လို့ မရှိပါဘူး။ “Rise and Fall of China” ဆိုပြီး စာတမ်းရေးဖို့ ခုကတည်းက အချက်အလက်တွေ စုဆောင်းထားဦးမယ်။ သူ ပယ်ပယ်နယ်နယ် ဝင်ရောက်စွက်ဖက်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးကြောင့် သူ့တိုင်းပြည် ဘယ်လို ကြမ္မာငင်သွားရသလဲ အားလုံးလည်း စောင့်မျှော်နေကြပြီ ထင်ပါတယ်။