ဆောက်ဖြစ်ရင် ကျောင်းဒကာ

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ် လုပ်ခဲ့တယ်လို့ သတင်းထဲမှာပါတော့ အနည်းဆုံးတစ်နေ့ကို ၉ ကြိမ် လောက် ဗုံးကြဲခံရတဲ့သဘောပါပဲ။ ဗန်းမော်မှာလည်း အခေါက်ခေါက် အခါခါကြဲ၊ လမြန်ဘက်မှာလည်း နေ့တိုင်းကြဲ၊ မလန်းမှာလည်း ကြဲနေတာ မဟုတ်လား။ ဒါတောင် ကချင်ပြည်နယ် တစ်နယ်ပဲ ရှိသေးတာ။ ကျောက်မဲ၊ သီပေါတဝိုက်၊ အင်းတော်၊ ဗန်းမောက်တဝိုက်၊ မိုးကုတ်တဝိုက်၊ မုံရွာတဝိုက်မှာ နေ့တိုင်း ဗုံးချနေတာ မပါသေးဘူး။ ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်မှာ ဗုံးမိုးရွာနေတာလည်း နည်းမှ မနည်းတာ။ တနိုင်ငံလုံးမှာ လေကြောင်းစစ်ဆင်ရေးတွေချည့် အခါမလပ် ဆင်နွှဲနေတဲ့ပုံပေါ်ပါတယ်။ တံတားဦးလေတပ်၊ နေပြည်တော်လေတပ်၊ မင်္ဂလာဒုံလေတပ်၊ မိတ္ထီလာလေတပ်တွေကနေ နေ့ညမပြတ် လေယာဉ် အတက်အဆင်း ရှိကြမယ် ထင်ပါရဲ့။ ငှက်သိုက်ဖြိုတဲ့ကမ်ပိန်းလေးများ လုပ်ရရင်ကောင်းမလား စဉ်းစားမိတယ်။ လေဘဲတွေကို ဆုငွေထုတ်ချင်တဲ့စိတ်လည်း ဖြစ်မိတယ်။

ကိုယ်တို့စာတစ်ပုဒ်တင်လိုက်တိုင်းတောင် အောက်မှာလာလာဆဲနေကြတာဆိုတော့ သူတို့တပ်နဲ့ တပ်မိသားစုတွေအောက်မှာလည်း ကြုံရင်ကြုံသလို သွားအားပေးကြဖို့ တိုက်တွန်းရမလိုပါပဲ။ ကြူဖို့ပွါးဖို့ကျတော့ အကောင့်တွေ ဖွင့်ထားကြတယ် မှလား။ တပ်ကလူတွေ၊ ဘောမဆယ်လီတွေဘက်ကျတော့ အရမ်းကို အားနာတတ်သလား။ ကိုယ်တို့ဘက်ကိုသာ အားမနာလျှာမကျိုး လာလာဘလိန်းတာ။ ဟိုဘက်များဆို SP လုပ်တာတောင် ခွဲခြားခွဲခြား။ “ဒိန်းဒေါင်ပါတဲ့ကား ရုံတင်လို့ လူမဝင်ရင် ဘယ်သူတာဝန်ယူမှာလဲ။” လို့တော့ မေးတတ်တယ်။ မကြီးစိုးက စိုးပြည့်သဇင် စေ့စပ်ပွဲမှာ ပေါင် ၃၀ တောင်ချထားလို့ “မြန်မာဆန်ဆန်လေး လှလိုက်တာ။” ဆိုတာကျလည်း သူတို့ပဲ။ အေးပေါ့လေ။ ကိုယ်တွေဘက်က မနိုင်သေးတော့ လည်း လူတကာကဖောင်းထုဖို့ချည့် စဉ်းစားနေမှာပေါ့။ နိုင်သွားရင် သူတို့ပဲ တိုးမပေါက်အောင် လာဖားကြယားကြဦးမှာ။ လူဆိုသည်မှာလည်း။

နောက်ဆုံးတော့ ဘယ်သူဘာပြောပြော၊ ဘယ်နည်းနဲ့နိုင်ရနိုင်ရ။ နိုင်အောင်တိုက် ကြရုံပဲ ရှိတော့တယ်။ ဒီကောင်တွေ လေကြောင်းက ဒီလောက်ဖိထားတာတောင် ကိုယ်တို့မရှုံးသေးတာ။ လေကြောင်းပစ်ကူ ပြတ်တဲ့တနေ့ ကိုယ်တို့အောင်ပွဲရမယ့်နေ့ပဲ။ နတ်ရေကန်တောင်စခန်းသိမ်းပွဲကိုကြည့်။ Y12 နဲ့ တနေ့ ၁၂ ခါ ဗုံးလာကြဲနေတဲ့ကြားက ဗျူဟာမှူးကိုယ်တိုင် ပသစတွေ လက်ထဲစခန်းအပ်ခဲ့ပြီး ထွက်ပြေးရတဲ့အဖြစ်။ စစ်သင်္ဘော ၃၂ စီးနဲ့ ဗန်းမော်ကို ရေကြောင်းအတိုင်း စစ်ကူရိက္ခာပို့ခဲ့တာလည်း စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံနေရဆဲပဲ။ ၁၀၂၇ မှ တိုင်းသိပြည်သိဖြစ်လာတဲ့ TNLA ကိုတောင် တရုတ်မပါရင် လက်နက်ချရမှာ။ မြေပြင်မှာဆို ခွေးပြေးဝက်ပြေးပါ။ တော်လှန်ရေးစစ်ပွဲကို အဆုံးသတ်ချင်ရင် လေတပ်ကို အတောင်ပံချိုးမှ ရမယ် လို့ပဲ အဖြေထွက်လာတယ်။

ကိုယ့်ဘက်က စိတ်ကူးနေတုန်းမှာ သူ့ဘက်က အတောင်ပံချိုးသွားတာကတော့ နယ်စပ်မှာရှိတဲ့ စတားလင့်ခ်ဝိုင်ဖိုင်စက်တွေ ပိတ်ပစ်မယ် လို့ သတင်းထွက်လာတာပါ။ ရွှေကုက္ကို နဲ့ လေးကေ့ကော်ကို အမေရိကန်အစိုးရက တားဂက်ထားပြီးပိတ်ဆို့တာတဲ့။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဒေါ်လာဘီလီယံနဲ့ချီပြီးအလိမ်ခံရတဲ့သတင်းတွေ ဆက်တိုက်တက်လာသလို ထိုင်းမြန်မာနယ်စပ်၊ ကမ္ဗောဒီးယားနယ်စပ်တွေမှာ အကြီးအကျယ်လုပ်ကိုင်နေကြပြီး လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချီမှုတွေနဲ့ပါ ပါဝင်ပါတ်သက်နေတယ် လို့ အစိုးရတွေကယူဆကြတယ်။ မြန်မာနိုင်ငံအတွင်းမှာ ကျားဖျန့်လုပ်ငန်းတွေက ဖမ်းဆီးချုပ်နှောင်ထားပြီး အတင်းအဓမ္မစေခိုင်းခံနေရတဲ့လူငယ် ၁ သိန်း ၂ သောင်း ရှိတယ် လို့ သုတေသနအဖွဲ့တွေက ဖော်ပြလာကြတယ်။ တရုတ်က မော်ဒယ်သရုပ်ဆောင်မင်းသားကို ပြန်ပို့ခဲ့ရပြီး အခုတခါတော့ ဘယ်လာရုစ်ကအဆိုတော်ကို ဖမ်းထားပါတယ် လို့ သတင်းထွက်လာပြန်တယ်။ စောချစ်သူရဲ့ ကျားဖျန့်ကိုလိုနီတွေကို ဥရောပကရော အမေရိကားကပါ စိတ်ဝင်တစား အရေးယူလာတဲ့သဘောရှိတယ်။

လောက်ကိုင်က ကိုးကန့်ခေါင်းဆောင် တွေကို နေပြည်တော်မှာဖမ်းပြီး တရုတ်လက်အပ်လိုက်ရတဲ့အခါ တရုတ်အစိုးရက တရားရုံးတင်ပြီး သေဒဏ်၊ တသက်တကျွန်းပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်။ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာဖြစ်ပွါးခဲ့တဲ့ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံသား၊ ရွေးကောက်ခံ တိုင်းရင်းသားကိုယ်စားလှယ်တွေ (ကြံ့ဖွံ့ပါတီအောက်က အမတ် နဲ့ အုပ်ချုပ်ရေးခေါင်းဆောင်တွေ) ကို တရုတ်ကြီးက တရားစီရင်တာဟာ တရုတ်နိုင်ငံသားတွေ ကို ထိခိုက်တဲ့အတွက်ကြောင့်လို့ အကြောင်းပြတယ်။ လောက်ကိုင်မှာ နှိမ်နှင်းလိုက်တဲ့ကျားဖျန့်တွေဟာ မိုင်းလား၊ ရွှေကုက္ကို နဲ့ ကမ္ဗောဒီးယားကို ရွှေ့သွားတော့ ဆက်မလိုက်တော့ပဲ မသိချင်ယောင်ဆောင်နေပြန်ရော။ ပယ်ဆောက်ချင်တို့ ကျူးလွန်ပါတယ် ဆိုတဲ့ ပြစ်မှုမျိုးတွေက စောချစ်သူလည်း အကုန်ကျူးလွန်နေတာပဲ။ အဲ့ဒါကျထိုင်းနယ်စပ်က လာချောင်းကြည့်ပြီး ပြန်သွားတယ်။ ဘာမှလုပ်မသွားဘူး။ အဲ့ဒီမှာအလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ မဲဆောက်ကနေ လေယာဉ်နဲ့ တသုတ်ပြီးတသုတ် ပြန်ခေါ်သွားတယ်။ ချစ်သူကို အပြစ်ယူဖို့ မကြိုးစားပါနဲ့။ ဟိုကဖြင့် လည်လွန်းလို့။ နေပြည်တော်ခေါ်တာလည်း မသွားဘူး။ လခလည်း မယူတော့ဘူးတဲ့။ ဒါပေမယ့် စကမကိုတော့ ကန်မထုတ်ဘူး။ ဆိုင်းလန့်လေးတွဲပြီး ခိုးစားနေသေးတယ်။ သူ့ မတိုက်ရင် ပြီးရော။ ဘယ်ကရင်နဲ့တိုက်တိုက် စကမဘက်ကဝင်ကူပေးနေတာ။ မြဝတီကျချင်ကျ၊ လေးကေ့ကော် မကျရင်ပြီးရော။ ထိုင်းက လျှပ်စစ်မီးဖြတ်တဲ့အခါ ဆိုလာတွေ၊ ဂျင်နရေတာတွေတပ်ပြီး ချက်ချင်းပြန်လည်ပတ်ပြတယ်။ အင်တာနက်လိုင်းဖြတ်တယ်။ စတားလင့် နဲ့ သာသာယာယာပဲ။ အခုတော့ စတားလင့်က IP address တွေနဲ့ လိုက်ပိတ်တာဆိုတော့ ဒီတခါ ကျားဖျန့်နှိမ်နှင်းရေးကို တရုတ်က၊ ထိုင်းက လုပ်တာမဟုတ်ပဲ အနောက်နိုင်ငံတွေက လုပ်လာပြီလို့ ယူဆရမှာပါပဲ။

အင်အားကြီးနိုင်ငံတွေဟာ သူများနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဘူး လို့ မူအရ လူကြားကောင်းအောင်ပြောနေပေမယ့် သူတို့အကျိုးစီးပွါး ထိခိုက်လာရင်၊ ဒါမှမဟုတ် အချိုအချောင် မြိုးမြိုးမြက်မြက် ရမှာမြင်ရင် လက်ကုန်နှိုက် စွက်ဖက်ကြတာ အစဉ်အလာပါပဲ။ အမှန် နဲ့ အမှားအတွက် စစ်တိုက်လေ့ မရှိဘူး။ အရှုံး နဲ့ အမြတ်ကိုပဲ တွက်ပြီး စစ်တိုက်တာ။ မြန်မာပြည်တွင်းမှာ တနေ့ကို လေယာဉ်တစ်ရာ ဗုံးတစ်ရာကျပလေ့စေ။ သူတို့စိတ်ဝင်တစား ရှိလှရင် “သနားပါတယ်။ စိုးရိမ်မိတယ်။” ထက် မပိုဘူး။ ဒါပေသိ သူတို့အိပ်ထဲက ပိုက်ဆံတွေ ပက်ပက်စက်စက် အလိမ်ခံရပြီဆိုရင်တော့ ဘယ်နိုင်ငံထဲဖြစ်ဖြစ် ရေဆုံးရေဖျား လိုက်နှိမ်နှင်းမှာပဲ။ အခုတခေါက် သူတို့နှိမ်နှင်းရမယ့်သူဟာ စောချစ်သူ ခေါင်းစဉ်တပ်ထားပေမယ့် နောက်ကွယ်မှာ အကျိုးတူပူးပေါင်းပါဝင်နေတဲ့ မြန်မာစစ်ခေါင်းဆောင်၊ ထိုင်းဘက်က အစိုးရအရာရှိကြီးတွေကို ဘယ်လိုဆက်ရှင်းနိုင်မှာလဲ။ ပယ်ဆောက်ချင်တို့အုပ်စုကို တရားစွဲတဲ့အခါ ရုံးတော်မှာ “သူတို့လုပ်သမျှ အရာအားလုံးဟာ မြန်မာအစိုးရ (အာဏာသိမ်းစစ်ကောင်စီ) ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာသာ ဖြစ်ပါတယ်။” လို့ တရားဝင် ထွက်ဆိုသွားတယ်။ နောက်ကွယ်က ပတ်သက်ဆက်နွယ်မှုတွေ ပေါ်မှာစိုးတဲ့အတွက် အကုန်လုံး လက်စဖျောက် သေဒဏ်ပေးပစ်တဲ့ သဘောပါပဲ။ တရုတ်ကြီးက ပယ်ဆောက်ချင်အထိပဲ ယူမယ် ဆိုပြီး ဒီနေရာမှာတင် ရပ်လိုက်ပေမယ့် အနောက်ကလာတဲ့သူတွေက စောချစ်သူ နဲ့ ရပ်ထား မထား စောင့်ကြည့်ရဦးမှာပေါ့။ ကောက်ဘဇားမှာ လေယာဉ် ခဏခဏဆင်းတဲ့ အမေရိကန်ခြေလှမ်းဟာ မဲဆောက်- မြဝတီ နယ်စပ်အထိ ရောက်လာရင်တော့ တရုတ်ကြီးတွေ ပျော်နိုင်လိမ့်မယ် မထင်ပါဘူး။

အဲ့ဒီအတွက် သူ့ဘက်က အလောတကြီး ဖိအားပေးစရာက မင်းအောင်လှိုင် ဟန်ပြလုပ်မယ့် sham election တစ်ခုပဲ ရှိတော့တယ်။ နောက် ၂ လ အကြာမှာ မဲရုံထောင်နိုင်ဖို့ အပစ်အခတ် ရပ်ကြရအောင် လို့ အရင် ခေါ်ရဦးမှာဆိုတော့ စကတည်းက သူနဲ့ပစ်ခတ်မနေသူ ခြင်းထဲကကြက်တွေကို ဈေးခုံပေါ်တင်ပြပါတယ်။ ခက်ထိန်နန်၊ ဒေါက်တာအေးမောင်၊ စောမြရာဇာလင်း၊ မူတူးဆေးဖော၊ နော်ကပေါထူး၊ ခွန်ဥက္ကာတို့ပဲ ပဲတက်ကြတယ်။ ကိုးကန့် နဲ့ ဝ ကတော့ တရုတ်ဆက်တဲ့ ချည်ပြီးတုပ်ပြီး CP ကြက်တွေပေါ့။ ထောက်ခံပါတယ်။ မှောက်ခံပါတယ်။ သူတို့ပြောတဲ့အတိုင်းပါပဲ နဲ့ ပြီးသွားတာ။ election တခုလုံး sham ပြီးသားဟာကို ဒီ NCA လောက်တော့ ဘာ မ sham နိုင်စရာရှိမလဲ။

မင်းကင်းမောင်မြင့်တောင် မင်းကင်းမှာ မဲမဆွယ်ရဲတဲ့ ရွေးကောက်ပွဲကြီးမှာ အမည်မဖော်လိုသူ ပြည်သူ့ကိုယ်စားလှယ်များကို ဒီဂျစ်တယ် မဲပေးစံနစ်နဲ့ ရွေးချယ်မယ် ဆိုပေမယ့် အခုကတည်းကအဖြေထွက်ပြီးလို့ အစိုးရအဖွဲ့သစ်တောင် တိုးတိုးတိတ်တိတ် ဖွဲ့ပြီးနေပါပြီ။ (ငါလေး ပရီအော်ဒါနဲ့တင် စာအုပ်တွေ မထွက်ခင်ကုန်သွားတယ် ဆိုတာထက် စကေးကြမ်းသွားပြီ။) တစ်ခုတည်းသော ဖွတ်ပါတီခမျာ စစ်သားလူထွက်တွေ နေရာဖယ်ပေးရလို့ ရင်ထုမနာ ထငိုနေလေရဲ့။ သူတို့ကိုယ်တိုင်ကရော တပ်ထဲကမလာတာ ကျနေတာပဲ။ ဥက္ကဌဟောင်း ဦးရွှေမန်းကြီးတောင် ၅ ခုမြောက်စားပွဲဝိုင်းမှာ အိမ်နိမ့်စံဖြစ်သွားမှဟာကို။ “ကျွန်တော့်အနေအထားနဲ့ ဘာမှ ပြောလို့မရပါဘူး။ ခများတို့ မီဒီယာတွေက ပိုသိမှာပါ။” တဲ့။ သနားဘာဒယ်ကွယ်။ မျက်နှာလေးကို ဇီးရွက်လောက်ပဲ ရှိတော့တယ်။

ရွေးကောက်ပွဲမှာ နေရာဦးဖို့ ဗိုလ်ချုပ် တွေ အယောက် ၂၀ လောက် အရပ်ဘက်ရောက်သွားရတာ ကိုယ်တို့ဘက်က ကျည်မကုန်၊ လူမကုန်ပဲ ရန်သူ့ခေါင်းဆောင်တွေ ဘေးဖယ်ထုတ်ပြီးသား ဖြစ်သွားပါတယ်။ သူတို့ချင်းချင်း စားခွက်လုပွဲတွေကလည်း ဘယ်ဘက်က နိုင်နိုင်ရှုံးရှုံး ကိုယ့်ဘက်ကအသာချည့်ပ။ ရွေးကောက်ပွဲက လုပ်ဖြစ် မလုပ်ဖြစ် မသေချာပေမယ့် ဖြုတ်ပစ်တာတော့ သေချာပါတယ်ဆိုတဲ့ တိုင်းမှူး၊ ဗျူဟာမှူး၊ ကစထမှူးတွေဟာ မျောက် သစ်ကိုင်းလွတ်ဖြစ်မှာ မကြောက်ပဲ နေပါ့မလား။ တလှေလုံးနစ်မှာ ကြောက်လို့သာ ကျောချင်းကပ်နေရတယ်။ ဘယ်သူ့စိတ်ထဲမှ နောက်ကျောမလုံဘူး။ ဒီပွဲကြီးအတွက် အတင်းအားခဲပြီး ပြည်သူတွေအပေါ် အဆမတန် သတ်ဖြတ်နှိမ်နှင်းနေတာကြောင့်မို့ ကိုယ်တို့တော်လှန်ရေးဘက်မှာ စိတ်ဓါတ်အင်အား၊ လူအင်အား၊ ငွေကြေးအင်အား၊ စုဆောင်းစည်းရုံးစရာမလိုပဲ တိုးပွါးလာပါတယ်။ ကာလကြာလို့ အေးစပြုလာတဲ့သွေးတွေကို ဆူအောင်ဝေအောင် ဆွပေးတာကိုး။

အနေအထား မြွေဖားတွေ ကြည့်ရသလောက်တော့ အိပ်မပျော် စားမဝင် ပူပင်ကြောင့်ကျမယ့်သူက ကိုယ်တို့မဟုတ်ဘူး ထင်တာပဲ။ အသေအပျောက်တွေ များလာတာလည်း အမှန်ပဲ။ ပြည်သူတွေ စစ်ဘေးစစ်ဒဏ်နဲ့ ဒုက္ခပင်လယ်ဝေနေရတာလည်း အမှန်ပဲ။ ဒါပေမယ့် ဒီအရာတွေကို လွန်မြောက်သွားရင် လှပတဲ့အနာဂတ်က သူတို့ဆီမှာ မရှိဘူး။ ကိုယ်တို့ဘက်မှာပဲ ရှိတယ်။ တရုတ်ကြီးနှပ်ကြောင်းပေးတဲ့ ဖဲတွေ ဝေလိုက်ရင် “တရားဝင်အစိုးရကြီးပေါ်ထွက်လာ၊ နိုင်ငံတကာက အသိအမှတ်ပြု၊ NUG/PDF တွေက လက်နက်ချ၊ တိုင်းရင်းသားတွေက ငြိမ်းချမ်းရေးယူ။” ဆိုတဲ့ happy ending ကြီးနဲ့ ဇာတ်သိမ်းခန်းကြီးကို တင်အောင်စိုးတောင် စိတ်မကူးရဲဘူး။ သူတို့ဘက်ကစစ်သားတွေ အဲ့သလိုပဲ ယုံကြည်နေကြတယ်ဆိုရင်လည်း ပြီးတာပါပဲ။ ဒီကောင်တွေ ဉာဏ်နိမ့်ပြီး သုံးစားလို့မရတာ ကိုယ်တို့ အလင်းပြစရာ မလိုဘူး။ ရှိပလေ့စေ။ မြေပြင်မှာ မြို့တွေရွာတွေ ပျက်အောင် ဗုံးကြဲတာထက် စစ်သားတွေဦးနှောက်ထဲကို လူ့အသိစိတ်ပျောက်အောင် ဝါဒမှိုင်းတိုက်တာက ပိုပြီးဆိုးကျိုးရလပ်များတယ်ဆိုတာ သူတို့အသိုင်းအဝိုင်းတခုလုံး သားစဉ်မျိုးဆက် ရင်ဆိုင်ကြရမယ့် အကျိုးဆက်ပဲ ဖြစ်ပါတယ်။ အေး။ ဝမ်းသာတယ်။ အဲ့ဒီအတိုင်းပဲ ဖြစ်ပလေ့စေတော့။