သီတင်းဝါလကျွတ်ပြီဆိုတော့ ဘာသာ သာသနာကိုအလေးထားတဲ့ မြန်မာစစ်တပ်ကြီးဟာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ လူတစ်ထောင်ပြည့်အောင် သတ်ပြီး ယဇ်ပူဇော်မလို့ ထင်ပါရဲ့။ တနိုင်ငံလုံးလှည့်ပြီး လူသတ်နေတော့တာ။ ဖားကန့် မလန်းဘက်မှာလည်း တပ်ခွဲတစ်ခွဲ ပတ်သိမ်းပြီး အကုန်သတ်ပစ်တယ်။ မသတ်ခင်လည်း ရက်ရက်စက်စက် နှိပ်စက်ပြထားတယ်။ ကိုယ့်ဆီက ဘုရားတကာကြီးတွေကျတော့ နိုင်နိုင်ဦးတို့၊ မျိုးမင်းထွေးတို့ကို လွှတ်ပေးလိုက်တာ အခု အဲ့ဒီကောင်တွေက အငြှိုးနဲ့ လူပြန်သတ်နေရောဗျ။ အဲ့လို အကောင်ကြီးတွေမိဖို့ဆိုတာ ကိုယ့်ဘက်က အသက်တွေအများကြီး ရင်းရတယ်။ မိလည်းမိရော အထက်ကကောင်တွေက ပဏ္ဏာယူပြီး “ဟ ဘယ်သူများလဲလို့။ ယောက်ဖပဲ။ တခြားလူတွေမှ မဟုတ်တာ။ ပြန် ပြန်။” ဆို လွှတ်ပေးလိုက်ရော။ အဲ့လိုနဲ့ သံသရာလည်နေတာ တော်လှန်ရေးကြီးက မပြီးတော့ဘူး။
တာမခန်တုန်းကလည်း သက်ပိုင်ထွန်းကို လွှတ်ပေးလိုက်လို့ ဆိုင်းတောင် Lucky Man Hotel မှာ ပြန်အဗျင်းခံလိုက်ရတတာလေ။ သောက်မှတ်လေးဘာလေး ရှိကြပါဦးဟ။ သူတို့ဘက်ကို မိရင် သေမှာချင်းအတူတူ အနှိပ်စက်ခံရဦးမှာမို့ တိုက်ပေါ်ကလည်း ခုန်ချပလိုက်တာပဲ။ လွတ်လမ်းမရှိဘူး။ နေရာတင် သတ်မလား။ စစ်ကြောရေးမှာ သတ်မလား။ ထောင်ထဲရောက်တော့ သတ်မလား။ အာဏာရှင်ကို တော်လှန်တဲ့သူတွေလည်း အရှင်မထွက်ဘူးဗျ။ လက်နက်ကိုင်ရင်းတန်းလန်း ဘုရားတကာအမည်ခံတာ မြန်မာစစ်တပ်နဲ့ ခွန်ဆာ၊ ယွက်ဆစ်၊ အောင်ခမ်းထီပဲ ရှိတယ်။ ကုသိုလ်စိတ်ကလေးမွေးချင် စစ်ကိုအရင် နိုင်အောင်တိုက်ဦး။ ဒါမှ မဟုတ် ဘိန်းကိုအရင် မီလျံနာဖြစ်အောင် ရောင်းဦး။ ဒါပြီးမှ ဘုရားတည်လည်း နောက်မကျပါဘူး။
သူတို့ဘက်က ကျော်စွာလင်းကတော့ သီတင်းကျွတ်အပြီးမှာ လေကြောင်းတိုက်ခိုက်မှုတွေ ၂ ဆ တိုးမြှင့် လုပ်ဆောင်သွားမယ် လို့ အစည်းအဝေးမှာတမ်းချွေပါသတဲ့။ သီတင်းကျွတ်ပြီးတော့ တန်ဆောင်တိုင် လာမှာပေါ့ကွယ်။ ငါတို့ဘက်ကတော့ ၂ ဆ တိုးစရာ အမုန်းတရားတွေပဲ ရှိတယ်။ အဲ့ဒါက ပိုက်ဆံမှ မကုန်ပဲကိုး။ မင်းအောင်လှိုင်၊ ကျော်စွာလင်းကို သွားမသတ်နိုင်ပေမယ့်လည်း အနားမှာရှိတဲ့ သူလျှိုတွေ၊ ဒလန်တွေတော့ နာပြီသာမှတ်။ အခု သူတို့က ဗုံးကြဲပြီးရင် ဒလန်တွေကိုစောင့်ကြည့်ခိုင်းပြီး ဘယ်နှစ်ယောက်သေ၊ ဘယ်နှစ်ယောက်ထိ၊ ဘယ်ဆေးရုံကိုသယ်သွားလဲ၊ ဆေးရုံက ဘယ်နေရာမှာရှိသလဲ၊ စုံစမ်းပြီးမှ ဆေးရုံနေရာကို ဗုံးထပ်ချတာပါ။
ကိုယ်တို့ဆေးရုံတုန်းကလည်း ဗုံး ၂ လုံးကျလို့ လူနာတွေပါ တောထဲပြောင်းရွှေ့နေရတာမို့ လူနာလက်မခံနိုင်မှန်းသိသိကြီးနဲ့ တာမခန်မှာ မိုင်းနင်းတဲ့လူနာကို တာမခန်က ဆရာဝန်ဆီမပြပဲ ကိုယ်တို့ တောထဲကဆေးရုံကို ကား ၂ စီးနဲ့ လူဆယ်ယောက်လောက် လိုက်လာပြီး အရောက်ပို့တာပါ။ ကိုယ်က လက်မခံဘူး ပြန်လွှတ်တော့ “လူနာကို သနားပါဦး။”.ဆိုပြီး အတင်းထိုးချတယ်။ လူနာကတော့ အစစ်ကြီးပါ။ လိုက်ပို့တဲ့သူတွေကလည်း PDF တွေပါပဲ။ ဒီထဲမှာ ဒလန်ပါ မပါတော့ ကိုယ်တို့လည်း ဘယ်လိုလုပ် သိနိုင်မလဲ။ ရန်သူ့ဘက်မှာ သတင်းပေး၊ ထောက်လှမ်းရေး ရှိပါတယ်။ ကိုယ်တို့ဘက်မှာ လုံခြုံရေးတောင် မရှိပါဘူး။ မနက်လင်းတာနဲ့ တစ်ရွာလုံး ဆေးရုံကို ဝင်ကြည့်ကြတာ။
“ဒလန်ဆိုတာ ချိုပါတာ မှတ်လို့ကွယ်။ ဘယ်သူက သိနိုင်မှာလဲ။” လို့တော့ ပြောစရာ ရှိတာပေါ့။ ဒါပေမယ့်တချို့လူတွေရဲ့ခေါင်းပေါ်မှာ အတိုင်းသားမြင်နေရတဲ့ ချိုကြီးတွေနဲ့။ ကိုယ်တို့ဘက်ကလူတွေ စကမ ကို အစိမ်းလိုက်ဝါးစားချင်သလိုပဲ ပျူတွေ၊ ဒလန်တွေ၊ ဖွတ်ကျွန်တွေကလည်း အမေ့ထမီစမြင်တာနဲ့ တဂီးဂီးတဂဲဂဲ ထဟောင်ကြတာဗျ။ ဘူးလက်ကြည့်မလား၊ မောင်မြင့်ကြည့်မလား၊ သက်သက်ခိုင်ကြည့်မလား။ အမေ့နံမည်လေးတပ်မေးပြီး မိုက်ခွက်ကလေးခွံ့လိုက်ရင် ဟန်မဆောင်နိုင်အောင်ကို တုန်ဆင်းလာကြတာ။ အင်းဝအပ်ချုပ်ဆိုင်အမှုကို သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ရဲမှူးကြီးကိုကြည့်။ နံမည်ကိုတောင် အပြည့်မခေါ်နိုင်ပဲ ဒေါ်စုကြည်၊ ဒေါ်စုကြည် ထထခေါ်ကတည်းက အဲ့ဒီကောင် ဘယ်ချောင်ကထွက်လာတဲ့ခွေးမှန်း တန်းသိသာတာ။
ကိုယ်တို့ကို ရက်ရက်စက်စက် သတ်ဖြတ်လုပ်ကြံမယ့်သူတွေရဲ့ အမုန်းတရားကို မျက်စိ အကြည့်နဲ့လည်း သိနိုင်တယ်။ စကားအပြောအဆို လေသံအားဖြင့်လည်း သိနိုင်တယ်။ လုပ်ရပ်အပြုအမူအားဖြင့်လည်း သိနိုင်တယ်။ နမူနာပြရရင် လက်ပံလှရွာက စတားလင့်ဝိုင်ဖိုင် ငှါးစားတဲ့ မိသားစုကိုကြည့်။ သူတို့က လိုင်းပေါ်တင်ဖို့ ကြိုတင်ရည်ရွယ်ပြီးတော့ ဗီဒီယိုသေချာရိုက်ထားတယ်။ ပြောမယ့်စကား၊ ရန်စရမယ့်လေသံကိုလည်း ရဟာဇယ်သေချာလုပ်ထားတယ်။ စကားအမှား မပါပါအောင် ဆွဲခေါ်တယ်။ လက်နက်ပါလာတဲ့သူတွေ သူ့ဟာသူကားပေါ်ပြန်တက်သွားတဲ့ဟာကို လက်နက်မပါပဲ နောက်ကအတင်းခုန်ဆွဲတယ်။ ဘယ်သူကမှ အိမ်မီးရှို့မယ် မပြောပဲ “အိမ်ကိုမီးရှို့မလို့တဲ့။ ရှို့လိုက်ရှို့လိုက်” ဆို အတင်းလိုက် အော်ခေါ်တယ်။ သူတို့လိုချင်တာက လက်နက်ကိုင်တွေက ပြည်သူကို အကြမ်းဖက်နှိပ်စက်ပါတယ် ဆိုတဲ့ ဇာတ်ညွှန်းအတိုင်း ဝင်အောင် မရအရ ကျုံးသွင်းယူတာ။
အဲ့ဒီမိသားစုရဲ့ PDF တွေအပေါ်မှာထားတဲ့ အမုန်းတရားကို စကားပြောတဲ့လေသံမှာကိုက ခံစားလို့ရတယ်။ ဒီပဲယင်းမှာတုန်းက အမေစုကားကိုတားပြီး ဆဲဆိုနေတဲ့လူတွေရဲ့ ပြောဟန်ဆိုဟန် လေသံတွေ။ ထပ်ခါထပ်ခါ ရေရွတ်တဲ့ ဒိုင်ယာလော့ခ် ကတော့ “မင်းတို့လက်နက်ကိုင်တွေက ပြည်သူကို အနိုင်ကျင့်တယ်။” အဲ့ဒီစကားကို အကြိမ်ကြိမ်အခါခါ အော်တယ်။ ဘယ်အပိုင်းက ဖြတ်ပြပြ မလွတ်အောင်။ ဒါကြီးက ထမင်းစားတဲ့ဦးနှောက်နဲ့ကြည့်ရင် ဘယ်နှစ်ခါကြည့်ကြည့် ထောင်ချောက်ဆင်တဲ့ လုပ်ဇာတ်ကြီးမှန်း သိသာတယ်၊ ဒါပေမယ့်လည်း သိတဲ့အတိုင်းပဲလေ။ “ထမင်းမစားတဲ့သူတွေကလည်း မနည်းဘူး ကဲ။” ဖြစ်နေတော့ နောက်ဆုံးမှာ သူတို့လိုချင်တဲ့အတိုင်း “NUG အစိုးရ သောက်သုံးမကျဘူး။ PDF တွေက မက်ရိုင်းလက်ထှာ။” ဒါတွေပဲ ပဲ့တင်ထပ်ပြီး စကရကတွေ တပုံကြီးထွက်လာတယ်။ အခုလို ဧည့်စာရင်းတွေစစ်၊ စစ်မှုထမ်းကြေးတွေကောက်၊ စုဆောင်းရေးတွေဆွဲနေတဲ့ကာလကြီးမှာ အုပ်ကြီး နဲ့အဖွဲ့တွေ အိမ်လာလို့ ဒီလိုလေသံ ဒီလို tone မျိုးနဲ့ နှုတ်လှန်ထိုးရဲရင် တော်လှန်ရေးကြီးက ပြီးသွားတာ ကြာပေါ့။ မြန်မာပြည်က ပြည်သူတွေသာ အမှန်တကယ် အဲ့ဒီပုံစံနဲ့ PDF တွေကို ဆက်ဆံတယ်ဆိုရင် ငါတို့က ဘာကိစ္စ တောထဲမှာ အသေခံ အပြတ်ခံပြီး ဆင်းဆင်းရဲရဲနေရမှာလဲ။ ဒါ သက်သက်မဲ့ သူခိုးက လူဟစ်ချင်လို့ မဟုတ်ကဟုတ်က လီဆယ်ချောက်ချတဲ့ ကိစ္စပါ။
အဲ့ဒီလုပ်ရပ်မျိုးကို gaslighting လုပ်တယ် လို့ ခေါ်ပါသတဲ့။ ဂက်စ်မီးခြစ်ကို မီးညှိတာ လို့ ပြောတာ မဟုတ်ဘူး။ Google လေးဘာလေး ခေါက်ကြည့်။ အဓိပ္ပါယ်က psychologically manipulate လုပ်တာကို ပြောတာပါ။ အမှန်ကို အမှားဖြစ်သွားအောင် အမှားကို အမှန်လို့ ထင်လာအောင် လူတွေဲ့စိတ်ကို နည်းမျိုးစုံနဲ့ လိမ်ညာလှည့်ဖျားပြီး စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းတာကို ခေါ်ပါတယ်။ သူတို့စစ်တပ်ထဲကလူတွေကတော့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တယ် ခေါ်မှာပေါ့လေ။ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ စစ်အုပ်စုက ငွေကုန်ကြေးကျများစွာခံပြီး ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဆင်လာတာ အဲ့ဒီနည်းလမ်းနဲ့ပါပဲ။ တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတွေကို စိတ်ပျက်စိတ်ကုန်သွားအောင်၊ အိုးပစ်အိမ်ပစ်၊ မိသားစုပါပစ်ပြီး ဆင်းဆင်းရဲရဲ စစ်တိုက်နေရတဲ့ ကလေးတွေကို ပြည်သူလူထုက အထင်အမြင် လွဲမှားသွားအောင်၊ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေရတဲ့ ပြည်သူတွေကို “သူတို့လည်း အကြမ်းဖက်သမားတွေပါလား။ ဘာမှ မထူးပါဘူး။” လို့ နိုင်ငံတကာကလူတွေ ထင်မြင်လာအောင်။ အဲ့ဒီရည်ရွယ်ချက်တွေနဲ့ စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာသာဖြစ်ပါတယ်။ ယုံတဲ့သူတွေ ကျရှုံးတာပဲ။ ဘယ်သူတွေ ယုံသလဲ စောင့်ကြည့်လိုက်။
စဉ်းစားကြည့်လေ။ ခင်ဗျားဟာ မိရင်းဖရင်းက မွေးဖွားလာပြီး ဆရာသမားအဆုံးအမ၊ ဘာသာတရားအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ လူသားတစ်ယောက်မှန်ရင် စာသင်ကျောင်းပေါ် ဗုံးကြဲတာ၊ ဆေးရုံတွေပေါ် ဗုံးကြဲတာ၊ သီတင်းကျွတ်ပွဲခင်းထဲကို ဗုံးကြဲတာ မှားသလား၊ မှန်သလား။ ဘယ်သူ့မှ လိုက်မေးစရာ မလိုဘူး။ ကိုယ့်ဘာသာကိုယ် သိရမယ်။ ဒါပေမယ့် “ဒီလိုလုပ်တာ မှန်တယ်။ လုပ်သင့်တယ်။ သေသင့်တဲ့သူတွေမို့လို့ သေရတယ်။ ဒါမျိုးကို များများလုပ်ပေးရဦးမယ်။ ဒီလိုလုပ်တာ ငရဲမကြီးဘူး။ ဝဋ်လည်း မလိုက်ဘူး။” အဲ့ဒီလိုမျိုး ယုံကြည်လာအောင် အောက်ခြေစစ်သားတွေရော၊ ပျူတွေ၊ ဒလန်တွေကိုရော၊ ဦးနှောက်ကျပ်မပြည့်တဲ့ အပိန်းတွေကိုရော gaslighting လုပ်ထားတဲ့အတွက်ကြောင့် တော်လှန်ရေးကြီးက အဓွန့်ရှည်နေရတာလေ။ ဟုတ်တယ် မဟုတ်တယ် ပြန်စဉ်းစားကြည့်။ မေထုံမဲ့သားစပ်တဲ့ နွားပြာမကြီး ပေါက်တတ်ကရပြောနေတာလည်း gaslighting ပဲ။ အမှန်ကို အမှား၊ အမှားကို အမှန်ဖြစ်အောင် ဗြောင်လိမ်ပြီးပြောနေတာ။
လူတိုင်းမျက်စိအောက်မှာ အဖြူအမည်း သဲကွဲနေတဲ့ကိစ္စကြီးကို ကြားပါမြင်ပါလျက်နဲ့ “မင်းက မင်းထင်တာကမှ အမှန်လား။ the other side of the coin မှာ ဘာတွေရှိသလဲ မြင်အောင်ကြည့်ပါဦး။” “ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီစကား ဒီတင်ရပ်။ ဘာမှ ဆက် မပြောနဲ့တော့။” “ဟုတ်လို့လားဟယ်။ ငါတော့ မကြားမိပါဘူး။ နင့် ဘယ်သူက ပြောတာလဲ။” “မဟုတ်က ဟုတ်ကတွေ လာမပြောနဲ့။ နင်ထင်တာတွေ တစ်ခုမှ မဟုတ်ဘူး။” အဲ့လိုစကားမျိုးတွေကို အကြိမ်ကြိမ်အခါခါ ထပ်ကာထပ်ကာ ပြောပေးမယ်ဆိုရင် အစက မဟုတ်မှန်းသိတဲ့လူတွေတောင် “ဟုတ်ချင်လည်း ဟုတ်မှာပေါ့။” ကနေ နောက်ဆုံး “ဟုတ်သားပဲ။” ဆို ဖြစ်သွားရော။ ဥပမာ “NLD က မဲခိုးလို့ အာဏာသိမ်းရပါတယ်။” ဆိုတဲ့ ကိစ္စ။ အဲ့သလိုမျိုး ဟုတ်ဟုတ် မဟုတ်ဟုတ် ကျားကျားမီးယပ် စွပ်စွဲတိုက်ခိုက်လာတဲ့အတွက် fund raisers တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်ကုန်တာလေ။ နောက်ဆုံးမှာ ကိုယ့်ဘက်ကလူတွေကပါ “အေးလေ။ သူတို့ပြောလည်း ပြောချင်စရာပဲ။” ဆို ယုံကြည်မှုတွေ သူများဘက်ပါသွားရော။ “ကြောက်ပါတယ်။ မပြောရဲပါဘူး။ မင်းတို့ပဲ ဘုရားလုပ်ကြပါ။” ဆို ရိတိတိငေါ့တော့တော့တွေ လာပြောရော။ စိတ်ဓါတ်ရေးရာထိုးနှက်ချက်တွေဟာ စိတ်ဓါတ်ကြံ့ခိုင်မှုမရှိတဲ့သူတွေအတွက် ဒဏ်ရာ အနာတရဖြစ်စေပါတယ်။ ရန်သူက လာထိုးနှက်တာထက် ကိုယ့်အချင်းချင်း နောက်ကျောကထိုးတဲ့ဓါးက အခံရပိုခက်ပါတယ်။ ကောင်းကင်က လေယာဉ်ကြီးနဲ့လာမှ ဗုံးကြဲတာ မဟုတ်ပါဘူး။ အခက်အခဲ အမျိုးမျိုးကြားမှာ မငြီးမငြူ တောင့်ခံထားရတဲ့ စိတ်ဓါတ်ကလေးတွေကို အကြိမ်ကြိမ်အခါခါ လာရောက်တိုက်ခိုက်တာလည်း ဗုံးကြဲတာပါပဲ။
ကိုယ်ကိုယ်တိုင်လည်း မကြာမကြာ စိတ်ပျက်မိပါတယ်။ ကိုယ်တို့ဆေးရုံတွေကို နေရာအတိအကျ လေယာဉ်နဲ့ ဗုံးလာကြဲဖို့ရာ မြေပြင်က location ထောက်ပေးမယ့် သတင်းပေး လိုပါတယ်။ အဲ့ဒီလူတွေက ဝါယာလက်စကားပြောစက်တွေ၊ ဖုန်းလိုင်းတွေ မမိတဲ့ကိုယ်တို့ဆေးရုံနေရာတွေမှာ စတားလင့်ဝိုင်ဖိုင်နဲ့ပဲ သတင်းပို့နိုင်ကြပါတယ်။ အဲ့ဒါကြောင့် စစ်ပွဲဖြစ်နေတဲ့အချိန်တွေမှာ စတားလင့်ကို ပိတ်ထားရပါတယ်။ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေဖြတ်ထားတာ ၄ နှစ်တောင် ရှိပြီ။ ဘာမှ မပြောရဲပဲ စတားလင့်လေးပိတ်ခိုင်းလို့ “လက်နက်ကိုင်တွေ အနိုင်ကျင့်ပါတယ်တော့။” ထအော်တဲ့ မိသားစုမျိုး လွတ်မြောက်ဖို့အတွက် ငါ့အသက် ငါ့ဘဝ ပေးရတာ တန်ရဲ့လား လို့ မတွေးမိပဲနေပါ့မလား။ “နင်တို့ဆေးရုံ ငါတို့ရွာနား လာမဖွင့်နဲ့။ သွား။ ဝေးဝေးသွားဖွင့်။” လို့ ပြောတဲ့သူတွေအတွက်ရော ဆေးရုံဆောက်ပြီး ဆေးကုပေးဖို့ တန်ရဲ့လား လို့လည်း စဉ်းစားမိတာပဲ။ ကိုယ်လည်းပဲ သာသာယာယာနဲ့ ဘန်ကောက်၊ ချင်းမိုင်၊ အော်ဇီ၊ ပြင်သစ်မှာ နှပ်ပြီးတော့ နေချင်သေးတာပေါ့။ ဒါပေမယ့် အဲ့ဒီအတွေးတွေဟာ ရန်သူရဲ့ စိတ်ဓါတ်စစ်ဆင်ရေးမှာ မရှုမလှ၊ အရေးနိမ့်၊ ကျရှုံးရတဲ့ စိတ်ဓါတ်ပျက်ပြားခြင်းတွေ လို့ သဘောပေါက်လာတဲ့အခါမှာ ဒီလိုပဲ ကိုယ့်စိတ်ကိုယ် ပြန်လည်တည်ဆောက်ရတာပေါ့။ ဒီိပဲယင်းမှာ သူ့ကိုဆဲဆိုရန်ရှာတဲ့ အောင်သောင်း လက်ပါးစေတွေနဲ့တောင်မှ တို့အမေ စေတနာတွေ ပျက်မသွားခဲ့ဘူးလေ။ ဘယ်ဟာအမှားလဲ ဘယ်ဟာအမှန်လဲ ကိုယ်ကိုယ်တိုင် သံသဲကွဲကွဲ သိပြီးသားကိစ္စမှာ သူများတကာ လိမ်ညာလှည့်ဖျားလိုက်တာနဲ့ ဟိုလူပြောတာ ဟုတ်နိုးနိုး၊ သည်လူပြောတာ ဟုတ်နိုးနိုး ဇဝေဇဝါ ဖြစ်စရာ မလိုပါဘူး။ gaslighting လုပ်တာခံရတဲ့သူဟာ sanity ကို ထိခိုက်စေပါသတဲ့။ ပြောတိုင်းမယုံနဲ့နော်။ ပိန်းလွန်းရင် ဂေါက်သွားလိမ့်မယ်။ သိလား။