ကိုကို့ကို ရွေးမှာလား အဲ့ဒီချာတိတ်ကို ရွေးမှာလား

ချိန်းထားတဲ့နေရာမှာ သူငယ်ချင်းတွေ မ​ရောက်သေးလို့ ထိုင်မလို့ လုပ်နေတုန်း လေယာဉ်မယ်လို waitress လေးက “ဘယ်နှစ်ယောက် လာမှာလဲ။” တဲ့။ “၃-၄ ယောက်လောက် ရှိမယ် ညီမ။” လို့ မှန်းဖြေလိုက်တော့ “ဪ မတီခင်တို့ ဖြစ်လိမ့်မယ်။” တဲ့။ ရန်ကုန်က ဟာမတွေများ အားနေ အစားချည့် လှိမ့်စားနေလို့ ဆိုင်ကတောင် မှတ်မိနေပြီ။ “စောင့်ဦးမလား။ တစ်ခုခု မှာထားနှင့်မလား။” “သမီးတို့ဆိုင်က ဘာတွေရသလဲ ကလေး။” “ဟုတ်ကဲ့။ သမီးတို့ဆိုင်ရဲ့ signature ကတော့ ဘိန်းမုန့်ပါ။” တဲ့။ “အေးကုန်မှာစိုးလို့ တစ်ယောက်စာပဲ အရင် serve လုပ်ထားနှင့်မယ်နော်။ ပိုက်ဆံကြိုရှင်းရပါတယ် ရှင့်။” တဲ့။ ဪ ခက်ပြီ။ တောသူဌေး မြို့တက်လာစမို့ အိပ်ထဲမှာလည်း တစ်သောင်းတန်ကြီး ဖြစ်နေတယ်။ ကိစ္စမရှိပါဘူး။ နောက်လည်း ဆက်မှာဦးမယ့်ဟာ။ ဘိန်းမုန့်က ဘယ်နေမှန်းမသိဘူး။ ငွေရောင်ဆိုင်းဘုတ်ပြောင်ပြောင်လေးကို ဖဲပြားလှလှစည်းထားတဲ့ လေဘယ်လေးတစ်ခုနဲ့ ပြေစာနဲ့ အရင်လာချတယ်။ စားပွဲနံပါတ်က ဒီလောက်ဖြစ်ကြောင်း။ အခု မှာထားတာ ဘိန်းမုန့်ဖြစ်ပြီးတော့ မုန့်နှစ်၊ ထောပတ်၊ မြေပဲဆံ၊ အုန်းသီးက ဘယ်လောက်ဂရမ်စီ ပါဝင်ကြောင်း။ ကယ်လိုရီအားဖြင့် ဟောသည်လောက် မှာ ကာဘိုဟိုက်ဒရိတ်ကဘယ်လောက်၊ ပရိုတိန်းက ဘယ်လောက်၊ အဆီ က ဘယ်လောက် ပါဝင်တယ်ဆိုပြီး ဓါတ်ခွဲခန်းအဖြေလေးလို ရေးထားတယ်။ အပေါ်မှာ ဘိန်းမုန့်ကို AI နဲ့ အလှဆင်ထားတဲ့ ပုံလေးတစ်ပုံလည်း ပါသေးသဗျ။ ဆန်းပြားလိုက်တာကွယ်။ ပြေစာလေးလည်းဖတ်ရော ပိုအံ့ဩရတယ်။ ဘိန်းမုန့် 1 serving ကို မြန်မာငွေ ၈၀၀၀ ကျပ်၊ service ၁၀၀၀၊ tax ၁၀၀၀ မို့ ပြန်အမ်းစရာတောင် မလိုတော့ဘူး။ ပါးစပ်အဟောင်းသားဖြစ်နေတုန်း လေဘယ်လေးပြန်သိမ်းပြီး ဘိန်းမုန့်ပန်းကန်လေး ရောက်လာပါတယ်။ ခြောက်လက်မ အဝိုင်းလေးတစ်ခြမ်းကို cheese cake ပိုင်းသလို ၃ ပိုင်းပိုင်းပြီးမှ အုပ်ဆောင်းလေးနဲ့ အုပ်လာတာ။ စားကာနီးမှ အဖုံးလှပ်ပါတဲ့။ အထဲမှာ ဘိန်းမုန့်ရဲ့ optimal temperature ကို stabilized လုပ်ထားတာမို့ပါ လို့ဆိုတယ်။ တွဲဘက်သုံးဆောင်ရန်အတွက်ကတော့ Chinese tea ကို recommend ပေးပါကြောင်း။ အဲ့ဒီမှာလည်း classical ရနံ့၊ စံပါယ်ရနံ့၊ ကောက်ညှင်းမွှေးရနံ့၊ ဂန္ဓမာရနံ့တို့ကို ရွေးချယ်နိုင်ကြောင်း။ တစ်ယောက်စာ အိုးသေးတစ်အိုးကို တစ်သောင်းကျပ်သာ ကျသင့်မည် ဖြစ်ကြောင်း ရှင်းပြပါတယ်။

ဘိန်းမုန့်တပိုင်း၊ ရေနွေးကြမ်းလေးတစ်အိုးနဲ့ ရန်ကုန်မြို့ထဲ လမ်းတွေပျောက်နေတုန်း တီခင်တို့ မယဉ်တို့ ရောက်လာပါတယ်။ မသံထီးလည်းပါတယ်။ “နင်တို့ ဘိန်းမုန့်ဆိုင်ကလည်း ဈေးကြီးလိုက်တာဟယ်။” ဆိုတော့ “ကြီးမှာပေါ့။ ဒီဆိုင်က စင်္ကာပူက လာဖွင့်ထားတာလေ။ waitress လေးတွေလည်း စလုံးမလေးတွေ။ ဗမာလိုများ မွှတ်နေတာပဲ။ အရသာ အရမ်းကောင်းတယ်။ ငါတို့ favorite ပဲ။” တဲ့။ “စင်္ကာပူကတောင် လာရောင်းတဲ့ ဘိန်းမုန့်။ စားမယ့်သူလည်း မရှိပေါင်။ လူကို ရှင်းလို့။” “ဟဲ့ အဲ့ဒါ cool vibe ရအောင်ရယ်၊ COVID friendly ဖြစ်သွားအောင်ရယ် တစ်ဝိုင်းကျော်ပဲ ပေးထိုင်လို့။ ဆိုင်မလာခင် online ကနေ booking အရင်တင်ရတယ်။ ငါတို့ ၂ နာရီစာပဲ ရတယ်။ အရင်မှာထားဦးမှ။ ညီမလေးရေ။ ဘိန်းမုန့်တစ်ပွဲ၊ မုန့်ပျစ်သလက်တစ်ပွဲ၊ မုန့်လင်မယားကို နံနံပင် မပါပဲ တစ်ပွဲပေးပါ။” တဲ့။

ဘုရား ဘုရား။ လန့်နိုးလို့သာ တော်တော့တယ်။ ရန်ကုန်တောင် မပြန်ရဲတော့ဘူး။ ဘယ်လိုတွေတောင်လားဟ။ မော်ရုံမှာ သူများကျွေးတာ ကုန်းသွားဆင်းရင်လည်း ကိုအောင်မြိုင်သင်းကြီးက စားတုန်းသောက်တုန်း အသံနဲ့ နှိပ်စက်နေဦးမယ်။ ဆိုင်တွေက ဈေးကြီးမှာပေါ့။ တနေကုန် ဆိုလာနဲ့ အဲကွန်းဖွင့်ရတာ။ မြန်မာအလုပ်သမားတွေ နိုင်ငံခြားထွက်ကုန်လို့ waiter ပါ job visa နဲ့ နိုင်ငံခြားက လှမ်းခေါ်ထားရတာ။ ဧည့်စာရင်းစစ်တိုင်း documents လည်း ပြရတယ်။ ပိုက်ဆံလည်း ပေးရတယ်။ မပေးနိုင် စုဆောင်းရေးပါသွားရော။ သူတို့လည်း ဘယ်သူမှ ကြာကြာမနေနိုင်ဘူး။ “စစ်သားကြောက်တယ်။ ရဲကြောက်တယ်။ အုပ်ကြီးကြောက်တယ်။ မော်တော်ပီကယ်၊ အရံမီးသတ်ပါကြောက်တယ်။” ဆိုပြီး ပြန်ပြန်ပြေးတာ။ မြန်မာပြည်ကပြန်ရင် ကြောက်စိတ်တွေကြောင့် ဆရာဝန်ပြယူရသတဲ့။ ကိုယ်တွေလို သတ္တိကောင်းတဲ့သူက ကမ္ဘာမှာ ခပ်ရှားရှားရယ်။ နေသန်ရာဟုတောင် အမေရိကန်ပါမှ စစ်တိုက်ရဲတယ်။ အေးလေ။ ခနဲ့တတ် ရွဲ့တတ်တဲ့သူဆိုတာ အိပ်နေနေ နိုးနေနေ ဝသီပါနေပြီ။ ခရာတာတာသာ မပြောတတ်တာ။ သရော်တော်တော်က ဘယ်ချိန်ကောက်ရေးရေး။

ကိုယ်တို့က ရန်ကုန်ကထွက်လာတာ ၅ နှစ်တောင် ပြည့်တော့မှာမို့ up to date အခြေအနေတွေကို အဆက်ပြတ်သွားပါပြီ။ “Aunty Annie”တို့တောင် မရှိတော့ဘူး။ ပြန်သွားတာ ကြာပြီတဲ့။ ကိုယ်ဒီရောက်မှ အသစ်ဖွင့်တဲ့ဆိုင်တွေတောင် ဟောင်းကုန်ပြီ ဥစ္စာ။ ပို့ကုန်မရှိလို့ သွင်းကုန်တွေကန့်သတ်ပလိုက်တာ မြန်မာမလေးတွေ ထမီစုတ် ဖြဲ ခါးတောင်းကျိုက်ရတဲ့ခေတ်ကို ပြန်ရောက်သွားပြီ မဟုတ်လား။ ကာဘော်လစ်၊ ပက်ဆိုးဒန့်ကို တန်းစီဝယ်ရတော့မယ်။ မြန်မာပြည်မှာ ပေါပေါများများ လည်ပတ်ရောင်းဝယ်နေတာဆိုလို့ ရွှေတွေကျောက်တွေပဲ မြင်မိတယ်။ ခေတ်ကာလတွေက နောက်ပြန်လည်နေပုံများ စိုင်းစိုင်းခမ်းလှိုင်တောင် လူအိုရုံမသွားပဲ သတို့သားအရံလုပ်နေပြီ။ စိန်ဧကရီက မမငယ်ရဲ့ မြဘယက်ကြီးကို ဓါးပြတိုက်ပြီး စစ်ရှောင်စခန်းတွေမှာ ဆေးကုပေးရင် ကုသိုလ်ရမှာလား၊ ငရဲကြီးမှာလား မေးပေးကြပါဦး။ ဘယ်သူ့ဆီကမှ မလုမယက်ပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆေးကုရင်တောင် ဗုံးကြဲသတ်ဖြတ်နေတဲ့ဟာကို။ နင်သာလူမိုက် ဒုစရိုက် ဟဲ့။ သီတင်းကျွတ်လပြည့် လူသားဆီမီးပူဇော်တဲ့ မျိုးမင်းထွေးတောင် မိသားစုလိုက် ကျောက်စာထွင်းထားတယ်။ “နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။” တဲ့။

ကိုယ် ရန်ကုန်ကထွက်လာတုန်းက ရန်ကုန်မှာ ဈေးအကြီးဆုံးဆိုတဲ့ “Manhattan Fish Market” တို့၊ “Aston Steak house” တို့၊ “Pizza Maru” တို့ဆို တစ်ယောက်စာ တစ်ခါပြင်ပွဲတစ်ပွဲကို တစ်သောင်းဝန်းကျင်က အာဏာကုန်ပဲ။ အခု ဒီမှာ “ကြည်။ ပဲပြုတ် နံပြား စားချင်တယ်။” ဆိုရင်တောင် တစ်သောင်းနဲ့ မလောက်ဘူး။ ဂိတ်ပေါင်းများစွာပိတ်ပြီး ရက်ပေါင်းများစွာ စောင့်ဖြတ်ရတဲ့ ကားဆရာတွေမှာ ဘယ်သူဘယ်လောက်တေင်းတောင်း စောဒကတက်ခွင့် မရှိဘူး။ ဒီဘက်ကို ထောက်ပို့လုပ်မယ် ထင်ရင် သင်္ကန်းဝတ်နဲ့ ဘုန်းကြီးလည်း စစ်မှုထမ်းဟောင်းက ကြိုးတုပ်ပြီးကိုရိုက်တာ။ တကယ် မဟုတ်ဘူး မပြောနဲ့နော်။ ရိုက်တဲ့ကောင်ကို ပစ်သတ်ပြီးလို့ ပစ်သတ်တဲ့ကောင်ကိုပါ တခါ ပစ်သတ်ပြီးပြီ။ တော်နေကြာ “ရေးတဲ့ကောင်ကိုပါ သွားပစ်သတ်ချေကွာ။” ဆို လူလွှတ်နေဦးမယ်။ အသက်နဲ့ရင်းတဲ့ ပဲပြုတ်၊ ဘိန်းမုန့်ဆိုတာ အသပြာတစ်သိန်းထိုက်တန်တယ် ဆိုလည်း မငြင်းသာဘူးပ။ “ဒါလေးသယ်သွား။ မင့် တစ်သိန်းပေးမယ်။” ဆို သယ်မှာလား ပြော။ ဘိန်းဖြူဘိန်းမည်း ကြိုက်သလောက်သယ်စမ်းပါ။ ဆေးပြားတွေ ဆယ်ဘီးကားနဲ့လည်း တိုက်လို့လည်း ရှော့မရှိဘူး။ ချန်ဂင်ဆေးရုံအတွက် ဆေးဖာသယ်ရင်တော့ နေရာမှာတင် ပစ်သတ်မှာတဲ့နော်။ သာဓုပါဗျာ။ ယသော်ဓယာမှ ပါရမီဖြည့်ဘက် မဟုတ်ပါဘူး။ ဒေဝဒတ်ကြီးလည်း ပါရမီဖြည့်ရရှာတာပါပဲ။ ယောက်ဖကြီး သူတော်ကောင်းဖြစ်စေဖို့ သူချည့်ပဲ သောက်ပြစ်တင်ခံရရှာတာ။ ဇာတ်ပေါင်းရင် အရောက်ပို့ပါပြီ။ “ဤသူကား ယခုမှသာလျှင် ဤသို့ ပြုသည် မဟုတ်။ ရှေးယခင် ဘဝပေါင်းများစွာကပင်….” ဆို ရှယ်ပလန်နဲ့ အောက်ဖဲလှန်တာ။ တို့လည်း ချိဖရီးတွေကို ပွဲထုတ်ရမယ်။ ဦးလေးဗိုလ်ကြီးတို့ သောက်ကျင့်ယုတ်ပြလေ၊ ချန်ဂင်လေးကို လူတွေ အသနားပိုလေပါ။ သိုင်းကျူး။

အခုချိန်မှာဗျာ။ သူများနေရာတွေမှာ ၃၅၀၀၀ တောင် မပေးရတဲ့ ဘိလပ်မြေတစ်အိပ်ကို ဒီမှာ တစ်သိန်းခွဲ ပေးဝယ်ရတာ သယ်ခ မပါသေးဘူး။ ဝယ်လို့ရတာတောင် ကျေးဇူးတင်ရသေး။ ဒီလိုနေရာ ဆေးရုံဆောက်နေတဲ့သူက ဘိန်းမုန့်တစ်ပိုင်း တစ်သောင်းလောက်ဖြင့် ပျင်းတောင်ပျင်းပါသေးတယ်။ ဒီအိပ်မက်မျိုး အခါတရာမက်လည်း ပါးပါးလေးရယ်။ လူတစ်ယောက်ပါသွား သိန်းလေးငါးရာနဲ့ လိုက်ရွေးရတဲ့အရပ်ကပါ။ အိပ်မက်တွေက ဆန်းကြယ်တာ မဟုတ်ဘူး။ လက်တွေ့ဘဝက အိပ်မက်ထက်ဆန်းကြယ်တယ်။ ပြန်ပြောပြရင် ယုံမှာ မဟုတ်ဘူး။ ကားပြင်တာ ၂ ရက် ၃ ရက် ရှိပြီ။ အဝတ်အစား အပိုမပါဘူး။ ရေချိုးချင်လို့ ဘဲငန်းစွပ်ကျယ်၊ ဘောင်းဘီအတို တစ်စုံဝယ်လိုက်တာ တစ်သိန်းပြည့်လုရော။ တောသားတွေစီးတဲ့ ကြက်ပေါင်ဘိနပ်တောင် ၂ သောင်းခွဲ၊ သုံးသောင်းဗျာ။ အဲ့လောက်မှ မတတ်နိုင်ရင် ခြေပလာ နဲ့ ကိုယ်တုံးလုံးနေရုံပ။ လူ ၂ ယောက် ကြက်ကြော်စားရင် တစ်သိန်း ကျပါတယ်ဆို။ ယုံချင်ယုံ မယုံချင်နေ။ မေသန်းနုက သူ့လာကန်တော့တဲ့ကလေးတွေကို မုန့်ဖိုးပေးတာ “ရော့ တစ်ယောက် ၅ သောင်းစီ” တဲ့။ ကိုယ်လည်း ကိုယ့်ကန်တော့တဲ့ကလေးတွေ ၅ သောင်းစီပဲ ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ အရင်းမကျေဘူး။ ပုဆိုး၊ အင်္ကျီတစုံဆို တော်ရိရော်ရိတောင် တစ်သိန်းအထက်မှာ။ ဒါ့ထက်လည်း ပေးစရာ ကိုယ့်မှာ မရှိ။ ဒါကြောင့်လည်း အိပ်မက်ဆိုးတွေ မက်တာနေမယ်။

စီးပွါးရေးပိတ်ဆို့တာ တို့မမှုပါ ဆိုပေမယ့် ကားတွေဆိုင်ကယ်တွေ ဝင်ခွင့်မပေးပဲ ပိတ်ဆို့တာတော့ အထဲကလူတွေကို တော်တော် ဒုက္ခရောက်စေတယ်။ ကြာလေ လုံးပါးပါးလေပဲ။ အဲ့ဒီဂိတ်တွေ မြန်မြန်တိုက်ထုတ်လို့ မရဘူးလား။ ရချင်လည်း ရမှာပေါ့။ ဒါပေသိ ဟိုဘက်ကဂိတ်ပြေးသွားရင် ဒီဘက်ကဂိတ်က ပြန်ထိုင်မှာပဲ။ ဂိတ်သိမ်းရတဲ့ စစ်စားရိတ်တွေပြန်ရှာမှ ဟိုဘက်ကပြန်လာသိမ်းရင် ကာကွယ်နိုင်မှာပေါ့။ ဂိတ်တွေ ပြန်ပါသွားရင် ယူတို့ပဲ ငိုကြီးချက်မ ဘလိန်းကြမှာ။ ကြက်သားတစ်သိန်း၊ ဝက်သားတစ်သိန်း ဝယ်စားနေရတဲ့ စားရိတ်တွေကို ဒီလိုမှ ပြန်မရှာရင် အိပ်ထဲက စိုက်ရမယ်လေ။ “Money makes the world go around.” ဖြစ်နေတဲ့ လောကကြီးမှာ ပိုက်ဆံမရှာပဲ အသက်ရှင်ချင်လို့ မရဘူး။ သူကျတော့ စာအုပ်ကြီးကို ဈေးတင်ရောင်းပြီးတော့။ ဟွန့်။ မပြောလိုက်ချင်။

ဒါကတော့လေ နန်နန်ဂျားမှာ စက်တင်ပုံနှိပ်ရတာမို့ စားရိတ်စက ကလည်း ကြီးလို့ပါ။ စာအုပ်တစ်အုပ် တစ်သိန်းလောက်ကျတယ်ဆိုလို့ အမြတ်ချည့်ပဲ တစ်သိန်းကျန်တာ မဟုတ်။ အဲ့ဒီပိုက်ဆံနဲ့ ကိုယ်က ကလေးတွေအတွက် ကျည်ကာတစ်စုံ ဝယ်ပေးချင်ရင် စာအုပ် အုပ် ၂၀ ရောင်းရမှ ငွေပြန်ပေါ်ရုံပဲ ရှိမယ်။ အသားတင်အမြတ် မဟုတ်သေး။ မိုင်းနောင်မှာ SNA ဂိတ်က ကားလေးတစ်စီးဖြတ်ရင် ကျည်ကာတစ်စုံဖိုး လှူခဲ့မှ ပေးဖြတ်တာဗျ။ စာလည်း ရေးစရာမလိုဘူး။ စာအုပ်လည်း ပုံနှိပ်စရာ မလိုဘူး။ ဒါကြောင့်မို့ နိုင်အောင်သာ တိုက်စမ်းပါဗျာ။ “The winner takes it all.” ပါ။ နိုင်သွားလို့ ဂိတ်တွေ မရှိတော့ရင် မံမံ တူတူပုန်းမှာ စိုးသလား မပြောတတ်။ ပျော်အောင်သာနေပါ ဆြာစိုးရယ်။ ပြန်သွားရင် လွမ်းကျန်ရစ်မှာစိုးလို့ တခါတည်း အပြီးခေါ်ထားလိုက်တော့မလို့တဲ့။ ဆောရီးပါ။ အိုင်က အယ်ဆိုင်းဇီတို့၊ ရေဘက္ကာဝင်းတို့ မကြိုက်ဘူး။ ဘဘစိုင်း အရွယ်ဝတ်ကြီးတွေ။

ပိုက်ဆံအကြောင်းကို ရယ်သလိုမောသလို ပြောဆိုရေးသားနေလိုက်တာ။ တကယ်ဆို ငို၍ရယ်၍ မရသော ဖြစ်ရပ်တွေလည်း ရှိပါသေးတယ်။ ရွာမှာ သွားဖုံးက သွေးယိုလို့ အစာမစားနိုင်တဲ့ လူနာတစ်ယောက် ရှိတယ်။ မန်ကျည်းခေါက်တွေ တမာရွက်တွေသိပ်ထားတာ မည်းနက်လို့။ ရေစီးကမ်းပြိုအနေနဲ့ပဲကုထားတာ မသက်သာဘူး။ သွားဆရာဝန်ဆီပို့တော့လည်း သွေးမတိတ်ဘူး။ နန့်မွန်းကနေ၊ ဟိုပင်၊ ဟိုပင်ကနေ မိုးညှင်း၊ မိုးညှင်းကနေ မြစ်ကြီးနား။ မြစ်ကြီးနားမှာ ၅ ရက်ကြာပြီ။ မသက်သာဘူး။ အိမ်ပြန်ခေါ်လာပြီတဲ့။ ဟဲ့ အဲ့လိုတော့ မရဘူးလေ။ သွေးရောဂါဆိုတာ ပုလင်းကြီး၊ ပုလင်းသေးချိတ်လို့ ပျောက်တာ မဟုတ်ဘူး။ အကျိုးအကြောင်း ရှင်းပြရအောင်ကလည်း ဖုန်းမိရင် လိုင်းမရှိ၊ လိုင်းရှိရင် ဖုန်းမမိ၊ ဖုန်းရောလိုင်းရော ရှိရင် လူက ဧရိယာပြင်ပရောက်နေ။ “ဘာရောဂါလို့ ပြောလဲ။” ဆိုတော့ “ဘာမှ ကို မပြောတာ။” တဲ့။ “မေးမကြည့်ဘူးလား။” ဆိုတော့ “မေးရဲဘူး။ ဆျာဝင်က တနေ့တခါပဲ ဒေါင်းလှည့်တာ။ ပြီးရင် ဘူမှ မလာတော့ဘူး။” တဲ့။ သွေးအိပ် ၁၁ အိပ်တောင် သွင်းထားတယ်ဆို။ “မကုပဲထားတာ မဟုတ်ဘူး။ ရှင်းမပြဖြစ်တာနေမှာပါ။ ရောဂါနံမည်လေးတော့ သိအောင် မေးခဲ့ပါ။” ဆိုတော့ “မသိသေးဘူးလို့ပြောတယ်။ မနက်ဖြန်မှ ရောဂါရှာကြည့်ရမှာတဲ့။ မရှာနဲ့တော့။ ပက်ဆံမရှိတော့ဘူး။ အိမ်ပြန်ချင်ပြီဆို ပြန်လာတာ။” တဲ့။ မန်းလေးသွားပါလားလည်း မလွှဲရဲပါဘူး။ ဆယ်ဇင်းက ကလေးမလေးတစ်ယောက် လွှဲဖူးတယ်။ သိန်း ၄၀၀ လောက် ကုန်နေပြီ။ သွားလိုက်ပြန်လိုက် မပြနိုင်လို့ အိမ်ငှါးနေရတယ်တဲ့။

အာရောဂျံ ပရမံ လာဘံဆိုတာ ကြားဖူးလား။ ပိုက်ဆံရှိမှ ကျန်းမာမယ် လို့ ဆိုလိုတာ။ တချို့လည်း ထားရာမရရှိအောင် ချမ်းသာတယ်။ တချို့လည်း စားစရာမရှိအောင် ဆင်းရဲတယ်။ ကိုယ့်သားသမီးကိုယ် တစစီလိုက်ကောက်နေရတဲ့ရွာနဲ့ ဆယ်မိုင်လောက်အကွာမှာ ပျော်ပါးကခုန်နေတဲ့ လူအုပ်ကြီးကလည်း တိုးလို့တောင် မပေါက်။ သူ့ကုသိုလ်နဲ့သူ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပါပဲ။ မင်းမှာ ကုသိုလ်ကံတွေ အားနည်းနေတယ် ထင်ရင် မင်းရှိသမျှ ဘုန်းဘုန်းကို လှူခဲ့။ လှူနိုင်တဲ့သူတွေ ကြီးပွါးချမ်းသာနေတာ မြင်တယ်မှလား။ ကလပ်တွေ ဘားတွေမှာ ကွဲပြဲနေတဲ့ကလေးတွေ ဘယ်တော့မှ စုဆောင်းရေးမပါဘူး။ အိုဗာတိုင်ဆင်းပြီး ပြန်လာတဲ့ကလေးတွေချည့် အသုတ်ခံရတာ။ မင်းဟာ တော်လှန်သူလည်း မဟုတ်၊ ဘောမသူလည်း မဟုတ်ဘူး ဆိုရင် ထိုးကျွေးခံရသူသာ ဖြစ်လိမ့်မယ်။ ဘယ်ဘက်ကမှ မပါဘူး ဆိုတဲ့သူတွေ ဘန်ဘူးအကျွေးခံနေရတဲ့ အချိန်နော်။ မိုးညှင်းမှာနေရင် စကမ က ပေါ်တာဆွဲမယ်။ နန့်မွန်းမှာနေရင် SNA က ပေါ်တာဆွဲမယ်။ ဒီဘက်မှာနေရင်လည်း KIA က ပေါ်တာဆွဲမှာပဲဗျ။ စစ်ရှောင်စခန်းမှာနေတော့လည်း ဗုံးလာကြဲဦးမှာ။ မင်း ဘယ်ပြေးမလဲ မိချိုသဲ။ ဘယ်ပြေးပြေး မလွတ်တော့ပါဘူးကွာ။ ကားတင်ပြေးတဲ့သူနဲ့လိုက်မလား။ မိဘပေးစားတာ ယူမလား။ ကိုယ်ကြိုက်တာကိုယ်ယူမလား။ အဲ့ဒါပဲ စဉ်းစား။ ဘယ်အဖွဲ့ထဲပါပါ သေနတ်မှန်ရင်တော့ သေမှာချည့်ပါပဲ။ ဟိုရုပ်ရှင်ထဲက ဝေးဝေးလို မသေခင် ရည်းစားလေးတစ်ယောက်လောက် ထားပြီး အနမ်းပန်းလေးတစ်ပွင့် ပွင့်ချင်တယ် ဆိုရင်တော့ ချန်ဂင်မှာ လာရွေးလိုက်ပါကွယ်။ အရွယ်စုံ၊ ဆိုက်စုံ၊ ကာလာစုံ၊ ခုရောင်းခုကုန်၊ ဖစ်ဖစ်တုန်လေးတွေ ရှိတယ်။ နံနံပင် မစားရင်တော့ ကြိုပြောနော်။ ကြက်သွန်ဖြူ၊ ဒညင်းသီးတော့ တားမြစ်ထားပါတယ်။ ဒလီ မပို့ပါဘူး။ ဒလီက နှိုက်မြည်းမှာစိုးလို့ပါ။ နေရာမရမှာစိုးရင် ချတ်ဘောက်ကနေ ဘွတ်ကင်တင်လို့ ရပါပြီလို့စ်။