သီတင်းကျွတ်လပြည့်ဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ပါပဲ။ ဆရာသမား မိဘတွေကို ကန်တော့ကြတယ်။ လူငယ်လူရွယ်တွေ မီးထွန်းပွဲလည်ကြတယ်။ ဆီမီးပူဇော်ကြတယ်။ မီးပုံးပျံတွေ လွှတ်ကြတယ်။ ဘာသာရေးပွဲဆိုလည်း ဟုတ်။ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုလည်း ဟုတ်ပါတယ်။ ဒီလိုအခါကြီးရက်ကြီး ပွဲခင်းထဲကိုမှ ပါရာမော်တာ နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၂၀ ကျော်သေပြီး လူ ၄၀ ကျော် အပြင်းအထန် ဒဏ်ရာရတယ်ဆိုတာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းပြီး ဘာသာ သာသနာကို စော်ကားတဲ့ အပြုအမူမျိုးပါပဲ။ ဘယ်လိုအကြောင်းနဲ့မှ ခွင့်လွှတ်စရာ မရှိဘူး။ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး ဆိုတဲ့နံမည်ကိုလည်း မေ့မသွားအောင်၊ လူမှားစရာ မရှိအောင်၊ စာနဲ့သေသေချာချာကို ရေးမှတ်ထားပါတယ်။ (၆.၁၀.၂၀၂၅) နေ့စွဲနဲ့ပါ။ ဆစ်ခ်တွေရဲ့ ရွှေကျောင်းတော်ကြီးထဲကို ပန်ချာပီတွေ ဘုရားပွဲကျင်းပတဲ့ဆီ အတင်းဝင်ရောက်နှိမ်နှင်းတဲ့အကျိုးဆက်ကို အင်ဒီရာဂန္ဒီ ကိုယ်တိုင် ပေးဆပ်ခဲ့ရသလိုပဲ စစ်ဗိုလ်စစ်သားတွေဆီက မရမနေ ပြန်တောင်းရမယ့် အကြွေးတစ်ခုအဖြစ် စာရင်းမှတ်ထားပါမယ်။ ပဇီကြီးက အကြွေး၊ အနမ့်ပါက အကြွေး၊ ပြန်မတောင်းရသေးတဲ့ အကြွေးပေါင်းများစွာကိုလည်း အတိုးပေါ်အတိုးဆင့်ပြီး အရပြန်ယူပါ့မယ်။
တစ်ခုတော့ မေးချင်တယ်ဗျ။ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ အိမ်မှာလည်း လူကြီးသူမတွေ ကန်တော့လို့၊ ကလေးတွေ မုန့်ဖိုးပေးလို့၊ ဘုရားမီးပူဇော်လို့ ကောင်းမှုကုသိုလ်တွေနဲ့ နေကြမယ် ထင်ပါတယ်။ အဲ့ဒီကောင်းမှုရှင် ဗုဒ္ဓဘာသာ မြန်မာအမျိုးသားထုကြီးဟာ အာဏာသိမ်းစစ်တပ်က မီးထွန်းပွဲလည်ခေါင် ဗုံးဝင်ကြဲတာ ဖြစ်ရိုးဖြစ်စဉ် လို့ ထင်ပါသလား။ မီးထွန်းသပိတ် လုပ်တဲ့သူတွေမို့ အကုန်လုံးသေလည်း အေးတာပဲ လို့ ယူဆပါသလား။ အဲ့သလို အတွေးအမြင်ရှိတဲ့သူတွေနဲ့တော့ သိလည်းမသိချင်၊ ကျွမ်းလည်းမကျွမ်းချင်၊ မြင်လည်း မမြင်ချင်ပါဘူး။ အခုချက်ချင်းသာ unfriend သွားကြပါ။ နောက်လည်း ဘယ်တော့မှ မလာပါနဲ့။ လမ်းမှာတွေ့လည်း မခေါ်ပါနဲ့။ ဒီဆရာဝန်က ဒီလိုစိတ်ရှိလေရဲ့လို့ မသေမချင်း မှတ်သွားကြပါ။ ချောင်းဦးကလူတွေ သွေးသံတရဲရဲနဲ့ အပိုင်းပိုင်းအတစ်တစ် ဖြစ်ကုန်တာ ရေကျော်ပွဲဈေးတန်းက လူအုပ်ကြီးကတော့ သတိတောင် မရကြပါဘူး။ အဝေးကြီးပဲလေ။ ဘာဆိုင်လို့လဲ။ ကောလာဟလတွေ လျှောက်ပြောလို့ လည်သူမလာရင် ဒီညအတွက် လုပ်ထားတဲ့မုန့်တွေ ခများလျော်ရမှာ။ ရေကျော်မှ မဟုတ်ဘူး။ တနေ့တည်း မုံရွာမှာလုပ်တဲ့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲလည်း ဘာမှ မဖြစ်။ စည်လိုက်သမှ ဝက်ဝက်ကွဲ။ စိတ်သာချ။ အဘတို့ရဲ့ အာဏာစက် အောက်ဆိုတာ ဘုရားရိပ်၊ တရားရိပ်ထက်လုံခြုံတယ်။ ဘယ်သူမှ လာဒုက္ခပေးချိန်မရဘူး။ အဘတို့ကလွဲလို့။ ဟိုမှာ မြင်ဘူးလား။ မန်းလေးတက်သို ရာပြည့်ပွဲကြီး အဘကိုယ်တိုင် တက်ရောက်ချီးမြှင့်တာ နည်းတဲ့လူအုပ်ကြီးမှတ်လို့။ ပွက်ဆိတ်တောင် အကိုက်မခံရပေါင်။ အသက်မသေချင်ရင် အဘတို့မဲရုံမှာ မဲလာထည့်ကြ။ အဘတို့အုပ်ချုပ်တာ လက်မခံရင် ချောင်းဦးတင်မကဘူး။ သင်္ကဿနဂိုရ်ပြည်ကြီးပါ မီးတိုက် ဗုံးကြဲပလိုက်လို့ တာဝတိံသာကဆင်းမယ့် ဘုရားရှင်တောင် ဗီစာ reject ထိသွားမယ်။
သူတို့ကိုလည်း မေးချင်တာ ရှိပါ့ဗျား။ မေးခွန်းဟောင်းလေးပဲ ပြန်ဖြေစမ်းပါဦး။ ပုဂံခေတ်ကတည်းက ပံ့သကူမထေရ် မေးသွားတာ။ အဲ့သလောက် အကုသိုလ်တောင်ထုကို ပြုချင်တိုင်းပြုပြီးလို့ စစ်ဗိုလ်တွေချည့်ပဲ လက်ဆင့်ကမ်းအုပ်ချုပ်လို့ ရပြီ ဆိုပါစို့။ အမောင်တို့ စစ်သားတွေက “မအိုရာလော။ မနာရာလော။ မသေရာလော။” ဗျာ။ ကိုယ့်တစ်ယောက် နောက် ၅ နှစ် အသက်ရှင်ဖို့ မသေချာတာကို နိုင်ငံသား သန်း ၅၀ ဖွတ်ဖွတ်ညက်ညက်ကျေအောင် နှိပ်စက်ခဲ့ပေသသကိုး။ ကိုယ်အိမ်ရှိတဲ့ ဘုရားစင်ကိုယ် လိပ်ပြာလုံလုံနဲ့ ရဲရဲဲကြီး ဦးတင်နိုင်ပါစေလေ။ နမခ မှ စစ်မှူးစစ်ကဲများရဲ့ သီတင်းကျွတ်လက်ဆောင် လူသားဆီမီးပူဇော်ပွဲအကြောင်းကို သူတို့ပဌါန်းဆက်တွေ အနုမောဒနာတရား ပွါးများစိမ့်သောငှါ အမျှဝေလိုက်ရပါတယ်။
ကိုယ့်မှာတော့ အဲ့သတင်းကြားတော့ အသားတွေ တဆတ်ဆတ်တုန်နေအောင် ဒေါသထွက်ပါတယ်။ စာတောင်ဆက်မရေးနိုင်တော့ဘူး။ အိပ်ပစ်လိုက်တာ။ အခု တရေးနိုးတော့မှ ခေါင်းအေးအေးထားပြီး စာဆက်ရေးနိုင်တယ်။ ထားပါတော့။ ရွာတစ်ရွာမှာ မီးထွန်းပွဲလုပ်တယ်။ လပြည့်နေ့လည်းဖြစ်တယ်။ ကလေးတွေက မလာချင်ပဲ ဘယ်နေမလဲ။ ဒီပွဲကို PDF တွေလည်း သေချာပေါက် လာမှာလို့ ဒလန်က သတင်းပေးထားတယ်။ ဒါကြောင့်မို့ အခါကြီးရက်ကြီးမရှောင် ဗုံးလာကြဲတယ်။ အဲ့တော့ သေကုန်ရောလား ပဒက်တွေ။ အဝေးကြီးပါဗျာ။ PDF တွေ မပြောနဲ့။ ကိုယ့်ဆေးရုံကိုယ် ဆရာဝန်လုပ်နေတဲ့ ကိုယ်တောင် လေယာဉ်လာသံကြားရင် ည ၁ နာရီဖြစ်ဖြစ်၊ ၂ ချက်ခွဲဖြစ်ဖြစ် မနိုးမရှိဘူး။ လှစ်ကနဲဆို ကျင်ထဲရောက်ပြီးသား။ မြနဲ့မောင်နဲ့ ခုမှတွေ့တာမှ မဟုတ်ပဲကွယ််။ ဗုံးကြဲလိုက်ရင်လည်း ရွှီကနဲ မြွေတွန်သလို ကြားရတဲ့ ဒလက်လေသံလေးကို သူတို့ သိတယ်။ “ချပြီ။ ချပြီ။ ဝပ်ချလိုက်တော့။” လို့ သူတို့အော်လို့ ကိုယ်လည်း အသက်မပျောက်ခဲ့တာလေ။ ဒါပေမယ့် အခုဟာက ပွဲခင်းထဲမှာ။ ပါရာမော်တာလာရင် လေယာဉ်သံထက်တောင် ပိုကျယ်သေး။ အတွေ့အကြုံမရှိသေးတဲ့ အရပ်သား ကလေးသူငယ်တွေမို့ အတုံးအရုံး သေဆုံးရတာပါ။ ဗုံးသံကြားလို့ ထိတ်လန့်တကြား အော်ပြေးတဲ့ ကလေးတွေ ဗီဒီယိုမှာ ကြည့်လိုက်။ သူတို့ခမျာ ကြောက်လန့်တကြား အလဲလဲ အကွဲကွဲ။ ပဒက်တွေ မသေဘူး။ ကလေးတွေသေတာ။ ခုတ်ရာတခြား ရှရာတခြားတွေ။ ကမ္ဘာမကျေတဲ့ မုန်းစိတ်တွေကိုသာ မီးလောင်ရာ လေပင့်ပေးသလို ဖြစ်လိမ့်မယ်။ လူလူချင်း မပြောနဲ့။ ညီအကိုချင်းလည် မရဘူး။ စစ်သားဆို အနားရှိတဲ့ ဓါးမတိုနဲ့ ပိုင်းရပိုင်းရ ခြေဆုံးခေါင်းဆုံး တုံးတစ်ပစ်မယ်။ နင်သတ်တာ ငါမသေဘူးလေ။ အခု ငါသတ်မယ်။ သေပေတော့။ စစ်က သွေးကို ကြွစေသတဲ့။
“ကဲ အိုက်တော့ ဝံပုလွေကြီးက ဘာဖြစ်သွားတုန်း။”
“သိဘူးလေ။ ဒီလိုပဲ စိတ်ထဲရှိတာ လျှောက်ပြောနေတဲ့ဥစ္စာ။”
ဒါကတော့ ဗုံးမကျခင်အချိန်ကလေးမှာ ကိုယ်ကြည့်နေတဲ့ “What happened to the Wolf” ဇာတ်ကားထဲကဒိုင်ယာလော့ခ် ဖြစ်ပါတယ်။ ပုံပြင်လေးတွေ ကိုယ်ပြောလာတာ များလှပါပြီ။ စိတ်ကူးယဉ် ဇာတ်လမ်းဆင်ပြီး အာရေဗျ ညချမ်းကာလမှာ ပြောတဲ့ ပုံပြင်တွေ မဟုတ်ဘူး။ ဒီကနေ့ မြန်မာပြည်မှာ တကယ်ဖြစ်နေတဲ့ အကြောင်းအရာတွေ။ ယုံချင်လည်း ယုံ၊ ယုံချင်မှလည်း ယုံပါ။ ဖတ်တဲ့သူ ယုံကြည်သွားအောင် မုသားနဲ့ ဇာတ်အိမ်ဖွဲ့ပြီး သူ့ကိုမုန်း၊ ငါ့ကိုချစ်။ စည်းရုံးမဲဆွယ်နေတာမှ မဟုတ်တာ။ ယုံယုံ မယုံယုံ။ အချက်အလက်က အဖြစ်မှန်အတိုင်းပဲ။ ယုံရင် အမှန်၊ မယုံရင် အမှား။ ဗေဒင်ဟောစားနေတာလည်း မဟုတ်ရပေါင်ကွယ်။ “အဲ့ဒီတော့ ဝံပုလွေကြီးက ဘာဖြစ်သွားလဲ။” ဆိုတဲ့ မေးခွန်းကို ကိုယ်လည်းပဲ မဖြေနိုင်သေးပါဘူး။ စောင့်ကြည့်နေတုန်းပဲ။ ပုံပြင်မဟုတ်တော့ ဇာတ်သိမ်းခန်းကို ကိုယ်ကိုယ်တိုင်ပဲ အဖြေထုတ်ရမယ် ထင်ပါရဲ့။
ဘာများလဲ လို့ လိုက်ဖတ်လာပါတယ်။ နောက်ဆုံးတော့ ရုပ်ရှင်ဇာတ်ကား ကြော်ငြာကြီးပါလား။ spoiler တွေ ပါလာဦးမယ်။ မဖတ်နဲ့ မဖတ်နဲ့။ အဲ့သလို ဆိုရင်တော့ မဖတ်တာ မှန်ပါတယ်။ ကိုဏကြီးရဲ့ကားဟာ “ဝံပုလွေကြီးက ဘာဖြစ်သွားလဲ” ဆိုတဲ့ ဇာတ်သိမ်းခန်းကို ပဟေဠိ လုပ်မထားပါဘူး။ စကြည့်ကတည်းက သိတယ်။ သေမှာ။ နှစ်ယောက်စလုံး သေမှာ။ ဘယ်သူ့ရဲ့ဇာတ်လမ်း ဘယ်လောက်ပဲ ဆန်းကြယ်ပါစေ။ နောက်ဆုံးကျရင် သေမှာလေ။ စောချင်စော၊ နောက်ကျချင်ကျ၊ တခြားနည်းနဲ့ ဇာတ်သိမ်းလို့မရ။ အားလုံးက သေကြရမှာ မဟုတ်လား။ ဒီဇာတ်သိမ်းအတွက်နဲ့များ အဲ့လောက်အကုသိုလ်တွေ ဝက်ဝက်ကွဲယူနေတာ မိုက်ပါဘိ ဝံပုလွေအိုကြီးတွေရယ်။ ခင်ဗျားတို့ ဘာဖြစ်မယ်ဆိုတာ တကယ် မသိဘူးလား။
“ဟာ ဒီရုပ်ရှင်ကားလေးက ကောင်းလိုက်တာနော်။ ကြည့်ဖြစ်အောင်ကြည့်ပါ။ လက်လွတ်မခံနဲ့။” လို့လည်း မပြောပါဘူး။ ကိုယ့်သဘောအရဆိုရင် “မကြည့်နဲ့။ ဉာဏ်မမီဘူး။ ခံစားတတ်မှာ မဟုတ်ဘူး။” လို့ပဲ ပြောမှာ။ ခများတို့က ပေါကားကြည့်နေကျ ပရိသတ်လေ။ ခင်လှိုင် နဲ့ ဂွမ်းပုံ မောင်ကောင်းထိုက်ဟာသတွေပြောပြီး ပုဆိုးမနိုင်ထမီမနိုင် မှောက်လျက်လဲမှ ရယ်ရတာ။ နေတိုး၊ မြင့်မြတ် နှပ်ချေးတွေထွက်ပြီး မျက်ရည်တွေ အကြောင်းလိုက်ကြီး စီးကျလာမှ ငိုရတာ။ စကားပြောရင်တောင် နေဝင်းတို့ စိုးမြတ်သူဇာတို့လို အသံဝင်အောင် အော်ဟစ်ပြောမှ ခများတို့နားက ကြားတာ။ ဇာတ်ကားထဲပါတဲ့ သီချင်းတွေကလည်း ဒိုးလုံးတို့၊ ညီပုတို့၊ မျိုးကျော့မြိုင်တို့၊ ထူးအိမ်သင်တို့ဆိုတော့ မကြိုက်လောက်ပါဘူး။ စိုင်းစိုင်းခမ်းလှိုင်၊ လွှမ်းပိုင်၊ ရွှေထူးမှ မဟုတ်တာ။ မင်းသမီးတွေကလည်း တစ်ကားလုံး မိတ်ကပ်မပါ၊ လူမမာကြီးတွေ လုပ်ကြတာ။ ဘယ်လိုလုပ်ကြည့်ကောင်းမှာတုန်း။ အမောပြေ ရှူစရာ မင်းသားလေးမှ မပါ။ ကြည့်မနေပါနဲ့ဗျာ။ ခများတို့ taste မဟုတ်တာ 100% သေချာတယ်။ ကိုယ့်ဘာသာကိုယ် အခြောက်ကားတွေပဲ အားပေးစမ်းပါ။
အခြောက်ကား ဆိုလို့ ဒီကားကိုလည်း လက်ဘက်ဆီပြန်ကား ဆိုပြီး GL စာရင်းထဲထည့်ကြသဗျ။ ကားထဲမှာ အူဝဲ နဲ့ သုသု က လစ်ကွစ်တွေ ပေးကြတာကိုး။ ဇာတ်ကားအစကနေအဆုံး မိန်းကလေးနှစ်ယောက်က စကားတွေပြောကြ၊ သီချင်းနားထောင်ကြ၊ ကကြ၊ ခရီးအတူထွက်ကြ၊ နဲ့ ဆိုတော့ ဟုတ်နေပါပြီ။ စောင်ကိုက်ပြီး ကြည့်ကြစို့ လို့ ထင်ချင်လည်း ထင်လိမ့်မယ်။ တကယ်တော့ အဲ့ဒါ ကိုယ်လိုရာကို ဆွဲတွေးတဲ့အတွေးသာ ဖြစ်တယ်။ ဇာတ်လမ်းက ပေးချင်တဲ့ message ဟာ LGBTQ တွေ၊ gender တွေ မပါဘူး။ လူနှစ်ယောက် သူတို့ရဲ့နောက်ဆုံးအချိန်မှာ သေခြင်းတရားကို ကြောက်တဲ့အတွက် အတူတူ ရင်ဆိုင်ကြတယ်။ သေခြင်းတရားဆိုတာ သိပ်ဆန်းကြယ်တာပဲ။ မွေးကတည်းက နှလုံးရောဂါပါလာလို့ သက်ဆိုးမရှည်ဘူးဆိုတဲ့ ကလေးမလေးကို မာမာချာချာနဲ့ စောင့်ရှောက်သူ မိသားစုများက တစ်ယောက်ပြိးတစ်ယောက် စွန့်ခွါသွားကြတာ စကားပြောစရာတောင် လူမကျန်တော့ဘူး။ စောင့်မနေချင်တော့လို့ လက်ကောက်ဝတ်ကို အခါခါလှီးခဲ့တဲ့ ကလေးမလေးရဲ့ အလှည့်မရောက်ခင် စက်ဘီးလေးနင်းရင်း သီချင်းနားထောင်နေတဲ့ သူ့အကို အလှည့်က ချက်ချင်းရောက်လာတယ်။
သေခြင်းတရားမှာမှ ဒုက္ခရှိတာ မဟုတ်ပါဘူး။ ရှင်ခြင်းတရားမှာလည်း သူ့ဒုက္ခနဲ့သူ။ “မီးမေတော့ ဆူတော့မှာပဲ။” ဆို ဒုတ်ဒုတ်လာတော့မှာ ကြောက်နေတဲ့ ကလေးလေးဟာ “မေမေက မရိုက်ပါဘူး။ သွသူ ထုတ်တန်းပေါ်မှာ တွဲလောင်းကြီးကျနေတာပါ။” လို့ မြင်လိုက်ရတဲ့အခါ သူ့ဘဝရဲ့ အနှစ်အရသာတွေ ပျက်သုန်းသွားခဲ့တယ်။ သူ့ဘဝမှာ can, could, will, would, shall, should တွေအစား have to တွေ၊ must တွေ ခိုင်းစေရာ တကောက်ကောက် လိုက်ခဲ့တဲ့အခါ နေသာနေတယ်။ မပျော်တဲ့ဘဝကြီးကို ရရှိခဲ့တယ်။ မကြာခင် သေတော့မယ်ဆိုတဲ့ ကင််ဆာရောဂါကြီးကို ရလာတော့မှပဲ သူ့ဘဝကြီးမှာ မသိတာ၊ မတတ်တာ၊ မလုပ်ဖူးသေးတာတွေ အများကြီးပဲ လို့ နားလည်လာတယ်။ ဒိုးလုံးကို သူမကြားဖူးဘူးတဲ့ကွယ်။ ကတယ် ဆိုတာလည်း သူမလုပ်ဖူးဘူး။ တိမ်ပင်လယ်ကိုလည်း သူမကြည့်ဖူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ မကြာခင်သေရတော့မယ် ဆိုတာကတော့ သေချာနေပြီ။ အဲ့သေခြင်းတရားကြီးကို ဒီတိုင်းတော့ ငုတ်တုတ်ထိုင်စောင့်မနေချင်ဘူး။
အဲ့ဒီတော့ ဒီမိန်းကလေး ၂ ယောက် ဘာလုပ်ကြသလဲ။ မသေခင် သူတို့ လုပ်ချင်တဲ့ ကိစ္စတွေကို bucket list ကလေးတစ်ခုနဲ့ လိုက်လုပ်ကြတယ်။ လူကြီးဖြစ်တဲ့အိမ်ထောင်သည်ကလေးမကတော့ သူကွယ်လွန်ပြီးတဲ့နောက် သူ့ခင်ပွန်းသည် လွတ်လွတ်လပ်လပ် ရှိဖို့နဲ့ ရသင့်ထိုက်တဲ့ ပိုင်ဆိုင်မှုတွေ လက်ဝါးကြီးအုပ်မခံရအောင် စီစဉ်တယ်။ ဒီအတိုင်းနေရင် သူ့အဖေက ခွဲပေးမှာ မဟုတ်ဘူး လို့ သိတဲ့အတွက် လင်ခန်းမယားခန်း ပြတ်စဲပြီး ရှေ့နေရှေ့ရပ်နဲ့ အမွေကိစ္စကို ရှင်းပစ်ခဲ့တယ်။ ဘယ်သူ့သဘောကိုမှ မတောင်းခံဘူး။ သူ့သဘောနဲ့သူ လုပ်စရာရှိတာ လုပ်သွားတာ။ အဖေ နဲ့ရော ယောက်ကျားနဲ့ရော အတိုက်အခံလုပ်ပြီး စီစဉ်တာ။
သူ့ကိစ္စတွေပြီးပြတ်တော့ ဟိုကလေးမလေးရဲ့ wish list ကို သူလိုက်ဖြည့်တယ်။ မွေးကတည်းက ဆေးရုံနဲ့အိမ်ပဲ ကူးသန်းနေရလို့ ကျောင်းတောင် မတက်နိုင်တဲ့ ကောင်မလေးဟာ သရဲအခြောက်ခံချင်ပါသတဲ့။ မသေခင်မှာ ရည်းစားလေးတစ်ယောက်တော့ လိုချင်ပါသတဲ့။ အဲ့ဒီရည်းစား နဲ့လည်း နမ်းဖူးချင်ပါသတဲ့။ သူမှာလည်း crush ရှိတယ်လေ။ ဆရာဝန်ကြီး round လှည့်ရင် ပါလာတဲ့ ဆေးကျောင်းသားလေး။ အဲ့ဒီတော့ “ဆေးကျောင်းထဲက ကောင်ကလေး သိပ်ချစ်လွန်းလို့ ငါလိုက်ငေး။” လုပ်ရတာပေါ့။ ဒါပေမယ့်လည်း ဟိုဘက်က “သူလေ တကယ်ကို မသိ။” ဖြစ်နေတဲ့အခါ စောစောစီးစီးပဲ လက်လျှော့လိုက်ပါတယ်။ နေရမယ့် ရက်ကလည်း သိပ်မကျန်တော့ဘူး။ စကားပြောစရာအဖော်တောင် ဒီအမကြီးတစ်ယောက်ပဲ ရှိတော့တာ။ အမကြီးကလည်း သေခါနီးသာဆိုတယ်။ အလတ်စား အလန်းစားကြီး။ ကိုယ့်အပေါ်မှာလည်း ကောင်းတယ်။ သံယောဇဉ်လည်း ရှိတယ်။ အိမ်ထောင်ပြုဖို့ ကလေးမွေးဖို့မှ မဟုတ်တာ။ ရည်းစားထားရုံတင်။ ကိုယ်က ချစ်တယ်။ သူလည်း ချစ်တယ် ဆို ပြီးနေတဲ့ကိစ္စ။ တခြားဘာကိုမှ တွေးစရာ မလိုဘူး။ ချစ်ပစ်လိုက်တယ်။ ချစ်လာတော့လည်း နမ်းပစ်လိုက်တယ်။ “လူတစ်ယောက်နဲ့တစ်ယောက် ချစ်ရတဲ့အရသာ၊ နမ်းရတဲ့အရသာ ဆိုတာ ဒီလိုပါလား။ အမလေး သေပျော်ပါပြီ။ မို့ ဝမ်းသာလိုက်တာ ရှင်။ ဂိ။” အဲ့သလိုမျိုး ဒိုင်ယာလော့တွေမပါပဲ စိတ်ခံစားချက်တွေကို အိုက်တင်သက်သက်နဲ့ ရိုက်ပြသွားတယ်။ “ဟင် ဒါပဲလား။ ဘာမှလည်း မဘာကြပါလားအေ။” ဆို မကျေမနပ်နဲ့ ပြန်ထွက်လာကြမှာပါ။
နင်က အဲ့သလို spoil လုပ်မှတော့ ဒီဇာတ်ကား ဘယ်သူက လာကြည့်မှာတုန်း လို့ အဆဲခံရတော့မယ်။ မဟုတ်ဘူးဗျ။ ဇာတ်သိမ်းက ဇာတ်လမ်းအစမှာကတည်းက အားလုံးသိတယ်။ သေမှာ။ ၂ ယောက်စလုံးသေမှာ။ ဝံပလွေကြီး ဘာဖြစ်သွားလဲ မမေးနဲ့။ သေမှာပါဆို။ ဒါပေမယ့် ဇာတ်ကားထဲမှာပြတာ အဲ့ဒါမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် သေတော့မယ်မှန်းသိတဲ့ မိန်ကလေး ၂ ယောက် ဟာ သေခြင်းတရားကို ကြောက်ရွံ့သော်ငြား ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိတ်ကိုလှည့်စားကြတယ်။ လွတ်မြောက်သွားမလား ကြိုးစားကြည့်တယ်။ နောက်ဆုံးမှာ အတူတူ ရင်ဆိုင်ကြည့်ကြတယ်။ ကြေကွဲစရာ ရလပ်အဖြေကို ပြောင်းလဲမပစ်နိုင်သော်လည်းပဲ အတူလက်တွဲရင်ဆိုင်သူ ရှိတဲ့အတွက် ဆောက်တည်ရာမရတော့ မဖြစ်တော့ဘူး။ မနေလို့ သေရသည်ဖြစ်စေ၊ မသေလို့ နေရသည်ဖြစ်စေ။ သောကတွေ နောင်တတွေ ရှိမနေတော့ဘူး။ ဒီအတွေးတွေက ကိုယ့်ဘာသာကိုယ် တွေးယူရတဲ့ အရာတွေ။ အက်တာတွေက ထုတ်မပြောသလို ဒါရိုက်တာကလည်း ရိုက်ပြမထားဘူး။ ဟယ် ကောင်မတွေ။ နေမကောင်းဘူးလည်း ဆိုသေးရဲ့ ဆေးလိပ်တွေ သောက်ပြန်ပြီ။ ကနေကြပြန်ပြီ။ ခရီးတွေ ထွက်နေကြပြန်ပြီ။ အဲ့လိုမျိုးကြည့်လို့ကတော့ တစက်မှ အရသာတွေ့မှာ မဟုတ်။ ကိုယ်ကတော့ အဲ့သလိုမျိုး ခေါင်းထဲကအတွေးကို ညှို့ငင်ယူတတ်တဲ့ ဇာတ်ကားမျိုးကို ပိုကြိုက်ပါတယ်။ ရိုက်ချက်တွေကတော့ ဝမ်ကျားဝေ ဆန်ပါတယ်။ သီချင်းလေးတွေ၊ ကဗျာလေးတွေ သူ့နေရာနဲ့သူ သုံးတာလည်း အလွန်နှစ်သက်ပါတယ်။ twist တွေ turn တွေ မပါတဲ့ ဇာတ်လမ်းရိုးရိုးရှင်းရှင်းကြီးကို မအီမအိုင်အောင် ကပ်ကြေးစာအပီအပြင် ကျွေးပြီး တည်းဖြတ်တာကိုလည်း သဘောကျပါတယ်။ “မီ” မှာတုန်းကလိုပဲ ထူးခြားတဲ့လက်ရာမျိုးပါ။ မြန်မာပေါကားပရိသတ်နဲ့ မတန်မရာကားတစ်ကား လို့ မြင်မိပါတယ်။ ခုချိန်မှာ ကိုယ့်အတွက်အချိန်မကျန်တော့ဘူး။ bucket list ကလေးလုပ်ပေးပါ ဆိုရင်တော့ သေနတ်တစ်လက်ဝယ်ပြီး မလွဲအောင်ပစ်နေချင်တော့တာပါပဲ။ ကြာလာတော့လည်း အမြောက်သံ၊ ဗုံးသံဆိုရင် ဆိုင်းသံလို့ပဲ အောင့်မေ့မိပါတယ်။
“ဆိုင်းသံကို အိမ်ကကြားရုံနဲ့
ဘယ်သူတားလို့မှ မနေနိုင်ပေါင်
ဆိုင်းကြိုက်တဲ့မောင်။
လိုက်ကြမလားကွဲ့ သူငယ်ချင်းရေ
ဆိုင်းရှေ့မှာ နေရာထား
မင်း လိုက်မှာလား။”