“ကိုကို့မှာ ကိုကို့မှာ
ပဒက်တွေဝိုင်းသလား
သမီးမသိပါ မာမီရယ်။
လည်ပင်းတက်နင်းသလား
သမီးမသိပါ မာမီရယ်။
သမီးတခုတော့ပြောမယ်
တောင်းပန်တယ်။
လူငယ်တွေအချင်းချင်း သတ်နေပြီ။
ပျူစစ်မှုထမ်းတွေ မဆွဲပါနဲ့။
ကိုကိုနဲ့ လက်နက်ချပါ မာမီရယ်။”
ဒါလေးကတော့ ကန့်ဘလူမှာ ပျူတွေအသည်းစွဲ TikTok ကတဲ့ သီချင်းလေးပါတဲ့။ စခန်းလာသိမ်းတဲ့ ပဒက်တွေတောင် သူတို့နဲ့ ဝင်ကပေးရမလို ဖြစ်နေပြီ။ အင်တာဗျူးတဲ့ ဗိုလ်ပိုင်ချဲတောင် ပြောရင်းပြောရင်း ရယ်ချင်လာတာ မျက်နှာပိုးသပ်မရဘူး။ လူငယ်ဆိုတာ စစ်မြေပြင်မှာ ကင်းစောင့်ရင်းလည်း ပျော်အောင်နေကြရတာပါပဲ။ ဝါသဝ ဘုန်းကြီးပျံကျမှ “အကြိုက် ကစမ်း ငါးကောင်တို့။” ဆို ခင်ရတနာစိုး ဆိုင်းငှါးပေးမယ် သပ်လား။
ဘိန်းခင်းထဲမှာ ဘိန်းပန်းလှလှလေးတွေ ပွင့်သလိုပဲ တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးတေးသံလေးတွေလည်း စဲမသွားဘူး။ အနိဌာရုံတွေကြားမှာ၊ သွေးစက်တွေနဲ့ မျက်ရည်တွေကြားမှာ သူတို့ သီချင်းဆိုနိုင်သေးတယ်။ တပ်ရင်း (၁၁) မှာနေခဲ့တုန်းက လီဆူး PDF ကလေးတွေ ညဘက်ဆို ဂီတာတီးပြီး သီချင်းဆိုကြတယ်။ “ရှင်းနီရေ” ဆိုတဲ့သီချင်းလေး။ တော်တော် နားထောင်လို့ ကောင်းတာ။ အသံသွင်းပြီး ယူထားချင်ပေမယ့် ရောက်ကာစ ဘယ်သူနဲ့မှ မရင်းနှီးသေးလို့ တိတ်တိတ်ကလေးပဲ နားထောင်ခဲ့ရတာ။ ရန်ကုန်မှာတုန်းကလည်း “အလိုမရှိ” ကို တနိုင်ငံလုံး ပဲ့တင်ထပ်အောင် ဆိုခဲ့ကြတာ မှတ်မိသေးတယ်။ နွေဦးတော်လှန်ရေးမှာ ဂီတရဲ့ ပံ့ပိုးမှုစွမ်းအားက သေးတော့မသေးပါဘူး။
PDF တပ်ရင်း၊ တပ်စခန်းတွေမှာ ဆီတို့ဟူး နဲ့ စွန်တန်ခြောက်ကို ပင်တိုင်ထားနေရပေမယ့်လည်း ဂီတာတစ်လက်နှစ်လက်တော့ အမြဲ ရှိကြပါတယ်။ သူတို့လည်း ၂၀ ပတ်လည် ကလေးတွေပဲဟာ။ လူငယ်ဘဝ ရှိကြတာပေါ့။ စစ်သားအိုကြီးတွေက သူတို့ရဲ့အနာဂတ်ကို လုယူဖျက်စီးသွားလို့သာ တောထဲရောက်လာရတာ။ တက္ကသိုလ်မှာဆိုရင် ဘွဲ့ရပြီးလောက်တဲ့ အချိန်ကာလပါ။ ဒီတော့ သူတို့ တောထဲမှာ သီချင်းလေးတွေနဲ့ ပျော်အောင်နေကြတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘာဝ လို့ ဆိုရမယ်။
ကိုမြတ်က ဂီတာတီးသင်တော့ ကိုယ်တောင်မှ ဗုံးခိုကျင်းထဲမှာ သီချင်းတစ်ပုဒ် ဆိုခဲ့ဖူးသေးတယ်။ ဆိုင်တွေမှာဆိုနေတဲ့အဆိုတော်ကြီး ဗွေမယူလောက်ဘူး ထင်ပါရဲ့။ ဂီတဆိုတာ ကျွန်လိုခေတ်မှာ အလင်းရောင်ပေးနိုင်သလို သခင်လိုဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်သတဲ့။ အဲ့ဒီသီချင်းနဲ့ပဲ ဘဘကြီးခင်ညွန့်လက်ထက်မှာ ဆိုကရေးတီးပြိုင်ခဲ့ကြတာ မှလား။ အစိုးရက အသုံးချတံ့ ဂီတနဲ့ ပြည်သူ့ရင်ခုန်သံနဲ့ပေါက်ဖွားလာတဲ့ဂီတဟာ အချိန်ကာလက တိုက်စားလာတဲ့အခါ ဘယ်ဟာက ရွှေရည်စိမ်လဲ သိသာသွားတာပါပဲ။ ပါးစပ်ကဆိုပြီး နားရွက်နဲ့ နားထောင်တဲ့ဂီတသံဟာ နှလုံးသားချင်း ထပ်တူကျမှ ရင်ထဲမှာ စွဲငြိကျန်ရစ်တာပါ။
ခုကာလအတွင်းမှာ ကိုယ်တို့အတွက် “အရတော်လေစွ” လို့ ဝမ်းသာဂုဏ်ယူရတဲ့ ဂီတပညာရှင်ကတော့ ကိုလင်းလင်းပါပဲ။ သူရေးတဲ့သီချင်းဆို “ခရီးများအဆုံးထိလျှောက်” မှာကတည်းက ရင်ထဲအထိ ရောက်ခဲ့တယ်။ တော်လှန်ရေးကာလမှာ ထုတ်တဲ့ “The Way” ဆို တစ်ခွေလုံးကြိုက်တယ်။ တောထဲခရီးသွားတိုင်း အဲ့ဒါကိုပဲ နားထောင်တာ။ “ရောင်နီ” ဆိုရင် ကလေးတွေကို ပေါ်တာဆွဲဖို့ ဖွင့်ပြတဲ့သီချင်းတောင် ဖြစ်နေသတဲ့။ ဒီသီချင်းကြားလို့ ဒူးကလေးတွေ လက်ကလေးတွေ လှုပ်လာရင်၊ အသံမထွက်ပဲ lip sync လုပ်ပြီးလိုက်ဆိုရင် “ဆွဲသာစိလိုက်တော့ ဆရာကြီး။” လို့ ဓါတ်ပြုစစ်ဆေးစရာ ဖြစ်လာတယ်။
ဒါကြောင့်မို့လည်း အခုထွက်တဲ့ “Theater 21” ကို မြန်မာပြည်မှာ မရောင်းဘူး လို့ သူက ပြောတာ။ ဒါပေမယ့် ဘယ်ရမလဲ။ မရရအောင် နားထောင်ကြမှာပါ။ “အမေ့ရဲ့အိမ်ကလေး” တစ်ပုဒ်တည်းနဲ့တောင် မျက်ရည်ကျရတာမို့ ကျန်တဲ့သီချင်းတွေလည်း နားထောင်ချင်လှပြီလေ။ သူ့သီချင်းလေးတွေက တောထဲမှာရောက်နေတဲ့ ကလေးတွေအားလုံးရဲ့ ဘဝကိုယ်စီကို ထင်ဟပ်တယ်။ အနာဖေးတက်နေတဲ့ နှလုံးသားက အနာတွေကို သွေးစိမ်းရှင်ရှင် ထွက်စေတယ်။ အမေ့မွေးနေ့တုန်းက ရေးခဲ့ဖူးတယ်။ Facebook ပေါ်မှာ အမေ့ဓါတ်ပုံတွေ၊ အမှာစကားအဟောင်းတွေ တက်လာရင် ကျော်ပစ်တယ်။ မကြည့်ရက်ဘူးလို့။ မခံစားနိုင်ဘူး။ ကယ်မှ မကယ်နိုင်သေးတာ။ အိမ်ပြန်ဖို့ဆိုတာတောင် မစဉ်းစားတော့တာ ကြာပါပြီ။ စစ်ပွဲကို နိုင်အောင်တိုက်ဖို့ တစ်ခုကိုပဲ အာရုံစိုက်တယ်။ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ။ သေရင်တောင် နတ်ပြည်မသွား၊ ငရဲမသွား။ စစ်သားတွေ လိုက်သတ်တဲ့ သရဲကြီးအဖြစ်နဲ့နေမှာ။ ကိုယ်လိုစိတ်ဓါတ်နဲ့လူတွေ ဘယ်နှစ်ယောက် ရှိမှန်းမသိ။ အဲ့ဒါကြောင့် သူတို့ဘက်ကကောင်တွေ ရှေ့တန်းသွားရင် ပရိတ်ရေဖျန်း၊ အဆောင် လက်ဖွဲ့ပေး လွှတ်နေတာ။
လေးဖြူတို့၊ ဝိုင်ဝိုင်းတို့၊ အိမ့်ချစ်တို့ သီချင်းဆိုတာ စားဝတ်နေရေးအတွက် ဆိုပေမယ့် ဖြူဖြူကျော်သိန်းတို့၊ လင်းလင်းတို့ သီချင်းဆိုတာ သူတို့စီးပွါးရေးအတွက်မဟုတ်။ အောင်မြင်ကျော်ကြားမှုအတွက်လည်း မဟုတ်ပါဘူး။ ရင်ထဲက ခံစားချက်တွေ ပွင့်အံကျလာတာ သက်သက်ပဲ။ သူတို့သီချင်းတွေဟာ အကော်ဒီယံအုန်းကျော်ကြီး သီချင်းတွေလို မီဒီယာမှာ နေ့စဉ်ဖွင့်မပြပေမယ့်လည်း ခေတ်တခေတ်ရဲ့ သမိုင်းမှာ တင်ကျန်ရစ်မယ့် ဂီတသံစဉ်တွေသာ ဖြစ်ပါတယ်။ “ရောင်နီ” သီချင်းကို အံကြိတ် လက်သီးဆုပ်ပြီးဆိုတဲ့သူ နဲ့ “ကိုကို့မှာ” ကို ခြူးလေးလို ဖင်လှုပ်ကတဲ့ကောင် စစ်တိုက်ရင် ဘယ်သူနိုင်မှာလဲ ပြောကြည့်စမ်း။ ကိုယ်သာဆို လည်ပင်းကို ဆောင့်နင်းချပလိုက်ပြီ။
တကယ်တော့လေ သီချင်းဆိုတဲ့သူပဲဖြစ်ဖြစ်၊ အနုပညာအလုပ်တွေ လုပ်နေပါတယ်လို့ လူတွေ့တိုင်းတဖွဖွ ပြောနေတဲ့သူတွေပဲဖြစ်ဖြစ်၊ ချစ်ခင်အားပေးတဲ့ လူထုပရိသတ်ကြီး နဲ့ ရပ်တည်ရတာပါ။ ရှေးတုန်းကလို ရှင်ဘုရင်စက်တော်ခန်း နံဘေးမှာ စိန်ဆိုင်း မြဆိုင်း အလှည့်ကျ ခစားလို့ ရွာစားကျေးစား စားရတာလည်း မဟုတ်။ ဘာဖြစ်လို့များ ပြည်သူတွေရဲ့ သွေး နဲ့ မျက်ရည်တွေကို မျက်ကွယ်ပြုနိုင်ကြသလဲ မသိ။ အနုပညာသမားက အသည်းနုတယ်ဆို။ ဟုတ်မှဟုတ်ပါရဲ့လား မောင်တို့ရာ။ မင်းတို့အသည်းလောက်မာတာ ငါမတွေ့ဖူးပါဘူး။ မင်းတို့ဟာက အရောင်မပါတဲ့ အဖြူထည်ကလေးမှ မဟုတ်တာ။ သွေးစိမ်းရှင်ရှင်တွေကို လူမမြင်အောင် အရောင်လိုက်ဖျောက်နေတာ။ ကိုယ်တို့တတွေ ဒုက္ခပင်လယ်ဝေနေတာ တကမ္ဘာလုံး သိပါတယ်။ ဖေးမကူညီတဲ့ လက်တွေကို မမေ့သလို ဖယ်ရှောင်တွန်းထိုးတဲ့ လက်တွေကိုလည်း တသက်လုံး မမေ့ပါဘူး။
ကိုယ့်အတွက်ကတော့ သီချင်းစာသားတွေ စာထဲထည့်ရေးနေပေမယ့် သီချင်းမဆိုနိုင်တာ တော်တော်ကြာပါပြီ။ သီချင်း နားမထောင်နိုင်တာလည်း ကြာပြီ။ မပျော်တာလည်း ကြာပြီ။ စိတ်ဆင်းရဲနေတာတော့ မဟုတ်ပါဘူး။ ဘာခံစားချက်မှ မရှိဘူး။ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်တာမြင်ရင်တော့ စိတ်မချမ်းသာဘူး။ နာကျည်းမုန်းတီးတယ်။ နေ့တိုင်းလည်း ဒါတွေပဲမြင်နေရလို့ နေ့တိုင်းကို မုန်းစိတ်မုန်းစွဲနဲ့ ရှင်သန်နေရတယ်။ ဘယ်တေးသံက သာယာနိုင်မှာလဲ။ ကိုယ်ကိုယ်တိုင်မှာ စိတ်ဒဏ်ရာတွေ ရှိသလို တောထဲရောက်နေတဲ့ကလေးတိုင်းမှာလည်း စိတ်ဒဏ်ရာတွေ ကိုယ်စီ ရှိကြတယ်။ ဟိုတလောတုန်းက ကိုယ့်အတွက် လုံခြုံရေးယူပေးတဲ့ KPDF ရဲဘော်လေးတစ်ယောက်ဟာ ကင်းတဲထဲမှာ မေးစေ့ကို သေနတ်နဲ့ထောက်ပြီး ခလုပ်ဖြုတ်လိုက်တယ်။ အင်မတန် စိတ်မကောင်း ဖြစ်ရပါတယ်။ ရန်သူက လာလုပ်ကြံတာလား။ သူ့ဘာသာ အဆုံးစီရင်တာလား သိရအောင် သေသေချာချာ သွားကြည့်ခဲ့တယ်။ သေနတ်ဒင်ကို ဒူးနဲ့ညှပ်ထားလျက် ခြေမကြိုးချည်ပြီး ခလုပ်ဆွဲတာ။ ဖြစ်မှ ဖြစ်ရလေ။ ကိုယ်နဲ့ နီးနီးလေးနေပြီး သေချင်လောက်အောင် စိတ်ဆင်းရဲနေသူ တစ်ယောက်ရှိတာ ကိုယ် မသိလိုက်ဘူး။ သူနဲ့အတူတူ ကင်းစောင့်နေတဲ့ ရဲဘော်တွေကို သေချာလိုက်မေးတယ်။ အဲ့ကလေးက ဘယ်သူနဲ့မှ စကားမပြောပဲ ငိုင်နေတာ ၅ ရက်လောက် ရှိပြီတဲ့။ “အမေ့အိမ်ကို ပြန်ချင်တယ်။” လို့တော့ ထပ်ခါထပ်ခါ ပြောသတဲ့။ သူ့အမေအိမ်က အညာမှာ။ အခု သွားဖို့လာဖို့က ကိုယ်တို့တောင် ထွက်လို့မရဘူး။ ငါ ဘာဖြစ်လို့ သူနဲ့ စကားစမြည် မပြောဖြစ်ခဲ့သလဲ ဆို ယူကြုံးမရ ဖြစ်ရတယ်။ ညဘက် မီးစက်နှိုးတော့ သူတို့ ဖုန်းအား လာလာသွင်းနေတာ မြင်ပါတယ်။ မေးထူးခေါ်ပြောလောက်ပဲ လုပ်ဖြစ်တယ်။ တကယ်ဆို counseling ဝင်ပြီး သေသေချာချာ ဆေးကုပေးမှ ရမှာ။
ကိုယ်ဟာစိတ်ရောဂါအထူးကုဆရာဝန် မဟုတ်ပေမယ့် တောထဲရောက်မှ စိတ်ဝေဒနာခံစားနေရသူတွေ၊ စိတ်ဒဏ်ရာရနေတဲ့သူတွေကိုဆေးကုပေးနေရတာ လေးငါးဆယ်ယောက် မကတော့ပါဘူး။ စိတ်ဆေးအိပ်ဆေးအထုပ်ကြီးတစ်ထုပ် ကိုယ့်မှာရှိတယ်။ စိတ်ဆရာဝန်နဲ့တိုင်ပင်ပြီး လူနာရဲ့ အတက်အကျကို ချိန်ပြီး လိုတိုးပိုလျော့နဲ့ ဆေးတွေပေးတယ်။ အခုကလေးက ကိုယ်နဲ့ သေချာစကားမပြောဖြစ်လို့ မသိလိုက်ဘူး။ ကိုယ့်မှာလည်း တောထဲမှာ ကားတစ်စီးနဲ့ ပတ်သွားနေရတာ။ လင်းလင်းရဲ့ အမေ့ရဲ့အိမ်ကလေးကို နားထောင်တဲ့အခါ ဒီကလေးကိုမြင်ပြီး တကယ်မျက်ရည်ကျမိပါတယ်။
ဒီလိုအဖြစ်မျိုး နောက်တစ်ခေါက်ကြုံရမှာ ကိုယ် အင်မတန် ကြောက်ပါတယ်။ တောထဲမှာ ကိုယ်တို့ကို ဘယ်သူမှ အားလာမပေးရင်လည်း ကိုယ်တို့အချင်းချင်း အားပေးဖေးကူပြီး ရှေ့ဆက်ကြမယ်။ ရှေ့တန်းထွက်တဲ့ကလေးတွေ ကိုယ့်ဆေးရုံ မရှိတော့ အားငယ်တယ်ဆိုလို့ ဆေးရုံအသစ်ကြီး အမြန်ဆုံးပြန်ဆောက်မယ်။ ရန်သူဘက်က အကွက်ကျကျ နင်းချေဖျက်စီးထားလို့ ဘဝတခုလုံး ပြိုလဲပျက်စီးသွားတဲ့သူတွေကို ဆူဆိုက်လုပ်မသွားအောင် တားဆီးရဦးမယ်။ နိန္ဒာ၊ ပဿံသာ၊ သုခံ၊ ဒုက္ခံတွေကို ဘာအရေးလုပ်စရာလိုသလဲ။ သူတို့ မသိတဲ့ အကြောင်းတွေ ကိုယ်သိတယ်။ ကိုယ်သိတဲ့အကြောင်းတွေ သူတို့ မသိဘူး။ ဘယ်သူနဲ့မှ ငြင်းခုံနေဖို့ မအားဘူး။ ချေချွတ်ဆုံးမလိုသော စေတနာလည်း မရှိဘူး။ “ငါချောတာ ငါစိတ်ကောင်းရှိတာ ငါ့ငါသိရင် ရတာပဲ။” လို့ တရားနဲ့ ဖြေလိုက်တယ်။ ကဲ ကလေးတို့ရေ။ စိတ်မညစ်နဲ့။ ဆေးသောက်ကြရအောင်။ ဆရာနဲ့အတူတူ ဆေးသောက်ကြရအောင်။ ပြီးရင် TikTok ကမယ်နော်။ Ready လား။ Go!
“သမုဒ္ဒရာကြီးကိုလည်း
ကြည့်လိုက်စမ်းကွယ်။
အားလုံး မြင်နိုင်ပါတယ်
ရေတွေ အမြဲရှိသလို
တို့ဘဝလေးထဲ
တို့ရဲ့အသည်းထဲ ကြည့်ကွယ်။
ကိုကိုဆရာ ယူလာ
အချစ်တို့ အမြဲရှိပြီနော်။”