စာအုပ်ရိုက်တဲ့ဆီက “ပရီအော်ဒါကောက်ထားလို့ရပါပြီ။ ဘယ်ကိုပို့ပေးရမလဲ ပြောပါ။” ဆိုလို့ post တင်လိုက်ပြီး ရေသွားချိုးမိပါတယ်။ ပြန်လာတဲ့အခါ အမှာစာတွေ ဒလဟောတက်နေလို့ ထမင်းတောင် ဖြောင့်ဖြောင့်မစားနိုင်ဘူး။ စာတွေပြန်ရ၊ စာရင်းကောက်ရနဲ့ အပြင်သွားဖို့ အစီအစဉ် ဖျက်လိုက်ရပါတယ်။ ဒီအတိုင်းဆို ပထမအကြိမ် ပုံနှိပ်တဲ့ အရေအတွက်နဲ့ လောက်မှာ မဟုတ်ဘူး။ “မှာထားတာကြာပြီ။ ရောက်မလာသေးဘူး။” ဆိုတာတွေကိုလည်း အားနာရဦးမယ်။ ဒီချိန်ကြီး ဈေးရောင်းရတာ စစ်ဒဏ်ဗုံးဒဏ်ခံနေရတဲ့သူတွေကို ပိုလို့တောင် အားနာရပါတယ်။
ဒါကြောင့်မို့ တော်လှန်ရေးထုတ်ကုန်အနေနဲ့ fund raising လုပ်ပြီး မရောင်းတာ။ သူတို့ကို ခေါင်းစဉ်တပ်ပြီး “ကူကြပါဦး။ လှူကြပါဦး။” ရောင်းရင် ကိုယ်လည်း revolution porn လုပ်ရာကျမယ်။ အဲ့ဒါကြောင့် “ဝယ်ချင်ဝယ်။ မဝယ်ချင်နေ။ သုံးချင်သလို သုံးမှာ။” လို့ ပြောရောင်းတာ။ ကိုယ်တွေဘက်က ငွေကြေးအထောက်အပံ့ ရရာရကြောင်းတွေကို သည်းသည်းမည်းမည်း တိုက်ခိုက်တားဆီးတဲ့အခါမှာ ဖမ်းဆီးထောင်ချ၊ ပိိုင်ဆိုင်မှုတွေ သိမ်းတဲ့အပြင် ကိုယ့်ဘက်က အားကိုးရတဲ့သူတွေကို မဟုတ်မတရား စွပ်စွဲသိက္ခာချပြီး character assassination လုပ်တဲ့နည်းကိုလည်း အမြဲသုံးပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ လူကိုယ်တိုင်ပါဝင်ရုံမကပဲ fund raiser အဖြစ်နဲ့ပါ စွမ်းစွမ်းတမံ ပါဝင်ကြိုးစားခဲ့တဲ့သူတွေ အများကြီး ရှိခဲ့တယ်။ အဲ့ဒီလူတွေရဲ့တွန်းအား မပါခဲ့ရင် ဒီလောက်အထိ ရွေ့လာစရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီလူတွေအားလုံး အသိအမှတ်ပြုခံရတာ၊ ဘွဲ့ထူးဂုဏ်ထူးတွေရတာ ဘယ်သူမှ မရှိပဲ အားလုံးကို သူခိုးစွပ်စွဲပြီး သုံးစွဲစားသောက်နေသမျှ ပြည်သူတွေရဲ့ ချွေးနည်းစာတွေချည့်ပဲ လို့ ယူဆခံရပါတယ်။ ဦးစိုးသိန်းသမီး၊ ကျော်စွာလင်းသမီးတွေ နိုင်ငံခြားဘွဲ့ရတာကို အရမ်းတော် အရမ်းတတ်တဲ့ ပါရမီရှင်၊ မြန်မာတမျိုးသားလုံး ဂုဏ်ယူအားရဖွယ်ရာ လို့ အားပါးတရ ချီးကျူးရေးသားနေတာလည်း ဖတ်ခဲ့ဖူးတာပဲ။ ၅ နှစ်လုံးလုံး တောထဲမှာ ရဲဘော်တွေကို ဆေးကုရင်း ဆေးရုံတစ်ရုံ ဗုံးကြဲခံရရင် နောက်တစ်ရုံထပ်ဆောက်တဲ့ Aငြိမ်းလို ဆရာဝန်မလေးကိုတော့ အခုထက်ထိ လူလိမ်၊ ဒလန် တံဆိပ်ကပ်ထားတာကို ပြန်မခွါပါဘူး။ “သူနဲ့ မပါတ်သက်ပါနဲ့။ ဆရာ့သိက္ခာထိခိုက်ပါလိမ့်မယ်။ အဲ့ဒီကလေးမရဲ့ မသမာမှုတွေကို အထောက်အထားနဲ့ သက်သေပြပါ့မယ်။” ဆိုတဲ့ သတိပေးစာတွေ၊ ကွန်မန့်တွေ ကိုယ်အများကြီး ဖတ်ခဲ့ရပါတယ်။ ရွှေဝယ်တဲ့ ဘောက်ချာတွေတောင်ပါသေး။
အမှန်အတိုင်းပြောရရင် အဲ့ဒီကလေးမကို လူချင်းလည်းမသိသလို အပြင်မှာလည်း တစ်ခါမှ မမြင်ဖူးပါဘူး။ သူ့ကိုစွပ်စွဲထားတာတွေ ဟုတ်ခြင်း/ မဟုတ်ခြင်းကို တဆင့်ကြားစကားတွေနဲ့ မဆုံးဖြတ်ချင်ပါဘူး။ ဘယ်ဘက်ကမှလည်း ဝင်မပါချင်ဘူး။ တော်လှန်ရေးပိုက်ဆံတွေကို ဘုံးတယ်ဆိုပြီး ဆဲဆိုအပုတ်ချရအောင် ကိုယ်လှူထားတာလည်း တစ်ပြားမှ ပါတာမဟုတ်။ သတိပေးတာကို ကျေးဇူးတင်သော်လည်းပဲ ကိုယ်ဘာမှမသိတဲ့ကိစ္စမို့ ဝင်မစွက်ဖက်တာ ကောင်းတယ်လို့ပဲ သဘောထားပါတယ်။ အဲ့ဒါ အနီအချင်းချင်းမို့ ပင်းတယ်၊ သူ့လူသူ ကာတယ် ပြောလည်း မတတ်နိုင်ပါဘူး။ ရန်တိုက်သွေးခွဲတဲ့သူတွေ အားရဝမ်းသာဖြစ်မယ့်အလုပ်မျိုး ကိုယ်မလုပ်လိုဘူး။ သူသာ တကယ် လူလိမ်ဖြစ်ခဲ့မယ်ဆိုရင် ခုချိန်ဆို မျက်နှာဖုံးကွာကျလောက်ပြီလေ။ သက္ကမိုးညိုတောင် ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်လို့လဲ။
သူ့လိုမျိုး နောက်တစ်ယောက် ကြုံရတာက ကိုမောက်ခမ်းဝါ ပါ။ လူချင်းမသိပေမယ့် စာအုပ်ထုတ်ဖို့ကိစ္စမှာ သူ တော်တော်လေး ကူညီပေးခဲ့ပါတယ်။ အဲ့လိုနဲ့ ငွေရေးကြေးရေး လူမှုရေးပြဿနာတွေ ပွဲဆူလာတဲ့အခါ ကိုယ့်ဆီကို သတိပေးတဲ့စာတွေ ဖတ်လို့မကုန်အောင် ရောက်လာပါတော့တယ်။ “SP လုပ်ရမယ်။ BC လုပ်ရမယ်။” လို့လည်း ပြင်းပြင်းထန်ထန် အရေးဆိုလာကြပါတယ်။ သူကိုယ်တိုင်က “တခြားလူနဲ့ အလုပ်ဆက်လုပ်ပါ။ သူဆက်လုပ်ရင် ဆရာ့ပုံရိပ်ကို ထိခိုက်လိမ့်မယ်။” ဆိုပြီး နှုတ်ထွက်ပါတယ်။ သူနဲ့ကိုယ်နဲ့ကြားမှာ ငွေရေးကြေးရေး အရှုပ်အရှင်း မရှိပါဘူး။ စာအုပ်ထုတ်ဖို့ ကုန်ကျစားရိတ်ငွေတွေ သူ့ဆီလွှဲပြီးသား ရှိပေမယ့် အကုန်ပြန်အပ်ပါတယ်။ တခြားလူနဲ့ဖြစ်တဲ့ကိစ္စတွေမှာ ကိုယ်သေချာမသိပေမယ့် ကိုယ့်အပေါ်မှာတော့ မရိုးမသား မလုပ်တာ သေချာပါတယ်။
လူမှုရေးကိစ္စ၊ harassment ကိစ္စတွေက နစ်နာသူဘက်ကသာ ဦးစားပေး စဉ်းစားရမယ်ဆိုတာ သိပေမယ့် ကိုယ်က မခဝ ထက်စာရင် စကမ ကို ပိုမယုံပါဘူး။ ဖြစ်ချင်လည်း ဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ စီရင်ချက်ကတော့ ချပြီးသွားပါပြီ။ “သေချာတယ်။ အဲ့ဒီကောင် သူခိုး။ မုဒိန်းကောင်။ ဒီကောင့်ကို ဘယ်သူမှ စွဖက်မလုပ်ကြနဲ့။” ဆို တိုက်ခိုက်တာ မဆုံးနိုင်အောင်ပါပဲ။ ပွဲဖြစ်တိုင်း သူ့ပုံကြီးပြန်ပြန်တင်ပြီး ဆဲကြရှဲကြတယ်။ ခများတို့က မင်းအုပ်စိုးတို့၊ မင်းရာဇာတို့ကျ သင်ပုန်းတွေချေ၊ ကျေအေးမေ့ပျောက်ပြီး ထောင်မင်းသားအဖြစ် ဖူးဖူးမှုတ်ထားတာ နိုင်ငံရေးအကျဉ်းသားတွေ သေလုမျောပါး ရိုက်နှက်နှိပ်စက်ခံရတယ်။ အခု ပဲမြစ်သည်က မီဒီယာပေါ်မှာ မကြီးစိုးနဲ့ ကလူနေပြီ။ ဟိုငနဲလေးက တသက်လုံးအဆဲခံပေဦးတော့။
“ရွေးချယ်ခွင့်နည်းပါးတဲ့ မိန်းကလေးတွေရဲ့ဘဝမှာ …..” ဘာဖြစ်တယ် ညာဖြစ်တယ် မိန်းမသားထုကြီးဘက်က ရှေ့နေလိုက်ပေးမယ့် မြစ်တို့၏မာယာ ဝတ္ထုစာသားတွေကို အလွတ်ကျက်နိုင်ကြပေမယ့် “အကိုကြီးက ချစ်လို့ပါ” ဆိုပြီး ပွတ်သီးပွတ်သပ်လာလုပ်တဲ့ ယွကျားဆိုရင်တော့ ပါးချခံရမှာ သေချာပေါက်ပဲ။ လူတွေရဲ့ သဘောသဘာဝမှာကိုက မိန်းမသားဆိုတာ အားနွဲ့သူ။ သနားညှာတာရမယ်။ မှန်ပါတယ်။ အမြဲတော့ ဟုတ်ချင်မှ ဟုတ်မယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုတာ ယောက်ကျားကချည့် မိန်းမအပေါ် အနိုင်ကျင့်နှိပ်စက်နေတာလို့ ဘယ်သူက ပြောသလဲ။ မိန်းမက အမျိုးမျိုး စိတ်ဆင်းရဲအောင် ပြဿနာရှာလွန်းလို့ သတ်သေချင်စိတ်ပေါက်နေတဲ့ ယောက်ကျားတွေလည်း ရှိမှာပဲ။ ယောက်ကျား နဲ့ မိန်းမကြားက ပြဿနာတွေကို မှားမှားမှန်မှန် ကာယကံရှင်တွေကိုယ်တိုင် မဖြေရှင်းပဲ အရပ်ကူပါ လူဝိုင်းပါ နဲ့ ဖြစ်လာရင် ပါတဲ့လူများလေ ဇယားရှုပ်လေပါပဲ။
ကိုယ်တို့ဆရာဝန်တွေက လူတွေကို stigmatize လုပ်တာ မကြိုက်ပါဘူး။ အနူအရွဲ၊ ဘိန်းစား၊ ပြည့်တန်ဆာ၊ A ကိုက်တဲ့လူနာ။ ဘာကိုမှ ခွဲခြားဆက်ဆံလို့ မရဘူး မှလား။ သူ့ရဲ့နံမည်ဆိုးနဲ့ကျော်ကြားခြင်းတွေ ဟုတ်သည် မဟုတ်သည် ကိုယ်သေချာမသိဘူး။ ဒါပေမယ့် ကိုယ်နဲ့ထိတွေ့ဆက်ဆံတဲ့အချိန်မှာ အဲ့လိုမျိုး အမူအကျင့်တွေ ကိုယ်မတွေ့ရဘူး။ ဒါကြောင့်မို့လို့ history ကို သတိထားဆက်ဆံတာဖြစ်သင့်ပေမယ့် လူကိုတော့ ခွဲခြားဆက်ဆံလို့ မသင့်သေးဘူး။ ဘာမှ လာမငြင်းနဲ့။ ကာယကံရှင်ကိုယ်တိုင် ဝန်ခံထားပြီးသား လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် အကျဉ်းသားတွေထဲမှာ ဦးဝင်းမြင့်တို့ ဒေါ်စုတို့ကလွဲရင် အကုန် ဝန်ခံပြီးလို့ စီရင်ချက်ကျတဲ့သူတွေချည့်ပဲ။ စကမ ရဲ့ စိတ်ဓါတ်ထိုးစစ်တွေအောက်မှာ ကိုယ်တိုင်ရေရေရာရာမသိပဲ ဘာကိုမှ မယုံကြည်ပါဘူး။ အထူးသဖြင့် သူတို့ပါးစပ်ကထွက်တဲ့စကားဆို တစက်ကလေးမှကို အယုံအကြည်မရှိ။ အခုလို စာအရှည်ကြီးရေးတာက မောက်ခမ်းဝါမှန်တယ်။ သူမခိုးဘူး။ မယုတ်မာဘူး။ ရှေ့နေလိုက်နေတာ မဟုတ်ပါဘူး။ အဲ့ဒီကိစ္စ ကိုယ်မသိဘူး။ အချက်အလက်အပြည့်အစုံ မသိပဲ ဝင်ပြီးတော့ judge မလုပ်လိုဘူး။
သက်သေအထောက်အထားနဲ့ တရားခွင်မှာ စစ်ဆေးစီရင်နေတဲ့ ကိစ္စတွေကိုတောင် မယုံရသေးရင် လိုင်းပေါ်မှာ အကောင့်မျိုးစုံနဲ့ ဆဲဆိုတိုက်ခိုက်နေတဲ့သူတွေကို ယုံရမှာလား။ အရေးပေါ်လူနာအသက်ကယ်ဖို့ ဟယ်လီကော်ပတာဝယ်တဲ့သူကို တရားစွဲထောင်ချထားပြီး သူကိုယ်တိုင်က နေ့စဉ်နဲ့အမျှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ မမြင်ဘူးလား။ မဟုတ်မမှန်မှန်းသိလျက်သားနဲ့ အသရေဖျက် စွပ်စွဲတိုက်ခိုက်လာတာ ဦးနေဝင်းရဲ့ သားစဉ်မြေးဆက် အနှစ် ၇၀ လောက် ရှိရော့မယ်။ အင်္ဂလန်နိုင်ငံသား ဗုဒ္ဓဘာသာစစ်စစ်ကြီးနဲ့ တစ်လင်တစ်မယား ရိုးမြေကျပေါင်းတဲ့ တို့အမေကို သူတို့က “ကုလားမယား၊ သူ့ယောက်ကျားက မူဆလင်။” လို့ ဒီကနေ့အထိပြောပြီး မဲဆွယ်နေတုန်း။ သင်္ကန်းဝတ်ကြီးနဲ့ကို မဟုတ်တမ်းတရားတွေပြောပြီး ဆဲရေးတိုင်းထွာနေတော့ စိဉ္ဇမာနဇာတ်ကို စစ်တပ်အကြိုက် ပြောင်းပြန်လှန် ကပြပေးရမလိုပဲ။ ယက်တောကြီး သူ့ဘာသူ အတင်းရေကူးဝင်တော့ အဲ့ဒီအချိန်မှာ ဟောင်ကောင်သံအမတ်ဖြစ်နေတဲ့ စစ်ဗိုလ်အပြုတ်က “သူ့ရည်းစားမို့ ချိန်းတွေ့တာနေမှာပါ။” လို့ သတင်းစာထဲမှာ ပြောခဲ့သေးတာ။ အဲ့သလောက် အောက်တန်းကျတဲ့သူတွေပါးစပ်က ပေါက်ပန်းဈေး စွပ်စွဲချက်တွေကို သံယောင်လိုက်ပြီး ပြောမိမှာစိုးလို့ ဝင်မပါဘူး။ ငြိမ်ငြိမ်နေတယ်။ တိတ်တိတ်နေတယ်။ ဒီလူတွေကို မယုံတာထက် စစ်သားတွေပြောတဲ့စကားကို တစက်ကလေးမှကို မယုံဘူး။
တော်လှန်ရေးဘက်မှာ တက်တက်ကြွကြွ ပါဝင်နေတဲ့သူ၊ အားကိုးလောက်တဲ့သူဆို တစ်ယောက်မှ မကျန်ဘူး။ အကုန် သူခိုးချည့်ပဲ။ စစ်ဘေးဒုက္ခသည် ကယ်ဆယ်ရေးလေး လုပ်ပေးရင်ကို ခွက်ခေါက်တယ် အပြောခံရတာ။ အိမ်မှာရှိတဲ့ မိဘမောင်ဘွားတွေပါမကျန် အပုပ်ချတိုက်ခိုက်ခံရတယ်။ အထက်တန်းလွှာ၊ ပညာတတ်၊ လူကုံတန် ပါမောက္ခဆရာကြီးတွေကို လမ်းဘေး ပလုံကောက် ကော်ရှူတဲ့အစားတွေက ရာရာသသ ကလော်တုပ်တာလည်း ခံရတယ်။ ပန်ဆယ်လို၊ ဖြူဖြူကျော်သိန်း၊ မင်းမော်ကွန်း၊ အာဇာနည်၊ ဘယ်သူမှ မလွတ်ပါဘူး။ ပွဲပေါင်းများစွာနဲ့ပါ။ နေစမ်းပါဦး။ မေးစမ်းပါရစေ။ တော်လှန်ရေးအတွက် fund raisers လုပ်တဲ့သူတွေ အားလုံးက အကုန်လုံး သူခိုးတွေချည့်ပဲပေါ့။ ဟုတ်လား။ တစ်ယောက်မှ အမှန်အကန် မရှိဘူးပေါ့။ အဲ့လိုပြောချင်တာလား။ စဉ်းစဉ်းစားစားလည်း ပြောပါကွယ်။ တောထဲမှာ ဒန်ပေါက်လေးများ ချက်စားမိရင် “ရှေ့တန်းမှာ ရဲဘော်တွေ ငတ်နေတာ သိလား။” ဆို လာမန့်တယ်။ အေး အဲ့ဒီရဲဘော်တွေကို နင် ဘယ်နှစ်ခါ ကျွေးဖူးသလဲ ပြောစမ်း။ ငါတို့ကျွေးတယ်။ ခဏခဏကျွေးတယ်။ အဲ့လိုကျွေးတာက နင်တို့အမေကြီးမူကျိ လို သူ့အတွက် အသေခံတိုက်ပေးဖို့ စားမြိန်စာပို့တာ မဟုတ်ဘူး။ သူတို့ပြောသလောက် များဖြင့် ချက်နဲ့လက်နဲ့ ကက်ကက်လန် အောင် ပြန်ပြောတတ်တယ်။ ဒါပေသိ နေ့နေ့ညည ကိုယ့်ဝေါပေါ် ခွေးတစီစီ နဲ့ ကျက်သရေတုံးလို့ စောင်ဖက်ကို မလုပ်ချင်ဘူး။
ပန်ဆယ်လိုလည်း အဲ့လိုနာကျည်းချက် တွေများတာကြောင့် FR အလုပ်တွေ “နားတော့မယ်။ ဆက်မလုပ်တော့ဘူး။” လို့ တရားဝင် ထုတ်ပြောလာရပြီ။ ဒါပေမယ့်လည်း “သူခိုးမ။ ခုမှလာ ပန်းနုသွေးနေတယ်။” လို့ ဆဲတဲ့သူက ဆဲနေတုန်းပါပဲ။ တော်လှန်ရေးဘက်တော်သားတွေက ကျောက်တူး၊ ရွှေကျင်၊ ဂိတ်ကြေးကောက်၊ ပေါ်တာဆွဲပြီး ပိုက်ဆံရှာလို့ ရတာ မဟုတ်ဘူး။ စစ်ဗိုလ်တွေလုပ်သလို ဆေးပြားတွေ ကယ်ရီသယ်၊ ဝစ်သောက်ကားတွေ မောင်းသွင်းလို့လည်း မရဘူး။ စစ်တိုက်တာ Sဆံရှိမှ တိုက်လို့ရသလို အဲ့ဒီ Sဆံကလည်း ပြည်သူကူလို့ ထူနိုင်ထနိုင်တာ။ ပြည်သူတွေလှူသမျှ သူတို့ဆီမရောက်ပဲ ဒီနေ့အထိ အသက်ရှင်နိုင်ပါ့မလား။ စိန်တွေရွှေတွေ တောင်းနဲ့အပြည့် ဌာပနာထည့်လို့ “နတ်ပြည်မှာ ဘုံဗိမ္မာန်ကြီး ပေါက်နေပြီ။” ဆိုတဲ့ ဘုန်းဘုန်းကြီးတရားတောင် ယုံသေးတာပဲကွယ်။ fund raisers တွေ လှူလိုက်တာ ရှေ့တန်းကရဲဘော်လေးတွေအတွက် အားဖြစ်စေတယ်လို့ ဘာဖြစ်လို့ မယုံနိုင်တာလဲ။ စေတနာပြတ်ဖို့သာ အဓိကပါလေ။ သူခိုးတွေ၊ လူလိမ်တွေကို အကာအကွယ်ပေးတာ မဟုတ်ပါဘူး။ ဝါသဝ နဲ့ ဝီရသူကိုမြင်ပြီး သံဃာထုအပေါ် သဒ္ဓါတရား ယုတ်လျော့တာမျိုး မဖြစ်စေချင်လို့။ ဒါမျိုးတွေရှိတာ ငါတို့က ပိုတောင် သိသေး။ ဒါတွေချည့်လိုက်ရှာပြီး ဇမ်းတင်ပေးတော့မှ သူများတွေပါ လိုက်အတုခိုးနေမှာ။
အခု ကိုယ့်ဆီမှာ စာအုပ်ထွက်ပြီဆိုတော့ အမှာစာနဲ့တင် နေ့မအားညမအား ဖြစ်နေပြီ။ စာအုပ်တွေလက်ထဲရောက်သွားရင် ဟိုဘက် တရပ်ကွက်လုံး ငါးရံ့ပြာလူး ဖြစ်ကုန်တော့မယ်။ အဲ့ဒီအခါ ဝိုင်းအုံတိုက်ခိုက်ပြီး ဟုတ်တာတွေရော မဟုတ်တာတွေရော၊ ကျားကျားမီးယပ် စွပ်စွဲ အပုပ်ချကြဦးမယ်။ အဲ့ခါကျရင်လည်း ကိုယ်က မဟုတ်ကြောင်းမမှန်ကြောင်း ပြန်ဖြေရှင်းနေရဦးမယ်။ “အိုက်ဆျာဝင်က ကျယ်မဆီကို ကိုယ်တုံးလုံးပုံတွေပို့ပြီး ဆက်ချတ်လုပ်ပါတယ်တော့။” လို့ ငွေညှစ်လာရင် ကိုယ့်မှာ “အို မဟုတ်တာ။ ကိုကို့ဟာက အီကြာကွေးလို အပြူးလိုက်ကြီးပါ။” ဆိုပြီး မတ်မတ်ဟုန်ဆီသွားတုန်းကပုံတွေ ပြန်ရှာနေရမယ်။ အဲ့တော့ စာအုပ်ကို ပရီအော်ဒါကောက်သလိုပဲ ဟောင်လာကြောင်လာမယ့် အကောင်တွေကို ခွေးရိုက်တုတ်သိုင်းနဲ့ ကြိုရှင်းထားလိုက်တယ်။ အမှန်တရားဆိုတာ ကိုယ့်ဘက်ကိုပါအောင် ဆွဲခေါ်ရတဲ့အရာ မဟုတ်ဘူး။ ကိုယ်ကသာ အမှန်တရားရှိတဲ့ဘက်မှာ ရပ်တည်ရတာ။ အချိန်တန်တော့လည်း ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်။ အားလုံးက သိလာကြမှာပါလေ။