“မောင်ခွေးရေ မအေးရေ
အိမ်မှာကောင်းကောင်းနေ။
လေယာဉ်လာရင် ကျင်းထဲပြေး
ဆွမ်းအုပ်နီနီလည်း အမေမရွက်နိုင်တော့ဘူး။ သပြေသီးမှည့်လည်း သားသား မကောက်နိုင်တော့ဘူး။ ခေတ်နဲ့အညီ အသစ်ဖွဲ့သီထားတဲ့ ကလေးကဗျာလေးတွေကို ဆိုလည်းဆို၊ ပြေးလည်းပြေး၊ ဝပ်လည်းဝပ်တတ်အောင် သင်ပေးနေရတယ်။ အရင်တုန်းက ကြောက်အောင်ခြောက် တဲ့ ဒေဝေါကြီးက တကယ်မလာပေမယ့်လည်း အခု သေအောင်သတ်မယ့် လေယာဉ်ကြီးက ကျောင်းခန်းထဲကိုချည့် လာလာရှာနေတာ မဟုတ်လား။ “ကလေးအသားခါးသည်။ ခွေးအသားချိုသည်။” လို့ ရေးထားလည်း ဘဘကြီးမင်းအောင်လှိုင်က “ကလေးတွေကို မှ သတ်ချင်ပါတယ်။” ဆိုလို့ ကလေးတွေခမျာ မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကို မဆင်နိုင်ပါဘူး။ ကျောင်းရှေ့က အသံကျယ်ကျယ် ဆိုင်ကယ်ဖြတ်မောင်းရင်တောင် ပြေးရတော့မလား လို့ ခေါင်းကလေးတွေ ထောင်ကြည့်နေရတယ်။ ဒီကလေးတွေ မသေမပျောက် ကြီးပြင်းရလို့ ငယ်ဘဝကို ပြန်သတိရတဲ့အခါ
“တို့ငယ်ငယ်တုန်းအရွယ်
လေယာဉ် ဗုံးကြဲစဉ်များဝယ်
ပုဆိုးတောင် မပါဘူး။ နဖူးကွဲတယ်။” လို့ အချင်းချင်း ပြန်ပြောကြမယ် ထင်ပါတယ်။
နောက်ထပ် အနှစ် ၅၀-၁၀၀ တော့ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ သမိုင်းကြောင်းတွေပါလေ။ ငါတို့အဖိုး ငါတို့အဖေက တပ်ထဲကကွ လို့လည်း ဘယ်သူမှ မပြောရဲတော့ဘူး။ ခန့်ကျော်တောင် သူ့အဖိုး အကော်ဒယံကြီးကို စကားထဲထည့်မပြောဖူးဘူးမှလား။ အခုကတည်းက ယူနီဖောင်းနဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာက ဖြုတ်သိမ်းခိုင်းနေပြီ။ နောက်ဆို အိမ်မှာလည်း ချိတ်ရဲမှာ မဟုတ်။ နိုင်ငံခြားထွက်ဖို့ ပတ်စပို့လုပ်ရင်တောင် အဖေနံမည်ပြောင်းပြီး အိမ်ထောင်စုဇယားအသစ်နဲ့ လုပ်ကြရတာ။ ဗိုလ်ချုပ်သားသမီးတွေ အကုန်လုံး နိုင်ငံခြားမှာ ရှိပါတယ်။ ဖအေ မဖော်ရဲတာ တစ်ခုပဲ။ ရှက်စရာကောင်းသော၊ လူမုန်းများသော ချဉ်ဖတ်ဘိုးဘွားများကြောင့် နောက်မျိုးဆက်တွေက ဇာတ်မြှုပ်ဖုံးကွယ်ပြီး ဇာတိဇစ်မြစ်ကို ဖြတ်တောက်နေထိုင်ကြရမှာ။ စိုးသိန်းသမီးဆို စိုးသိန်းသမီးမှန်း သိကုန်လို့ သူ့ဓါတ်ပုံကြီး လိုင်းပေါ်တက်လာတိုင်း အဆဲခံနေရတာ မဟုတ်လား။ ဘာမှမပြော ဘာမှမလုပ်ရပဲနဲ့တောင် အလိုလိုနေရင်း အမုန်းခံရတဲ့ဘဝဆိုတာ ဘယ်လိုနေသလဲ သိချင်ရင် အေးနေဝင်းတို့၊ နေရွှေသွေးအောင်တို့ကို မေးကြည့်။ အရင်တုန်းက ဖဝါးခြေအောက် ပြားပြားမှောက်နေတဲ့သူတွေက မသိသလို မရှိသလို ဆက်ဆံခံရတဲ့ အရသာကိုလည်း သူတို့အသိဆုံး။ လောကဓံတွေလေ။
စစ်မြေပြင်၊ စစ်တလင်းအရပ် မဟုတ်ပဲ ကလေးတွေ စာသင်လို့ ဗုံးကြဲခံရတာ၊ ဆရာဝန်တွေ ဆေးကုလို့ ဗုံးကြဲခံရတာတွေဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမျိုးသာ ဖြစ်ပါတယ်။ “Crime against Humanity” လို့ ခေါ်ရမှာပေါ့။ လူသားဆန်သော ကမ္ဘာကြီးအနေနဲ့ မသိသလို မဆိုင်သလို နေလို့မရပဲ ဝိုင်းဝန်းကန့်ကွက် တားဆီးရမယ့် တာဝန်ရှိပါတယ်။ သို့သော်လည်း ၅ နှစ်ကြာတာတောင် စိုးရိမ်ပူပန်တဲ့အဆင့်က တက်မလာဘူး။ ဗုံးကြဲသူဘက်က ပြောင်ပြောင်တင်းတင်း ရပ်တည် အကူအညီပေးတဲ့ အင်အားကြီးနိုင်ငံတွေ၊ လေယာဉ်ပျံ၊ ဗုံး၊ ဒရုံး အပြင် ဝေဟင်ထောက်လှမ်းရေး နည်းပညာတွေပါ ပံ့ပိုးပေးတဲ့သူတွေ ရှိနေတာဟာ ကမ္ဘာကြီးကို ဘယ်လောက်တောင် အရုပ်ဆိုးစေလိုက်သလဲ။ ကုလသမဂ္ဂမှာ သတင်းဓါတ်ပုံပြပွဲလေးတောင် လုပ်ပေးချင်မိတယ်။ မကြည့်ရက် မမြင်ရက်စရာ ကလေးအလောင်းလေးတွေ မြန်မာပြည်မှာ ဘယ်လောက်ပေါများသလဲ သိရအောင်။
ကလေးတွေ အသေအပျောက်ထက်များတာ ရှိသေးတယ်။ မြန်မာနိုင်ငံက ကလေးတွေဟာ ကလေးသူငယ် အခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ထိခိုက်ဆုံးရှုံးနေကြရတယ်။ ပညာသင်ကြားခွင့်မရကြသူတွေ၊ ဆေးကုသဖို့ အခွင့်အရေး မရကြသူတွေ၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတာတွေ၊ အသက်မပြည့်ပဲ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားခံရတာတွေ အများကြီးပဲ။ သတင်းစာထဲမှာတောင် ၃ နှစ်သမီးကလေးကို လူသတ်တရားခံဆိုပြီး ထောင်ချထားတယ်။ ပြေတီဦး နဲ့ ဣန္ဒြာကျော်ဇင်တို့ဆို ကလေးတွေကို ဖမ်းခေါ်သွားပြီး လူကြီးတွေ လာအဖမ်းခံမှ လွှတ်ပေးမယ် လို့ ဓါးစာခံလုပ်ပြီး အကြပ်ကိုင်တာ။ တာမွေမှာ မူဆလင်အိမ်တစ်အိမ်တက်ဖမ်းတော့ စစ်သားတွေကြောက်လို့ သူ့အဖေဆီဝင်ပြေးတဲ့ လူမမယ်ကလေးငယ်ကို မိဘမျက်စိရှေ့တင် သေနတ်နဲ့ အသေပစ်သတ်တယ်။ ကိုယ်တွေ့မို့သာ ကြုံခဲ့ရတယ်။ သူများပြန်ပြောလို့ မယုံနိုင်စရာ အဖြစ်ဆိုးတွေ မျိုးစုံ ရှိတယ်။ မှတ်မှတ်သားသားသာ ရေးမထားခဲ့ရင် ကာယကံရှင်ကလွဲလို့ ကျန်တဲ့သူတွေ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်မှာ။ UNICEF က အဖက်လုပ်ဖော် မရတဲ့ ကလေးသူငယ်တွေအပေါ် အနိုင်ကျင့်နှိပ်စက်မှုမျိုးစုံ မြန်မာပြည် အနှံ့အပြားမှာ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံက ရဲတွေဟာ ရဲချုပ်အဟောင်းကြီးပိုင်တဲ့ မူကြိုကျောင်းမှာ ကလေးငယ်လေးတစ်ယောက် မုဒိန်းမှုဖြစ်ရင် အဲ့ဒီကျူးလွန်ခံရတဲ့သမီးငယ်လေးပုံကို မဖုံးမကွယ်တင်ပြီး ကလေးရဲ့မိဘအမည်၊ ရာထူး၊ အလုပ်အကိုင် နဲ့ နေရပ်လိပ်စာတို့ကိုပါ သတင်းစာထဲမှာ အတိအကျဖော်ပြကြတယ်။ တရားခံကိုတော့ ခုထိ ဖမ်းမပေးနိုင်ဘူး။ သက်သေတွေလည်း ဖျောက်ဖျက်ပစ်တယ်။ အခု အဲ့ဒီကျောင်းပိုင်ရှင်ကြီးက ပါတီဥက္ကဌလုပ်ပြီး အရွေးခံမယ်ဆိုတော့ ကလေးတွေရှေ့ရေး မတွေးဝံ့စရာပါပဲ။
သက်ကြီးရွယ်အိုတွေဟာ သူတို့အာဏာတည်မြဲဖို့ ကလေးသူငယ် လူမမယ်လေးတွေရဲ့အသက်ကိုသော်လည်းကောင်း၊ ဘဝရှေ့ရေး အနာဂတ်ကိုသော်လည်းကောင်း ရက်ရက်စက်စက် စတေးပစ်တယ်ဆိုတာ လူ့သမိုင်းကြောင်းဖြစ်စဉ်ထဲမှာ အင်မတန်အရုပ်ဆိုးတဲ့၊ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ်တို့ဆီမှာ တကယ်ဖြစ်ပျက်နေခဲ့တာ ကြာပြီ။ ဘယ်သူကမှ အရေးတယူ မရှိသေးဘူး။ ကျူးလွန်သူတွေက သက်သေအထောက်အထားတွေ ဖျောက်ဖျက်ပြီး ဖုံးကွယ်လိမ်ညာနေကြတယ်။ နိုင်ငံရေး စီးပွါးရေး အကျိုးအမြတ်တွေကို ငဲ့ကွက်လို့ အင်အားကြီးနိုင်ငံတွေကလည်း ကျူးလွန်သူတွေဘက်က ထောက်ပံ့ကူညီပေးနေကြတယ်။ ပူတင်၊ ကျင့်ဖျင်၊ မိုဒီ၊ ထရမ့် စတဲ့ အဖိုးကြီးတွေဆီကို မြန်မာပြည်က လူမမယ်ကလေးငယ်တွေရဲ့ ပိုးစိုးပက်စက် ဓါတ်ပုံ၊ ဗီဒီယို အထောက်အထားတွေကို မြင်အောင်ပြချင်မိတယ်။ မကူညီရင်လည်းရပါတယ်။ ကိုယ်တွေခံစားနေရတဲ့ စိတ်မသက်မသာ ခံစားမှုမျိုး နည်းနည်းပါးပါးဖြစ်ဖြစ် ခံစားဖူးစေချင်လို့ပါ။ မြန်မာပြည်ကစစ်သားတွေကတော့ အဲ့ဒါမျိုးတွေကို ဘာခံစားချက်မှ မရှိပဲ ရဲရဲတင်းတင်း ကျူးလွန်နိုင်နေပြီ။
ကိုယ်ကတော့ မနေနိုင်ပါဘူး။ မကြည့်ရက်ပါဘူး။ ဒါကြောင့်လည်း ဒီလိုဘဝမျိုး ရောက်နေတာပါ။ လှိုင်သာယာဆေးရုံက အရေးပေါ်ဝင်ပေါက်ဝမှာ ရင်ဘတ်ကို သေနတ်မှန်တဲ့ လူနာရောက်လာတော့ သူ့ဒဏ်ရာထဲကနေ သွေးတွေက ဘုံဘိုင်ဖွင့်ထားသလို ပန်းထွက်နေတယ်။ ကိုယ့်လက်ထဲမှာ ဝတ်စရာလက်အိပ်တစ်ခုတောင် ရှိမနေဘူး။ ကူမယ့်သူလည်း တစ်ယောက်မှ မရှိဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်လိုပဲ မျက်စိအောက်ရောက်နေတဲ့ အသည်းအသန်လူနာ တစ်ယောက်ယောက်အတွက် လုပ်မိလုပ်ရာ တစုံတခုကို သည်းကြီးမည်းကြီး လုပ်ပေးနေကြတယ်။ ကိုယ်လည်း ဒီဆေးရုံ ခုမှရောက်ဖူးတော့ cannula ဘယ်နားယူရမှန်းမသိဘူး။ chest tube က OT မှာပဲ ရှိမယ်တဲ့။ လူနာနဲ့ပါလာတဲ့ မိန်းမက နံမည်တကျော်ကျော်ခေါ်ပြီး “အားတင်းထား။ အားတင်းထား။ ဒီမှာ နင့်သားလေး။ မြင်လား။ ဒီကလေးအတွက် နင် အားတင်းထားစမ်းပါ။” တဲ့။ သူတို့သားအမိ အားတင်းနိုင်၊ မတင်းနိုင် ကိုယ်မသိပါဘူး။ ဒီက ဆရာဝန်ကတော့ အားလျှော့မိတယ်။ အဲ့ဒါ ဆင်ခြေဖုန်းရပ်ကွက်က ဆေးရုံသေးသေးလေးတစ်ရုံကို လူနာတွေ တစ်ညတည်း ရာနဲ့ချီရောက်လာတဲ့အထဲက တစ်ယောက်တည်းသော လူနာကလေးရဲ့ မြင်ကွင်းပါ။
ဒီလိုညများက ရာထောင်ချီလာခဲ့ပြီလေ။ ဒီအဖြစ်အပျက်မျိုးက ၈၈ မှာကတည်းက ရှိခဲ့တယ်။ သူ့ရှေ့မှာလည်း ရှိဖူးခဲ့တယ်။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရခဲ့ဘူးဆိုတာ အိုလို့ပင် သေသွားတဲ့ နိုင်ငံရေးသမားကြီးတွေ သဘောပေါက်နိုင်ကြမှာပဲ။ ဘယ်နိုင်ငံကမှ ကြားဝင်ဖျန်ဖြေ ဖြေရှင်းပေးမှာ မဟုတ်ဘူး ဆိုတလည်း ကိုယ်သဘောပေါက်ခဲ့ပါတယ်။ “ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်မလို့လား။” ဆိုတာ ၈၈ မှာကတည်းက ကိုယ့်ကို စေတနာနဲ့ ဆုံးမတဲ့ သူငယ်ချင်းအမေဆီက ကြားခဲ့ဖူးပါတယ်။ အခု ကိုယ်က ဆန္ဒပြနေတဲ့ကလေးတွေကို အဲ့ဒီစကား လိုက်ပြောရမယ့် အရွယ်ရောက်လာပြီလား။ ကိုယ်တိုင်ကျတော့ ဝင်မပါပဲနဲ့ ကလေးတွေကို “အသက်နဲ့လဲပြီး တော်လှန်ကြပါ သားတို့သမီးတို့။” လို့ မြှောက်ပေးရမှာလား။
အမှန်တော့လည်း ကလေးတွေက ကိုယ်မြှောက်ပေးစရာ မလိုပါဘူး။ သူတို့ဘာသူတို့ လမ်းပေါ်ရောက်ကုန်ပြီ။ ဒါပေမယ့် ကိုယ်က လူကြီးပီပီ မကြာခင်မှာ ပစ်ခတ်သတ်ဖြတ် နှိမ်နှင်းတော့မယ် ဆိုတာ ကြိုသိနေတယ်။ ၈၈ တုန်းကအတိုင်းပဲလေ။ ထောင်တွေဖွင့်ပြီး ဆိုးခိုးလုနှိုက်တွေကို ရုံခါလွှတ်လိုက်ပြီ။ အဲ့ဒီလူတွေက အရပ်ထဲမှာ ဇက်ရဲလက်ရဲ လုယက်သတ်ဖြတ်မှုတွေ ကျူးလွန်လာပြီး ရဲတွေက မှုခင်းကိစ္စအားလုံးကို မျက်ကွယ်ပြုလိုက်ပြီ။ ညတိုင်းညတိုင်း မိုးလင်းပေါက်ခွဲနေရတဲ့လူနာတွေမှာ ဓါးဒဏ်ရာကနေ သေနတ်ဒဏ်ရာအဖြစ် ကူးပြောင်းလာတဲ့အခါမှာတော့ ဆန္ဒပြတဲ့ကလေးတွေ အသတ်ခံ၊ အဖမ်းခံရမယ့် အချိန်ရောက်လာပြီလို့ ကိုယ့်ဘာကိုယ် သဘောပေါက်မိပါတယ်။ ဒါပေမယ့် ဘယ်ကလေးကိုမှ “တောခိုပါလား၊ တောထဲသွားရအောင်။” မြှောက်မပေးခဲ့ပါဘူး။ တားတောင် တားခဲ့သေးတာ။ မိဘရင်ခွင်ကနေ တောတွင်းလက်နက်ကိုင်ဆီ ခိုလှုံရတဲ့အလုပ်ဆိုတာ ဘယ်လိုတွေးကြည့်ကြည့် ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။
ကိုယ်ကိုယ်တိုင်ရဲ့ လွတ်မြောက်မှုအတွက်ဆို ရှိပါစေတော့။ သာသလို နေနိုင်ပေမယ့် ကလေးတွေကို စစ်သားအောက်တဆင့်နိမ့်အတန်းအစားအဖြစ် တသက်လုံး အဖိနှိပ် မခံနိုင်ဘူး။ သူတို့ကိုတားဆီးပိတ်ပင်တာဟာ ဘေးရန်ဆီးကာလိုသော စေတနာပေမယ့် လူစဉ်မမီ အညွန့်တုံးအောင် ချုပ်တည်းပိတ်လှောင်ရာရောက်တယ်။ သူတို့ကို အန္တရာယ်ကြားထဲ တွန်းပို့ပြီး လက်ခုပ်တီးအားပေးတာကျတော့လည်း ကိုယ်သတ္တိမရှိတဲ့အရာကို ကလေးတွေအားကိုးနဲ့ အချောင်လိုချင်ရာ ကျတယ်။ ဘယ်ဟာအမှား ဘယ်ဟာအမှန်လဲ ကိုယ်ကိုယ်တိုင်လည်း သိနေတာပဲဥစ္စာ။ ကလေးတွေတောင်မှ သူတို့ဘဝ အညွန့်အဖူးလေးတွေကို စတေးရဲရင် ကိုယ်လို ခုနစ်အိုရှစ်ဆွေး အဖိုးကြီးလေးက နှမျောတွန့်ဆုတ်နေစရာ မရှိပါဘူး။ သူတို့နဲ့အတူ။ သူတို့ကို ကူမယ့် ယုံကြည်စိတ်ချရသော လူကြီးသူမ တစ်ယောက် အနေနဲ့ ပါရမှာပေါ့။
လိုရင်းကို ပြန်ပြောရရင် ကိုယ်တို့တိုင်းပြည်မှာ တခြားသူကို ပြန်ပြောဖို့တောင် မယုံနိုင်လောက်စရာ လူသားမဆန်သော အကြမ်းဖက်သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတယ်။ မျိုးဆက်သစ်လူငယ်တွေနဲ့ အရွယ်မရောက်သေးသော ကလေးသူငယ်တွေ အကာအကွယ်မဲ့စွာ ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်။ အဲ့ဒီအဖြစ်အပျက်တွေကို နေ့စဉ်နဲ့အမျှ ကြားလည်းကြားတယ်။ မြင်လည်းမြင်တယ်။ မခံစားနိုင်ဘူး။ ဒါဖြင့်ရင် ဘာလုပ်ကြမလဲ။ ကိုယ်ကိုယ်တိုင်တောင် ဒီကလေးတွေကို မကူနိုင်မကယ်နိုင်သေးရင် အမေရိကန်တွေ လာကယ်မလား။ UN က လာကယ်ဦးမလား။ EU က ကန့်ကွက်ပေးမလား။ အာဆီယံက တားဆီးပေးမလား။ မမျှော်လင့်တာ ကောင်းပါတယ်။ ဘယ်သူလာကူကူ မကူကူ။ ကိုယ့်ဘာသာထူ ကိုယ့်ဘာသာ ထရမှာ။ ပြည်ပအားကိုလည်း မမျှော်ဘူး။ ကိုယ့်ပြည်တွင်းက နေစိမ့်သူတွေ ပါဝင်ကြပါဦး လို့လည်း အားမကိုးဘူး။ ကိုယ့်ဘာသာကိုယ် မနေနိုင်လို့ လုပ်တယ်။ မခံမရပ်နိုင်လို့ တော်လှန်တယ်။ ကိုယ့်တော်လှန်ရေးဘက်သား အချင်းချင်း လက်တွဲဖေးကူမယ်။ ကိုယ်လိုလူတွေများလာရင် တော်လှန်ရေးမြန်မြန်အောင်မယ်။ ဟိုလိုလို ဒီလိုလို လူတွေများနေရင် တော်လှန်ရေးကြီးကလည်း ဟိုလိုလို ဒီလိုလိုနဲ့ ဒစ်လည်နေလိမ့်မယ်။ ပြည်သူလူထုဟာ သူနဲ့ထိုက်တန်တဲ့အစိုးရကိုသာ ရရှိကြတယ် လို့ ပြောတယ် မဟုတ်လား။ ကိုယ်လိုချင်တဲ့အစိုးရမျိုး ရရှိဖို့ ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိသလို ကိုယ်မလိုချင်တဲ့အစိုးရမျိုး ဆက်မရှိနေစေဖို့ကလည်း ကိုယ်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ အဲ့သလိုမျိုး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် စံနစ်တခုလုံး ပြောင်းပစ်နိုင်အောင် ကြိုးစားတာကိုတော့ တော်လှန်ရေး လို့ ခေါ်ပါတယ်လေ။ တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ နံမည်ပြောင်းခေါ်တဲ့ အကြမ်းဖက်စစ်တပ်ကြီးကို ပြန်လည်တော်လှန်တဲ့ Double Revolution Day ကြီးကိုတော့ ဖေဖော်ဝါရီ ၂၉ လို့ သတ်မှတ်ရရင် ကောင်းမလားပဲ။ ၄ နှစ်မှ တစ်ခါပဲ လုပ်စရာ လိုမှာပေါ့။
ဒီတစ်ခါတော့ အီတာလျံလယ်သမားတွေရဲ့ ဖက်ဆစ်တော်လှန်ရေးသီချင်းလေးနဲ့ နှုတ်ဆက်မယ်လေ။ တော်လှန်ရေးသမားလေးက တကယ်လို့များ သူ ကျဆုံးသွားခဲ့ရင် ဟိုးတောင်ပေါ်က ပန်းရုံလှလှကလေးအောက်မှာ မြှုပ်ပေးပါတဲ့။ ဖြတ်သွားဖြတ်လာတွေက အမှတ်တမဲ့တွေ့တဲ့အခါ “လှလိုက်တဲ့ ချစ်စရာပန်းပွင့်လေးတွေပါလား” လို့ နှုတ်ဆက်ကြလိမ့်မယ်တဲ့။ လှမှာပေါ့။ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့ အညတြရဲဘော်ကလေးတွေကို မြှုပ်ထားတာပဲဟာ။ လှရမှာပေါ့။ နှုတ်ဆက်ပါတယ် အချောလေးတို့ရေ။” တဲ့။ မျက်ရည်တွေ ထိန်းမရပါဘူးကွယ်။
“ Una mattina mi sono alzato
O bella ciao, bella ciao,
bella ciao, ciao, ciao
Una mattina mi sono alzato
E ho trovato l’invasor.
O partigiano portami via
O bella ciao, bella ciao
bella ciao, ciao, ciao
O partigiano portami via
Che mi sento di morir
E se io muoio da partigiano
O bella ciao, bella ciao
bella ciao, ciao, ciao
E se io muoio da partigiano
Tu mi devi seppellir
E seppellire lassù in montagna
O bella ciao, bella ciao
bella ciao, ciao, ciao
E seppellire lassù in montagna
sotto l’ombra di un bel fior
E le genti che passeranno
O bella ciao, bella ciao
bella ciao, ciao, ciao
E le gentil che passeranno
Ti diranno o che bel fior
È questo il fiore del partigiano
O bella ciao, bella ciao
bella ciao, ciao, ciao
È questo il fiore del partigiano
Morto per la libertà.”