စိနတောဝါ

၂၀၂၅ ရဲ့ တတိယလေးလပတ်မှာ မြန်မာနိုင်ငံသားတွေ ထောင်နဲ့သောင်းနဲ့ ချီပြီး သေကြေပျက်စီးကြရပါဦးမယ်။ အဲ့ဒီလို သေကြေပျက်စီးကြရတာဟာ တရုတ်အစိုးရစံနက်ကြောင့် ဖြစ်ရတာလို့ အတိအလင်း စွပ်စွဲချင်ပါတယ်။ အမြစ်ပြတ်ကာနီး စစ်အစိုးရကို လက်နက်တွေ၊ ငွေကြေးတွေပေး၊ နိုင်ငံရေးအရ အကာအကွယ်ပါပေးပြီး ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ဖို့ လမ်းညွှန် ပေးလိုက်တာကိုး။ ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်း ပေးဟန်ဆောင်ပြီး အရပ်သားပြည်သူထောင်ပေါင်းများစွာကို ရက်ရက်စက်စက် ချေမှုန်းနှိမ်နှင်းဖို့ စစ်အစိုးရဘက်ကနေ ပြောင်ပြောင်တင်းတင်း ရပ်တည်စွက်ဖက်တာ မဟုတ်လား။

စောင်းပါးရိပ်ခြည် ဝေ့ဝိုက် ပြောရင် ဉာဏ်မမီမှာစိုးလို့၊ နားမလည်မှာစိုးလို့ ဒဲ့ပဲ စွဲချက်တင်လိုက်တယ်နော်။ မရှင်းသေးရင် စကားပြန် ရှာဖတ်။ ဘူးကွယ် ငြင်းဆိုလို့မရလောက်အောင် သိသာ ထင်ရှားနေတာကြီးမို့ “အေး ဟုတ်တယ်။ အဲ့တော့ မင်းက ဘာလုပ်ချင်သလဲ။” လို့ လူမိုက်အထာနဲ့ စိန်ခေါ်ဖို့ပဲ ကျန်ပါတော့တယ်။ CCP အစိုးရရဲ့ ပြည်ပစွက်ဖက်မှုဒဏ်ကို အသက်တွေဘဝတွေရင်းပြီး အလူးအလဲ ခံစားနေရတာ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ တနိုင်ငံလုံး နေရာအနှံ့အပြားပဲ။ ဒီစကားကြောင့် ကိုယ့်ကို Sinophobic ဖြစ်တဲ့သူလို့ စွပ်စွဲရင် “Yeah, me and millions of peoples.” လို့ ပြန်ပြောရမှာပါပဲ။ သီဟတင်စိုး ဂျပန်ကိုတော်လှန်တာက တောက ဗီဒီယိုရုံအထိပဲပေါက်တာ။ တရုတ်သံအမတ် သောက်ကျင့်ယုတ်တဲ့ ကိုရီးယားဇာတ်လမ်းတွဲကတော့ Netflix ကနေ တကမ္ဘာလုံးစောင့်ကြည့်တဲ့ကား ဖြစ်နေပြီ။ ကိုယ့်တနိုင်ငံတည်း သူတို့ကိုမုန်းတာ မဟုတ်ဘူး။ အဲ့ဒီအကျိုးဆက် ကို ခံနိုင်တယ် မှလား။ ဆက်လျှောက်ကြတာပေါ့။

“စောစောကမှ မပြောကြပဲကိုး” လို့ ရူးချင်ယောင် မဆောင်နိုင်အောင် ပြောစရာရှိတဲ့စကားကို ရှင်းရှင်းလင်းလင်း ပြောထားနှင့်တာလေ။ ကျန်တာက လုပ်စရာရှိတာ ဆက်လုပ်မှာပါ။ သေတဲ့ထဲ ကိုယ်မှ မပါသေးတာ။ ဖြစ်လာသမျှ ကိုယ်လည်း ရင်ဆိုင်မယ်။ မင်းတို့လည်း ရင်ဆိုင်ဖို့ အသင့်ပြင်ထား။ ဘယ်သူ့စကားကိုမှ spoke person လုပ်ပြီး ပြောနေတာ မဟုတ်ဘူး။ ကိုယ်ပြောတဲ့စကားက ကိုယ့်စကားပဲ။ မဟုတ်တာ မမှန်တာ တစ်ခုမှမပါ။

သံခင်းတမန်ခင်းတွေနဲ့ စကားအလိမ်မာ ချိုချိုသာသာတွေ တန်ဆာဆင်ပြောရတာ အရာမထင်ဘူး။ ကျွဲပါးစောင်းတီးပဲ။ ဒါကြောင့်မို့ ဒီတစ်ခါတော့ လိုရင်းကို ဒဲ့ပဲ လွှတ်လိုက်တယ်။ ထင်ကျုံးနဲ။ မင်းပိုင်မား။ ဖြစ်နိုင်ရင် တရုတ်လိုတောင် အစအဆုံး ရေးပေးလိုက်ချင်သေး။ ရှီတာ့ရဲ နီ ကျိ / ပုကျိတောက်။

စိတ်တိုလို့ ပြောတဲ့စကား မဟုတ်ပါဘူး။ ဖြည်းဖြည်းပြောလည်း ဒီစကားပဲ။ ပဋိပက္ခတစ်ခုကို ဖျန်ဖြေတယ်ဆိုတာ တစ်ဘက်ကို ချုပ်ပေးပြီး ကျန်တဲ့တစ်ဘက်ကို တုတ်ရောင်းဓါးရောင်း လုပ်ရတာလား။ ရွေးကောက်ခံအစိုးရကို ခုထက်ထိ လွှတ်မပေးပဲနဲ့ ဘယ်သူနဲ့ ဆွေးနွေးညှိနှိုင်းစေချင်နေတာလဲ။ အတိုက်အခံမပါပဲ တစ်ပါတီတည်း မဲပေးရအောင် မြန်မာပြည်က CCP လက်အောက်မှာမို့လို့လား။ အသားလွတ်ကြီး ဗိုလ်ကျ အနိုင်ကျင့်တဲ့ အာဏာရှင်ကျောထောက်နောက်ခံ ၊ တိုင်းတပါးဖိအားမို့လို့ နိုင်ငံသားတိုင်း ဆန့်ကျင်ဖို့ တာဝန်ရှိတယ်။ ချစ်တာတွေ မုန်းတာတွေ စကားထဲထည့်ပြောရအောင် အမေရိကားမှာ ကျောင်းတက်နေတဲ့ သူ့မြေးမကို ယူမှာလည်း မဟုတ်။ အဲ့ဒီတော့ ဒီစာကို ရေးရတဲ့ အကြောင်းရင်းဟာ လက်ရှိပြုမူနေတဲ့ တရုတ်အစိုးရရဲ့ မတရားသော ပြည်ပစွက်ဖက်မှုကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ သဘောမတူ၊ ဆန့်ကျင်တဲ့အကြောင်း ဆန္ဒထုတ်ဖော် ပြောဆိုခြင်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းတုန်းက

ဖက်ဆစ်တွေကို ဆန့်ကျင်တွန်းလှန်ခဲ့ပါတယ်ဆိုပြီး စစ်အင်္ဂါလေးပါး ခင်းကျင်းပြသတဲ့ တရုတ်နိုင်ငံဟာ တတိယကမ္ဘာစစ်ကြိုကာလမှာ နိုင်ငံငယ်တွေအပေါ် စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးအရ အနိုင်ကျင့်ခြိမ်းခြောက်နေတဲ့ ဖက်ဆစ်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အာဏာရှင်အစိုးရဘက်က ကျောထောက် နောက်ခံပေးပြီး ပြည်သူကိုနှိမ်နှင်းချေမှုန်းဖို့ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တရုတ်အစိုးရရဲ့ နိုင်ငံရေးလမ်းစဉ်ဟာ ကွန်မြူနစ်ဝါဒလို့ ပြောရမှာတောင် မယုံနိုင်စရာ။

အရင်တုန်းကတော့ ဝင်ရိုးတန်းနိုင်ငံတွေ မဟာမိတ်အဖြစ် ရပ်တည်ခဲ့ကြတယ်။ အခုကတော့ တောက်ဘက်အစွန်း နဲ့ မြောက်ဘက်အစွန်းက ပိုလာပါဝါတွေ အားပြိုင်ကြတာပေါ့။ တို့မြန်မာနိုင်ငံက ဘယ်နားလေးမှာ ပါလဲ သိလား။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာခြုံပေါ်ကို ခွေးကျိုးဖျာပတ်ပြီး ချထားတဲ့အခန်းက ကရမှာ။ ခတ်ကျွဲတွေ မြန်မြန်သေဖို့ပဲ ဆုတောင်းရမယ့်ပုံ။

ဖြစ်ချင်ရာ ဖြစ်ပစေလေ။ ခုထက်လည်း ပိုမှ ဆိုးစရာ မရှိတော့တာ။ ကိုယ့်မြေပေါ်မှာ Proxy War ဖြစ်ချင်လည်း ရတယ်။ WW III မှာ တရုတ်ကို ဝင်တိုက်ဖို့ စစ်လမ်းကြောင်းကြီး ခင်းပေးရမယ် ဆိုလည်း ဖြစ်တယ်။ တောင်ယာဆိုတာ ခုတ်လို့မနိုင်ရင် မီးတိုက်ပြီးမှ အသစ်ပြန်တူးစိုက်တာ။ တောမီးပါ ဆက်လောင်သွားဦးမယ်။ ငါတို့ ဘာများမှတ်နေလဲ။

ကမ္ဘာကြီးကိုကယ်တင်ဖို့ စူပါဟီးရိုးတွေ DC ထဲ၊ Marvel ထဲကနေ အပြင်ထွက်မလာနိုင်ပေမယ့်လည်း ကမ္ဘာကို ခြိမ်းခြောက်မယ့် စူပါဗီလိန်တွေကတော့ ရုပ်ရှင်ဇာတ်ညွှန်းတွေ လိုက်မမီနိုင်လောက်အောင် အပြင်မှာ ပေါများနေပါပြီ။ အင်္ဂလန်က ဘျင်မကြီးရဲ့ စီးကလက်ဆားဗစ်တွေကလည်း ဘေဂျင်း၊ ယူနန်၊ ရှန်ဟိုင်းမှာ ထောက်လှမ်းလှုပ်ရှားရတော့မယ်။ ရန်သူ့အေးဂျင့်တွေက ဟိသ်ရိုးလေဆိပ်၊ ဘရပ်ဆဲလေဆိပ်တွေတောင် လော့ဒေါင်းချပြီး password ရောင်းစားနေပြီ။ နောက်ဆိုကျည်ဆန်ရထားတွေ အချင်းချင်းတိုက်အောင် တည်လွှတ်တော့မှာ။ လေယာဉ်ပြန်ပေးဆွဲပြီး ပန်တာဂွန်ကို ဝင်တိုက်တာက ရိုးလွန်းလို့ ကာတွန်းကားတောင် ရိုက်လို့ မရတော့ဘူး။ ဗီလိန်တွေ တကယ့်ကို စူပါပါဝါ ရနေတဲ့ ကာလမို့လည်း အိမ်ဖြူတော်မှာ စူပါဗီလိန်ကြီးကို ဇာတ်လိုက်တင်ထားတာနေမှာ။

ကိုယ်တို့မြန်မာပြည်မှာတော့ လျှပ်စစ်မီးတောင် ကောင်းကောင်းမရလို့ ဆိုလာတပ်၊ မီးစက်မောင်းပြီး နေရတဲ့နိုင်ငံမို့ ဘယ် operating system ကိုမှ ရပ်တံ့သွားအောင် သူတို့ မနှောက်ယှက်နိုင်ပါဘူး။ ထမင်းပေါင်းအိုးတန်းလန်းနဲ့ မီးပျက်သွားရင်တောင် မနပ်နပ်အောင်ပြန်ချက်တတ်တယ်။ မြန်မာပြည်က ဒေတာတွေ တရုတ်ဆီပါသွားတော့လည်း ဈေးရောင်းနေတာတွေပဲ တွေ့ရမယ့်ဥစ္စာ။ အကောင့်ထဲဝင်ဟက်နိုင်လို့ privacy တွေ ကျိုးပေါက်ကုန်ရင်တောင် porn sites နဲ့ ကျားဖျန့်တွေချည့်ပဲ တွေ့ရမှာ။ ဘယ်သူ့ဆီမှာမှ ဘာလျှို့ဝှက်ချက်မှ မရှိဘူး။ အိမ်သာထဲ ကင်မရာလာတပ်ရင် ဖျင်လှန်တာတွေချည့် တွေ့ရမှာပေါ့။ လိုကေးရှင်းကြီး သိရတော့ရော ဘာလုပ်လို့ရတာကျလို့။ ကိုယ့်ဘာကိုယ်တောင် လေယာဉ်နဲ့ ခေါင်းမထူနိုင်အောင် ဗုံးကြဲပြီးမှ အရပ် ၈ မျက်နှာ လူလုံးပြရဲတာ။

မဟုတ်တာလုပ်ထားတာတွေ အကုန်ပေါ်ကြေးဆို လူသိမခံနိုင်တာ သူတို့ဘက်မှာချည့်ပဲ။ ပေါ်စမ်းပလေ့စေ။ စားရမဲ့သောက်ရမဲ့ ငတ်တလှည့်ပြတ်တလှည့်ကောင်တွေ အုပ်ကြီးတက်လုပ်ပြီး ၃ နှစ်လောက်နေရင် ကား ၆ စီး၊ ဆိုင်ကယ် ၂၄ စီး၊ တသောင်းတန် ဆာလာအိပ် ၅ လုံး အိမ်မှာဖမ်းမိတဲ့အကြောင်း၊ ဗိုလ်မှုးတစ်ယောက် အရပ်ဝတ်နဲ့ဖမ်းမိရင် ကားပေါ်မှာ ဆေးပြားဘီလီယံနဲ့ချီ၊ ပိုက်ဆံသိန်းပေါင်း သောင်းနဲ့ချီပါလာတဲ့အကြောင်း။ လုပ်လိုက်စမ်းပါ။ ဖွင့်ချလိုက်စမ်းပါ။ ကမ္ဘာကပဲ သိသိ၊ တရုတ်ကပဲ သိသိ။ ညောင်မြစ် နဲ့ ပုတ်သင်ဥ၊ ဘယ်သင်းကများတယ် ထင်လို့လဲ။ ဗိုလ်ချုပ်တွေအိမ်က HD ထွက်ရင် မမဟုန်လောက်က ပျင်းတောင်ပျင်းသေးတယ်။ ထောက်လှမ်းရေးမှတ်တမ်းတွေ leak ဖြစ်လာရင် စိုးမြတ်သူဇာတို့၊ နဝရတ်တို့သာ တည့်တည့်တစ်ပုံ၊ ဘေးတိုက်တစ်ပုံနဲ့ လိုင်းပေါ်ရောက်လာတာ။ အလိမ်ပေါ်မှာကို လိမ်တဲ့သူက အကြောက်ဆုံးပဲ။ တို့ကတော့ မကြောက်ဘူး။ ဝင်ကြည့်။ ကြိုက်သလောက်ကြည့်။ ဝါသနာပါလို့ ရေချိုးခန်းထဲ ကြည့်ချင်သပဆိုလည်း ကြည့်လို့ရတယ်။ သူများနည်းတူပဲ။ ထူးနေတာ ပြူးနေတာ ဘာမှ မရှိ။ ဘယ်လိုကြည့်ကြည့်။ တော်လှန်သူ ဆရာဝန် ချောချောလေးကိုပဲ တွေ့ရမှာ။ ကြာကြာကြည့်လေ ကြည်ညိုလေ ဖြစ်သွားရင်တော့ မတတ်နိုင်ဘူး။

ဗဟိုဘဏ်မှာတောင် Export / import လုပ်စရာ ဒေါ်လာမရှိပဲ အေးရှားဝေါဆိပ်ကမ်းကနေ ဒေါ်လာတွေ ကွန်တိန်နာအပြည့် သယ်ထုတ်သွားတဲ့နိုင်ငံကို အမေရိကန်အစိုးရက ဘယ်နှစ်ရာခိုင်နှုန်းတိုးကောက်ကောက် ဘာမှဖြစ်စရာ မရှိဘူး။ ပန်ဆယ်လိုရောင်းတဲ့ ပုန်းရည်ကြီးထုပ်ပေါ်မှာ အခွန်တွေ မတရား စည်းကြပ်လို့ သူတို့လည်း ချမ်းသာမသွားဘူး။ ကိုယ်တွေလည်း ဆင်းရဲမသွားဘူး။ ကုန်သွယ်ရေးစစ်ပွဲဆိုတာ တရုတ်ကလုပ်လုပ်၊ အမေရိကန်ကလုပ်လုပ်။ ဘာကုန်မှသွယ်မနေလို့ အေးဆေးပဲ။ သွားတိုက်ဆေး ဝယ်မရရင် ဆားနဲ့တိုက်မယ်။ ဖွဲပြာနဲ့တိုက်မယ်။ ပါရာစီတမော ရောင်းမယ့်သူမရှိရင် ကွမ်းရွက်ပုံသောက်ပြီး ချွေးထုတ်မယ်။ စီးပွါးရေးပိတ်ဆို့တာ တို့မမှုပါ။ ဖုန်းအားသွင်းကြိုးတောင် ပေးမသယ်ပါဘူးဆိုတဲ့ တရုတ်နယ်စပ်ကနေ ဝင်လို့ စတားလင့်ဝိုင်ဖိုင်တွေ တနိုင်ငံလုံး သုံးလို့ရနေတာဗျ။ UWSA က လက်နက်မရောင်းတော့ဘူးဆိုလို့ အညာသားတွေ လောက်လေးခွနဲ့ စစ်တိုက်နေရမယ် ထင်လို့လား။ မင်းကြီးတာတွေ မလုံပဲ ပဲကြီးဟင်း လာစားနေတယ်။

တရုတ်အစိုးရက ကိုယ်တို့တိုင်းပြည်အပေါ် စိုးမိုးစွက်ဖက်တာ နဲ့ ကိုယ်တို့မြန်မာပြည်သူတွေက တရုတ်ဩဇာကို ဆန့်ကျင်တွန်းလှန်တာနဲ့။ စိန်ခေါ်မှု ၂ ရပ် ထိပ်တိုက်ရင်ဆိုင်တွေ့တယ် ဆိုပါစို့။ ဘယ်သူ့ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက် က မဖြစ်နိုင်ဘူးလဲ။ တွေးကြည့်ကြရအောင်။ ကောင်းပြီ။ အခု တရုတ်အားကိုးနဲ့ ထိုးစစ်ဆင်နေတာ တနိုင်ငံလုံး သေလိုက်တာမှ သောက်သောက်လဲ။ ဒါဆိုရင် ရွေးကောက်ပွဲက လုပ်လို့ရမှာ သေချာပြီလား။ ရွေးကောက်ပွဲ လုပ်ဖြစ်သွားရင်ကော။ တိုင်းပြည်ကြီးက ငြိမ်းချမ်းသွားမှာလား။ အဲ့ချိန်ကျရင်လည်း ခိုင်သင်းကြည်ကိုပဲ ပြန်လာမေးခိုင်းမယ်။ “အကိုကြီး တော်လှန်ရေးကြီးက ပြီးသွားပြီလား ဟင်။” လို့။ မြန်မာပြည် မှာ မြန်မာစစ်တပ်ကပဲ အာဏာဆက်ရနေရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွါးတွေက တိုးတက်ပွါးများလာမှာလား။ သူတို့ကတိတွေကို ယုံတယ်ပေါ့။ ဟလား။ သူလည်း သူဉာဏ်မီသလောက် တွက်ချက်စဉ်းစားပစေ။ ကိုယ်လည်း ကိုယ်ဉာဏ်မီသလောက် တွက်ချက်စဉ်းစား လုပ်ကိုင်နေတယ်။ ဘယ်သူ့ဘက်က အဖြေက မှန်မလဲ။ ကိုယ့်ဦးနှောက်နဲ့ကိုယ် သုံးသပ်ကြည့်ကြပေါ့။ သက်သက်ခိုင်၊ ကိုကိုကြီး၊ စန္ဒာမင်းတို့လို စကမကို သက်လုံးပုံ ယုံတယ်ဆိုလည်း ပြီးတာပါပဲ။ ယုံတဲ့သူ ရှိမှ လိမ်လည်မှုက ပြီးမြောက်တာ။

ငြိမ်းချမ်းရေးဆိုတာ ဓါး နဲ့ ဆား နဲ့ လဲသလို အလိမ်အလိမ်ချင်း ဂျင်းထည့်လို့ရှိရင် ဘယ်သူကမှ အစစ်အမှန် မရပါဘူး။ လိမ်လည်လှည့်ဖြားသူနဲ့ ဆွေးနွေးညှိနှိုင်းခြင်းဟာလည်း လေကုန်ရုံသက်သက်ထက် မပိုဘူး။ ကမ္ဘာကြီးနဲ့ စစ်တိုက်ချင်ရင် နင် ဉာဏ်နည်းလွန်းလို့ မဖြစ်ဘူး ထင်တယ်နော်။ ငါတို့အမေ ပြောတဲ့စကားက အမှန်တရားပေမယ့် နားခါးတယ်။ “မြစ်ဆုံယူပါ။ ကျောက်ဖြူယူပါ။ လိုရင် အကုန်လုံး ယူ။” ဆိုတဲ့ ကြင်စိုးစကားကျ မုသားပေမယ့် နားဝင်ချိုတယ်။ လူဆိုတာ ကိုယ်ကြားချင်တဲ့စကား ကိုယ်ရွေးယုံကြတာပဲလေ။ “ဒီလူ နဲ့ ဒီလူ။ ဘယ်သူ့ကို ယုံကြည်ရမှန်း မခွဲခြားနိုင်ခဲ့လို့ တရုတ်ပြည်က တစ်ပါတီအာဏာရှင်စံနစ်ကြီး ပြိုကွဲရဖို့ အကြောင်းဖန်လာရတယ်။” လို့ မြန်မာဆရာဝန်လေးတစ်ဦး ပြောခဲ့ဖူးတဲ့အကြောင်း မှတ်ထားလိုက်ပါဦးနော်။