မနေ့က တနေကုန် နေပူနေလို့ မိုးကုန်သွားပြီ ထင်နေတာ။ မနက်စောစော အရုဏ်မတက်ခင် တဝုန်းဝုန်းသည်းလာတော့မှ မိုးကောင်းတုန်း ရွာထားပေါ့ကွာ လို့ အောင့်မေ့မိတယ်။ မိုးကုန်အောင် စောင့်နေရတဲ့ အလုပ်တချို့ ရှိတာကိုး။ စစ်ပွဲအခြေအနေတွေကလည်း မိုးကောင်းတုန်းပါပဲ။ လေယာဉ်မလာတဲ့နေ့ ဆိုတာ မရှိ။ လက်နက်ကြီး မကျတဲ့ရက် ဆိုတာလည်း မရှိ။ အဲ့ဒီကိစ္စတွေကို နေပူမိုးရွာသလောက်ပဲ သဘောထား နေထိုင် ကြတော့တယ်။ ရွာမှာလည်း မူကြိုနဲ့ လူအိုပဲ ကျန်တော့တာပါ။ သန်သန်မာမာ သန်သန်စွမ်းစွမ်းဆို လူပါမသွားတောင် ပိုက်ဆံကနင့်နေအောင် ပေးပြီး ပြန်ရွေးရတာမို့ ကိုယ့်ဘေးကိုယ် ကြည့်ရှောင်နေကြရပြီ။ မတတ်နိုင်ဘူးလေ။ ဒါလည်း သူ့ရပ်သူ့ရွာ သူ့အခါနဲ့ new normal life style ဖြစ်နေပြီ။ နှစ်ရှည်လများ ရင်ဆိုင်တွန်းလှန်ရတဲ့ challenge တွေဆို ဒီလိုပဲ အသားကျအောင် adapt လုပ်ယူနိုင်ရတာ သတ္တဝါတို့ရဲ့ အရည်အချင်းပဲ မဟုတ်လား။ အရင်ကတည်းက ပြောဖူးပါတယ်။ ရောက်ရာဘဝမှာ S ထာကျဖို့ပဲ အရေးကြီးပါတယ် လို့။
Loki တစ်ကောင်ကတော့ မြူးတူးခုန်ပေါက်နေတာပဲ။ မနေ့က သူ့မျက်နှာကို ပျားတုပ်သွားလား ကင်းကိုက်သွားလားမသိ။ ဖူးယောင်ဖောင်းကားနေတယ်။ အရင်ကထက်တော့ ပိုလိမ်မာလာတယ်။ ထားခဲ့ရင် နေတယ်။ လိုက်ခဲ့ ဆို ကားပေါ် ခုန်တက်တယ်။ လူမြင်ရင် အနားကမခွါဘူး။ ထမင်းစားနေရင် ပေါင်ပေါ်မှာ မေးလေးလာတင်တယ်။ ဒီနေ့မနက်နိုးတော့ ဆိုဖီတစ်ကောင် ဘယ်ပျောက် သွားလဲ မသိဘူး။ နေရာအသစ်ပေမယ့် သူက ဟိုသွားဒီသွား လုပ်လေ့မရှိဘူး။ လူအနားမှာပဲ နေတာ။ ညသန်းခေါင်ကျော် ဟောင်သံကြားပေမယ့် ထမကြည့်လိုက်မိ။ ပတ်ပတ်လည်မှာလည်း တောချည့်ပဲ ရှိတာ။ လိုက်ရှာကြည့်ပေမယ့် မတွေ့ဘူး။ နေ့လည်လောက်ကျမှ ချောင်းတဘက်ကမ်း အဝေးကြီးမှာ ပြန်ရှာတွေ့တယ်။ ညတုန်းက မိုးရေတွေနဲ့ ချောင်းထဲမျောပါသွားတာ ထင်ပါရဲ့။ မိုးရွာရင် ချောင်းရေတက်တာ တအားမြန်တယ်လေ။ Loki က သူကျတော့ လိုက်မရှာဘူး။ ကိုယ်တွေလိုက်ရှာပေးမှ ယောက်ယက်ကိုခပ်နေတာပဲ။ သူလည်း ကိုယ်တို့နဲ့အတူတူ မော်တော်နေ ရေထဲ အစားမျိုးပါလေ။ ရန်သူတွေသာဝိုင်းနေချိန်ပေမယ့် ရင်မှာဒဏ်ရာတွေသာ အတွင်းကြိတ်ကြေကွဲ ဖြစ်မနေဘူး။ ကိုယ့်လူနဲ့ကိုယ်၊ ကိုယ့်ခွေးနဲ့ကိုယ် သာသာယာယာပါပဲ။
လုံးတုံဂိတ်၊ နန့်မွန်းဂိတ်ကလူတွေကတော့ ဒီဘက်ကို ဘာကား၊ ဘာဆိုင်ကယ်မှ မဖြတ်ရအောင် ပိတ်ဆို့စစ်ဆေးနေပြီး မဖြစ်မနေ ပေးဖြတ်ရတဲ့ ဘုန်းကြီးကား၊ နာရေးကားများတောင် “ဆေးဖာတော့ လုံးဝ မသယ်ရဘူး။” ဆို အကုန်လုံးဖောက်စစ်သတဲ့။ ထီလှည်းလေးများ ပေးဖြတ်ရင် ဖြူဖြူကျော်သိန်း တစ်ပိုဒ်လောက် သွားဖွင့်ချင်လိုက်တာ။ “ရန်သူကြီးတစ်ယောက်လို့ ထင်နေပြီလား။ အမုန်းလက်နက်တွေ ကိုင်စွဲထား။” အလည်လာသူ အဘဗျူဟာမှူးကြီးအတွက် အမည်မဖော်လိုသူ ဆရာဝန်လေးတစ်ဦးမှ ပေါ့။ အဟိ။
စကမတွေဟာ နေရာအတိအကျ အချိန်အတိအကျနဲ့ ဗုံးကြဲနိုင်ဖို့ ဝေဟင်နဲ့အတူ မြေပြင်မှာပါ ထောက်လှမ်းရေးတပ်တွေအားကိုးနဲ့ ထိုးဖောက်လှုပ်ရှားနေတာ သေချာပါတယ်။ ကိုယ်တို့ back up ထားတဲ့ တောတွင်းဆေးရုံကို ၂ ရက်နဲ့ လိုက်ဗုံးကြဲနိုင်တယ်။ PDF သင်တန်းကျောင်းတွေကို နေရာအတိအကျ လိုက်ဗုံးကြဲတာ ခဏခဏပဲ။ မိုးညှင်းမှာ ၄၀ ကျော် သေတယ်။ အခု ရွှေကူမှာ ၂၀ လောက် ကျပြန်တယ်။ ကျန်တဲ့သင်တန်းကျောင်းတွေလည်း မသေတာပဲ ရှိတယ်။ လာတော့ကြဲသွားသေးတာပဲ။ စစ်သတင်းထောက်လှမ်းရေးကို တော်တော်အားပြုထားပုံပေါ်ပါတယ်။ Express ကားဂိတ်တွေတိုင်းရဲ့ ပစ္စည်းလက်ခံကောင်တာမှာ ထောက်လှမ်းရေးတွေ ထည့်ထားတယ်။ ကယ်ရီကားသမားတိုင်းကို သတင်းပေးဖြစ်အောင် မွေးထားတယ်။ အဲ့ဒီကားတွေနဲ့ လူနာလာပို့တဲ့အခါ ဆေးရုံနေရာက လွဲစရာကို မရှိတော့ဘူး။ အခု သူတို့ ကားသမားတွေကို လိုက်လိုက်မေးနေတာက “ဆေးရုံဆောက်နေတယ်ဆို။ ဘယ်နေရာမှာလဲ။ မပြီးသေးဘူးလား။” ဆိုတာပါ။ ရှိလောက်မယ် ထင်တဲ့နေရာတွေကို ဟိုဟိုသည်သည် မှန်းပြီး ကြဲတာလည်း ရှိတယ်။ မြေပြင်က စစ်ကြောင်းထိုးလာတာကို သတင်းရနိုင်ပေမယ့် လေယာဉ်နဲ့ ထောက်လှမ်းရေး ပေါင်းတိုက်တာကို မကာကွယ်နိုင်သေးဘူး။ ဆေးရုံပြန်ဖွင့်ရင် အရပ်သားတွေကို လက်ခံကုလို့ စိတ်ချရပါ့မလား ဆိုတာကို ကိုယ့်ဘက်က အတိုက်အခံလုပ်ပြီး မရမက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအရပ်သားတွေ ကိုယ်တိုင်က သူတို့ရွာမှာ ဆေးရုံလာဖွင့်မှာ ကြောက်ပါတယ် ဆိုတော့ “ဒါဆိုလည်း မလာတော့ဘူး။” လို့ပဲ ပြောရတယ်။ သူတို့အတွက် ဆေးရုံမလိုဘူး။ မန္တလေး၊ မြစ်ကြီးနား အချိန်မရွေးသွားကုလို့ ရတယ် တွက်ချင်တွက်မှာပေါ့။ ရွှေတွေကျောက်တွေတောင် ခက်ခက်ခဲခဲ တူးယူကျင်ယူ နေရတဲ့အရပ်မှာ တောထဲတောင်ထဲ အလကားလာပေးတဲ့ဆာဂျင်ကို မလိုချင်လည်း ရှိပါစေတော့။ သူတို့ပိုက်ဆံမပေးရပေမယ့် ကိုယ်တွေက အသက်နဲ့ရင်းကုရတာ။ မတန်ဘူး။
တကယ်တော့ ရန်သူကို သတင်းပေးတဲ့သူပဲဖြစ်ဖြစ်၊ ရွာနားမှာ ဆေးလာမကုစေချင်သူပဲဖြစ်ဖြစ်၊ ကိုယ့်အတွက်ကလွဲရင် အများဆိုတာကို ထည့်မစဉ်းစားတဲ့သူတွေချည့်ပါပဲ။ အရင်ဆေးရုံမှာလည်း လေယာဉ်တွေလာလို့ ပြေးသခိုက် သူ့ခြံထဲ ခွဲလူနာခဏထားတာကို ခါးခါးသည်းသည်း ငြင်းပြီး “သင်္ချိုင်းကုန်းမှာ သွားခွဲပါလား။” ပြောတဲ့သူနဲ့ ကြုံဖူးတာပဲ။ စုန်းပြူးဆိုတာ ဘယ်နေရာမှာမဆို ရှိတယ်။ တစ်ယောက်မကောင်းတာနဲ့ အများကို သိမ်းကြုံးပြောလို့ မရဘူးပေါ့။ ဒါပေမယ့် တစ်စေ့တည်းပဲ ရှိရှိ၊ အဲ့ဒီစုန်းပြူးက ကိုယ့်အသက်ကိုရန်ရှာမယ့်သူဆို ဘယ်လိုလုပ်မလဲ။ ကိုယ့်မှာလည်း သည်တစ်သက်ပဲပါတာ။ အခါခါလုပ်ကြံလည်း မသေသေးလို့ရယ်။ ဒလန်ဆိုတာက တစ်ယောက်တည်း ရှိလည်း ကိုယ့်အတွင်းထဲရောက်လာရင် စည်းပေါက်တယ်။ ဒလန်မကင်းရင် ရန်မရှင်းဘူး။ ကိုယ့်ဆေးရုံကလူတွေကို ပါကျောင်လို စစ်ကြောရေး မဝင်လိုတဲ့အတွက် အစကတည်းက လုံခြုံရေးသတိ အမြဲရှိမှ ရမယ်။ ကိုယ်မမြင်နိုင်တဲ့ စုန်းပြူးတွေက ဘယ်လောက်ရှိမှန်းမှ မသိတာ။
ဒေါသထွက်တယ်၊ စိတ်ဆိုးတယ်တော့ မရှိပါဘူး။ လူဆိုတာ ဒီလိုပဲ ရှိတတ်ပါတယ်။ တောထဲမှာ ရွှေနောက်ငွေနောက် တကောက်ကောက်လိုက်နေတဲ့သူတွေက အတွေးအခေါ်တွေ၊ အသိဉာဏ်တွေ ဘယ်လိုပြည့်ဝနိုင်မှာလဲ။ လူလည်ကျရင်သာကျမယ်။ ရေရှည်ကို ဘယ်သူမှ မစဉ်းစားဘူး။ အဲ့ဒီတော့လည်း “အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ မောဟတွေထဲ တိမ်တွေက လှလိုက်တာကွယ်။ ကိုယ့်မှာ တရားနဲ့ ဖြေရတယ်။” ပေါ့။ (သာသနာတဝက်ကြီးရေးတာပါနော်။ ခွက်ဒစ်မပေးဘူး ဖြစ်မှာစိုးလို့) တရားတွေလည်း ကျရပါတယ်။ တရားတွေလည်း ရရပါတယ်။ ဤသို့လည်း ဖြစ်တတ်ချေ၏ လို့သာ မှတ်ပါတော့။ တနေ့တနေ့ စိတ်ညစ်စရာ လူတွေကြားထဲမှာနေ၊ စိတ်ညစ်စရာ လူတွေနဲ့ အလုပ်လုပ်နေရပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မညစ်အောင်နေရတာ လွယ်တာမှတ်လို့။ တရားလေးနဲ့ ဖြေဖြေပြီး နေနေလို့သာ။
ဖားကန့်မှာတော့ ဒီရက်ပိုင်း နောက်ထပ် စစ်ရေးလှုပ်ရှားမှု မရှိသေးဘူး။ ဆန်းကြွယ်ကုန်းသိမ်းတုန်းက မသာတွေ ဖုတ်ကျဉ်းသင်္ဂြိုလ်နေတုန်းမို့လို့။ အတိအကျ မသိဘူး။ တော်တော် များတယ် လို့ပဲ ပြောတယ်။ နောက် ၂ ရက်လောက်နေရင် ဆိုင်းတောင်ကို ဆက်ဝင်မယ် ထင်တယ်။ ဆန်းကြွယ်မှာ ဘာမှ မရှိတော့ဘူး။ မှော်ရှန်မှာ တပ်တွေရှိမယ်အထင်နဲ့ ကျော်ကျော်ပစ်နေတယ်။ မရှီကထောင်ကို ဗုံးလာကြဲသွားတယ်။ အရပ်သားတွေပဲ ထိတာပါပဲ။ ဒါတွေက သတင်းတောင် မဖြစ်တော့ဘူး။ ကချင်ပြည်နယ်မှာ သိသာတဲ့စစ်ရေးအရွေ့ကတော့ အရှေ့ဘက် တရုတ်နယ်စပ်ဆီက ဆခုံတိန့်ယိမ်း နဲ့ လားဟူပြည်သူ့စစ်တွေ ပြန်လည်ဇောင်းကြွလာခြင်းပါပဲ။ မြေရှားတွေ သူများဆီပါသွားမှာစိုးလို့ တရုတ်ကြီးဝင်ညှော်ပြန်ပြီ ထင်ပါတယ်။ ဂါဇာမှာတောင် အပစ်အခတ်ရပ်ဖို့ အဆိုတင်မရဘူး။ ငါတို့တိုင်းပြည်ကို အပစ်ရပ်ခိုင်းဖို့ မစဉ်းစားနဲ့။ သူ့မှာလည်း ရန်သူမရှိတာကျနေတာပဲ။
မဟုတ်ကဟုတ်က သတင်းတွေ ဖွတဲ့နေရာမှာတော့ မင်းအောင်လှိုင်ရဲ့ ဆရာပါလေ။ ခရီးသွားလမ်းညွှန် Vlog တစ်ခုက အားရပါးရ ကြော်ငြာနေတယ်။ အံ့ဩမင်သက်ဖွယ်ရာ သဘာဝအလှ ရှုခင်းများနဲ့ တရုတ်နိုင်ငံရဲ့ မွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို သွားရအောင်တဲ့။ တကယ်ပဲ အံ့ဩမင်သက်မိပါတယ်။ ကမ္ဘာ့မြေပုံ မကြည့်တတ်ဘူးလား ဟင်။ မွန်ဂိုးလီးယားသွားဖို့ တရုတ်သံရုံးမှာ ဗီဇာလျှောက်ရမှာလား ပြော။ ရုပ်ချောချောဆရာဝန်လေး ပရိုဖိုင်းပုံသုံးပြီး လက်ပတ်နာရီရောင်းတဲ့အကောင့်က ရှိသေး။ ငါ့နှယ်။ နံမည်ရော၊ ဓါတ်ပုံရော ယူသုံးတာတောင် ကြော်ငြာခလည်းမရ။ တကမ္ဘာလုံးပတ်လိမ်နေတဲ့ ကျားဖျန့်ဆိုတာ မိတ်အင်ချိုင်းနား မဟုတ်လို့ မိတ်အမေရီးကား ဂဒိတ်အဂိန်းမို့လား။ နောက်ဆို အဲ့လို ဗြောင်လိမ်ဗြောင်စား အလုပ်တွေဆို သူတို့ကိုပဲ မူပိုင်ခွင့် ပေးလိုက်တော့မယ်။
ဟိုအကောင်ကြီးက ကမ္ဘာကြီးကို အခွန်စစ်ပွဲနဲ့ ထိုးနှက်စစ်တိုက်နေသလိုပဲ ဒီအကောင်ကြီးကလည်း တကမ္ဘာလုံးကို ဒေတာထောက်လှမ်းရေးစံနစ်နဲ့ မျက်ခြေမပြတ် ထောက်လှမ်းနေသတဲ့။ မစ္စတာပရက်ဆီးဒန့်ရေ။ ခများအကောင့်တွေ ခိုင်ပါတယ်နော်။ ကိစ္စမရှိပါဘူး။ မထော်မနန်းတွေပြောမိသွားရင် “အကောင့်ဟက်ခံရတာပါ။” လုပ်လို့ရတာပေါ့။ မယုံမှာတော့ မပူပါနဲ့။ အကောင့်မဟက်လည်း အဲ့လိုပေါက်ပန်းဈေးတွေ ပြောနေကျပဲဟာ။ ကိုယ်တို့ မြန်မာတပြည်လုံးက ဒေတာတွေကတော့ တရုတ်လက်ထဲ ရောက်နေပတဲ့။ ဒီတိုင်းဆို ကြင်နာသူနဲ့ ကိုယ်နဲ့ကြားမှာ password တွေ၊ two factors authentication တွေ လုပ်ထားရတော့မယ် ထင်ပါရဲ့။ “မနက် ၄၊ ည ၂၊ ထမင်းစားပြီး ၁ “ ဆိုတာ ဆေးမှန်မှန်သောက်ဖို့ သတိပေးတာဆိုတဲ့အကြောင်း။ နို့မို့ရင် နျူးဖိထဲမှာ အညာမောင်တို့ အမေထွားတို့ချည့် ကြော်ငြာဝင်နေမှာ။
ပရမ်းပတာတွေက နေရာတိုင်းမှာ ရှိနေတာပါလေ။ ကိုယ့်ဆီမှာမှ မဟုတ်ပါဘူး။ နန့်မွန်း၊ လုံးတုံပိတ်ထားပေမယ့် ကိုယ့်ဆီမှာ ဂါဇာလိုတော့ ငတ်နေတာ မဟုတ်။ လေယာဉ်နဲ့ နေ့တိုင်း ဗုံးကြဲပေမယ့် ထောင်သောင်းချီတဲ့ ဒုံးကျည်တွေ ပစ်ခံနေရတာ မဟုတ်။ တနိုင်ငံလုံး စစ်ပွဲတွေဖြစ်နေပေမယ့် JCGV မှာ ရဲကားရုံတင်ကောင်းတုန်း ရှိသေးတယ်။ ပါတီပျက်လို့ နှုတ်သီး ဖြတ်အရိုက်ခံရသလို ခံစားရတဲ့ ချိမလည်း ရွေး/ကော်ကြီးကို စိတ်မနာပဲ NLD ကို ဆက်လက်ဖောင်းထုနေဆဲပါပဲ။ အဲ့လို အဆီအငေါ် အစပ်အဟပ် မတည့်တာလေးတွေကိုက ပျော်စရာကောင်းနေတာ။ မပျင်းရဘူးလေ။ လုပ်ချင်ရာတွေလုပ်၊ ဖြစ်ချင်တိုင်းတွေဖြစ်။ ဒီလိုနဲ့ပဲ ၉ လပိုင်းက ကုန်ပြန်ဦးတော့မယ်။ “အကိုကြီး။ တော်လှန်ရေးကြီးက ပြီးသွားပြီလား ဟင်။” လို့ ခိုင်သင်းကြည် အသံလေးနဲ့ မေးလာရင်တော့ “မြင်းခြံမှာ သီတာယုမွန် နေကောင်းလား ညီမလေး။” လို့ ပြန်မေးရပါမယ်။ သူတောင်မှ ကျန်းမာချမ်းသာစွာဖြင့် ကျေးရွာများကို မီးရှို့လျက် ရှိပါကြောင်း ဆိုရင်တော့ အရီးဒေါ်ပုံက ငံပြာရည် မရသေးဘူး ထင်ပါရဲ့ မခိုင်လေးရယ်။ ဖြစ်တော့ဖြစ်လာမှာပါ။ ဒါပေမယ့် စောင့်ဦး။