စစ်ရက်ရှည်ရှည် ဖားကန့်မြေ

Loki တို့ ၂ ကောင် အိမ်ပြန်ခေါ်လာခဲ့ပြီ။ သူတို့လည်း မြူးတူးခုန်ပေါက််လို့ ပျော်နေတယ်။ ဆေးရုံက ကြောင်ကလေးတွေလည်း ပြန်ပြန်ခေါ်လာခဲ့တယ်။ သနားပါတယ်။ သူတို့လည်း ဒုက္ခရောက်ကြတယ်လေ။ လူတွေလည်း ဒုက္ခရောက်ကြတာပါပဲ။ ဆေးရုံက မရှိ။ ဆေးတွေက ဝယ်မရနဲ့။ ရွာထဲက အဲမိတို့အမေတောင် လယ်ထဲသွားရင်း ညောင်ပင်အောက် ကိုယ့်ဘာသာ ကလေးမွေးခဲ့ရသတဲ့။ ဆေးရုံက ဆေးသွားသွားသွင်းပေးနေတဲ့ တောင်ခြေကျောင်းက ဘုန်းဘုန်းကြီးလည်း ပျံလွန်တော်မူသွားပြီ။ သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွါးကို ဖျက်စီးတဲ့စစ်သားတွေအဖို့ ဘုန်းကြီးသက်ရှည်စရာအကြောင်း မရှိပါဘူး။ သူတို့စစ်တပ်ထဲက အကြီးဆုံးအကောင် ၆ ကောင်ကို ဘောင်းဘီချွတ်ပြီး နေရာယူခိုင်းလိုက်တဲ့အတွက် ဒီဘက်ကလူတွေ ကျည်မကုန်ပဲ ရန်သူအင်အား လျှော့လိုက်နိုင်ပါတယ်။ နေရာလု၊ စားခွက်လုရင်း အချင်းချင်းကိုက်ကြရင် ဒီ့ထက်တောင် ပိုဦးမယ်။ ဟိုဘက်ရောက်ရင်လည်း ခင်ရီ နဲ့ ကိုက်ကြဦးမှာမှလား။ ရွေးကောက်ပွဲကဖြင့် ဆောက်ဖြစ်မှ ကျောင်းဒကာ။ တပ်ချုပ်တွေ တပ်ပြုတ်တွေမှာတော့ ကျောင်းထိုင်လုပ်ဖို့ နပန်းသတ်နေကြပြီ။ ကိုယ့်ရှူးကိုယ်ပတ်နေကြတာ။

သူတို့ဘက်ကတော့ လူမကျန်ရင်နေပစေ။ မြေသိမ်းပြီး မဲရုံဆောက် အရွေးခံမယ့်သဘောရှိပါတယ်။ ပြည်သူက ရွေးမှာမဟုတ်ဘူးလေ။ မင်းအောင်လှိုင်က ရွေးထားပြီးသား။ လူထု လက်ခံခြင်း၊ လက်မခံခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတွေကို လုံးဝထည့်မစဉ်းစားဘူး။ တရုတ်ကပြောတယ်။ ဒီဟာကို ဖြစ်အောင်လုပ်ပေးရမယ် ဆိုလို့ အရပ်သားရော၊ စစ်သားရော သေချင်သလောက်သေ။ အဖြေတစ်ခုထွက်လာရင် တရုတ်ကရော၊ ရုရှားကရော ထောက်ခံပေးဖို့ အသင့်ရှိတယ် လို့ တထစ်ချ ယုံကြည်ထားပြီးသား။ အခုလက်ရှိ အာဏာသိမ်းစစ်ကောင်စီတောင် legitimacy မရှိပဲ ၅ နှစ် အုပ်ချုပ်လာသေးတာ။ နောက်တက်မယ့်အစိုးရလည်း ဘယ်နိုင်ငံကမှ အသိအမှတ်ပြုစရာ မလိုဘူး။ လက်နက်ရှိတယ်။ တနိုင်ငံလုံးကို လေယာဉ်နဲ့ ဗုံးကြဲပြီး အုပ်ချုပ်ပြမယ်။ လက်မခံနိုင်တဲ့ကောင်တွေ အကုန်သတ်ပစ်။ တုပ်တုပ်မှ မလှုပ်ရဲတဲ့ကောင်တွေကို တံခါးပိတ်ပြီး မြောက်ကိုရီးယားလို အုပ်ချုပ်မှာပေါ့။ လွယ်လွယ်လေးရယ်။ ဘာဥပဒေမှ မလိုဘူး။ ဖြူဖြူကျော်သိန်း နားထောင်ရင် သေဒဏ်၊ ဟိုဆရာဝန်ရေးတဲ့စာတွေ ဖတ်ရင် သေဒဏ်။ အခုတောင် ချမ်းချမ်းရောင်းတဲ့ အလှကုန် ဝယ်ရင် တသက်တကျွန်းချထားသေးတာပဲဟာ။ စကတည်းက ဥပဒေမဲ့အာဏာသိမ်းထားတဲ့စစ်တပ်က အုပ်ချုပ်စရာ ဘာဥပဒေမှ မလိုဘူး။ သေနတ်ပဲလိုတယ်။ အဲ့ဒီသေနတ်နဲ့တင် တနိုင်ငံလုံး ငြိမ်ကျသွားတာ အစိုးရတဆက်စာ ရှိနေပြီ။ ခံတဲ့သူက ခံလို့ လုပ်လို့ရတာလေ။ လုပ်လို့ရတဲ့သူက လုပ်မှာပဲ။

သူတို့ဘက်က ပေးထားချက်ကတော့ ဒီအတိုင်း ရှိပါတယ်။ တစ်ပြားမှ မလျှော့နိုင်ပါဘူး။ အဲ့ဒီပေးထားချက်အပေါ် အခြေခံပြီး ဘယ်လိုအဖြေထုတ်မှာလဲ ဆိုတာက ကိုယ့်ဘက်က တုန့်ပြန်ရမှာပါ။ တစ်ကောင်အစားခံရပြီးတိုင်း ငြိမ်ငြိမ်သွားတဲ့ သိုးအုပ်ကြီးလိုနေရင် တစ်ကောင်မှ မကျန်တဲ့အထိ အစားခံရမှာပေါ့။ ခေါင်းငုံမခံနိုင်လို့ တုန့်ပြန်တော်လှန်နေတဲ့သူတွေ ရှိပေမယ့်လည်း အဲ့ဒီလူတွေရဲ့ အရေအတွက် အင်အားက threshold level တစ်ခုထိ ရောက်မလာရင် အားသာရာ အရာထင်မယ့် သဘောရှိပါတယ်။ ကိုယ်နဲ့အတူ တောထဲမှာ ဒုက္ခဆင်းရဲခံနေရတဲ့ ဆရာဝန်တွေဟာ အပြင်ရန်ရော အတွင်းရန်ပါ မကင်းရတဲ့ကြားထဲ ခံစားခွင့်အကျိုးအမြတ်ကလည်း ဘာမှ ရေရေရာရာ မရှိပါဘူး။ စကမဆီမှာ ခံဝန်ထိုးပြီး နန်းစိန်လုပ်တဲ့သူတွေကျ ဘွဲ့လွန်တွေ ပေါပေါလောလောအောင်၊ ရာထူးတွေတိုး၊ နိုင်ငံခြားတွေသွား။ Facebook တွေ Instagram တွေမှာ အင်္ဂလန်ရောက်အမှတ်တရ၊ စင်္ကာပူရောက် အမှတ်တရ၊ မေမေ့သားကြီး စွမ်းဆောင်နိုင်ခဲ့ပြီ၊ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တွေ လုပ်ပြကြတော့ မှန်ကြည့်တိုင်း ကိုယ့်နဖူးကိုယ် စောင်ရူးစာတမ်းကြီးနဲ့ တွဲတွဲမြင်မိတာပါပဲ။ ဒီလိုလူတွေများနေသ၍ ဒီအဖြေပဲ ထွက်ဦးမှာမှလား။ အကြောင်းရှိလို့ အကျိုးဖြစ်တာ။ ဟိုဘက်က ပေးထားချက်မှာ ဒီဘက်က ခံယူချက်၊ တုန့်ပြန်ချက် ဒီလောက်ပဲ ရှိတယ်ဆိုရင် ဒီအဖြေပဲ ရမယ်။ ရှင်းရှင်းလေးရယ်။

အခုလောလောဆယ် ဒီကနေ့အတွက် update သတင်းကတော့ ဖားကန့်မှာ ဘတပြန်ကျားတပြန် ထုပ်စည်းတိုးနေတဲ့ ဆန်းကြွယ်ကုန်းက စကမဘက်ကို ပါသွားပါပြီ။ ဒါဆိုရင် ဖားကန့်မြို့ထဲက ကုန်သလောက်ရှိသွားပြီ ဆိုတဲ့သဘောပါပဲ။ ယူမာမှာလည်း အရင် lucky man hotel မှာကတည်းက သူတို့ အကုန်မရှင်းပဲ မျိုးချန်ထားတဲ့ စကစတပ်သားတွေက အညှောင့်ပေါက်လာပြီး လက်နက်ကြီးတွေနဲ့ လှမ်းထုနေကြတာပါပဲ။ ဒီလိုနဲ့ပဲ ဆိုင်းတောင်ကပါ စစ်ရှောင်ရတော့မယ့် အခြေအနေ ရောက်လာပါတယ်။ ဖားကန့်မြို့ပေါ်က ဆေးခန်းတွေပေါ်ကိုတောင် CDM ဆရာဝန်တွေ ရှိလား စစ်လားဆေးလား လုပ်လာပြီဆိုတော့ “ဒါ အဒူ့အယားလေးလဲ။” မေးစရာကို မလိုတော့ပါဘူး။ ဒီပုံအတိုင်းဆိုရင် ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း ဆိုတဲ့ ဆရာဝန်တွေအတွက် လွတ်မြောက်နယ်မြေ မြက်ခင်းစိမ်းစိမ်းကြီးဟာ ခွေးတအုပ်နဲ့ ယုန်လိုက်သလို အရှောင်အတိမ်း ဂျက်စီဂျိမ်း လုပ်ကြရမယ့် အနေအထားပေါ့။ ဒီကနေ့အတွက် စာရင်းချုပ်တာ ဒီအဖြေရလပ်ဆ်ုပေမယ့် မနက်ဖြန်ကျတော့ ဘာတွေ ပြောင်းလဲသွားမလဲ ဆက်ကြည့်သေးတာပေါ့။ ဖားကန့်ပါသွားရင် KIA ရဲ့ ငွေအရင်းအမြစ်တစ်ခု ဆုံးရှုံးသွားတာဖြစ်လို့ သူတို့လည်း လွယ်လွယ်ကူကူ အရှုံးပေးပြီး တောထဲပြန်နေလိမ့်မယ် မထင်ပါဘူး။ “ရတဲ့နည်းနဲ့ ပြန်တိုက်၊ မတိုက်နိုင်ရင် တောထဲပြန်။” လို့ ရာဇသံပေးတာနဲ့ အတူတူပဲလေ။

ဖားကန့်ဘက်ကို ပေါက်နေတဲ့စည်းဟာ ၂ ကြိမ်စလုံး ကာမိုင်းလမ်းကနေ ဝင်လာပါတယ်။ အင်းတော်ကြီး ဆယ်ဇင်းဘက်၊ ညောင်ပင်/ညောင်ထောက်ဘက်က စစ်ကြောင်းထိုးနေတာ တစ်နှစ်နီးပါးကြာလာတဲ့အထိ တိုးမပေါက်သေးပါဘူး။ မကာနိုင်လို့ပေါက်တာ မဟုတ်ပဲ တပ်ချိန်းမယ် လမ်းတောင်းပြီး ဝင်ဝင်လာတာမို့ မယုံကြည်စရာတွေ ရှိနေတာတော့ အမှန်ပါပဲ။ ဗန်းမော်ကို စစ်ရေးဗျူဟာပပပ အချက်အချာကျလို့ ကျားကုတ်ကျားခဲ တိုက်ယူနေသလို ဖားကန့်ကိုကျတော့လည်း စီးပွါးရေးအရ အဆုံးရှုံးမခံနိုင်လို့ အသက်နဲ့လဲ ကာကွယ်ရမှာပါပဲ။ ဝိုင်းမော် နဲ့ လမြန်ကျတော့လည်း မြေရှားသတ္တုထုတ်လုပ်ရေးရှိလို့ အပါမခံနိုင်ပါဘူး။ ဒါကြောင့်မို့ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေဟာ မထိတထိ မစို့မပို့၊ တိုက်သလိုလို မတိုက်သလိုလို လုပ်လို့မရတော့ဘူး ဆိုတာ အားလုံးသဘောပေါက်နိုင်ပါလိမ့်မယ်။ ဒါမှ သဘောမပေါက်ရင်လည်း တောထဲပြန်နေရုံ ရှိကြတာပ။

“တော်လှန်ရေးကြီးက ပြီးသွားပါပြီ။ ရွေးကောက်ပွဲပြီးတာနဲ့ စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းလဲပြီး အုပ်ချုပ်ကြတော့မှာ။” ဆိုတဲ့ သက္ကမိုးညို လော်ဘီလုပ်တဲ့အဖြေမျိုးကတော့ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။ နောက်ထပ် စစ်အစိုးရဆယ်ဆက်ပြောင်းလည်း ကိုယ်တို့ဘက်က လက်လျှော့မှာမှ မဟုတ်တာ။ ဆေးရုံပေါ် ဗုံးကျလို့တောင် ထွက်မပြေးတဲ့ဟာ။ ဒီနေ့ ဆန်းကြွယ် ပါသွား၊ မနက်ဖြန် ပြန်တိုက်လို့ ရတာပဲ။ အချိန်ကြာတာပဲ ရှိချင်ရှိမယ်။ နိုင်တာကတော့ ကိုယ်တို့နိုင်မှာ။ စိတ်ဓါတ်ချင်းက အပြတ်အသတ်ပဲ။ ဒီကောင်တွေဘက်က လေယာဉ်ဆီ နဲ့ ဒရုန်းနဲ့ မလိုက်နိုင်တဲ့တနေ့ ပွဲပြတ်ပြီ။ နောက်ကွယ်က တရုတ်ကြီးရဲ့ လက်တံခြေတံတွေကလည်း အကန့်အသတ် ရှိလာပြီ။ ပိုလန်က ဘယ်လာရုစ် နယ်စပ်ကို ပိတ်ချလိုက်လို့ တရုတ်ကုန်ပစ္စည်းတွေ ဥရောပကို ပို့ဖို့ လမ်းကြောင်းပိတ်သွားပြီ။ အမေရိကန်လေယာဉ်တွေက ဘင်္ဂလားကို ဝင်ချည်ထွက်ချည်။ အိန္ဒိယကလည်း “မြေရှားရှိတယ်ဆို။ ပြစမ်းပါဦး။” လုပ်လာပြီ။ အပြောင်းအလဲဆိုတာ ဘာမဆို ဖြစ်နိုင်ပါတယ်။

နောက်ရက်တွေမှာ ဖြစ်လာနိုင်တဲ့ အခြေအနေကတော့ ၂ မျိုးရှိတာပေါ့။ ပါသွားတဲ့နေရာတွေ ကို ပြန်သိမ်းနိုင်မလား။ ဒါမှ မဟုတ်လည်း ဟိုဘက်က သူတို့လိုချင်တဲ့ရွာတွေကို ဆက်သိမ်းမလား ဆိုတာပါ။ စစ်ပွဲတွေဟာ ဆိုင်းတောင်၊ ဝှေခါ၊ တာမခန်၊ ဆယ်ဇင်းဘက်အထိ ဦးတည်လာနိုင်တဲ့ သဘောပါပဲ။ ပုံမှန်သွားလာနေကျ ကားလမ်း၊ ဆိုင်ကယ်လမ်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားပြီး ကွင်းလမ်းတောလမ်းတွေကိုတော့ ဒေသခံတွေ လမ်းပြခေါ်ပြီး တောနင်းလာတာတွေ ရှိပါတယ်။ စစ်ကြောင်းထိုးဖို့ လမ်းမသာပေမယ့်လည်း လေယာဉ်နဲ့ အသည်းအသန် ဗုံးကြဲပြီး ဝင်လာဖို့တော့ ရှိပါတယ်။ အခုစာရေးနေတဲ့ ညသန်းခေါင်ကျော်ကြီးတောင် ဆိုင်းတောင်ကို ဗုံးလာကြဲသွားပြီလေ။ တနေ့လုံးလည်း လက်နက်ကြီးနဲ့ ပစ်နေတာ။ အဲ့ဒီမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေကို ဘယ်သူထိရဲမလဲပဲ စောင့်ကြည့်စရာ လိုတော့တယ်။ စစ်ပွဲရန်ကြောင့် တရုတ်တွေပြန်သွားရင် ကိုယ့်ဆီက အစုစပ်ကျောက်တူးတဲ့သူတွေ မျိုးမျိုးမြက်မြက် ရနိုင်တာပေါ့။ ဒါကြောင့် ပေပြီးဆက်နေမယ့်သူတွေလည်း ရှိပါလိမ့်မယ်။ ရေမဆေးကောက်တဲ့ လူငယ်လူရွယ် တွေကတော့ မရှောင်ရင် စုဆောင်းရေးထဲပါရတော့မှာ။ လူအိုတွေတောင် ဓါးစာခံလုပ်ပြီး မိုင်းရှင်းခိုင်းတဲ့ဥစ္စာ။

ကိုယ်တို့အတွက်ကတော့ စိတ်ပူစရာ မရှိပါဘူး။ ဘေးကင်းရန်ကွာ၊ သာသာယာယာပါပဲ။ ကိုယ့်ဆီက အငယ်တွေလည်း စစ်မက်ကင်းမဲ့ဇုံကို ရောက်ကုန်ကြပြီ။ ခွေး ၂ ကောင်၊ ကြောင်တအုပ်နဲ့ အလုပ်တွေဆက်လုပ်နေတုန်းပဲ။ ရှေ့တန်းက ခဏပြန်လာတဲ့ အမော်က ဟင်းချက်စရာတွေ ဝယ်လာပြီး ချက်ပြုတ်ကျွေးမွေးလို့ ညနေစာတောင် မစားနိုင်တော့ဘူး။ လူရောခွေးရော ကြောင်ရော ပြည့်အင့်နေကြပြီ။ ဝက်သား ၁ ပိဿာ တက်တက်ပြောင်တယ်။ ဘေးကင်းပါတယ် အဆင်ပြေပါတယ်ဆိုတဲ့အကြောင်းပဲ ပြောတာပါ။ နေနိုင်လိုက်တာ နေစိမ့်လိုက်တာ မထင်ပါနဲ့။ ကိုယ်တို့လည်း ဒီကြားထဲပဲ သွားလာလှုပ်ရှားနေတာ။ ဘယ်မှ ထွက်မပြေးဘူး။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေတယ်။

စစ်ပွဲရဲ့ အတိုးအဆုတ်၊ အတက်အဆင်းကတော့ ဒီလိုပဲ ရှိမှာပါလေ။ ကိုယ့်သဘောထားကတော့ ပြန်ပါသွားတာက နောက်ကိုပြန်သိမ်းလို့ရတယ်။ PDF တွေ အသက်နဲ့ အများကြီး မရင်းချင်ဘူး။ ကိုယ့်ဘက်က သောက်သောက်လဲ အသေခံတက်သိမ်းပြီး တရုတ်ကြီးဖိအားကြောင့် ပြန်ပေးလိုက်ရပါတယ် ဆိုတာမျိုးကျ ကိုယ်လည်း မခံစားနိုင်ဘူး။ ဖားကန့်ကို ကချင်တွေဘက်က လက်လွှတ်မယ်ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တဲ့ကိစ္စ။ ဒီကောင်တွေ အလွန်ဆုံးထိန်းနိုင် ရွေးကောက်ပွဲလုပ်ရုံကလေးပဲ ရမယ်။ ဒီကာလအပိုင်းအခြားအတွက် သူတို့ဘက်က လူဘယ်လောက်သတ်ရသတ်ရ ရင်းတယ်။ ကိုယ့်ဘက်ကတော့ အဲ့သလိုရင်းဖို့ မတန်ဘူး လို့ မြင်တယ်။ ထိုးမယ့်ဆင်က နောက်တစ်လှမ်းဆုတ်သင့် ဆုတ်ရမှာပဲ။ ကိုယ့်ကလေးတွေက စုဆောင်းရေးနဲ့ အတင်းအကြပ်ခေါ်ထားတဲ့သူတွေ မဟုတ်လို့ အလွယ်တကူတော့ ထိုးမကျွေးနိုင်ဘူး။ ကောက်ရိုးမီး နဲ့ ဖွဲမီးနဲ့ က ပြိုင်တောက်နေစရာ မလိုဘူး။ အချိန်က စကားပြောသွားမှာ။ ဒါကြောင့် စိတ်အားငယ်စရာ၊ စိတ်ဓါတ်ကျစရာ ဘာအကြောင်းမှ မရှိဘူး။

စိတ်ကြွဆေးတွေ ကျွေးပြီး မအိပ်မစား စစ်တိုက်ခိုင်းတာ၊ စိတ်ဓါတ်အင်အားတွေ ပြိုကွဲဆုံးရှုံးပြီး ကိုယ့်လက်နက်နဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာတွေဟာ စစ်ပွဲကာလမှာ မထူးဆန်းတဲ့ အဖြစ်အပျက်တွေပါ။ တော်လှန်ရေးဆိုတာ အဲ့လိုမျိုး bipolar. အတက်အကျတွေနဲ့ စစ်တိုက်လို့ရတာ မဟုတ်ပဲ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ရေရှည်လျှောက်ရတဲ့ ခရီးလမ်းပါ။ ဒါကြောင့် တော်လှန်ရေးရဲဘော်တွေအတွက် စိတ်ဓါတ်ကြံ့ခိုင်ဖို့က အသက်တမျှ အရေးပါပါတယ်။ အဲ့ဒီစိတ်ဓါတ်ကို ရာဘကျွေးလို့မရဘူး။ ဆိုက်ဝါးတွေနဲ့ မိုတီပေးလို့လည်း မရဘူး။ တန်ပြန်သက်ရောက်မှုတွေ rebound လာတဲ့အခါ စိတ်ရောလူပါ ပြိုကျသွားကြတာမို့လား။ အဲ့ဒီအတွက်ကိုယ်စာတွေ မှန်မှန်ဆက်ရေးဖို့ လိုလိမ့်ဦးမယ် ထင်ပါတယ်။