ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကိုယ့်အတွက် စွန့်စားသွားလာ လုပ်ကိုင်ရတဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ စစ်ပွဲနဲ့နီးတဲ့နေရာ၊ စကမတွေ လှုပ်ရှားတဲ့ နေရာတွေဆီကို အဝင်အထွက် လုပ်ရလို့ပါ။ အငယ်တွေကို စိတ်မချလို့ လိုက်စီစဉ်ရပေမယ့် သူတို့က ပြဿနာ မရှိဘူး။ ကိုယ့်မျက်နှာကြီးသာ သွားလေရာ လူတကာသိနေလို့ ဆိုးတာ။ နန့်မွန်းမှာ တစ်ခါဖြစ်ခဲ့ပြီးပြီလေ။ ရွှေမော်ဓေါဘုရား နားထွင်းဖို့ သွားရသလိုပဲ လို့တောင် ပြောခဲ့ဖူးသေးတယ်။ ကြောက်လို့တော့ မဟုတ်ပါဘူး။ အစစအရာရာ သတိထားရတာရယ် စိတ်ပူရတာရယ်ကြောင့်ပါ။ ကိုယ့်အတွက်ဆို သိပ်မပူဘူး။ အငယ်တွေအတွက်ဆို ပိုပူတာပေါ့။ အားလုံး ချောချောမောမော ခရီးဆုံးသွားမှပဲ စိတ်အေးလက်အေး စားလို့အိပ်လို့ ဖြောင့်တော့တယ်။
ကိုယ်တို့အတွက် အထိုင်ဇယားထက် အရွှေ့ဇယားတွေက အန္တရာယ်ပိုများတယ်လေ။ ရောက်လာတဲ့အခြေအနေတွေနဲ့တောင် ဘာမှ မဆိုင်တော့ဘူး။ ရန်ကုန်မှာကတည်းက ဒီလိုပဲ ကျီးလန့်စာစား သွားလာနေရတဲ့ဟာ။ လောလောဆယ်က ပျံလေတဲ့ငှက်ခါးမို့
ကြည့်နေရတာ။ ကြည့်လို့မရတာတော့ တော်တော်ကြာပြီ ထင်ပါတယ်။ မိလို့ကတော့ တစ်ပင်စီ အမွှေးနှုတ်ကြမှာ။ ချစ်ပရိသတ်ကြီး ပို့သသော မေတ္တာတွေကို ခံစားမိသလို အဲ့ဒီအသိုင်းအဝိုင်းက ပွါးများအပ်သော အဘိဇ္ဇာတွေကိုလည်း ခံစားလို့ ရပါသဗျ။ ဒါကြောင့်မို့ သူတို့အနားရောက်တဲ့အခါတိုင်း “အန္တရာယ်တွေအလယ် ရောက်နေချိန် ယှဉ်ပြိုင်ရင်ဆိုင်ရာမှာ အရေးနိမ့်မှာလား” ဆိုတဲ့ စိုးရိမ်စိတ်ကလေးတော့ ရှိပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ကျတော့ သိတယ်မှလား။ မင်းပဲ ကောင်းတယ်။ မင်းပဲ ကောင်းခဲ့တယ်။ မင်းသာ အကောင်းဆုံးပဲ။
ခရီးတလျှောက်မှာ တင်းထားတဲ့စိတ်တွေဟာ အိမ်ပြန်ရောက်မှ မသိစိတ်ကနေ ရုန်းထလာသလား မသိပါဘူး။ ညက အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ YGH ကို ရောက်သွားတယ်။ ခြေရာချင်းထပ်ခဲ့တဲ့နေရာတွေမို့လား။ ဒါပေမယ့် ပုန်းလျှိုးကွယ်လျှိုး သူခိုးသွား သွားရတယ်။ Surgical ward တွေကို မင်္ဂလာဆောင်ဖိတ်စာ လိုက်ဝေရတယ်တဲ့။ ရယ်လိုက်ရတာလေ။ အိပ်မက်သာ ဆုံးသွားတယ်။ ဘယ်သူနဲ့မှန်းလည်း မသိလိုက်ဘူး။ အံ့ရော။ ကိုယ့်တပည့် အောင်ပြီးသား SAS တွေကို တွေ့တယ်လေ။ ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ။ အဲ မဟုတ်သေးပါဘူး။ ဝမ်းမသာလိုက်တာ။ ဒီကောင်တွေ အကုန်လုံး နန်းစိန်တွေပေါ့ ဒါဆို။ အေးပါကွာ။ “မင်းတို့ကိုလည်း အပြစ်မတင်။ ကျွန်တော်မောင်တင်။ ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့။” ဆို ရွှေမန်းတင်မောင် လုပ်ပလိုက်ချင်တယ်။ အဲ့ဒါကြောင့် ကိုယ်က လိုင်းပေါ်မှာ အငယ်တွေနဲ့တွေ့ရင် C လား Non လား ဘယ်တော့မှ မမေးဘူး။ မသိချင်ဘူး။ သိသွားရင် စိတ်မကောင်းဖြစ်ရမှာစိုးလို့။ အကြီးတွေကတော့ ကိုယ်ကလွဲရင် အကုန် Non ပြီးသားမှန်းသိလို့ သိပ်မခံစားရပါဘူး။ သူတို့အားလုံး ရာထူးတက်ကုန်ပြီဥစ္စာ။ ကိုယ့် ဘယ်သူမှ အဖက်လုပ်မယ့်သူ မရှိဘူး။ တချို့အလုပ်သမားတွေက ကိုယ့်ကိုဖမ်းမလို့ ဝိုင်းလာတယ်။ “မလုပ်နဲ့။ မလုပ်နဲ့။ အဲ့ဒါ ငါတို့ဆရာ။” ဆိုပြီး တားတဲ့သူက ဝိုင်းတားတယ်။ ဆေးရုံအုပ်ကြီးရုံးက ဆရာဝန်တစ်ယောက်ကတော့ “မရဘူး။ မရဘူး။ ဖမ်းမှာပဲ။ ငါသူ့ကို သောက်မြင်ကပ်နေတာ ကြာပြီ။” တဲ့။ ဖာစီရယ်။ ငါ့မယ် ရယ်လိုက်ရတာလေ။
ဒီအလုပ်တွေ လုပ်နေလို့ ကိုယ့်ကို ဘယ်သူကမှ အထင်ကြီးရမယ်၊ လေးစားရမယ် လို့ မဆိုလိုပါဘူး။ သူတပါးရဲ့ ကိုယ့်အပေါ် အထင်အမြင် သဘောထားတွေကိုလည်း မတောင်းခံပါဘူး။ အသက်ကိုရန်ရှာတဲ့သူတွေတောင် ဂရုမစိုက်လို့ ကိုယ့်လမ်းကိုယ်လျှောက်တာ။ မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်ပဲ။ စိတ်ကောက် စိတ်ဆိုး စကားနာထိုးရမယ့် ကလေးတွေလည်း မဟုတ်တော့ဘူး။ ကိုယ့်ရဲ့ရန်သူက သူတို့မဟုတ်ဘူး။ သူတို့ ထိုင်ရှိခိုးနေတဲ့ စစ်အစိုးရ။ အဆင့်အတန်းချင်းမှ မတူတော့ပဲနဲ့။ သူတို့က ရာထူးတက်သလို ကိုယ်ကလည်း level တစ်ခုတက်ပြီး သူတို့အထက်ကိုရောက်သွားတာ လို့ သဘောထားတယ်။ ဂုဏ်မရှိလည်း ရပါတယ်။ တို့က သတ္တိရှိတယ်။ ဘယ်သူငြင်းနိုင်မလဲ။ အလှဓါတ်ပုံတွေရိုက်၊ သီချင်းတွေဆို၊ ရုပ်သေးပါတက်ကတဲ့ ဆရာဝန်တစ်ယောက်ဟာ ခရောင်းလမ်းကိုလည်း လျှောက်ရဲခဲ့ပါတယ်။ ပြန်လာရင် မင်္ဂလာဆောင်ပါ ဖိတ်ပြလိုက််မယ် လို့ မသိစိတ်ကများ ကြိတ်ကြံနေသလား မသိ။ ငါတော့ ဆရာကြီးတွေကို စော်ကားခဲ့တာ ဝဋ်လည်တော့မှာပဲ။
ကိုယ့်သဘောထားကတော့ နန်းစိန်တွေအပေါ်မှာ ဘာခံစားချက်မှ မထားပဲ ကိုယ်နဲ့တူ ခရီးကြမ်းလျှောက်နေတဲ့ CDM ဆရာဝန်လေးတွေကို ပိုအလေးထား စောင့်ရှောက်ဖို့ပဲ အဓိကထားပါတယ်။ အဲ့ဒါကြောင့် တခုခုဆို ကိုယ့်ကိုယ်ကိုယ်ထက် အငယ်တွေကို ပိုပူတာ။ ကိုယ့်သက်တမ်းက သိပ်မကျန်တော့ဘူး။ သူတို့သက်တမ်းက အရှည်ကြီးကျန်သေးတယ်။ ကိုယ့်ကို ယုံကြည်လို့ ကိုယ့်ဆေးရုံ လာအလုပ်တဲ့သူတွေဆို စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ လုံခြုံရေး အစစအရာရာ ကိုယ့်တာဝန် လို့ပဲ သဘောထားတယ်။ ပညာကိုလည်း အတတ်နိုင်ဆုံး သင်ပေးတယ်။ ကိုယ့်အတွက် သူတို့ကို အသုံးမချပါဘူး။ သူတို့အတွက် ကိုယ်က အသုံးကျအောင်ပဲ ကြိုးစားတယ်။
အငယ်တွေအတွက် ကိုယ်ကြိုးစားပေးနိုင်တာ ပိုက်ဆံဝင်ငွေကောင်းအောင် မဟုတ်ပါဘူး။ ကိုယ့်ဆေးရုံဟာ အခကြေးငွေ မယူပဲ ဆေးပါအလကားပေးတဲ့ ဆေးရုံပါ။ လူနာတွေ အလှူငွေထည့်တာက စားစားရိတ်မပြောနဲ့။ ဆေးဖိုးတောင် မကာမိပါဘူး။ သူတို့ကို လခအများကြီး မပေးရတဲ့အကြောင်းကလည်း လခကောင်းရင် ပိုက်ဆံမက်တဲ့လူတွေရောက်လာတော့ အလုပ်လုပ်ရခက်မှာစိုးလို့ပါ။ ကျန်တာကတော့ ကိုယ်နေသလိုနေ၊ ကိုယ်စားသလို စားရပါတယ်။ ကိုယ့်ဆီပို့တဲ့ စားစရာရိက္ခာတောင် အားလုံးနဲ့ ဝေစားတာပါ။ ကိုယ့်ဆီမှာ အငယ်တွေအတွက် ပုံးပေါလအော ပိုလျှံနေအောင် ပေးနိုင်တာ ပညာပဲ ရှိပါတယ်။
ကိုယ့်ဆီမှာရောက်နေတဲ့ AS ကလေးတွေဟာ ဆာဂျင်လိုပဲ ခွဲတတ်စိတ်တတ်တာ မဟုတ်ပါဘူး။ OG လိုလည်း LSCS ကို အမှားအယွင်းမရှိ ခွဲတတ်ရမယ်။ မေ့ဆေးတွေ၊ spinal တွေလည်း တတ်ရမယ်။ ECG တွေ Ultrasound တွေ၊ ဓါတ်မှန်တွေလည်း ကြည့်တတ်ဖတ်တတ်ရပါမယ်။ သူတို့ပဲရှိတာ၊ သူတို့ပဲ လုပ်ရတာကိုး။ ဆေးရုံမှာ specialist ဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတယ်လေ။ OG တွေ ရှိတဲ့အချိန်ဆိုရင်တော့ သားဖွားအတတ်တွေ ပိုစံနစ်ကျကျတတ်ကြတာပေါ့။ ဆေးရုံကို ဗုံးမကျခင်က အခြေအနေဆိုရင် ကိုယ့်ဆေးရုံဟာ ကိုယ်မပါပဲ သူတို့ဘာသူတို့ လည်ပတ်လို့ရတဲ့ အနေအထား ရှိပါတယ်။ အဲ့ဒါကြောင့်ကိုယ်က နောက်ဆေးရုံတစ်ခုပြင်ပြီး ဟိုဘက်ခွဲလိုက် သည်ဘက်ခွဲလိုက်လုပ်ဖို့ ကြိုးစားပြင်ဆင်ထားတာ။ ကိုယ့်ဆီကို နောက်ထပ် Surgical Fellow ၃-၄ ယောက်လောက် ထပ်လာရင် ၂ စင်ပြိုင် run လို့ ရလောက်ပြီ လို့ ထင်ခဲ့တယ်။ ဒါတွေပျက်သွားတော့လည်း အသစ်ကပြန်စကြတာပေါ့လေ။
ဆေးရုံပျက်သွားတဲ့အခါ ကိုယ့်ဆီက ဆေးတပ်သားသင်တန်းဆင်း အယောက် ၁၀၀ ကျော်လောက်ဟာ တချို့လည်း တပ်ရင်းဆေးခန်းလေးတွေ ထောင်ကြတယ်။ တော်တော်များများက ဒီအရပ်မှာရှိတဲ့ ဆေးရုံဆေးခန်းလေးတွေမှာ အလုပ်ဝင်လုပ်ကြတာ အကုန်လုံး အဆင်ပြေကြပါတယ်။ ကိုယ့်ဆေးရုံကထွက်တာဆို သူတို့စိတ်ချတယ်။ ကလေးတွေကလည်း လုပ်တတ်ကိုင်တတ်ရှိတယ်လေ။ ဆေးထိုးသွေးဖောက်ချည့်ပဲ ခိုင်းတာ မဟုတ်ဘူး။ သူတို့က OT မှာ case လည်း ဝင်တတ်တယ်။ ဓါတ်မှန်စက်လည်း ကိုင်တတ်တယ်။ ဒါကြောင့်မို့လို့ ချန်ဂင်ဆေးရုံက အောင်လက်မှတ်ဟာ local မှာတော့ accreditation ရတယ် လို့ ဆိုရမယ်။
သို့သော်လည်း ဆရာဝန်တွေအတွက်ကျ local recommendation နဲ့ မရဘူးလေ။ national level အထိ သွားရမှာဆိုတော့ ဆေးတက္ကသိုလ်တွေ၊ ပညာရေးအဖွဲ့တွေ၊ စာစစ်အဖွဲ့တွေနဲ့ နတ်သဘင်အစည်းအဝေးကြီးတွေ ခဏခဏ ကျင်းပရပါတယ်။ အဲ့ဒါတွေဖြတ်သန်းပြီးတဲ့နောက် ကိုယ့်ဆီက PG ကျောင်းသား တစ်ယောက် MSc ဘွဲ့ရသွားခဲ့လို့ ဝမ်းသာရပါတယ်။ သို့သော်လည်း ကိုယ့်ဆီက House Surgeon လေးတစ်ယောက် ဘွဲ့မရသေးလို့ စိတ်မကောင်းဖြစ်ရတယ်။ သူဆို ကိုယ့်ဆီရောက်တာ ၂ နှစ်ရှိပြီ။ အကုန်လုံး လုပ်နိုင်နေပြီ။ သူနဲ့အတန်းတူ နန်းစိန်တွေဆို ဘွဲ့လွန်တွေတောင် တက်နေကြပြီ။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့လေ။ သူ့ရှေ့မှာ ရှေ့တန်းရောက်တာ ၄-၅ နှစ် ရှိတဲ့သူတွေလည်း မရသေးပါဘူး ဆိုလို့ စိတ်လျှော့လိုက်ရတယ်။ မတော်လို့များ ဗုံးကျတုန်းက အဲ့ကလေးပါသွားရင် RIP လုပ်ဖို့ လက်မနှေးပေမယ့် ဘာမှမဖြစ်ပဲ ဘာမှမဖြစ်ရမှာ လက်မမြန်တာတော့ အမှန်ပဲ။
ဒီတစ်ခါ ဆေးရုံပြန်ထောင်ဖြစ်ရင် အရင်ကထက် ကောင်းအောင်တော့ ကြိုးစားရမှာပဲ။ သင်ထောက်ကူပစ္စည်းတွေ ပြည့်စုံနေပြီးသားမို့ ဆေးသင်တန်းလည်း ပြန်ဖွင့်မယ်။ သူများနေရာတွေမှာဆို ဆေးသင်တန်းဖွင့်မယ်ဆိုပြီး သိန်းထောင်ချီ ဝိုက်ပြေးတဲ့ ဆရာဝန်တွေတောင် ရှိသတဲ့။ ကံ့ကော် ၁၀၀၀ စိုက်တဲ့ ဘုန်းဘုန်းတွေနဲ့အပြိုင် ချန်ဂင် ၁၀၀၀ မွေးမယ့် project proposal တင်ရင် ကောင်းမလားပဲ။ ရမ်းကု ၁၀၀၀ ပန်းနုရောင် ဘေသဇ္ဇဂိုဏ်းချုပ်ကြီး လို့ နံမည်ပေးဖို့ စောင့်နေကြရော့မယ်။ လောကကြီးမှာလေ။ ကောင်းတာလုပ်တဲ့သူ နဲ့ မကောင်းတာ လုပ်တဲ့သူ နှစ်မျိုး ရှိတယ် ဆိုကြပါစို့။ မကောင်းတာလုပ်တဲ့သူက အဖော်အပေါင်း အသင်းအပင်း ပိုပေါတယ်။ ရောက်လေရာ စိတ်တူသဘောတူ လူတွေချည့်ပဲ မို့လို့လေ။ စစ်ဗိုလ်တွေလိုပေါ့။ ဘယ်ရုံးဌာနသွားသွား။ အကိုကြီးရဲ့ ညီလေးရဲ့ ပလူးစရာ လူတွေရှိတယ်။ “လေးစားပါတယ်။” တစ်ခွန်းနဲ့ ပွဲသိမ်းရော။ ကောင်းတာလုပ်တဲ့သူကျ နေရာတိုင်းမှာ ရန်သူချည့်ပဲဗျ။ စောနက လူထုပရိသတ်အားလုံးရဲ့ ဘုံရန်သူ ဖြစ်သွားတာကိုး။ “ဒီကောင် သိပ်ထောင်တယ်နော်။ ငါ့ခွင်ထဲလာလို့ကတော့ ရိုက်ချပလိုက်ဦးမယ်။” ဆိုတာမျိုး။
လူကောင်းတစ်ယောက်အဖို့ ဘယ်နေရာသွားသွား လူဆိုးတွေနဲ့ ရှောင်လွှဲလို့ မရနိုင်ဘူး။ အဲ့ဒီလူဆိုးတွေအလယ်မှာ “ငါက လူကောင်းလေ။” ဆိုပြီး မျက်စိစပါးမွှေးစူးအောင်လည်း နေလို့မဖြစ်ဘူး။ ကိုယ့်ဟာကိုယ် ကောင်းအောင်နေတာကိုက သူများပြစ်ချက်ကို အထုပ်ဖြည်သလို ဖြစ်နေတာကိုး။ ဒါကြောင့်မို့လို့ ဆြာစိုးလေးက ချစ်စရာကောင်းလိုက်တာ လို့ မြင်ရင်လည်း သူများတွေ မသိအောင် တိုးတိုးတိတ်တိတ်လေးပဲ ကြင်နာကြပါကွယ်။ သူများတွေ သောက်မြင်ကပ်ကုန်ပါ့မယ်။ အခုတောင် ကြင်နာသူက ဘယ်သူမှန်းမသိဘူး။ အိပ်မက်ထဲမှာ ဖိတ်စာတွေတောင် လိုက်ဝေနေပြီ။ လာမယ်မှလား မင်္ဂလာဆောင်ကို။ ဇွန်းထဲကနေ စုလျားရစ်ပတ်မယ်လေ။ ဦးကျော်သက်လင်းကြီး။ အခမ်းအနားမှူးလုပ်ဖို့ မုတ်ဆိပ်ရိပ်ပေးဗျာ။ အပေါ်ကတိုက်ပုံ အောက်ကဘောက်ဆာနဲ့လည်း ရပါတယ်။ အထိုင်ဘိသိက်လေးပဲဟာ။ ဘာစားချင်လဲ။ ကြိုက်တာပြော။ Food Vloger တွေဆီက ဒေါင်းလုပ်လုပ်ထားတာတွေ တင်ပေးမယ်။ သတို့သမီးဘယ်သူလဲဆိုတာကတော့ အခါတော် ပေးမှ စောင့်မျှော်ကြည့်ရှုကြပါစို့ဗျာ။
“မောင် ရှေ့ကိုတည့်တည့်
လျှောက်ရင်လေ။
မေလည်း နောက်ကလိုက်ပါ
လျှောက်တယ် မောင်ရေ။
ဟောဟိုအရာ အဖြူပါပင်
မြင်သလားမေ။
ဘော်သာခွါတူ ပုလဲဖြူ
မြင်သားပေါ့သက်ဝေ။
ဘုရားသွား ကျောင်းတက်
စိတ်တူကိုယ်တူ ကြည်ဖြူပါပေ။
မေကားလယ်မြေ
မောင်ကား မိုးကောင်းကင်
လောကီအမြုတေ သီးပွင့်ဖြိုးဝေ
ရာသက်တိုင်လုံး ရွှင်ရွှင်ပျော်ပျော်နေ။”