ကောင်မရေ ညည်းဖယ် ညည်းဖယ်

ကိုယ်တွေမှာသာ မပြီးနိုင်၊ မစီးနိုင်၊ အရီးမြိုင် ဖြစ်နေတာ။ ဘင်္ဂလာဒေ့ရှ်တို့၊ ထိုင်းတို့၊ နီပေါတို့များဖြင့် “သွားတော့မယ်” “ရောက်ပြီ” ပဲ။ မြန်ထှာ။ အားကျပါဘိ။ ဘာတွေကွာသွားတာလဲလို့ လိုက်ကြည့်ကြည့်။ သဘောပေါက်သွားမယ်။ စစ်တပ်ကို နိုင်ငံတော်အာဏာပေးမထားဘူး။ အာဏာရှင်ရဲ့လက်ကိုင်တုတ်လည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် အစိုးရက ပြည်သူလူထုအပေါ်မှာ မလျော်ဩဇာနဲ့ ဖိနှိပ်နှိမ်နှင်းလို့ရှိရင် ပြည်သူတွေက ပြန်ဖြုတ်ချလို့ လွယ်တယ်။ မြင်ပြီနော်။ တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ရင် ဘာဖြစ်သွားမလဲဆိုတာ။ အာဏာသိမ်းမယ့်သူ မရှိတော့ဘူးလေ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လည်း လုံခြုံတယ်။ “ဝန်ကြီးချုပ်ရဲ့စစ်တပ် မဟုတ်ဘူး။ ပြည်သူတွေရဲ့စစ်တပ်။” လို့ စစ်ခေါင်းဆောင်ကိုယ်တိုင်ပြောသွားတာ။ ဒါမျိုးကမှ နမူနာယူသင့်တာ မဟုတ်လား။ ငါတို့ မြန်မာတွေနှယ် ပြော မပြောချင်ပါဘူး။ ဖိနပ်အသစ် လဲစီးလိုက်ရင် ရတဲ့ဟာကို ဘယ့်နှယ့်ကြောင့် ဖနောင့်အတင်းလှီးဖြတ်နေကြပါလိမ့်။

စစ်တပ်ကို အာဏာပေးထားရင် ရွေးကောက်ပွဲမှာ ၁၀၀% အနိုင်ရလည်း မဲခိုးတာပါဆို အာဏာကောက်သိမ်းတာပဲ။ ဘာသက်သေအထောက်အထားမှ မပြနိုင်ပဲနဲ့ကို အာဏာလုတာ။ သူ့ကို ကုန်အောင်မရှင်းပဲ ဘယ်လိုမှ တိုင်းပြည်ထူထောင်လို့ မရနိုင်။ ဒါကြောင့်မို့ စစ်တပ်ကို နိုင်ငံရေးထဲမှာ လုံးဝ နေရာပေးထားလို့ မရဘူးဆိုတာ တကမ္ဘာလုံးက သင်ခန်းစာယူသင့်တာ။ “မြန်မာနိုင်ငံလို ဖြစ်သွားချင်လို့လား။” လို့ တစ်ခွန်းတည်းသာ မေးလိုက်။ ဟိုဟာမကြီးပြောတဲ့အတိုင်း နှုတ်သီးကို ဖြတ်အရိုက်ခံလိုက်ရသလို စတွန့်သွားမယ်။ နမူနာယူစရာတွေ လက်တွေ့ပြပေးနေပါတယ်နော်။ ယူချင်ယူ။ မယူချင်နေ။

ငါတို့မှာလေ။ ယူကရိန်း-ရုရှား စစ်ဖြစ်ကတည်းက အားတွေရ။ အိန္ဒိ- ပါကစ် ကစ်ကြတော့လည်း အားတွေရ။ အစ္စရေး-အီရန် ဆော်တော့လည်း သဘောတွေကျ။ ခွန်ထိုင်း-ခမာ ဝမ်းဘိုင်ဝမ်း ဆွဲကြတော့လည်း လက်ခုပ်တီး။ ကိုယ့်ဘာသာ ဘာတွေဖြစ်ချင်နေမှန်းကို မသိတော့ပါဘူး။ အရမ်းကို စစ်မက်လိုလားသူ ဖြစ်နေပြီ။ သူများတွေဆီမှာ စစ်ဖြစ်ရင် ကိုယ့်ဆီမှာများ စစ်ပြီးသွားမလား လို့ မျှော်လင့်မိနေသလား မသိ။ ကိုယ်မပျော်တဲ့ အတူတူတော့ လူတိုင်းစိတ်ဆင်းရဲအောင်လုပ်ပစ်မယ်ဆို အနီရောင်ဝမ်းဆက်ကြီးနဲ့ တယ်လီဖုန်းသီချင်း ဆိုတဲ့သူလိုပဲ။ ဘေဘီရေ လေယာဉ်တက်လာရင်တော့ ဖုန်းလေးဆက်ဦးနော်။

စကမဘက်က တဆင့်တက်ထိုးစစ်ဆင်လာတာ NUG လက်အောက်က ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ဗုံးကြဲတာတင် မကတော့ဘူး။ ပုဂ္ဂလိကဆေးရုံတွေ၊ ပရိုက်ဗိတ်ကျောင်းတွေကိုပါ အသားလွတ်ကြီး ဗုံးလိုက်ကြဲနေပြီ။ တရုတ်ကြီးအကာအကွယ်ရရင် ဘာမဆို လုပ်လို့ရပြီ လို့ စိန်ခေါ်တဲ့သဘောပါပဲ။ ဒါဆိုရင်လည်း ဘာမှ မခက်ပါဘူး။ တရုတ်ကြီးက မဝယ်တော့ဘူး လို့ အိုက်တင်ခံနေတဲ့ မြေရှားကို မာမူကြီးဘက် ခေါ်ပြလိုက်။ တရုတ်ကြီး ဝင်မဖမ်းပဲ ထိုင်းနယ်စပ်က လာလာချောင်းကြည့်တဲ့ စောချစ်သူ ကို အန်ကယ်ဆမ်ကြီးနဲ့ တည်ပေးလိုက်။ ပယောဂမစင်တဲ့သူ သူ့ဘာသာ တုန်ဆင်းလာပစေတော့။ ဗီဗာဟိန်း နဲ့မှ မလှုပ်တလှုပ် လုပ်နေသေးရင် “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ” ဖွင့်ပြီး ထွန့်ထွန့်လူး ဒွန့်ပစ်မယ်။ ကရင်းခုန်ရင်း လက်အုပ်ချီကြစမ်း နင်တို့။

NUG ဘက်ကလည်း အထွေထွေထိုးစစ်ကြီး မဖြစ်မနေ စမယ် လို့ပြောတယ်။ သူ စစ မစစ၊ စကမတွေစနေတာမို့ တနိုင်ငံလုံး စစ်ပွဲတွေ ဆက်နေဦးမှာပါ။ တရုတ်ဖန်တီးတဲ့ ရွေးကောက်ပွဲဟာ ထွက်ပေါက်တော့ ဟုတ်ပါရဲ့။အရှင်ထွက် ထွက်ဖို့မဟုတ်ဘူး။ အဘထွက်ပွဲလား ပြည်သူ့ထွက်ရပ်လမ်းလား။ နှစ်ခုစလုံးလားတော့ မသိ။ ရွေးကောက်ပွဲနီးလေ။ အသေအပျောက်များလေ။ ဒါတောင် ကိုယ့်မျက်စိအောက်မှာ မတွေ့ရင် ဘယ်သူ့သတင်းကိုမှ မယုံဘူး။ ဗန်းမော်မှာ ကချင်တွေသေစာရင်းပြတာတောင် ၉ နဝင်းကြေလေး ထုတ်ပြန်တယ်။ ၄၅၀၀ တဲ့။ မဟုတ်က ဟုတ်က။ ယုံချင်တဲ့သူ ယုံကြပလေ့စေလေ။ တနိုင်ငံလုံးမှာ ဘတပြန်ကျားတပြန် စစ်ပွဲတွေကြပ်နေသခိုက် အောင်ဇေယျစစ်ကြောင်းကြီးကတော့ သင်္ကန်းညီနောင်အထိ တက်သိမ်းသွားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာလည်း တော်လှန်ရေးကို သစ္စာဖောက်တဲ့သူဆိုတာ ရှိတာပဲ။ သိပ်လည်း အသည်းနာမနေပါနဲ့။ ကရင်အချင်းချင်း စစ်မတိုက်ဘူး ဆိုတဲ့ ကရင်တွေ နာဖို့ ထားလိုက်ပါဦး။ ရွေးကောက်ပွဲကို ကူညီမယ် လို့တောင် ပါးစပ်ကပြောထွက်သေးတာ။ စန္ဒာမင်းတို့ပါတီနဲ့ လက်တွဲလိုက်ပါလား။ သူလည်းလူပြည့် ကိုယ်လည်းလူပြည့်။

ဖားကန့်မှာလည်း မဲရုံလုပ်ဖြစ်မယ် ထင်ပါတယ်။ မဲလာပေးစရာ မလိုဘူး။ မဲရုံထောင် ဓါတ်ပုံရိုက်ပြဖို့ပဲ လိုလိမ့်မယ်။ အရွေးခံမယ့်သူတောင် မလိုတော့ပါဘူး။ သူတို့ဘာသူတို့ တင်ချင်တဲ့သူကို လိုချင်သလောက် မဲအရေအတွက် ဖြည့်ပြီးတင်ပေးလိမ့်မယ်။ ဟန်ပြဆိုတာ ဟန်ပဲပြစရာ လိုတဲ့ဥစ္စာ။ ငယ်ငယ်က အိုးပုတ်ကလေးတွေနဲ့ ကစားသလိုမျိုးပေါ့။ “အမကြီး။ ရော့။ ကြက်သားဟင်းလေး စားလိုက်ပါဦး။” ဆို “အို ဟုတ်ပါရဲ့။ ကောင်းလိုက်တာရှင်။” လို့ ပါးစပ်လေး လှုပ်စိလှုပ်စိ စားပြရုံပဲ။ တရုတ်ကြီး ဖဲဆင်ရိုက်တဲ့ ကိုယ်ဝေကိုယ်ချိုးနဲ့ တို့ဆီက ကိုယ်ရွှေကိုယ်မျိုးတွေ တွေ့ကြတဲ့ပွဲ။ ဇာတ်ကားနံမည်က “ထို့ကြောင့် ဤအကောင်ကို မအလ ဟုခေါ်သည်။” တဲ့။

ကိုယ်စားလှယ်လောင်းတောင် စာရင်းမတင်ရသေးဘူး။ ကြိုတင်မဲတွေက ကောက်နေနှင့်ပြီဗျာ။ ဘယ်သူ့တင်တင် ကြိုထောက်ခံထားရမယ့်သဘော။ ဖားကန့်မြို့ပေါ် နဲ့ မှော်ဆီစာ၊ လုံးခင်းဘက်ကို စကမ က ကောင်းကောင်းမွှေနေပြီ။ လက်ဘက်ရည်ဆိုင်၊ ဘီယာဆိုင်တွေထဲ ချာပရာစီဝင်တယ်။ ဂိတ်ဖြတ်ကားတွေ၊ ဆိုင်ကယ်တွေ အကုန် ဆင်းထိုင်ခိုင်းတယ်။ ဖုန်းပါမကျန် လှန်လှောရှာဖွေတယ်။ စိတ်မထင်ရင် ဖမ်းတယ် သတ်တယ်။ မှောင်ရီပျိုးရင် လက်နက်ကြီးနဲ့ မကောင်းသူထိပ် ကောင်းသူထိပ် ရမ်းပစ်တယ်။ ဆိုင်းတောင်ဘက်ကို ဆက်ဆင်းမလို့ တိုးနေတာ ယူမာအထိ ရောက်ပြီ။ ဆန်းကြွယ်ကုန်းက တက်သိမ်းလိုက်၊ ပြန်ပါသွားလိုက်နဲ့ ထုတ်စည်းတိုးတုန်း။ အောက်တိုဘာမှာ ကျောက်တူးလုပ်ငန်းတွေ ပြန်စမှာဆိုတော့ အဲ့ဒီမတိုင်ခင် အပြီးသိမ်းချင်သိမ်း၊ မသိမ်းနိုင်ရင် ခဏပြန်ရပ်သွားလိမ့်မယ်။ ပါပါကြီးထမင်းအိုးက တုတ်နဲ့ထိုးလို့ မဖြစ်သေးပဲကိုး။ စစ်တပ် နဲ့ အာဏာ နဲ့ အတူထားရင် ဘယ်တော့မှ ပြည်သူ့လက်ထဲ ပြန်မရောက်တော့သလိုပဲ။ စစ်တပ် နဲ့ ပိုက်ဆံနဲ့ နီးစပ်လာရင်လည်း လုပ်ပွဲတွေနဲ့ သံသရာရှည်ရော။ ငါတို့ချစ်တဲ့အကြောင်းတွေ လိုင်းပေါ်မတင်ပါနဲ့။ အိုး နိုး။

ဒါပေမယ့် ထင်တိုင်းတော့ ဘယ်ပေါက်ပါ့မလဲလေ။ မနေ့ကတင် ရေကျော်သာ ဖြစ်သွားလို့ ဒီည လေယာဉ်လာလိမ့်မယ် ဆို သတိနဲ့ စောင့်နေကြတယ်။ Geneva Convention ထဲမှာ ဘာတွေပါသလဲတော့ မသိပါဘူး။ မြန်မာပြည်မှာတော့ စစ်ပွဲနဲ့ပါတ်သက်တဲ့ မေတ္တာရပ်ခံချက်တွေ ထပ်တိုးရမလိုပဲ။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေပေါ် ဗုံးမကြဲရဖို့တော့ ပါပြီးသားနေမှာပါ။ “ဖြစ်နိုင်ရင်ကိုယ့်ဘက်က ကျတဲ့စစ်သားအလောင်းတွေကို ကိုယ့်ဘာသာ ပြန်ကောက်သွားကြပါ။” လို့ ထပ်ဖြည့်ချင်တယ်။ မသေမရှင်လူနာတွေလည်း ဒီဘက်ကပဲ ကုရတာဗျာ။ စဉ်းစားကြည့်။ ပြီးရင် ကုပေးတဲ့ဆရာဝန်ကို ဖမ်းပြီးထောင်ချတာလည်း သူတို့ပဲ။ ဒီကောင်တွေ လူမဟုတ်တာ တနိုင်ငံလုံး သိပြီးသား။ အခုဟာက တိရစ္ဆာန်တောင် မဟုတ်တော့ဘူး ထင်တယ်။ အဲ့ထက်ကိုအဆင့်နိမ့်တယ်။ တောထဲက ကျားတွေဆင်တွေတောင် သူတို့အနာကို ဆေးကုပေးရင် ရန်မရှာဘူး။

နီပေါ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် မှာဖြစ်တဲ့ အစိုးရ အပြောင်းအလဲတွေမှာ တူညီတဲ့အချက်ကတော့ တရုတ်ဩဇာခံအစိုးရကို ပြည်သူတွေက မလိုလားလို့ ဖြုတ်ချလိုက်တယ် ဆိုတဲ့ အဖြစ်ပါပဲ။ မြန်မာနိုင်ငံမှာကတော့ တရုတ်လက်ထဲ အတင်းထိုးအပ်နေတဲ့ စစ်အစိုးရကို ပြည်သူတွေက ဝိုင်းတော်လှန်နေကြတာ။ ဒီအခြေအနေက သူ့အတွက် ဘယ်လိုမှ ပျော်စရာမကောင်းနိုင်တာ သေချာပါတယ်။ မြန်မာပြည်ထဲမှာ စီးပွါးရေးအရ ကျွံဝင်နေတဲ့ သူ့ခြေလှမ်းတွေ ညပ်သွားရင်လည်း ထောင်ခြောက်မိသလို ဖြစ်သွားဦးမှာ။ ခက်တာက မအလဆိုတဲ့ကောင်ကလည်း သက်ဆင်၊ ဟွန်ဆင်၊ ဟာစီနာတို့လို လက်သပ်မွေးလို့ရတဲ့ကောင် မဟုတ်။ ကိုင်မိရင် Hand Gel နဲ့ ဆေးယူရတဲ့ ကျက်သတုံး။ အသုံးကလည်း တစက်မှ မကျ။ အဲ့ဒီကောင် ယုံစားပြီး နောက်ကွယ်က ကြိုးတွေဆွဲနေရတာ။ လိုသလိုမဖြစ်တော့ အလွန်အကျွံတွေ ဝင်ပါရရော။ ဒါနဲ့ပဲ နိုင်ငံရေးပဋိပက္ခတိုင်းရဲ့ နောက်ကွယ်မှာ သူ့လက်စလက်နတွေချည့်ပဲ လို့ ပြောစရာဖြစ်တော့တာပေါ့။

ဒီအတိုင်းဆိုရင်တော့ သူ့နိုင်ငံ အနောက်ဘက်ခြမ်းကို ရန်သူဝင်မှာစိုးလို့ မဟာတံတိုင်းကြီးကာတဲ့ စိနတိုင်းပြည်ဟာ အနောက်ဘက်စည်းရိုးအတွက် တော်တော်စိတ်ပူနေရလောက်ပြီ။ မြန်မာပြည်က စစ်အစိုးရပါ ပြုတ်ကျသွားရင်တော့ တရုတ်အောက်လမ်းဆရာကြီးလည်း “စည်းပေါက်သွားပြီ။ ပုဟောင်လော။ ပုဟောင်လော။” ဆို ပါးစပ်က သွေးပွက်ပွက်အန်ထွက်လာလိမ့်မယ်။ ကြိုးစားထားကြ ရဲဘော်တို့ရေ။ ဇာတ်သိမ်းခန်းဆိုတော့ ဒီလိုပဲ ဇာတ်ရှိန်မြင့်ရစမြဲ။ လူမိုက်ထဲမှာ ဂိုဏ်းစတားကြီးနဲ့ ဖိုက်တင်ပလေးပြီး အနိုင်ယူရဦးမှာမှလား။ ဒါပြီးရင်တော့ ပြီးပါပြီလေ။ တောင့်ခံထားစမ်းပါ။