လူစည်ရာ ပွဲဖြစ်တိုင်းမှာ ဖျာအရှည်ကြီး မခင်းတတ်ပေမယ့်လည်း ခုတစ်ပုဒ်ပြီးတာနဲ့ နောက်တစ်ပုဒ် စာအရှည်ကြီးရေးတဲ့သူတစ်ယောက် ဖြစ်နေတာ အမှန်ပါပဲ။ ဒါပေသိ စကားကျတော့ ဘယ်သူနဲ့မှ ရှည်ရှည်ဝေးဝေး မပြောနိုင်ပါဘူး။ ဘယ်သူနဲ့ဖြစ်ဖြစ် နေကောင်းတယ်။ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီစကား ၃ ခွန်းပဲ အပ်ကြောင်းထပ်အောင် ပြောနေရတာ။ ကိုယ်က သူများကို မေးရင်လည်း ဒါပဲလေ။ နေကောင်းလား။ အဆင်ပြေလား။ ဂရုစိုက်နော်။ ဒီလောက်ပဲ ပြောစရာရှိတယ်။ ခေတ်ကာလ social life style က သည်အတိုင်းပဲ ဖြစ်နေပါပြီ။ မမြင်တာ မဆုံတာ ကြာပေမယ့်လည်း စကားလက်ဆုံ ပြောစရာကုန်နေတဲ့အတိုင်း။ သူလည်း သူ့ဒုက္ခနဲ့သူ။ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်။ ရပ်တည်ဖို့ ရုန်းကန်၊ ရှင်သန်ဖို့ ရွေးချယ်နေရတဲ့အချိန်မှာ “ဟိန်းဝေယံ က စိုးပြည့်သဇင်ကို တကယ်ယူဖြစ်သလား။ ဝိုင်းစုခိုင်သိန်းကရော ဘာပြောသေးလဲ။” ရှာဖွေမေးမြန်း တင်ဆက်နေနိုင်သူတွေကို အံ့ဩမိပါတယ်။ သူတို့လောကကြီးမှာ ထမင်းပေါင်းအိုး ခလုပ်နှိပ်ဖို့ မီးလင်းတယ် ထင်ပါရဲ့။ အပူအပင်ကင်းလိုက်တာနော်။
ကိုယ်တို့ဘဝမှာ ပျော်စရာတွေ မရှိဘူး လို့ မပြောပါဘူး။ စစ်သားတွေ သေတိုင်းသေတိုင်း smiley လေးတစ်ခု ရသလိုပျော်တယ်။ အများကြီးရရင် အများကြီးပျော်၊ အကြီးကြီးတွေပါရင် အကြီးကြီးပျော်တယ်။ လေယာဉ်တွေ၊ တင့်ကားတွေပါရင် bonus box ကြီးပွင့်သလိုကိုပျော်တယ်။ ဒါပေမယ့် ဒီအပျော်တွေက အလကားမရဘူး။ အရင်းအနှီး ကြီးပါတယ်။ ဘဝရဲ့ ပြည့်စုံခြင်းဆိုတာ ဘာလဲ။ ခုချိန်မှာ ထမင်းနပ်မှန်အောင် စားရတယ်။ အိပ်ရေးဝဝ အိပ်ရတယ်။ အူယားဖားယား ပြေးလွှားမနေရဘူး ဆိုရင် နောက်ထပ် ဘာကိုမှ မလိုအပ်တော့တဲ့ သဘောမှာ ရှိတယ်။ အဆင်ပြေတယ်လေ။ ကိုယ်နဲ့ စကားပြောနေတဲ့သူလည်း အဆင်ပြေတယ်ဆို ကျေနပ်ပါတယ်။ အဲ့သလောက်မှ အဆင်မပြေနိုင်တဲ့သူတွေ အများကြီးပဲ မဟုတ်လား။ ကိုယ့်အဖွားပြောနေကျ စကားလိုပဲ။ “ငါ့အိမ်ကို လူစုံအောင် ပြန်ရောက်ပြီ။ ငါ စိတ်ချလက်ချ အိပ်လို့ပျော်ပြီ။” တဲ့။
ပြန်မလာမချင်း အိပ်မပျော် စားမဝင် ပူပင်သောကရောက်နေမယ်မှန်း သိလို့ ၈၈ တုန်းက တောထဲကို လိုက်မသွားတဲ့ကိုယ်ဟာ ၂၁ မှာတော့ တောထဲမှာ နှစ်တွေလတွေ ကြာရှည်နေခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံနေရရင် ခုလောက်ထိတောင် အသက်ဆက်ရှင်နိုင်ဖို့ မသေချာပါဘူး။ အခုအိမ်မှာ မရှိပေမယ့်လည်း အဆင်ပြေတယ်လေ။ သူများတွေကိုတောင် ဆေးကုနိုင်သေးတယ်။ ပြောချင်ရာတွေပြော၊ ရေးချင်ရာတွေ ရေး၊ လုပ်ချင်ရာတွေ လုပ်။ မြင်တဲ့အတိုင်းပဲ။ ဘယ်လောက်အဆင်ပြေသလဲ။ အိမ်မြှောင်အမြီးပြတ်သလို ဖြတ်ဖြတ်လူး ဖြစ်နေတာ ကိုယ်တော့ မဟုတ်ပါဘူးနော်။ ဒေါက်စိုးလေးက သာသာယာယာပါပဲ။ အေးအေးချမ်းချမ်းပါပဲ လို့ အေသင်ကို၊ သမီးဆိုး နဲ့ ဇွန်နီလာဌေးစတိုင်ပါးလေးတစ်ခြမ်းရွဲ့ပြီး ပြောလိုက်ပါတယ်။
ဒါပေမယ့်လည်း အရင်တုန်းကလို ဟော်တယ်ပေါ်ကိုတက်၊ အဝတ်အစားသစ်တွေဝတ်၊ အစားကောင်း အသောက်ကောင်းတွေစား၊ နိုင်ငံခြားခရီးတွေ ထွက်နေရတဲ့ အခြေအနေမျိုးတော့ မဟုတ်ဘူးပေါ့။ အခုဆို ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်မကြည့်ဖြစ်တာတောင် ကြာပြီ။ ကြည့်စရာမှန်ကို မရှိတာ။ ဆံပင်ညှပ်ဆိုင်ရောက်မှ မှန်ထဲကလူကြီးကို “ဟယ်လိုဒါလင်။ မတွေ့ရတာကြာပြီ။ အရင်လို ကြည့်ကောင်းနေတုန်းပဲ။” လုပ်ရတယ်။ အလတ်ကြီးပါဗျာ။ အော်ဆေးအတိုင်းပဲ ရှိပါသေးတယ်။ ဒူးဆစ်တွေလည်း ကောင်းပါတယ်။ အင်ဂျင်လည်း မကျသေးပါဘူး။ လေလည်မှ live လွှင့်ပေးမယ်။ မီးခိုးမလိုက်သေးတဲ့အကြောင်း။ ကိုယ်လို old model ကြီးတောင် off road မောင်းနေတာ။ မောင်ရင်လေးတို့ အောင်ကာစ milage zero လေးတွေ “ဒီဘက်ကို ဆင်းခဲ့ပါဟ။” လို့ ခေါ်တဲ့ဟာကို “ကလေးတွေ လမ်းမှားရောက်အောင် တွန်းမပို့ပါနဲ့။” ဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ လမ်းဟောင်းကြီးအတိုင်းလိုက်ရင် ဘယ်ဘူတာဆိုက်မယ်ဆိုတာ မသိဘူးလား။ အနှစ် ၇၀ ကျော်မှာ ၃ ခါလောက် သံသရာလည်ပြီးနေပြီ။ ပုဂံရောက်နိုး၊ ပဲခူးရောက်နိုးနဲ့ ရထားပေါ်တင် သေမယ့်ငတတွေ။ ကိုယ့်ကိုယ်ကိုယ် ဘယ်ရောက်လို့ ရောက်နေမှန်းလည်း မသိ။ ကိုယ့်နံဘေးကလူတွေ ဘာဖြစ်လို့ ဖြစ်နေမှန်းလည်း မသိ။ တလောကလုံးကို စုံကန်ပြီး ဘောမလည်း နင်တို့မှာ ရွေးချယ်စရာ စန္ဒာမင်းတောင် မကျန်တော့ဘူး။ တွေ့လား။ အခုရိုက်ချက်၊ အခု ဟင်းအိုးထဲရောက်တဲ့ဟာတွေ။
အေမီဈာန်လို အာရုံတွေကြိုမရပေမယ့်လည်း၊ လင်းညှို့တာရာလို တားရော့မဆွဲတတ်ပေမယ့်လည်း ကိုယ်ခန့်မှန်းတဲ့ ရှေ့ဖြစ်တွေက လွဲခဲပါတယ်။ အဲ့ကောင်တွေရဲ့ သောက်ကျင့်သောက်ကြံတွေကို နောကြေနေအောင် သိတာကိုး။ မင်းအောင်လှိုင် လုပ်သမျှ ကိုယ့်အတွက် surprise ဆိုတာ မရှိဘူး။ ဒီကောင်ကြီး ဒီယုံမြင်လို့ ဒီခြုံထွင်တာ။ ဒီကွေ့ရောက်ရင် ဒီတက်နဲ့ လှော်မှာပဲ လို့ နားလည်တယ်။ စစ်မှုထမ်းဥပဒေကို အဆိုတင်သွင်းကတည်းက ဒီကောင်တွေ သောက်ကျင့်ယုတ်တော့မယ် ဆိုတာ ကြိုမြင်ပြီးသား။ ကိုင်း ကလေးတွေကို လမ်းလွဲမှာစိုးတဲ့ကောင်။ အခု မင်းအိမ်ကို တံခါးခေါက်ပြီး မင့်သားသမီးတွေကို စုဆောင်းရေး လာခေါ်နေပြီဆို မင်း ဘာလုပ်မှာလဲ ပြော။ ရွေးစမ်း လမ်းမှန်ကို။ ဘယ်သူ့အတွက်မှ မငဲ့နဲ့။ ကိုယ့်သားသမီးကိုယ် အသက်မသေအောင်ပဲ ရွေးပေးလိုက်။
ငါတို့က ကိုယ်အမြီးပြတ်နေလို့ သူများအမြီး လိုက်ဖြတ်ခိုင်းတာ မဟုတ််ဘူး။ တော်လှန်ရေးအောင်မှ အိမ်ပြန်ရမယ့်ဘဝမို့ လူငယ်တွေကို တောထဲခေါ်စတေးတာလည်း မဟုတ်ဘူး။ နေနိုင်တယ်။ သေနိုင်တယ်။ မပြန်ရလည်း ဘာမှ မဖြစ်ဘူး။ မအူမလည်နဲ့ ဘာလုပ်ရမှန်းမသိတဲ့ကလေးတွေ အချောင်သေကုန်မှာစိုးလို့ လွတ်ရာကျွတ်ရာ ရှောင်ဖို့ပြောတာ။ နိုင်ငံခြား သွားနိုင်ထွက်နိုင်တယ်ဆို ထွက်လေ။ အားပေးတယ်။ မထွက်နိုင်ရင် အဖမ်းခံရတဲ့အထိ စောင့်မနေနဲ့။ ဒီဘက်ကိုလာခဲ့။ ငါတို့ဘက်မှာနေရင် အနေအထိုင်ဆင်းရဲပေမယ့် အသေအပျောက်နည်းတယ်။ ဟိုကောင်တွေ စုဆောင်းရေးထဲပါသွားရင် ခွေးသေဝက်သေ သေတာ သောက်သောက်လဲပဲ။ မယုံရင် ကိုယ်တိုင် လာကြည့်လှည့်။ ငါတို့သတ်မှ သေတာ မဟုတ်ဘူး။ သူတို့ဟာသူတို့ ပြန်သတ်တာက ပိုတောင် များသေးတယ်။ အဲ့ဒါ မဟုတ်တာတွေ ပြောနေတာလို့ ထင်သလား။ သွားသေလိုက်။ မင်း. ဉာဏ်ရည်က ဒီခေတ်ဒီအခါမှာ survival skill မပြည့်ဝဘူး။ သေသင့်တယ်။
ကိုယ့်အသက် ကိုယ့်အရွယ်နဲ့ဆိုရင် ကိုယ်က Gen L စစ်စစ်ကြီးပါ။ ကလေးတွေအလယ်မှာ ရောက်နေတဲ့ Gen L ။ ဒါပေမယ့် ကလေးတွေ လမ်းပေါ်မှာ လက် ၃ ချောင်းထောင်ကတည်းက ဘယ်အချိန်ရောက်ရင် ဘာဖြစ်တော့မယ် ကြိုမြင်ထားလို့ တစ်ကွက်တစ်ကွက် ကြိုပြင်ထားခဲ့တယ်။ ကာကွယ်မပေးနိုင်ပေမယ့်လည်း ဒီကနေ့ ဒီအချိန်ထိ ကလေးတွေနဲ့အတူတူ ရပ်တည်နေတုန်းပဲ။ အဲ့ဒါကြောင့် သူတို့ ဘာတွေဖြစ်နေသလဲ။ ဘယ်လိုအခက်အခဲ၊ ဘယ်လိုအန္တရာယ်တွေ ကြုံနေရသလဲ ကေင်းကောင်း သိပါတယ်။ ကိုယ်လည်း သူတို့နဲ့ တသားတည်းပါပဲ။ “သားရီးတို့ ရှေ့တန်းသွားလိုက်ကြဦး။” ဆို ရွှေဖီဦးတီးမစ်ကလေးနဲ့ လွှတ်ပြီး hi ခန်းထဲမှာ happy water နဲ့ နှပ်နေတဲ့ကောင်မှ မဟုတ်တာ။ ကိုယ်တိုင်လည်း ရှေ့တန်းမှာ ရှိပါတယ်။ “ငါ့ကိုလည်း သေနတ်ပေးပါ။ ငါလည်း တိုက်ချင်ပါတယ်။” လို့ စိတ်ထဲမှာ ဖြစ်မိပေမယ့် ဂလယ်အူကြောင် နဲ့ သူငယ်နှပ်စားလေးတွေကို ပစ်ကွင်းမှာ မြင်မိတဲ့အခါ “အဲ့ဒီသောက်ပိန်းလေးတွေက စုဆောင်းရေးက လွတ်အောင် မပြေးနိုင်ကြဘူးလား။” လို့ စိတ်တိုမိပါတယ်။ ခများသာ သူတို့မိဘနေရာမှာရှိရင် ဘယ်လိုနေမလဲ။ “သားရေ လူလေး။ ဖျားသခင် ကွေကာပေးသနားတော်မူပါစေ။” လို့ ရန်အောင်ကြီး လို ငိုမလား။ “ရဲဘော်တို့။ ငါတို့က သက်ရှိစည်းရိုးတွေလေကွာ။” လို့ ခန့်စည်သူကြီးလို သွားဖြီးမလား။ စစ်တပ်ခေါ်ရာ အသာတကြည်ထည့်လိုက်ပြီး “စိတ်ဖြောင့်ဖြောင့်နဲ့သာ ချန်ခဲ့။ ကံမကုန်ရင် ပြန်ဆုံဦးမှာပဲ။” လို့ နှုတ်ဆက်နိုင်မယ့် မိဘမျိုးလား။ ကိုယ့်လွတ်မြောက်ရေးအတွက် ကိုယ့်ဘာသာကိုယ်မရုန်းပဲ သူများတွေ လာအကယ်စောင့်ရမယ့် အချိန်အခါမျိုးတော့ မဟုတ်တော့ဘူးဗျ။ “နေကောင်းတယ်။ အဆင်ပြေတယ်။ ကျေးဇူး။” ဆိုတဲ့ စကား ၃ ခွန်းတောင် ပြောမထွက်နိုင်ပဲ ရင်ထဲဆို့နင့်နေရတဲ့ ဘဝမျိုး ရောက်တော့မှာ။ စောင့်သာကြည့်။
ကိုယ်တို့ဆီမှာ စစ်ပွဲတွေရှိတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာလည်း နေ့စဉ်ဘဝထဲမှာ ယဉ်ပါးသွားခဲ့ပြီ။ တခြားနေရာတော့ သေချာမသိဘူး။ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်လာဦးမယ် လို့ ပြောခဲ့တာ မှန်တယ်လေ။ တဆံခြည်တောင် မလွဲဘူး။ ဒါပေမယ့် ကိုယ်နေကောင်းပါတယ်။ အဆင်ပြေပါတယ်။ သူတို့တွေ ဗန်းမော်ကိုတိုက်နေတာ ၉ လ ရှိပြီ။ အသေအပျောက် စာရင်း ကြည့်ရဲသလား။ မိုင်းနောင်၊ မမုံကိုင်မှာရော။ အဆင်ပြေရဲ့လား။ နေကောင်းကြလား။ ဖားကန့်မှာ ဆော်တာ ဆော်တာလေ။ ကုမ္ပဏီတွေတောင် ပိတ်ပြေးကုန်ပြီ။ အင်အား ၁၅၀၀ လောက်နဲ့ တကုန်းပြီးတကုန်း ပတ်မွှေနေတာ။ ဆိုင်းတောင်၊ ဝှေခါတော့ ရောက်မလာနိုင်သေးဘူး။ တာမခန်ဘက်ကို တနိုင်းဘက်ကဆင်းချင်လို့ မင်းဇေသန့်ပြည်သူ့စစ်နဲ့ ပူးပေါင်းစစ်ကြောင်းထိုးတာလည်း မပေါက်ဘူး။ ဝိုင်းမော်ကနေ လမြန်ကို စစ်ကြောင်းထိုးပြီး ချီဖွေ၊ ဆော့လော်၊ ပန်ဝါကို လမ်းပြန်ဖွင့်ဖို့လုပ်တယ်။ အလကားပဲ။ ကဲပြော။ အရပ်သားတွေ ပစ်သတ်တာရယ်၊ တပ်သားသစ်တွေ ထိုးကျွေးတာရယ်ကလွဲရင် ဘယ်နေရာမှာ အဖြစ်ရှိရှိ စစ်တိုက်နိုင်သလဲ ပြော။ ဒီကောင်တွေလောက်တော့ မဖြုံပါဘူး။ သူတို့ထိုးကျွေးလို့ အချောင်သေတဲ့ကလေးတွေကို သနားလို့ ကြိုကြိုတင်တင် သတိပေးတာ။ နားမထောင်တော့လည်း ကံတရားပေါ့။ သူ့ထိုက်နဲ့ သူ့ကံ။
တိုင်းပြည်အတွက်တို့၊ အမျိုးဘာသာ သာသနာအတွက်တို့ စကားကြီးစကားကျယ်တွေ မပြောပါဘူး။ သူများအတွက်တောင် မဟုတ်။ ကိုယ့်အတွက်ကိုယ် အဆင်ပြေအောင်၊ နေကောင်းအောင် အသက်ရှင်နိုင်အောင် ကြိုးစားပါ။ ဘယ်သူ့ကိုမှ မကယ်တင်ပါနဲ့။ ကိုယ့်အသက်ကိုယ် လွတ်အောင် ရုန်းကြပါ။ အားလုံးပြီးသွားတဲ့တနေ့ အသက်မသေပဲ ရှင်သန်ကျန်ရစ်တဲ့အထဲမှာ ပါအောင်နေပါ။ ဒီလောက်ဆို ကျေနပ်ပါတယ်။ အများကြီးမတောင်းဆိုပါဘူး။ ဘာမှန်းမသိညာမှန်းမသိနဲ့ သတ်ကွင်းထဲမှာ မယောင်မလည် မြင်ရတွေ့ရတာ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ။ ဘယ်သူက သူတို့ကို ဂျင်းတွေကျွေးပြီး တဆုံးထည့်သလဲ သေတာတောင် သဘောပေါက်မယ့်ပုံ မပေါ်ဘူး။ “သမ္မတကြီးမင်းအောင်လှိုင် ကျန်းမာပါစေ။” လို့ အော်ပေးလိုက်ရင် မြန်မာပြည်ကြီးငြိမ်းချမ်းသွားမယ်လို့ တကယ်ထင်နေတာလား။ အဲ့လိုလူတွေက ပြောတာ ကိုယ့်ကို။ ကလေးတွေ လမ်းမှားပို့သတဲ့လား။ အေးအေး။ မပြောတော့ဘူး။ ကိုယ့်လမ်းကိုယ်ဆက်လျှောက်။ ကဲရီးအွန်။
တနိုင်ငံလုံးမှာ စစ်ပွဲတွေဖြစ်တာ ဘယ်နေရာမှ မကျန်ပါဘူး။ စစ်ပွဲတွေဖြစ်တော့ လူတွေသေတာ ပြောစရာ မလိုဘူးနော်။ ဘယ်သူတွေ သေသလဲပဲ မြင်အောင်ကြည့်။ အရပ်သားတွေ အများဆုံးသေတယ်။ အတင်းအဓမ္မစုဆောင်းခံထားရတဲ့ တပ်သားသစ်တွေ အလောင်းမကောက်နိုင်လောက်အောင် သေတယ်။ နေ့တိုင်းမြင်တွေ့နေရတဲ့ အမှန်တရားပဲ။ ခါးသည်းပေမယ့် မြိုသိပ်လို့ မရဘူး။ အစကတည်းက အတန်တန် ပြောတယ်။ ဒီအတိုင်းပဲ ဖြစ်လာလိမ့်မယ် လို့။ ဘယ်သူမှ ပြင်ဆင်မထားကြဘူး။ အုပ်ကြီးတွေ၊ ပျူတွေ လူဖမ်းပြီး အရောင်းအဝယ်လုပ်ကုန်ကြတယ်။ အဲ့ဒါကျ မော်လို့တောင် မကြည့်ရဲဘူး။ စစ်တပ်ကိုလည်း အသံတောင် မထွက်ဝံ့ဘူး။ ကိုယ့်ဘက်ကျမှ နင်တို့တော်လှန်ရေးက မပြီးတော့ဘူးလား။ NUG က ဒီအတိုင်းထိုင်ကြည့်နေလား။ ဘာမှ လုပ်မပေးတော့ဘူးလား။ အာရုံတွေ လာစားနေတယ်နော်။ တော်ပြီ။ ဘာမှ မပြောတော့ဘူး။ ဘယ်ဘဝရောက်ရောက် ကိုယ့်ဘာသာ နေကောင်းအောင်နေ။ အဆင်ပြေအောင်နေ။ ဟုတ်ပြီလား။ ကျိုင်းဇူး။