သေတဲ့စကားကိုဖြင့် မကြားချင်ဘူးနော် အတည်

အန်ကယ်တင် နဲ့ အန်ကယ်ဖျင်တို့ နှစ်ယောက်ဟာ အာဏာကိုလက်ကိုင်ထားလို့ ကမ္ဘာကို အံတုရုံနဲ့ အားမရပဲ ဇရာကို အံတုဖို့ပါ ကြိုးစားနေကြပါတယ်။ “အသက် ၁၅၀ ရှည်စေဖို့ တကိုယ်လုံးဖြုတ်ပြီး အစားထိုးစို့။” လို့ ကြွေးကျော်နေသဗျ။ ပင်စင်မယူရဲတဲ့ တို့အိမ်က သေမင်းငင််ကလေးသိရင် “သားလည်းပါမယ်။” ဆို ဒိုင်ဗင်ပစ်နေဦးမယ်။ သက်ရှိတို့ရဲ့ သဘာဝ၊ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရသလိုပဲ။ ကြွေချိန်ခြောက်ချိန်ဆိုတာလည်း ရှောင်လွှဲလို့မှ မရတာ။ အိုချိန်ကျချိန်မှာ နောက်လူတွေကို နေရာဖယ်မပေးပဲ ထိပ်ကနေပိတ်ဆို့ပြီး နှိပ်ကွပ်နေတဲ့သူဆိုတာ လောကနိယာမ သဘာဝတရားကြီးနဲ့ ဆန့်ကျင်တဲ့ အဆိပ်အတောက်ပါပဲ။ အဲ့ဒီအဆိပ်အတောက်တွေရဲ့ဒဏ်ကို စကမတပ်ထဲကအကောင်တွေ အကုန်လုံး ခံစားနေရတယ်။ မြန်မာတပြည်လုံးလည်း ခံစားနေရတယ်။ တကမ္ဘာလုံးလည်း အလူးအလဲ ခံစားနေရပါသည်လေ။ ဒီကမ္ဘာကြီး စစ်မီးတွေတောက်လောင်နေရတာ လူငယ်လူရွယ်တွေကြောင့်မှ မဟုတ်တာ။ အိုကြီးအိုမတွေ တရားလက်လွတ်ဖြစ်နေတာကြောင့်ချည့်ပဲ။ အန်ကယ်တင်၊ အန်ကယ်ဖျင်တို့မှ အသက်ကြီးတာ မဟုတ်ပါဘူး။ ဘဘကြီးထွမ့်၊ ဘဘသက်ဆင်၊ ဘဘဟွန်ဆန်တို့လည်း 70+ ပတ်ချာလည်လောက်နဲ့ မိုက်တွင်းနက်နေကြတာပါ။ သူတို့အားလုံးကို လူအိုရုံပို့လိုက်ရင် ကမ္ဘာအေးတင်မကဘူး။ ပါရမီ၊ ချော်တွင်းကုန်းပါ ရောက်သွားမယ်။

တကယ်တော့ မအို၊ မနာ၊ မသေခြင်း ဆိုတာ ဆုတောင်းကောင်းတဲ့ အရာ မဟုတ်ဘူး။ ပြင်သစ်ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ တခါတုန်းက အမေကြီးတစ်ယောက်ဟာ အင်မတန်ကြီးကျယ်ခမ်းနားတဲ့ ဘုရားကျောင်းတစ်ဆောင် ဆောက်လှူပြီး “ဟောဒီဘုရားကျောင်းကြီး သက်တမ်းရှည်သ၍ တပည့်တော်မလည်း အသက်ရှည်ရပါလို၏။” လို့ ဆုပန်လိုက်တယ်။ မဖြစ်နိုင်လောက်ဘူးထင်လို့ ဆုတောင်းကြည့်တာနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘုရားသခင်က သူ့ဆုတောင်းကို ကြားသွားတာကြောင့် အမယ်ကြီးခမျာလည်း ဖွားဖွားဒေါ်သေခဲ ဘဝကို ရောက်သွားတယ်။ အနှစ် ၁၀၀-၂၀၀ လောက်ကြာတော့ သူ့သားသမီး မြေးမြစ်တွေလည်း သူတို့ဟာသူတို့ သက်တမ်းစေ့နေပြီး ကွယ်လွန်ကုန်ကြပြီ။ နောက်အသစ်အသစ် မွေးတဲ့သူတွေကလည်း သူ့ကို ဘယ်သူမှ မသိကြတော့ဘူး။ အထီးကျန်လွန်းတဲ့ မယ်သေခဲကြီးဟာ အိပ်ယာထဲမှာပဲ နိုးလိုက်၊ ပြန်အိပ်လိုက် နဲ့ အိပ်နေတော့သတဲ့။ တစ်နှစ်တစ်ခါ နာတာလူးပွဲလုပ်လို့ ဘုရားကျောင်းကြီးက ခေါင်းလောင်းတွေ ထိုးလာမှ အဘွားကြီးက ငေါက်ကနဲ ထထိုင်ပြီး “ဟောတော်။ ကျောင်းကြီးကလည်း ခုထက်ထိ မပြိုသေးပါလားတော့။” ဆို စိတ်ပျက်လက်ပျက် ငြီးငြူပြီး ပြန်အိပ်ပျော်သွားသတဲ့။ ဒီလိုနဲ့ နှစ်ပေါင်းလေးငါးခြောက်ရာ ကြာညောင်းလာတဲ့အခါ ဘွားတော်ကြီးရဲ့အဖြစ် ဟာ နာရီသံနဲ့ ထွက်အော်ရတဲ့ ငှက်ရုပ်ကလေးလို နေတာပေါ့။ နောက်ဆုံးတော့ ဘုရားသခင်လည်း သူ့အဖြစ်ကို သနားသွားလို့ထင်ပါရဲ့။ လေကြီးမိုးကြီးသည်းထန်တဲ့ တစ်ညမှာ မိုးကြိုးပစ်ချလိုက်လို့ ဘုရားကျောင်းကြီးပြိုသွားခါမှပဲ ကျောင်းအမကြီး မယ်သက်ရှည်လည်း ဘုရားသခင်အိမ်တော် ခိုလှုံခွင့် ရသွားသတဲ့။

မအိုဆေး၊ မနာဆေး၊ မသေဆေးဆိုတာ အာဏာရှင်တွေ လူတိုင်းလိုချင်ကြတာပါပဲ။ သူတို့လို ပါချီပါချဲ့၊ ငမြောက်ငခြောက် အာဏာရှင်လေးတွေ မပြောနဲ့။ မဟာတံတိုင်းကြီးတည်ဆောက်သွားသူ ချင်ရှီဝမ်တီ ဆိုတဲ့ ဧကရာဇ်ကြီးတောင်မှပဲ အရှေ့သမုဒ္ဒရာမှာရှိတဲ့ နဂါးမင်းကြီးဆီက အမြှိုက်ရည်ကို မသေမချင်း ရှာဖွေသွားခဲ့တယ် မှလား။ အသက်အရွယ် အိုမင်းခြင်းမရှိပဲ နုနယ်ပျိုမြစ်မှုကိုသာ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ ကျေနပ်လောက်တဲ့အချိန်မှာ ကိုယ့်ဘဝကိုယ် အဆုံးသတ်ပြီး အသစ်တဖန် ပြန်လည် မွေးဖွားလိုက်တာ အကောင်းဆုံးပါပဲ။ အိုကာစအချိန်မှာ တင်းတင်းရင်းရင်း မဖြစ်တော့တာတွေကို ဆွဲတင်လို့ရပေမယ့် တွဲလောင်းရှုံ့တွကြီးဖြစ်လာတဲ့အခါကျရင် ဖြတ်တောက်ခွဲစိတ်လို့တောင် အချိုးမပြေတော့ဘူး။ မျက်ခွံတွေ မေးခေါက်တွေကို ပြောတာပါ။ ယူတို့ကလည်း ဘာတွေမြင်နေမှန်း မသိ။ ကိုယ်တို့အမြဲသုံးနေကျ ဆေးများတောင်မှပဲ expired date နီးလာရင် efficacy တွေက ကျကျလာတတ်တယ်လေ။ Product တွေမှာ သူ့ batch နဲ့သူ လာတယ်။ iPhone 17 ထွက်နေပြီဟာကို iPhone 6+ ကလေး unboxing လုပ်ဖို့ ဘယ်သူမှ ရင်မခုန်ဘူး။ ကိုယ့်အရွယ် ကိုယ့်တန်းနဲ့ မရှေးမနှောင်းလေး နေတာပဲ ကောင်းတယ်။

လူတွေမှာလည်း အဲ့လိုပဲ ရှိကြပါတယ်။ အေးမြတ်သူ၊ မယ်လိုဒီ၊ မိုးဟေကိုလောက်ကို “ကျန်သေးတယ်။ အလတ်ကြီးရှိသေး။” ပြောလို့ရပေမယ့် စိုးမြတ်သူဇာ၊ မေသန်းနု၊ ထက်ထက်မိုးဦးလောက်ဆို “ကုန်သွားပြီ။” လို့ မှတ်ချက်ပေးမှာမှလား။ တာရှည်ခံအောင် ပြုပြင်ထိန်းသိမ်းထားတဲ့အရာတွေဟာ သက်တမ်းကြာကြာ သိမ်းဆည်းထားလို့ရပေမယ့် လတ်ဆတ်ပျိုမြစ်မှုတွေ ခမ်းခြောက်သွားပြီလေ။ ရှောက်သီး ဆေးပြားဟာ ပျားလိမ္မော်လေးလို အရည်မရွှမ်းနိုင်တော့ဘူး။ ခများတို့ ၇ အို ၈ အိုကြီးတွေ ခံစားရတဲ့လောကစည်းစိမ်ဆိုတာ ဆယ်ကျော်သက်ကလေးတွေရဲ့ သာယာသောကမ္ဘာလောကကြီးကို မမီနိုင်ပါဘူး။ ကလေးတွေကို သူ့အသက်သူ့အရွယ်နဲ့သူ ခံစားပါစေလား။ ခများကြီးတို့ အာဏာမြဲဖို့ စတေးပေးရတဲ့ လူငယ်တွေရဲ့ဘဝကို ငဲ့ကြည့်စမ်းပါဗျာ။ ကိုယ့်အသက်မသေဖို့ ဆယ်ကျော်သက်ကလေးတွေ အတင်းအဓမ္မ စစ်သားစုဆောင်းတာ ရင်နာစရာကြီး။ ကိုယ်က နောက် ဘယ်နှစ်နှစ်နေဦးမှာမို့ လူငယ်တွေသိန်းနဲ့ချီ အသေခံခိုင်းနေတာလဲ။ ကိုယ့်ခေတ် ကိုယ့်အခါ၊ ကိုယ့်အသက် ကိုယ့်အရွယ်နဲ့ နုနယ်ပျိုမြစ် သန်စွမ်းခြင်းတွေကို ခံစားခဲ့ပြီးပြီ မဟုတ်လား။ အခု ကလေးတွေအလှည့်လေ။ မဖျက်စီးပါနဲ့။ မပိတ်ပင်ပါနဲ့။ သူတို့ဆီက လုယူလိုက်လို့လည်း ခများတို့ဆီ ရောက်လာမှာ မဟုတ်ဘူး။ မျိုးဆက်လိုက်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ကုန်ပြီ။

ဇာတိပြီးရင် ဗျာဓိ၊ ဇရာ၊ မရဏတွေက life package ထဲမှာ ပါပြီးသား။ ရှောင်လွှဲလို့ မရဘူး။ “နာနေဖျားနေရင် ဘယ်သူက လာပြီးစောင့်ရှောက်ပေးမလဲ ဟင်။” လို့ ဟိုကြည့်သည်ကြည့် ကြည့်မနေနဲ့။ အဲ့ဒါ ကျုပ်တို့ ဆရာဝန်/ သူနာပြုတွေရဲ့အလုပ်။ အာဏာရှင်ကြီးတွေလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ်မို့ နာရေးဖျားရေးဆိုတာ ရှိတာပဲ။ လူနာတွေကို ဆေးကုလို့မရအောင် တားဆီးတာ၊ ဆေးရုံတွေကို စုံစမ်းထောက်လှမ်းပြီး ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ဗိုလ်စစ်သားတွေအတွက် “အသက်ရှည်ရာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းမှုမင်္ဂလာ ဖြစ်စေမယ်။” လို့ ယုံကြည်ပါသလား။ နေထိုင်မကောင်းဖြစ်တဲ့အခါတိုင်း အဲ့ဒီမေးခွန်းလေးကို အာရုံပြုပြီး ဖြေကြည့်စမ်းပါ။ ကိုယ့်အိမ်မှာလည်း မြေးကလေးတွေ ရှိတယ်လေ။ မကျန်းမာလို့ အိန္ဒိယက ဆရာဝန်တွေ ရဟတ်ယာဉ်နဲ့ ပင့်ပြီး ခွဲထားရတာ မဟုတ်လား။ ဆရာဝန်တွေဖမ်းတာသတ်တာ၊ ဆေးဝါးပစ္စည်းတွေ ပိတ်ဆို့ဖြတ်တောက်တာ မလုပ်ကောင်းပါဘူးနော်။ တူညီတဲ့အကျိုးတွေ ပေးမယ်။ သိလား။ မဲဆွယ်ချင်ရင်ဖြင့် သတိရကြပါပြီ။ ဖျားတဲ့အခါ ဆေးလည်းတိုက်မယ်။ ဆရာဝန်လည်းပဲ ခေါ်ကာပေးလို့ရယ်။ ဆန်ပြုတ်ကလေးလည်း ပြုတ်ပြီးတော့ တိုက်မယ်။ တသက်လုံးပဲ ဂရုစိုက်မယ်တဲ့။ ဟုတ်လည်း မဟုတ်ပဲနဲ့။ ဟုတ်လည်း မယ်ဟုတ်ဖဲနဲ့။

တကယ်တော့ ဥဘဒ်၊ ဌီ၊ ဘင် ဆိုတဲ့ ဖြစ်တည်ပျက် သဘာဝတရား ၃ ခုမှာ လူတွေက ဘာဖြစ်လို့ အပျက်တစ်ခုတည်းကို အပြစ်မြင်ပြီး မလိုချင်ရတာလဲ မသိပါဘူး။ ဘယ်အရာမဆို ပျက်ချိန်တန်လျက် မပျက်ပဲနေတာလည်း ဆင်းရဲဒုက္ခတစ်ခုပါပဲ။ immortals တို့ အမတ တို့ဆိုတာ တကယ်မရှိနိုင်တဲ့ မျှော်လင့်ချက်အမှားတွေပါ။ သက်ရှိတို့ရဲ့ အသေးဆုံးယူနစ်ဖြစ်တဲ့ cell ကလေး တစ်ခုစီမှာတောင်မှ ဖြစ်တည်ပျက် ၃ ရပ် နဲ့ ညီညွတ်အောင် လည်ပတ်ရတယ်။ ဖြစ်ချိန်တန်လို့ ဖြစ်ပြီးရင် ပျက်ချိန်တန်ရင် ပျက်ရတယ်။ မပျက်ပဲနဲ့ သူ့တစ်ခုတည်း နင်းကန်ပွါးများပြီး တခြား cell တွေကို နှောက်ယှက်ဖျက်စီးလာရင် အဲ့ဒီရောဂါ ကို ကင်ဆာရောဂါ လို့ ခေါ်တယ်။ ဟိုးအရင်တုန်းက လူဦးရေတွေ နင်းကန်ပေါက်ကွဲပွါးများလာတဲ့ နိုင်ငံတစ်ခုကို ဥပမာပေးပြီး လူကင်ဆာ လို့ နံမည်တပ် ရေးခဲ့ဖူးတယ်။

အခုလည်း ကိုယ်တို့နိုင်ငံမှာ စစ်အာဏာရူးတွေ ကင်ဆာသဖွယ် အမြစ်တွယ် ပွါးများလာလို့ တိုင်းပြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နှောက်ယှက်လာတဲ့သဘောဖြစ်နေတယ်။ စစ်သည်စစ်သား မင်းမှုထမ်းဆိုတာ အသက် ၆၀ ပြည့်ရင် ပင်စင်ယူရမယ်။ ကိုယ့်အောက်က တစ်ယောက်ယောက်ကို တာဝန်လွှဲပြောင်းပေးရမယ် လို့ ဥပဒေ ရှိပေမယ့် ပျက်ချိန်တန်လျက် မပျက်ပဲနေလိုသူက ရှိနေတယ်။ “ငါ့အောက်ကကောင်တွေ တစ်ကောင်မှ ခြောက်တုံးမကျပါဘူးကွာ။” ဆို အတင်းတွယ်ကပ်နေရင်းကနေ ဘယ်တော့မှ အာဏာလွှဲမပေးရအောင် အောက်လူတွေ တစ်ယောက်ပြီးတစ်ယောက် လဲပြီး သူချည့်ပဲ မသေမချင်း အုပ်ချုပ်နေတယ်။ အသက် ၁၅၀ နေချင်တဲ့ တစ္ဆေကြီးငတင်တို့ ငဖျင်တို့နဲ့ အတူတူပဲလေ။ သူတို့သက်ဆိုးရှည်လေလေ တိုင်းပြည်ရဲ့ အဖူးအပွင့်အနာဂတ် လူငယ်လူရွယ်ကလေးတွေ ပန်းညွန့်ညှာကြွေ ဖြစ်ရလေ။ သူ့တပ်ထဲမှာလည်း အကောင်းမကျန်ပါဘူး။ တစ်သောင်းဗိုလ်ခြေ ညက်ညက်ကြေလို့ လူဖမ်းရှေ့တန်းပို့ ပို့နေရတယ်။ အဲ့ဒီကင်ဆာ မအိမ်လုံး ကြက်သတုံးကြီးကို မဖြုတ်ပဲ legitimacy ရအောင် သမ္မတတင်မလို့ဆိုတာက တကယ့် အနာတခြား ဆေးတခြားကြီးပါလေ။ သူတို့လည်း ကင်ဆာလူသားတွေမို့လို့ ကင်ဆာအချင်းချင်း စောင့်ရှောက်တာ။ ကမ္ဘာကြီးပါ ကင်ဆာဖြစ်လည်း ဘာတွေဆက်ဖြစ်မလဲ ကြည့်ကြသေးတာပေါ့။ မိုးပြို အများနဲ့ပဲဟာ။

ကိုယ်ငယ်ငယ် ကလေးဘဝတုန်းက သေရမှာကို သိပ်ကြောက်တာ။ ရွာမှာနေရင် သေမှာစိုးလို့ “မြစ်နား ကို ထွက်ပြေးရအောင်လေ။” လို့ အမေ့ကိုခေါ်မိသေး။ ပေတော ကို မုန်းနားစု လို့ခေါ်ပြီး ထူး တို့၊ လေးအိမ်တို့ ရွာကလေးတွေကိုတော့ ဧရာဝတီကမ်းဘေးမှာရှိလို့ မြစ်နား လို့ ခေါ်ကြတယ်။ သေမင်းက လာခေါ်ရင် လိပ်စာမသိတော့ လိုက်ရှာနိုင်မှာ မဟုတ်ဘူး ထင်မိလို့ပါ။ ၇ နှစ်သားလောက် ရောက်တော့ အဖွားနဲ့ တရားပွဲတွေ လိုက်လိုက်နာရင်း သေခါနီး စုတေစိတ်ကျမယ့်အချိန်ကို ကြက်သီးတဖြန်းဖြန်းထအောင် ကြောက်မိတယ်။ အာနာပါန ရှုရတယ်။ နှာသီးဖျားမှာ စိတ်ကိုထားတယ်။ အရှုခံ နဲ့ ရှုမှတ်စိတ်ပဲ ရှိတယ်။ အကြိမ်ကြိမ်အခါခါ တရားရိပ်သာဝင်ပြီး သေခြင်းတရားကို မကြောက်မရွံ့ ရင်ဆိုင်နိုင်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ဒါပေမယ့် ပါရမီပဲ နည်းလို့လား မသိပါဘူး။ တင့်တင့်ထွန်းတို့၊ ထွန်းဣန္ဒြာဘိုတို့လိုတော့ သောတာပန်မဖြစ်ခဲ့ဘူးဗျ။

အခုနောက်ပိုင်းတော့ သေခြင်းတရားနဲ့ အကြိမ်ကြိမ်အခါခါ ပွတ်သီးပွတ်သပ် ကြုံလာရတော့ အရင်ကလောက် ကြောက်စိတ်မဖြစ်တော့ပါဘူး။ သေရာညောင်စောင်းမှာ လဲလျောင်းလျက် နာကြင်မောဟိုက်စွာ ဝေဒနာခံစားရင်း အသိအမှတ်တွေနဲ့ ကွယ်လွန်ရလိမ့်မယ်လို့ ဘယ်သူက ပြောတုန်း။ “အကယ်ဒမီဟော်တယ်မှာ ဘွတ်ကင်တင်ထားတယ် ဆရာ။ ကျွန်တော်တို့ အခုထွက်ခဲ့ပြီ။” လို့ ဖုန်းဆက်ပြီး ၁၅ မိနစ်လောက်အကြာ အမြန်လမ်းပေါ်မှာ ဘဝကူးသွားတာလည်း ဖြစ်နိုင်တာပဲ။ ချောင်းသာမှာ ရေစိမ်ရင်း ခြေထောက်ထောက် မမီတော့မှန်းသိလို့ ကမ်းစပ်ပြန်ကူးတာ ခေမာသောင်ကမ်း အရောက်လှမ်းတော့မလို ဖြစ်သွားတာလည်း ကြုံဖူးတယ်လေ။ နန့်မွန်းဆေးရုံရှေ့မှာ “ဟေ့ကောင်တွေ ရပ်လိုက်စမ်း။” ဆို သေနတ်နဲ့လှမ်းပစ်တာ ကျည်မထွက်ပဲ မိုးပေါ်ကိုထောင်ပစ်လိုက်မှ ထန်းကနဲ ကျည်ဆန်ထွက်သွားတာလည်း ကံကောင်းလို့ပေါ့။ ကိုယ့်ဆီကို လိပ်စာတပ်ပြီး တည့်တည့်မတ်မတ်လာတဲ့ ပေါင် ၅၀၀ ဗုံးကြီး ၂ လုံးဟာ ကိုယ့်ဘေးက ဝါးတရိုက်အကွာမှာ ကျကျနနကြီးပေါက်ကွဲပြီး လွှားကနဲ ဝပ်ချလိုက်တဲ့ ကိုယ့်ခေါင်းပေါ်က အစအနတွေ ဖြတ်သွားတာလည်း ကြောက်နေချိန်ကို မရပါဘူး။ နောက်တစ်ရက်ခြားပြီး ခွဲခန်းထဲကို သွပ်ပြားတွေပါ လွင့်စင်ပေါက်ကွဲပြီး ဝင်လာတာလည်း ငေးကြောင်ပြီး ကြည့်နေမိတယ်။ အမိလည်းမတ၊ ဘုရားလည်း မတမိဘူး။ သေတယ်ဆိုတာ မျက်စိတမှိတ်အတွင်းမှာ ဖြတ်ကနဲ ဖြစ်ပျက်သွားပြီး ကိုယ့်ဘာသာကိုယ် သေလို့သေမှန်း မသိအောင် လျင်မြန်နိုင်ပါတယ်။ “လေယာဉ်ဗုံးမှန်ရင် နာသလား။” လို့ စဉ်းစားကြည့်မိတယ်။ မနာဘူး လို့ ထင်တာပဲ။ ခါးစပ်မှာ ဆေးလိပ်မီးနဲ့ထိုးမိသလို ပူကနဲ တစ်ချက်ဖြစ်သွားတယ်။ ပွန်းရာလေးပဲ ထင်တယ်။ ၂ ရက်လောက်ကြာမှ ခါးတပြင်လုံး သပြေသီးမှည့်ရောင်လို သွေးခြည်အုတက်လာတယ်။ အရှိန်ပြင်းလွန်းလို့ အာရုံကြောတွေက pain sensation ကို percept လုပ်ချိန်တောင် မရလိုက်ဘူးထင်ပါရဲ့။ ဒူးခေါင်းအထက်က သွေးတွေငေါက်တောက်ပန်းထွက်နေတဲ့ ထွန်းရွှေကို “မင်း အဲ့ဒီတုန်းက နာလား။” လို့ မေးကြည့်လိုက်တော့ “မနာဘူး။ ခြေထောက်ထောက်မရလို့ ညွှတ်ကျသွားတာပဲ သိလိုက်တယ်။” တဲ့။

ကြည့်ရမြင်ရတဲ့သူမှာ နှလုံးမသာမယာဖြစ်ရသလောက် ဘဝကူးသွားတဲ့သူမှာ ဝေဒနာရယ်လို့ အလူးအလဲ ခံစားနေရတာ ဟုတ်ချင်မှ ဟုတ်မယ်လေ။ စက်ရုပ်တစ်ခု ပလပ်ဖြုတ်လိုက်သလို သိမှုခံစားမှုတွေ ရုတ်တရက် ပြတ်တောက် သွားတာလည်း ဖြစ်နိုင်တာပဲ။ ဝေဒနာတွေ ခံစားရသည့်တိုင် လွန်မြောက်သွားတဲ့အခါ လွတ်မြောက်ခြင်းကို ရရှိမှာပါ။ အခု အသက်ရှင်နေခိုက်မှာရော ဝေဒနာဆိုတာ ဘယ်သူက ကင်းတာလိုက်လို့။ ဒီလိုကျတော့လည်း သေရမှာ သိပ်မကြောက်တော့သလိုပါပဲ။ ရှောင်လို့ပြေးလို့လည်း မရတဲ့ကိစ္စကို တွေးတောတုန်လှုပ်မနေဘူး။ ကိုယ့်ရဲ့သေခြင်းတရားကို ကာကွယ်ဖို့ ဘယ်သူ့ဗိုက်ကိုမှ ငှါးပြီး ဓါးအထိုးမခံခိုင်းပါဘူး။ နေပျော်အောင်လည်း နေခဲ့ပြီးပြီ။ သေမယ်ဆိုလည်း သေပျော်ပြီပေါ့။ ရှင်သန်နေထိုင်သွားတဲ့ ဘဝတလျှောက်မှာ ဘယ်သူ့ကိုမှ ပျက်စီးရာပျက်စီးကြောင်း ဒုက္ခမပေးခဲ့ဘူး။ မတရားသဖြင့် အနိုင်ကျင့် နှိပ်စက်ညှင်းပန်းတာလည်း မလုပ်ဖူးဘူး။ ကောက်ကျစ်ယုတ်ညံ့သော အတွေးအမြင်၊ အကြံအစည်လည်း မရှိခဲ့ဖူးဘူး။ တန်ပါတယ်လေ။ ကျေနပ်ပါတယ်။ ဒါနဲ့ နေစမ်းပါဦး။ ဟိုအဖိုးကြီးတွေ အသက် ၁၅၀ ရှည်ချင်နေတာ ဘယ်သူ့ကို ဒုက္ခပေးစရာ ကျန်နေသေးလို့ပါလိမ့်။ အခုတောင် ၈၀ မပြည့်သေးဘူး။ သူတို့လုပ်တာနဲ့ ကမ္ဘာပျက်တော့မယ်။ အနူးဘိစ်ရယ်။ ခေါ်မှာဖြင့်လည်း မြန်မြန်သာ ခေါ်သွားပါတော့။

“ကြာတယ်။ ကြာတယ်။

မြန်မြန်လာကွာ။

လာပြီ လာပြီ လာပြီ လာပြီ။

အူး အူး အူးစ်။

ဂိပါပြီ။

အို အကုန်လုံး ဂိပြီ။

အားစ်။”