မောင်ဟာ လူဆိုး

တရုတ်ပြည်မှာ Anti- Americans တွေ စုပြီး “Nothing’s gonna stop us now.” လုပ်ကြတဲ့အခါ အိမ်ဖြူတော်က လူလိမ်မော်ကြီးကလည်း “ငါ့ အတင်းပြောတဲ့သူ ဖင်နူ” ဆိုပြီး ပြန်ခနဲ့ပါသတဲ့။ ကမ္ဘာကြီးကလည်း အရှက်တရားကင်းမဲ့လိုက်တာ။ အာဏာကိုလက်မလွှတ်နိုင်တဲ့သူတွေချည့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတယ်။ ဂေါဏေနတွေ ဂေါဏောတယ် လို့တော့ မပြောလိုပါဘူး။ ဟိုဘက်က ခေါင်းဖြူကြီးကလည်း သမဏေန မှ မဟုတ်တာ။ ဘယ်ဘက်က အားပေးမလဲ။ lesser evil ရွေးစမ်း ဆိုလို့တောင် ရွေးစရာ မရှိဘူး။ အတူတူ နဲ့ အနူနူတွေ။ ကမ္ဘာစစ်ကြီးသာ ဖြစ်လိုက်စမ်းပါတော့ကွာ။ အကုန်လုံးစစ်တွေထဖြစ်လည်း အေးတာပဲ။

သူတို့အားလုံးမှာ တူတဲ့အချက်ကတော့ ကောက်ကျစ်ညစ်ပတ်တဲ့အတွင်းစိတ်ကို မုသားနဲ့ အရေခြုံတာပါပဲ။ ကိုယ်တို့အတွက်ကတော့ မအလတစ်ကောင်တည်းနဲ့ အော့ကြောလန်၊ အော်ဂလီဆန် နေရတဲ့ဟာကို။ အခုတော့ မအလပရိုမက်စ်တွေ၊ မီဂါမအလတွေ တစုတဝေးတည်း တွေ့ရတော့ ဒီလိုလူတွေ ဒီလောက်များလို့လည်း ဒီကမ္ဘာကြီးက မငြိမ်းချမ်းနိုင်တာလို့ သဘောပေါက်မိပါတယ်။ စစ်တပ်ထဲကကောင်တွေ မအလလောက်မှ ယုတ်မာတဲ့စိတ်ထားမရှိရင် ဘယ်လိုမှ အတူတူနေနိုင်မှာ မဟုတ်ဘူး လို့ တွေးမိသလိုပဲ ကမ္ဘာ့အလယ်မှာ မအလဘက်က လူသိရှင်ကြား ရပ်တည်ရဲတဲ့သူ၊ အကာအကွယ်ပေးတဲ့သူဟာလည်း သူနဲ့ တစိတ်တည်း တဝမ်းတည်းမို့လို့ ယူဆရမယ်။ စကမတွေလောက် ရက်စက်ယုတ်မာတာ ကမ္ဘာမှာ မရှိဘူး လို့ ထင်နေတာ။ ဘယ်ဟုတ်လို့လဲ။ သူ့လိုလူစား အများကြီးပဲရယ်။ ဒီကမ္ဘာကြီးမှာ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပဲကိုး။ တရားသံဝေဂများလည်း ရမိပါတယ်လေ။

ဇနက္ကမင်းသားဟာ ပင်လယ်ပြင်ထဲ လက်ပစ်ကူးရတာ ၇ ရက်ပဲ ကြာပါတယ်။ ကိုယ်တို့တတွေ တော်လှန်ရေးထဲ လက်ပစ်ကူးနေရတာက ၇ နှစ်လောက် ကြာမလို ဖြစ်နေတယ်။ ဇနက္ကကို မေခလာ ကယ်ပေမယ့် ကိုယ်တို့ကိုတော့ ဘုရားလည်း မကယ်၊ သိကြားလည်း မကယ်။ ပြုတ်လုတည်းလည်း အချိန်ရောက်တိုင်း အဲ့ဒီ မအလကိုပဲ တရုတ်ကကယ်လိုက်၊ ရုရှားကကယ်လိုက်၊ ကယ်သွားတော့ ဂင်္ဂါဝါဠု သဲစုမကသော ဘုရားရှင်အပေါင်းတို့ကို “တပည့်တော် စိတ်ကောက်တော်မူတယ်ဘုရား။ ဒီတခါ လာမကယ်ရင်တော့ အရှင်ဖယားတို့ကို bad review ပေးပြီး ကိုးကွယ်ရာ အသစ်ရှာတော့မယ်။” လို့ စိတ်ရူးပေါက်မိတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆို။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆို။ ဟုတ်မှ ဟုတ်ပါရဲ့လား မောင်တို့ရာ။ သူတို့ဝဋ်ကျ မလည်နိုင်ပဲ ကိုယ့်ကြမ္မာကိုပဲ အတိတ်ကံနဲ့ ရိုးနေရတယ်။ အဲ့ဒီ အတိတ်ကံဆိုတဲ့ ဂျင်းကြီးက အတော်စပ်ပါသလေ။

တကယ်တမ်း ပြန်စဉ်းစားကြည့်တော့ ကိုယ်တို့ဝါဒက ကယ်တင်ရှင်မှ မရှိတာ။ ထာဝရဘုရားသခင်လည်း မရှိပါဘူး။ စောစောက ဂင်္ဂါဝါဠုကလည်း တစ်ဆူမှ မကျန်ဘူး။ နိဗ္ဗာန်ဝင်သွားပြီ။ သေလွန်သောအခါ အနူးဗစ်ကလာခေါ်ပြီး တမလွန်တရားသူကြီးဆီ မပို့ဘူး။ ကမ္ဘာကြီးရဲ့အဆုံးမှာ စီရင်ခြင်းနေ့တွေ၊ ရှင်သန်ထမြောက်ခြင်းနေ့တွေလည်း မရှိဘူး။ ကောင်းကင်ဘုံရဲ့ ပုလဲတံခါးမမှာ စိန်ပီတာကိုယ်တော်ကြီးကလည်း လက်မှတ်စစ်ဖို့ စောင့်မနေပါဘူး။ အရာအားလုံးမှာ ဆက်စပ်နေတဲ့ အကြောင်းအကျိုးတွေပဲ ရှိပါတယ်။ အဲ့ဒီ အကြောင်းအကျိုးတွေကို ဉာဏ်မီအောင် သုံးသပ်ဆင်ခြင်ရင်တော့ ပဌာန်းကျမ်းကြီး ရှိပါတယ်။ အတူတူပဲလေ။ ခရစ်ယာန်ဘာသာဝင်တွေအတွက် သမ္မာကျမ်းစာ ရှိမယ်။ အစ္စလာမ်ဘာသာဝင်တွေအတွက် ကိုရန်ကျမ်းမြတ် ရှိမယ်။ အကုန်လုံးက ကိုယ့်ဘာသာအဆုံးအမနဲ့ကိုယ် နေကြတာ မဟုတ်လား။ ဘာသာတရားဆိုတာကိုက အဆုံးအမ လို့ အဓိပ္ပါယ်ရတယ်။ အခု ပြဿနာဖြစ်နေတာက ဘာသာတွေ မတူကွဲပြားလို့ မဟုတ်ဘူး။ ဘယ်ဘုရားသခင်ရဲ့ အဆုံးအမအောက်မှာမှ မနေပဲ ဘာသာရေးကို ခုတုံးလုပ်၊ အရေခြုံ အသုံးချလို့ ဒီပြဿနာတွေ ဖြစ်ရတာ။ အရာရာတိုင်းမှာ သူ့အကြောင်းနဲ့သူပဲ။

ဗုဒ္ဓဘာသာမှာ ပဌာန်းကျမ်းက အခက်ဆုံးဖြစ်ပြီး အဆီအနှစ်၊ အနှစ်ချုပ်လည်း ဖြစ်တယ်။ ဉာဏ်မမီရင်၊ ပါရမီဓါတ်ခံ မရှိရင် နားမလည်နိုင်ဘူး။ သာသနာကွယ်လို့ရှိရင်လည်း အဲ့ဒီပဌာန်းကျမ်းက အရင် စ ကွယ်လိမ့်မယ်တဲ့။ ဒါကြောင့်မို့ အနက်မထင်ရင်တောင် အသံတွေစဲမသွားအောင် ပဌာန်းပွဲတွေ အမြဲလုပ်နေရတာ။ ရွတ်သာရွတ်နေပြီး နားမလည်တဲ့သူတွေ အများကြီး။ ယောဂီတဘက်ကြီးနဲ့ ပဌာန်းပွဲလုပ်ရင်း သေနတ်ကြီးနဲ့ စစ်တိုက်တယ်ဆိုတဲ့ ဗိုလ်ကတော်တွေဟာ “ဟေတု” တစ်လုံးတောင် အနက်မထင်ပါဘူး။ အနက်ပြန်နိုင်သော်ငြား သဘောပေါက် နားလည်တာလည်း အင်မတန်ရှားလိမ့်မယ်။ သဘောပေါက်ထားသလို လိုက်နာကျင့်ကြံနိုင်မယ့်သူက ရှိမှ ရှိပါလေစကွယ်။ သာသနာပိုင်ဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်ကြီးတို့ဟာ ယမိုက်တွေ ပဌာန်းတွေ မကျေစရာအကြောင်းမရှိပါဘူး။ “စစ်သည်လိုရင် သံဃာငါးသိန်းပေးမယ်။” ဆိုတာကြီးကျ လွန်လွန်းအားကြီးပါတယ်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာနေနေသာသာ သင်္ကန်းနဲ့တောင် မအပ်စပ်တော့ဘူး။ သံဃာငါးသိန်းဟာ ဆန္ဒမဲငါးသိန်းတောင် ပေးလို့မရပါဘူး။

“နင်ကရော လူဝတ်ကြောင်နဲ့ ဘယ်လောက်နားလည်နိုင်မှာမို့လဲ။” ဆိုရင် ဟုတ်ပါတယ်။ ဘယ်နားလည်နိုင်မှာလဲ။ အခုမှ ရေးရေးလေး သဘောပေါက်ရုံ ရှိတာ။ ပါဠိတွေလည်း ကိုယ်သိတာတတ်တာမှ မဟုတ်ပဲ။ ဘာတွေ အလင်းရသွားလဲဆိုတော့ တရုတ်ပြည်မှာ လှိုင်သာယာက ကျော်ဝင်းစိန်တို့ ချီသလို ချီတက်လာတဲ့ Devil Fathers တွေကို မြင်တော့ မအလကြီး ဘာလို့သက်ဆိုးရှည်နေရသလဲ ဆိုတဲ့ အကျိုးအကြောင်းတွေ ဆင်ခြင်သုံးသပ်လိုက်တာ ပုရိမာ ပုရိမာတွေရော ပစ္ဆိမာနံ ပစ္ဆိမာနံတွေရော ဆက်ကာဆက်ကာ သိမြင်လာပြီး “လောကကြီးမှာ အကြောင်းမရှိပဲ အကျိုးဖြစ်လာစရာ ဘာမှ မရှိပဲကိုး” လို့ သဘောပေါက်လာပါတယ်။ အဲ့ဒီတော့မှ “ဘာလို့လဲ။ ဘာကြောင့်လဲ၊ Why? Why? ဝေ့ရှမော။” ဆိုတဲ့ မေးခွန်းတွေ အဖြေထွက်ပြီး ဘဝင်ကျသွားပါတယ်။

အကျယ်တော့ မဟောတော့ပါဘူးကွယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဓါတ်ခံချင်း၊ ဉာဏ်ရည်ချင်းတူတာမှ မဟုတ်တာ။ နမူနာလောက်ပဲ ပြပါ့မယ်။ “ဟေတုပစ္စယော” နဲ့ပဲ စကြတာပေါ့။ ဟေတု ဆိုတာ ဟိတ် ၆ ပါးကို အရင်းခံသော အကြောင်းရင်းတရားတဲ့။ သစ်ပင်တစ်ပင်ရဲ့မျိုးစေ့လို အရာမျိုးပဲ။ ဟိတ် ၆ ပါးထဲမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတာက အကုသိုလ်ဟိတ်တွေ ဖြစ်ပြီး၊ အလောဘ၊ အဒေါသ၊ အမောဟ က ကုသိုလ်ဟိတ်တွေ ဖြစ်ပါတယ်။ အဲ့ဒီဟိတ်ကို အခြေခံပြီးမှစိတ်တွေ၊ စေတသိက်တွေ ဆက်လိုက်လာတာ။ ကလေးတွေ နားလည်အောင်ပြောရရင် စိတ်ရင်းဓါတ်ခံလို့ ခေါ်မှာပေါ့ကွယ်။ စိတ်ရင်းကောင်းတဲ့သူ နဲ့ စိတ်ပုတ်တဲ့သူ၊ အဲ့ဒီသဘောမျိုး။ ငယ်ငယ်တည်းက သောက်ကျင့်ယုတ်တဲ့သူဟာ အသက်ကြီးလေ ယုတ်မာလေပဲ။ သံပုရာသီးလို ကြီးလေချဉ်လေ။

အဲ့ဒီကုသိုလ်၊ အကုသိုလ်ဟိတ်တွေဟာ ပါချီပါချဲ့ မဟုတ်ပဲ ထုနဲ့ထည်နဲ့ ဖြစ်တည်လာတဲ့အခါ ဟိတ်တွေဟန်တွေက အရှိန်အဟုန်နဲ့ ဆက်တိုက်ဆက်ဖြစ်လာတာပေါ့။ မင်းအောင်လှိုင်ပဲဖြစ်ဖြစ်၊ ဦးသန်းရွှေပဲဖြစ်ဖြစ်၊ စစ်ဗိုလ်ပေါက်စလေးဘဝ၊ စာတိုက်စာရေးလေးဘဝတုန်းကတော့ အညှောင့်ထွက်စ ပဲပင်ပေါက်ကလေးလို အားမကောင်းလှသေးဘူး။ ကုသိုလ်ရှိရှိ၊ အကုသိုလ်ရှိရှိ၊ မထင်ရှားသေးဘူး။ ရိုးပါတယ် အေးပါတယ် လို့ပဲ မြင်ကြမှာ။ ကစထမှူးဖြစ်တော့ ကြောင်ချေးစော် တော်တော်နံတယ် လို့ အသံထွက်လာပြီ။ ကာချုပ်ဖြစ်တော့ တော်တော်မောက်မာလာပြီ မဟုတ်လား။ အာဏာလည်းသိမ်းပြီးရော ချိုရော၊ အစွယ်ရော၊ အတောင်ပံ၊ လက်သည်းရောပါတဲ့ ပဉ္စရူပကြီး ဖြစ်သွားရော။

မျိုးစေ့ကတည်းက သန္ဓေမမှန်တဲ့အခါ အပင်ကြီးလာတဲ့အခါကျ အဆိပ်ပင်အဆိပ်သီးဖြစ်လည်း လွယ်လွယ်ကူကူ ခုတ်မရချိုင်မရ။ ဒုက္ခပေးလာတယ်။

မင်းအောင်လှိုင်တပ်ကို ကိုယ်တို့တော်လှန်နေရတာလည်း အတူတူပါပဲ။ သူတို့က အကုသိုလ် ကိုယ့်ကျမှ ကုသိုလ်လို့ မပြောလိုပါဘူး။ ကုသိုလ်ဟိတ်ဖြစ်ဖြစ်၊ အကုသိုလ်ဟိတ်ဖြစ်ဖြစ်။ ဟိတ်ချင်းယှဉ်ရင် ဘယ်သူက အားသာမှာလဲ။ အားသာတဲ့ဘက်က အကျိုးပေးသန်မယ်လေ။ ကိုယ့်ကုသိုလ်နဲ့ကိုယ်၊ သူ့အကုသိုလ်နဲ့သူ ဆိုတာမှန်တယ်။ သူတို့အကုသိုလ်ဟိတ်တွေနဲ့ ကိုယ့်အပေါ် မကောင်းကြံတာ ဘယ်နှစ်ခါ အရာထင်ဖူးသလဲ။ ဒါပေမယ့် သန်း ၅၀ လုံးသော မြန်မာပြည်သားတွေရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ဆိုရင် ကိုယ့်တစ်ယောက်တည်းရဲ့ ကံအကျိုးပေးနဲ့ မထမ်းနိုင်တာ သေချာတယ်။ ကိုယ်တို့ဘက်က တော်လှန်ရေးမျိုးစေ့ကလေးဟာလည်း လက်ပလာနဲ့ ဆန္ဒပြပွဲတွေက စခဲ့တယ်။ တူးမီးလေးရဖို့တောင် ဘယ်လောက် စောင့်ရသလဲ။ သူတို့မှာ လက်နက်အစုံအလင်နဲ့ အနှစ် ၇၀ သက်တမ်းရှိ ကြည်းရေလေ စစ်တပ်ကြီး။ ဝိတ်ရောဟိတ်ရော အဲ့လောက်ကြီးနေတော့ လွယ်လွယ်နဲ့ ဖြိုချဖို့ခက်တယ်။ သူတို့ကဆို “ဘယ်လိုမှ မဖြစ်နိုင်ဘူး။” လို့ တထစ်ချယုံကြည်ထားတာ။ ဒါကြောင့်မို့ ၅ နှစ်ကြာတယ်ဆိုလည်း ကြာရတဲ့ အကြောင်းရင်းက ရှိတယ်။

သို့သော်လည်း ဖြစ်ပြီးရင် ပျက်ရတဲ့သဘာဝအတိုင်း သူတို့ဘက်က ပြိုဆင်းလာတာတွေလည်း မြင်နေရတယ်။ မဖြစ်နိိုင်ဘူးတော့ မရှိဘူး။ ဒီအထိလျှောက်လို့ ဒီခရီးပေါက်လာပြီ။ သူ့ဘက်က ဟိတ်ကအပြို၊ ကိုယ့်ဘက်ကဟိတ်ကအတက်နဲ့ အချိန်တခုရောက်ရင် ပွဲကပြီးသွားမှာပဲ။ အဲ့ဒီအချိန်က ဘယ်လောက်ကြာမှာလဲ ဆိုတာကတော့ ကိုယ့်ဘက်က တောင့်ခံနေတဲ့အင်အားဘယ်လောက်များသလဲ။ အချိန်နဲ့အမျှ တိုးလာမှာလား၊ လျော့သွားမှာလား ဆိုတဲ့အပေါ် မူတည်ပါတယ်။ သူ့ဘက်က ငွေကြေးအင်အား၊ လက်နက်အင်အား ရှိသလို ကိုယ်တို့ဘက်ကလည်း ပြည်သူ့အင်အား ရှိပါတယ်။ ဒီပွဲဟာ ဓမ္မ နဲ့ အဓမ္မ လွန်ဆွဲတဲ့ ပွဲ ဆိုရင်တောင် ကိုယ့်ဘက်က ကူဆွဲမှာ ဘယ်နှစ်ယောက်လဲ၊ ဘယ်လောက်အားရှိသလဲ သိရမှ အနိုင်အရှုံးက တွက်လို့ရမယ်လေ။

တိုးမလား လျော့မလားဆိုတာကတော့ သူများမမေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ်ပဲ မေးပါ။ ကိုယ့်ရဲ့ဟိတ်၊ ကိုယ့်ရဲ့ ရပ်တည်မှုက ဘယ်ဘက်မှာ ပါနေတာလဲ။ ဘယ်ဘက်မှ မပါဘူးဆိုရင်လည်း ဘယ်သူ့ကိုမှ အပြစ်တင်မနေနဲ့။ သူတို့ဟာသူတို့ အားသာတဲ့ဘက်ပါသွားလိမ့်မယ်။ ကိုယ်ကိုယ်တိုင် ဝင်မကူပဲ ဘယ်ဘက်မှလည်း မနိုင်ချင်နဲ့။ ကောင်းကောင်းဆိုးဆိုး။ ကိုယ့်ကြမ္မာ သူများဖန်တီးတာခံလိုက်။ တော်လှန်ရေးမှာ ကိုယ်တို့ ခြေစုံပစ်ဝင်ထားတာက အချိန်အားဖြင့်လည်း ၅ နှစ်ရှိပြီ။ ကိုယ်စွမ်းရော၊ ဉာဏ်စွမ်းရော ရှိသမျှ အစွမ်းတွေ ဘာမှမကျန်အောင် အသားကုန်ရုန်းကန်နေတာ မြင်တဲ့အတိုင်းပဲ။ ဒါပေမယ့် မနိုင်သေးဘူး မှလား။ ဘယ်လောက်ပဲ နိုင်ချင်ချင် ကိုယ့်ဘက်က ဒီ့ထက်စိုက်ထုတ်စရာ မရှိတော့ဘူး။ ကုန်နေပြီ။

မပါရသေးတဲ့ မစိုက်ထုတ်ရသေးတဲ့ အင်အားတွေ အများကြီး ကျန်နေသေးတယ်။ တကယ်သာ သန်း ၅၀ လုံး တော်လှန်ရေးမှာ တက်တက်ကြွကြွပါနေရင် ဒီကောင်တွေ ၅ နှစ်မပြောနဲ့။ ၅ ရက်တောင် မခံဘူး။ ဦးစိန်လွင်ကိုကြည့်။ “ငါတို့က အသက်ကြီးပါပြီ။” “ငါ့မှာက မိသားစုနဲ့။” “ဒီလောက်နှစ်တွေအများကြီး လုပ်လာတဲ့အလုပ်မို့လို့။” “ဒီအရွယ်ကြီးကျမှ ငပိကြော် မစားပါရစေနဲ့။” “ငဲ့စရာတွေက အများကြီးရယ်။” အဲ့လိုမျိုး ဥပါယ်ခိုစရာ၊ ဆင်ခြေပေးစရာတွေ များနေရင် တော်လှန်ရေးအောင်မြင်ချင်တဲ့စိတ်ကို စိတ်လျှော့လိုက်ပါ။ စိတ်သွားတိုင်းကိုယ်မပါပဲ စိတ်နဲ့ချည့် ပြေးနေရင် စိတ်ပင်ပန်းရုံပဲ ရှိမယ်။ ခရီးမရောက်ဘူး။

ကိုယ်ရောစိတ်ပါ ဝင်မပါသေးတဲ့သူတွေ၊ နေသာသလိုနေတဲ့သူတွေကို ကိုယ်တို့စည်းရုံးနေလည်း အပိုပါပဲ။ ဒီလူတွေက ဆွဲအားနဲ့ ပါမယ့်သူတွေ မဟုတ်ဘူး။ တွန်းအားနဲ့မှ အလိုလိုရွေ့လာမှာ။ ကိုယ်တို့က လွတ်မြောက်နယ်မြေတွေမှာ လာကူကြပါ ဘယ်လိုပဲခေါ်ခေါ်။ စိတ်သာချ။ ဘယ်သူမှ မလာဘူး။ စကမတွေက ၅၀၅ ထုတ်ပြီး တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း လိုက်ဖမ်းမှ ပြေးရင်းလွှားရင်း အလိုလိုရောက်လာတာ။ ကိုယ်တို့အနေနဲ့ မြို့ပေါ်တက်ပြီး စစ်သားစုဆောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စိတ်ဓါတ်ပြင်းထန်တဲ့သူတွေကလည်း အကုန် ဒီဘက်ရောက်နေပြီ။ နောက်ထပ်လာစရာ မရှိ။ သေနတ်နဲ့ထောက်ပြီး ပေါ်တာဆွဲရင်လည်း လူထုထောက်ခံမှုက ကျဦးမှာ။ ဟော အခု သူတို့ဘာသူတို့ အတင်းအကြပ်စုဆောင်း၊ သင်တန်းပေး၊ လက်နက်ပါတပ်ဆင်ပြီး ရှေ့တန်းအရောက်ပို့လိုက်တော့ ဆီဆားအစုံနဲ့ ဖြည်စားရုံလေး။ တပ်ထဲမှာ စစ်ဗိုလ်တွေ သူတို့ကို ဘယ်လိုဆက်ဆံသလဲ သူတို့ကိုယ်တိုင်အသိဆုံး။ ရှေ့တန်းမှာ သေနတ်မှန်မှန်၊ ဗုံးမှန်မှန်၊ မိုင်းနင်းနင်း၊ သေတတ်တယ်ဆိုတာလည်း မသိပဲ မနေဘူး။ လူဆိုတာ သေရေးရှင်ရေးနဲ့ ပါတ်သက်လာရင် ကိုယ့်ထွက်ပေါက် ကိုယ်ရှာကြမှာပဲ။ ဒီအကြောင်းတရားတွေ ပေါင်းဆုံလာတဲ့တနေ့ အကျိုးတရားတွေလည်း သူ့ဟာသူ ထွက်ပေါ်လာပါလိမ့်မယ်။ စိတ်မပူပါနဲ့။ စိတ်စောစရာ၊ စိတ်မောစရာလည်း မရှိပါဘူး။

“ဟေတု” တစ်လုံး နဲ့တောင် ဒီလောက် အကျယ်ဟောနေရတာ ၂၄ ပစ္စည်း စုံအောင်ဟောရရင် ဝါတွင်း ၃ လပါတ်လုံး လုံးလည်ချာလည် လိုက်ကုန်တော့မှာပဲ။ မင်းအောင်လှိုင်စစ်တပ်ကြီး ကာလနာမတိုက်ရသေးတဲ့ အကြောင်းရင်းထဲမှာ အမြစ်သဖွယ် ယှက်နွယ်နှောင်ဖွဲ့ထားတာတွေလည်း ရှိတယ်။ အရိပ်သဖွယ် အုပ်မိုးကာကွယ်ထားတာတွေလည်း ရှိတယ်။ အပြန်အလှန် မှီခို အကျိုးပြုပြီး ရုန်းမထွက်နိုင်တာတွေလည်း ရှိတယ်။ အတူတကွ ဖြစ်တည်ရှင်သန်နေကြတာတွေလည်း ရှိတယ်။ ရှေ့ကကြိုတင်ပြုထားခဲ့တဲ့ ကောင်းခြင်း/မကောင်းခြင်းတွေက နောက်ထပ်ပြုမြဲပြုဆဲဖြစ်တဲ့ ကောင်းခြင်း/မကောင်းခြင်းတွေကို အထောက်အပံ့ဖြစ်နေတာလည်း ရှိတယ်။ တချို့သော အကြောင်းတရားတွေ အရာမထင်အောင်၊ တိုးမပေါက်အောင် ထိပ်ကနေ အကြီးအမှူးပြုပြီး ချုပ်ကိုင်မောင်းနှင်နေတာတွေလည်း ရှိမယ်။ ကုန်ခမ်းသွားတဲ့ ငွေကြေး၊ လက်နက်၊ ရိက္ခာတွေကို ပြန်ပြည့်စေတဲ့ အာဟာရရေသောက်မြစ်တွေက အကျိုးပြုနေတာလည်း ရှိမယ်။ အကြိမ်တစ်ထောင်လောက် ဗုံးကြဲလာတော့ တည်တည်ငြိမ်ငြိမ် ဣန္ဒြေရရ ပဌာန်းစတစ်ကာတပ် ဟဲလမက်လေးနဲ့ ကျင့်သားရလက်မှန်းတည့်လာတာတွေလည်း ရှိမယ်။

ပြောရင် ကုန်မှာ မဟုတ်ဘူး။ ၂၄ ပစ္စည်းတွေ လက်ကျန်မရှိအောင် ဆင်ခြင်ပွါးများကြည့်လိုက်ရင် ကိုယ်တို့တော်လှန်ရေးကြီးရဲ့ လာရာတွေ လားရာတွေကို အကျိုးသင့်အကြောင်းသင့် ဆင်ခြင်သုံးသပ်တတ်သွားမယ်။ အဲ့ဒီအခါကျရင် ဘာဆက်လုပ်ရမလဲ အဖြေပေါ်လာလိမ့်ဖမယ်။ နဂိုက အဖြေမထွက်တဲ့ Why? တွေကိုလည်း ယထာဘူတကျကျ အဖြေရှာတွေ့ပြီး ဘဝင်ကျသွားလိမ့်မယ်။ ဘယ်ဘုရားမှ လာမကယ်ဘူးလေ။ ကိုယ့်လမ်းကိုယ် မြင်အောင်ရှာရမှာ မဟုတ်လား။ တရားရပုံက အမျိုးမျိုး ရှိတယ်လေ။ တချို့လည်း ခေါင်းရိပ်ဆံချရင်း “ကေသာ၊ လောမာ…” လက္ခဏာယဉ် ဆင်ခြင်ရင်း တရားရတယ်။ တချို့လည်း တံခွန်တိုင်ထိပ်ဖျား ရွဲလုံးနဲ့ကစားရင်း ကရင်း တရားရတယ်။ ကိုယ့်ကျမှပဲ ပူတင်၊ ကျင့်ဖျင်၊ မိုဒီ၊ ကင်မ်တို့ မအလ နဲ့ ဂိတ်စဂိတ်ဆုံး ကျက်သရေတုံးနေတာမြင်ပြီး အကျွတ်တရားရတယ် ဆိုတာကတော့ တော်တော်ကိုဆိုးတာပါပဲလေ။