ကချင်မြေကိုလာတော့ …(၃)

ငလျင်အပြီးမှာ အစတုန်းက ထင်ခဲ့တာက နေပြည်တော်က ဝန်ကြီးဌာနတွေ ကနားဖျင်းထိုး ရုံးတက်နေရလို့ စစ်ပွဲတွေဘက် မလှည့်နိုင်တော့ဘူး လို့ ထင်ခဲ့တာပါ။ တက်တက်စင်အောင် လွဲမှားတဲ့အတွေးပါပဲ။ ပြန်လည်ထူထောင်ရေးနေနေသာသာ ကယ်ဆယ်ရေးတောင် လုပ်ဖော်မရပဲ ငလျင်ဘေးအလှူငွေတွေကို စစ်စားရိတ်ထဲ ပြည့်ပြည့်ဝဝအသုံးချပါတော့တယ်။ ငလျင်ကြောင့် အပစ်အခတ်ရပ်ထားပါမယ် လို့ သတင်းထုတ်ပြန် ကြေငြာနေရင်းကမှ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်နေတာ ကိုယ့်ဆေးရုံလေးတောင် မလွတ်ခဲ့ဘူးလေ။ အဲ့ဒီအချိန်မှာ KIA က ဆခုံတိမ့်ယိမ်းပြည်သူ့စစ်ရဲ့ ဆဒုံး၊ ကံပိုက်တီး၊ ချီဖွေ၊ ဆော့လော် ကချင်အထူးဒေသကို သိမ်းထားပြီးပြီ။ မြစ်ကြီးနား တဘက်ကမ်း ဝိုင်းမော်ထိအောင် စိုးမိုးထားတယ်။ လိုင်ဇာ၊ လွယ်ဂျယ် နဲ့ မြစ်အရှေ့တခြမ်းလုံးကို စိုးမိုးဖို့အတွက် ၂၀၂၄ ဒီဇင်ဘာကတည်းက ဗန်းမော်မြို့ နဲ့ သူ့ပတ်ပတ်လည်မှာရှိတဲ့ တပ်ရင်း၊ တပ်စခန်း၊ လေယာဉ်ကွင်း၊ ဗျူဟာကုန်းတွေကို သိမ်းယူတော့တယ်။

အဲ့ဒီအချိန်မှာ တရုတ်အစိုးရက ပြောင်ပြောင်တင်းတင်း ဝင်စွက်ဖက်လာပြီး တရုတ်နယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးဝင်ပေါက်အားလုံးကို သူ့ဘက်က တဘက်သတ်ပိတ်ချလိုက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံး NUG နဲ့ မဆက်ဆံရ။ PDF ကို အားမပေးရ။ လားရှိုးမြို့နဲ့ ကုန်သွယ်ရေးလမ်းကြောပေါ်က မြို့တွေရွာတွေအားလုံး စစ်အစိုးရလက်ကို ပြန်ပေးရန်တဲ့။သူများပြည်တွင်းရေးကိစ္စကို ဘလိုင်းကြီး ကျော်ခွလာပြီး “မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မည်သည့်နိုင်ငံမျှ ဝင်မစွက်ဖက်ရန်” လို့ အရှက်မရှိ ဗြောင်လိမ်တာနော်။ တရုတ်သွင်းကုန်တွေကိုတော့ မိုင်းလား၊ တာချီလိတ်ဘက်ကနေ ရှမ်း/တောင် လမ်းကြောင်းနဲ့ ပြည်တွင်းကို ဝင်စေတယ်။ ဒီဘက်မှာတော့ ဓါတ်ခဲ နဲ့ ဖုန်းအားသွင်းကြိုးတောင် အဝင်မခံပဲ ပိတ်ထားသော်ငြား စတားလင့် အင်တာနက်စက်တွေကိုတော့ ဘယ်ကနေ ဘယ်လို သွင်းကြတယ် မသိပါဘူး။ ကချင်ပြည်နယ် တခုလုံး ရွာသေးသေးလေးတွေပါမကျန် စတားလင့် ဝိုင်ဖိုင် အင်တာနက်ဆိုင်ကလေးတွေပေါ်လာတယ်။ Telecom service တွေအားလုံး ကချင်ပြည်နယ်အတွင်းမှာ ကောင်းကောင်းရတဲ့နေရာ မရှိဘူး။ မြို့ပေါ်မှာတောင် တခါတခါပဲ ရတယ်။ ဖုန်းလည်း ခေါ်မရဘူး။ ပြည်တွင်းမှာ စကမဘက်က ဆက်သွယ်ရေးလမ်းကြောင်း၊ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ပြီးတဲ့နောက်မှာ လူအဝင်အထွက်တွေပါ ကန့်သတ်လာတယ်။ ၁/ မှတ်ပုံတင် မဟုတ်ရင် ကချင်ပြည်နယ်မှာ ခရီးသွားခွင့် မရှိဘူး။ အသက်ငယ်ရင် တွေ့တဲ့နေရာမှာ စစ်သားစုဆောင်းရေးထဲ ပို့တယ်။

အဲ့ဒီနောက်တော့ အဓိက စစ်ကြောင်းကြီး သုံးကြောင်းခွဲပြီး ကချင်ပြည်နယ်ကို အထွေထွေထိုးစစ်ကြီး ဆင်နွှဲပါတော့တယ်။ ပထမ စစ်ကြောင်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဆီကို စစ်သင်္ဘော ၂၇ စီးနဲ့ လက်နက်၊ ရိက္ခာ၊ စစ်ကူအင်အား အရောက်ပို့တဲ့အဖွဲ့။ လမ်းမှာ အကျအဆုံး အပျက်အစီး များစွာ ရှိပေမယ့် ဗန်းမော်ကိုရောက်တာ ၁/၃ မကတဲ့အတွက် သူတို့ဘက်က အသက်ရှူချောင်သွားစေတယ်။ မြစ်ကြောင်းတလျှောက်၊ လေကြောင်းပစ်ကူ၊ ဒရုံးတပ်ဖွဲ့အင်အား အများအပြားနဲ့ ဝင်ရောက်လာသော်ငြား သူတို့ဘက်က အကျအဆုံးတော်တော် များခဲ့တယ်။ အခုမှ စုဆောင်းရေးခေါ်လာတဲ့ကောင်တွေမို့ နှမျောစရာ မရှိဘူး။ ဘယ်နှစ်ယောက်သေသေ။ ရှေ့ကိုရောက်အောင်တက်ရမယ် ဆိုပြီး နောက်ပြန်လှည့်တဲ့ကောင် သတ်မိန့်ပေးပြီးသား။ ဒါပေမယ့် အဲ့ဒီနည်းအတိုင်းတိုက်နေတာ ၄ လကျော် ကြာပြီ။ ခုထက်ထ်ိဘတပြန် ကျားတပြန် ပဲ ရှိသေးတယ်။

ဒုတိယ စစ်ကြောင်းက နမ္မတီး၊ မိုးကောင်းကနေ ကာမိုင်းလမ်းအတိုင်း ဖားကန့်ကိုဝင်တာ။ တနိုင်းလမ်းက ဝါရာဇွတ်ပြည်သူ့စစ်နဲ့ ပေါင်းဝင်တာ။ အဲ့ဒါလည်း အကျအဆုံးများပြီး နှစ်လကျော်ကြာပေမယ့် နောက်ဆုံးမှာ ရောက်သွားတယ်။ ဖားကန့် ဗျူဟာကုန်းနဲ့သွားပေါင်းပြီး လုံးခင်း၊ ဖားကန့် ပတ်ပတ်လည်က ကျောက်စိမ်းကုမ္ပဏီတွေကို အရေဆုတ်​တော့တယ်။ အခု အဲ့ဒီလမ်းကြောင်းအတိုင်း ဒုတိယအသုတ် အင်အား ၄၀၀ ကျော်လောက် ဖားကန့်ကိုဝင်တာ ရောက်သွားပြန်ပြီ။ ပိုပြီး မွှေကြနှောက်ကြမယ့်သဘောရှိတယ်။ ဗမာစစ်သားတွေရှေ့မှာ “ညီကိုတွေလေ” ဆိုပြီး ဆပ်ပြာတုံး ကုန်းမကောက်ချင်နဲ့။ ဒေါ်စိန်အေး သားတွေဆိုတာ အထီးချင်းလည်း မီးလင်းတဲ့အစားတွေ။ အခု ဖားကန့်မှာ အင်အား ၁၀၀၀ လောက် စုမိသွားပြီ မှလား။ သူတို့ ဘာလုပ်မလဲ။ စောင့်ကြည့်လိုက်။

တတိယ စစ်ကြောင်းကတော့ ဟိုပင်၊ မိုးညှင်း၊ နမ့်မား က တပ်တွေကို နန့်မွန်းတောင်ထိပ် ပို့ပို့ထားပြီး အဲ့ဒီကနေ အင်းတော်ကြီးကို ပြန်စိုးမိုးမယ့်လမ်း။ နန့်မွန်းမှာ ရှမ်းနီစစ်တပ် အထိုင်ချပြီး စုဆောင်းရေးတွေ အဆက်မပြတ် ဆွဲခေါ်နေတာ ကြာပြီ။ ကိုယ်တို့ကားကို သေနတ်ပစ် တားပြီး ကားလမ်းပေါ်မှောက်အိပ်ခိုင်းကတည်းက။ တစ်အိမ်တစ်ယောက် မလိုက်နိုင်ရင် ပိုက်ဆံနဲ့ လူငှါးရှာထည့်ပေးရတယ်။ ကိုယ်ငှါးပေးတဲ့သူ ထွက်ပြေးရင် နောက်တစ်ယောက် ပြန်ရှာပေးရတယ်။ သူတို့ကြောက်လို့ စစ်ပြေးစစ်ရှောင်လုပ်ရင် အိမ်ဖျက်၊ ပစ္စည်းသိမ်းပြီး “ပြန်လာရင် အသတ်ခံရမယ်။” ကြိမ်းဝါးထားတယ်။ အိမ်ကြီးအိမ်ကောင်းတွေပေါ် တက်နေပြီး ပရိဘောဂတွေကို ထင်းဆိုက် ထမင်းချက်တဲ့ကောင်တွေ။ ဟဲပူး၊ ဟဲပါး၊ နနွင်းကုန်း၊ အင်းသာ ကို သိမ်းပြီး အင်း အရှေ့ခြမ်းကနေ ဖားကန့်ဘက်တက်တဲ့ ညောင်ပင်၊ ညောင်ထောက် လမ်းကို ပြန်သိမ်းချင်တာ။ ဒါပေမယ့် ရှေ့မတက်နိုင်ပဲ လန်လန်ကျနေတာ ကြာပြီ။ နနွင်းကုန်းသိမ်းတုန်းက သူတို့ဘက်က လူကြီးတစ်ယောက်ကျတဲ့အတွက် လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတယ်။ ဗုံးမှန်တဲ့လူနာတွေကို ကုတဲ့ ကိုယ်တို့ဆေးရုံကိုပါ လိုက်ပြီး ဗုံးကြဲတာ။ အရှေ့ကမ်းက တက်မရတဲ့အခါ အနောက်ဘက်ကမ်းကိုလှည့်ပြီး မမုံကိုင်၊ မိုင်းနောင် ရွာနှစ်ရွာကို သိမ်းယူလိုက်ပြီး အသွားအလာ၊ အဝင်အထွက်၊ အကုန်ပိတ်ချလိုက်တယ်။

အခုနောက်ပိုင်း သူတို့သုံးတဲ့ စစ်ဗျူဟာထဲမှာ ကြည်းရေလေ ပူးပေါင်းစစ်ဆင်တာ၊ ဆက်သွယ်ရေးဖြတ်တောက်တာ၊ ဆေးရုံဆေးခန်း ဗုံးကြဲချေမှုန်းတာတွေအပြီးမှာ အစားအစာ နဲ့ ဆေးဝါးပစ္စည်းတွေ တင်းတင်းကြပ်ကြပ် တားဆီးပိတ်ပင်တာကိုလည်း ဦးစားပေးလာတယ်။ သူတို့ဘက်က မမုံကိုင်၊ မိုင်းနောင် သိမ်းအပြီးမှာ ရွာပတ်ပတ်လည် ဘက်ဖိုးနဲ့ ခံတုပ်ကျင်းတူး၊ စည်းရိုးကာပြီး ဒရုံးတွေ၊ ဂျန်မာတွေနဲ့ အခိုင်အမာ ခံစစ်ပြင်တော့တယ်။ ဖြတ်သန်းသွားလာဖို့ မပြောနဲ့။ ရွာထဲရောက်နေပြီးသား ကားတွေရော လူတွေရော အပြင်ကို ပေးမထွက်တော့ဘူး။ အဲ့ဒီအတိုင်း ပိတ်ထားတာ ၄၅ ရက် ကျော်လာပြီ။ ဘာတွေဖြစ်ကုန်သလဲဆိုတော့ ဒီဘက်မှာရှိတဲ့ ဈေးဆိုင်တွေ ပြောင်သလင်းခါပြီး အကုန်ပိတ်ကုန်တယ်။ အရောင်းသာရှိပြီး ပစ္စည်းအဝင်မရှိတော့ဘူး။ ကြက်ဥတစ်လုံးကို ၂၀၀၀၊ ဂေါ်ဖီထုပ်သေးသေးတစ်ထုပ်ကို ၂၀၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀၀၊ ကြက်သား ဝက်သား တစ်သိန်းခွဲ ဖြစ်လာတော့ ထမင်းဆိုင်တွေလည်း ပိတ်ကုန်တယ်။ တချို့လည်း ဖမ်းလို့ရတဲ့ တောကောင်သား နဲ့ ချောင်းထဲကမိတဲ့ငါးပဲ ဟင်းလုပ်ရောင်းတော့တယ်။ ဓါတ်ဆီတစ်ပီပါ ၂၆ သိန်းပေးရတယ်။ ချန်ဂင်ဆေးရုံဆောက်တုန်းက ၃ သိန်းခွဲပေးရလို့ “သေရချည်ရဲ့။” အော်နေတဲ့ သူဌေးကို ခေါ်ပြချင်လိုက်တာ။

ကုန်ဈေးနှုန်း ဘယ်လောက်ကြီးကြီး ဝယ်စရာ ပစ္စည်းရှိရင်ကို ကျေးဇူးတင်နေရသေးတာဗျ။ ကုန်သည်တွေလည်း အရင်းတောင် ပြန်မရချင်။ ဟိုပင်က ကားတစ်စီး နန့်မွန်းတောင်ပေါ်တက်ချင်ရင် တောင်အောက်ကဓါတ်ဆီဆိုင်ရှေ့မှာ ညှိ။ ဗိုလ်ကြီး Kpay ထဲကို သိန်း ၃၀ အရင်လွှဲမှ တက်ခွင့်ပေးတယ်။ အဲ့ဒါအပြီး မဟုတ်ဘူး။ လုံးတုံဂိတ်ရောက်ရင် ရှမ်းနီစစ်တပ်ကို ကျည်ကာဝယ်ဖို့ သိန်း ၂၀ ထပ်ထည့်ရသေးတယ်။ မင်းပေးခဲ့ရလို့လား လို့တော့ မမေးနဲ့လေ။ အဲ့ဒါတွေမဖြစ်ခင်ကတည်းက လုံးတုံဂိတ်မှာ ဆေးဖာပါလို့ လူဖမ်းထားပြီး သိန်း ၁၅၀ တောင်းတာ ပေးခဲ့ရသေးတာပဲ။ စစ်ကိုင်းထဲမှာလည်း ဆေးဖာတွေဖမ်းထားပြီး Kpay ထဲကို ပိုက်ဆံလွှဲမှ လွှတ်ပေးမယ်ပြော။ တောင်းသလောက် လွှဲပေးပြီးတော့လည်း ပိုက်ဆံသာ ယူထားပြီး ပစ္စည်း ပြန်မပေးတာတွေလည်း ရှိတယ်။ ဒီလိုဖြတ်တောက်ပိတ်ဆို့မှုမျိုးတွေဟာ ဗိုလ်ကြီးတို့ကို သေနတ်တစ်ချက် ဖောက်စရာမလိုပဲ ပိုက်ဆံတွေ ထားစရာမရှိအောင် ချမ်းသာစေတယ်။ ဒါကြောင့်လည်း စစ်သားတစ်ကောင်ကောင် ကားတစ်စီးနဲ့ ရှောင်တခင်ဖမ်းမိလိုက်ရင် ကားပေါ်မှာ သိန်းသောင်းနဲ့ချီပြီး ပိုက်ဆံတွေ ပါပါလာတာပေါ့။ ဒီအခြေအနေမျိုးမှာ ပြည်သူ့ရင်ခွင် ခိုဝင်ရအောင် သူတို့လည်း သောက်ရူးတွေ မဟုတ်ဘူးလေကွယ်။ နောက်ဆုံး ပြေးမလွတ်မှ အလံဖြူထောင် လက်နက်ချလည်း နောက်မှ မကျသေးတာ။ အလျှောက်ကောင်းရင် နဂိုရာထူးအတိုင်း နောက်တစ်ခေါက် ပြန်လွှတ်နိုင်ပါသေးတယ်။ ကိုသန်းဌေးသာ ပြုတ်ချင်ပြုတ်မယ်။ အာဏာသိမ်းမှ သူဌေးဖြစ်တဲ့ ကိုသိမ်းဌေးတွေက ခိုင်မှခိုင်။

(ကိုင်း ချစ်တို့ရေ။ စာရှည်နေပြီ။ ပြီးလည်း မပြီးသေးဘူး။ စောင့်ဖတ်ဦး။)