ရန်ကုန်ကထွက်လာတာ ၅ နှစ်တောင် ကြာခဲ့ပြီမို့ ရန်ကုန်မှာ ဘာတွေဖြစ်နေသလဲ မသိတော့ပါဘူး။ YGH ကလူတွေလည်း ကိုယ့်ကို အဆက်အသွယ်ဖြတ်ထားကြတာမို့ အဲ့ဒီမှာ ဘာတွေဖြစ်နေသလဲ ကိုယ်မသိနိုင်။ ဒါပေမယ့် ၅ နှစ်လုံးလုံး ကချင်ပြည်နယ်မှာ ကျင်လည်ရတာမို့ ဒီကာလအတွင်း ဒီဘက်မှာဖြစ်တဲ့ အပြောင်းအလဲတွေကို ရေရေရာရာ သိခွင့်ရတာ အမှန်ပါပဲ။ တိုးတက်ထွန်းကားတဲ့ အပြောင်းအလဲတော့ ဘယ်ဟုတ်မလဲ။ ပျက်စီးပြုန်းတီးပြီး ဒုက္ခပင်လယ်ဝေရတဲ့ ရင်နာစရာ အဖြစ်အပျက်ဆိုးတွေပါ။ မင်းအောင်လှိုင် အာဏာသိမ်းလို့ ကောင်းစားကြီးပွါးသွားတဲ့သူဆိုတာ ကချင်ပြည်နယ်အနေနဲ့တော့ မရှိသလောက် ရှားပါတယ်။ ဆူနာမီလှိုင်းကြီးလို ရုတ်တရက်ကြီး တိုက်စားဖုံးလွှမ်းလာတဲ့ နိုင်ငံရေးပြောင်းအလဲမှာ ဘယ်သူမဆို ရှင်သန်ကျန်ရစ်နိုင်ဖိ့ အသည်းအသန် ရုန်းကန်ရတာပေါ့လေ။ ဘုန်းကြီးတွေပြောသလို ပြောရရင် ကပ်ဆေးတဲ့အချိန်မှာ ကပ်ကျော်ဖို့ ကြိုးစားနေရတယ်။ ပဲကပ်ကြော်၊ ဘယာကြော်လေးများ ဆွမ်းတော်တင်ပြီး ယတြာချေမှ ထင်ရဲ့။
ကိုယ်လာတဲ့အချိန်တုန်းက အာဏာသိမ်းပြီး ၅ လလောက် အကြာမှာပါ။ သွားလမ်းလည်းသာ လာလမ်းလည်း ဖြောင့်သေးတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မပိတ်သေးတော့ Google Map ပေါ် မြေပုံကြည့်ပြီး မောင်းလာတာ။ Highway ခရီး ကားမောင်းဖူးတာမှ ၂ ခါလောက် ရှိသေးတာကိုး။ အဲ့ဒီအရင်က ကချင်ပြည်နယ်ကို တစ်ခါပဲ ရောက်ဖူးတယ်။ အင်းတော်ကြီးကို အလည်လာတာ။ ကိုယ့်ဘာသာ တစ်ယောက်တည်းဆိုလည်း လာနိုင်မှာ မဟုတ်ဘူး။ အဖော်လိုက်လာတဲ့ ကိုမြတ်ပါလို့ နယ်စိမ်းမြေစိမ်းမှာ လူစိမ်း ၂ ယောက် ဘယ်ဆီကို ရောက်မှန်းမသိ ရောက်လာတာ။ အဲ့ဒီချိန်မှာ ဒေါ်လာဈေးကမှ ၁၀၀၀ ကျော်ကျော်လောက်။ ဓါတ်ဆီဈေးကလည်း အဲ့သလောက်လောက်ပဲ ရှိသေးတာ။ စစ်ပွဲတွေက ကချင်ပြည်နယ်မှာဆို လိုင်ဇာနားမှာ တခါတခါ ရှိတယ်။ နမ္မတီး၊ မိုးကောင်း ကနေ တနိုင်းဘက်တက်တဲ့ လီဒိုလမ်းမကြီးပေါ်မှာ တခါတခါ ရှိတယ်။ လမ်းမှာ အစစ်အဆေး အဖမ်းအဆီး မကြမ်းသေးဘူး။ မှတ်ပုံတင်ပြပြီး ဘယ်ကလာတယ်၊ ဘယ်ကိုသွားမယ် ဆို ရတယ်။ အလွန်ဆုံးရစ်မှ “ကားနောက်ဖုံးလေး ဖွင့်ပြပါဦး။” ဆိုတာလောက်ပဲ။
အဲ့ဒီချိန်တုန်းက ရန်ကုန်မှာ ဆေးခန်းတွေကိုဝင်ပြီး CDM တွေ ရှာမဖမ်းသေးဘူး။ ဧည့်စာရင်းတွေလည်း မစစ်သေးဘူး။ ဆေးရုံအုပ်ကြီးရုံးမှာ စာရင်းတောင်းပြီး ၅၀၅ နဲ့ အရေးယူမယ် လို့ တီဗီထဲက ကြေငြာနေတာပဲ ရှိသေးတယ်။ လူစာရင်းက များလွန်းလို့ ကိုယ့်နံမည်တောင် ၅၀၅ ထဲ မပါသေးပါဘူး။ အကြံပေးအဖွဲ့ထဲက အောင်နိုင်ဦးရယ်၊ ဗမာ့သွေးတို့ ဗမာ့ဓါးတို့ဆိုတဲ့ အကောင့်ပုန်းတွေရယ်က ကိုယ့်ရဲ့ profile link ကြီး ရှဲပြီး “ဒီဆရာဝန်ကို ဘာလို့မဖမ်းတာလဲ။” တက်တက်အော်နေတာ။ ဟန်ငြိမ်းဦးတောင် ရေသန့်ပို့နေတုန်းပဲ ရှိဦးမှာပေါ့။ ၅၀၅ မပါသေးတော့ လေဆိပ်ကထွက်မယ်ဆို ထွက်လို့ရလောက်တယ်။ ထိုင်းဗီဇာလည်း ရထားတယ်။ လေယာဉ်လက်မှတ်လည်း ဝယ်ထားတယ်။ ဒါပေမယ့် လေဆိပ်ကျမှ ဘန်ကောက် မရောက်ပဲ အင်းစိန် ရောက်သွားနိုင်လို့ မထွက်ဖြစ်ခဲ့ဘူး။ နောက်မှ ဆရာကိုကျော်လင်း အဲ့သလိုဖြစ်သွားတာမြင်လို့ ကိုယ်လမ်းရွေးမမှားခဲ့ဘူး လို့ သိရတာ။
ရန်ကုန်မှာ သူတို့ကိုယ့်ကို ဖမ်းလို့မမိတာက အိမ်ယာအတည်တကျ မရှိတဲ့သူမို့ပါ။ ကိုယ့်ညီဆိုရင် တို့အရေးလုပ်တုန်းက မင်းဓမ္မလမ်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ညဘက်ကြီးကျမှ အိမ်ကို သူပုန်ဝင်စီးသလို မြေလှန်ရှာဖွေ လိုချင်ရာသိမ်းဆည်းပြီး ဖမ်းတာ။ ကိုယ်အဖမ်းခံရတာက ကိုယ့်ထိုက်ကိုယ့်ကံ ခံနိုင်ပါတယ်။ ဒါပေသိ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ တစ်အိမ်လုံးသော့အပ်ပြီး ပေးနေတဲ့သူတွေ ပစ္စည်းသိမ်း၊ အိမ်သိမ်း အမှုတွဲထဲ ဆွဲထည့်ရင် ကိုယ့်မှာ တသက်လုံး အားနာ နောင်တရနေရမှာ။ တနေရာရာကို ထွက်မှ ဖြစ်တော့မယ်။ ဘယ်ကိုသွားရမလဲ။ ဘယ်ရင်ခွင်မှာ ခိုလှုံမလဲ လို့ မိတ်ဆွေတချို့နဲ့ တိုင်ပင်တဲ့အခါ သူတို့က EAO တွေထဲမှာ KIA ကတော့ အင်အားအကောင်းဆုံးပဲ လို့ ပြောတယ်။ ကရင်မှာက အဖွဲ့ကွဲနေတာများတယ်။ လောက်ကိုင်ကိုတော့ စဉ်းစားစရာ မရှိဘူး။ အာဏာသိမ်းပြီးပြီးချင်း မင်းအောင်လှိုင် သွားတွေ့တဲ့ ခေါင်းဆောင်ဟာ ပယ်ဆောက်ချင် ဖြစ်နေတာမို့ မယုံရလောက်ဘူး။ အဲ့လိုနဲ့ပဲ ရှေ့ပိုင်းက ခေါင်းပေါင်းဖြူ ဘယ်သူလဲမေးပြီး ဒူဝါကြီးတို့ဆီ ခိုလှုံဖြစ်ပါတယ်။
ကိုယ်ဒီဘက်ကို ရောက်တဲ့အချိန်က မြစ်ကြီးနားမှာတောင် စအဖတွေ ခြေချင်းလိမ်မနေဘူး။ အေးအေးဆေးဆေး လို့ ပြောလို့ရတယ်။ ဝိုင်းမော်ဘက်မှာသာ အပစ်အခတ်နည်းနည်းရှိတာ။ အဲ့ဒီအချိန်တုန်းက KIA ဆလမ်ကမ္ဘာတွေဟာ မြစ်ကြီးနားတင် မဟုတ်ဘူး။ ကချင်ပြည်နယ် ဘယ်နေရာမဆို ဥဒဟိုသွားလာလို့ရတယ်။ တိုက်ပွဲရယ်လို့လည်း ကြီးကြီးမားမား ရှိမနေဘူး။ ကိုယ်တို့ရောက်နေတဲ့ တပ်ရင်း ၁၁ ပေါ်ကို လေယာဉ်နဲ့ ဗုံးလာကြဲဖူးတယ်။ အထိအခိုက်တော့ မရှိဘူး။ လေယာဉ်လာရင် ဗုံးခိုကျင်းထဲ ဝင်ပြေးတဲ့ အလေ့အကျင့်က အဲ့ဒီက ရတာ။ လေယာဉ်တက်ရင် ဘယ်ဘက်ကိုလာတယ် သတင်းကြိုရတယ်။ စခန်းမှာလည်း လေကြောင်းဥဩဆွဲတယ်။ ဘေးကင်းပြီဆို ခရာတွတ်တယ်။ စံနစ်တကျပဲ။ ကြောက်စရာကောင်းတယ် မထင်ပါဘူး။ ကျင်းပေါ်တည့်တည့် မကျသ၍တော့ ဘေးကင်းတယ်။ လေယာဉ်ကလည်း အခုလို အမြဲလာနေတာ မဟုတ်။ နေ့ဘက်မှာ တိုက်ပွဲရှိလို့ သူတို့ဘက်က အကျအရှုံးများတယ်ဆို ညကျ လေယာဉ်လာပြီ။ ဒီလောက်ပဲ။
ကိုယ်ရောက်တုန်းက PDF သင်တန်းက ပထမအပါတ်စဉ် ကျောင်းဆင်းပြီးကာစ
ရှိသေးတာ။ သင်တန်းဆင်းကလေးတွေ လက်နက်တောင် မတပ်ဆင်ရသေးဘူး။ အဲ့ဒီအချိန်တုန်းက စစ်သင်တန်းဆင်းတဲ့ကလေးတွေ လက်နက်ကိုင်ရဖို့တောင် တော်တော်စောင့်ရတာပါ။ ကိုယ့်ဆေးရုံက နာဂ PDF လေးဆို သူ့အဖေ အမွေပေးတဲ့ ခြံကိုရောင်းပြီး သေနတ်ဝယ် ကိုင်ရတယ်။ အညာမှာ တော်တော်များများက တူးမီး နဲ့ လေသေနတ်၊ လုပ်သေနတ်လေးတွေပဲ ကိုင်ကြရတာ။ KIA ကတော့ သင်တန်းဆင်းတဲ့ကလေးတွေကို လူစေ့အောင် လက်နက်တပ်ဆင်ပေးနိုင်ပါတယ်။ ပြီးရင် တခါတည်း ရှေ့တန်းလိုက်ပြီး အလုပ်သင်အဖြစ် တိုက်ပွဲအတွေ့အကြုံ ယူခိုင်းတယ်။ ကချင်ထဲမှာနေရင်တော့ KIA အောက်မှာ KPDF အဖြစ်နဲ့ပဲနေရတယ်။ ကိုယ့်ဇာတိကိုယ်ပြန် တပ်ရင်းတပ်စုဖွဲ့ရင်တော့ ဒူဝါတစ်ယောက်ယောက် လိုက်ပြီး coach လုပ်ပေးတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အသံလုံလုံ ခြေရာဖျောက်နေသူတွေလည်း ရှိတယ်။ ကိုယ်လို ဆရာဝန်တောင် CDM လုပ်ရုံနဲ့ တောထဲရောက်လာသေးတာ။ ဆန္ဒပြရင်း အကြမ်းဖက်ဖြိုခွင်းခံရတဲ့ကလေးတွေ၊ တရွာလုံး ဖျက်စီးမီးရှို့ခံရတဲ့ ရွာသူရွာသားတွေ အနေနဲ့ လက်နက်ကိုင်တော်လှန်မှ ဖြစ်တော့မယ် ဆိုတဲ့ အသိဝင်လာရင် မြောက်ပ်ုင်းမှာဆို ကချင်ကိုပဲ လာစရာ ရှိတော့တာကိုး။ ရခိုင်တွေလည်း လက််နက်ကိုင်တော်လှန်တော့မယ်ဆို ကချင်တွေဆီ သင်တန်းလာတက်ပြီးမှ AA ရယ််လို့ ဖြစ်တည်လာတာမှလား။
(ဆက်ပါဦးမည်)