“Another day in Paradise” လို့ ရေရွတ်ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွှမ်းမိတယ် ဆိုရင် ဒီဆရာဝန်လည်း ဝင်းဦးတို့၊ နွဲ့နွဲ့မူတို့လို ခရစ်ယန်ဘာသာပြောင်းသွားပြီ လို့ ထင်နေကြဦးမယ်။ တကယ်တော့ ကိုယ့်ရဲ့ ၅၈ နှစ်မြောက် မွေးနေ့မှာ ကောင်းချီးမင်္ဂလာ အဖြာဖြာအတွက် ကျေးဇူးတင်ရမယ် ဆိုရင် ဘယ်သူ့ကို ကျေးဇူးတင်ရမှန်း မသိလို့ လွယ်လွယ်ကူကူ အဖဘုရားသခင်ကိုပဲ ကျေးဇူးတော်ချီးမွန်းရပါတယ်။ သို့သော်လည်း ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်သာ ဖြစ်ပါတယ်။ ကောင်းမှု၊ မကောင်းမှုနဲ့ ပါတ်သက်လာရင် ကံ၊ ကံ၏အကျိုးကိုပဲ ယုံကြည်တာ အမှန်ပါ။ “ရှေးကပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။” ဆိုတဲ့ မင်္ဂလာတရားတော်အရ တစုံတယောက်ကို ကျေးဇူးတင် စိတ်ကလေးဖြစ်လာရင် တွေးမိတဲ့သူတွေက အများကြီး။ ကျန်ရစ်ခဲ့ပြန်ရင်လည်း အားနာစရာကောင်း။ ကန်တော့ပလ္လင်လို သင်ပုတ်ခုံကြီးနဲ့လည်း မဆန့်တော့ဘူးမို့ လွယ်လွယ်ကူကူ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွှန်းတာ အကောင်းဆုံးပါပဲ။ ဘာသာရေးအရ မဟုတ်ပဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအတိုင်း မင်္ဂလာတရားတော်နဲ့အညီ ကျင့်ကြံနေထိုင်ကြတာပေါ့။ ကချင်မြေမှာနေတာ ၅ နှစ်တောင် ရှိပြီ မဟုတ်လား။ မွေးနေ့ရက်မှာ ကိုယ့်ရဲ့ ကောင်းခြင်းမင်္ဂလာတွေကို ပြန်တွေးမိပြီး ကျေးဇူးတင်စိတ်ကလေး ဖြစ်ပေါ်လာတယ် ဆိုပါစို့ကွယ်။
ပထမဆုံး ကောင်းခြင်းမင်္ဂလာကတော့ အာယုသုခ လို့ ခေါ်ရမှာပေါ့။ ဒီအသက် ဒီအရွယ်ထိတိုင်အောင် အသက်နဲ့ခန္ဓာ မြဲနေသေးတယ်။ တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းသတ်ချင်လို့ လေယာဉ်ကြီးနဲ့ အကြိမ်ကြိမ် အခါခါ ဗုံးလိုက်ကြဲတာတောင် မသေနိုင်ပဲ အသက်ပြင်းတာဟာ အင်မတန် ကျေးဇူးတင်စရာကောင်းတယ် မဟုတ်လား။ “ဒီတစ်ခါတော့ သွားပြီထင်တယ်ဟ။” ဆိုပြီး သည်းထိပ်ရင်ဖို အခြေအနေတွေကနေ လက်မတင်လေးတွေ လွတ်မြောက်ခဲ့တာ ရတနာ ၃ ပါး ဂုဏ်ကျေးဇူးကြောင့် လို့ ခံယူသော်လည်းပဲ မနောမြေမှာတော့ “ဘုရားသခင်ကျေးဇူးတော်ကြောင့်” လို့ ဘာသာပြန်တာ အနက်ပိုထင်ပါလိမ့်မယ်။ ပထမဆုံးရေးခဲ့တဲ့ မွေးနေ့မှတ်စုတုန်းကဆို ကိုယ့်သက်တမ်းကို ကိုယ့်အဖေလို ၄၈ နှစ်အထိ ရောက်ခဲ့မယ်ဆို အရင်း လို့ တွေးမိထားတာ။ အခုဆိုရင် ဆယ်နှစ်တောင် အမြတ်ထွက်လာခဲ့ပြီ။
ဒုတိယမြောက် ကောင်းချီးမင်္ဂလာကတော့ ကျန်းမာခြင်း၊ အနာရောဂါ ကင်းရှင်းခြင်းပါပဲ။ ကျောက်ကပ်ထဲက ကျောက်ကလေးဟာ ဘာနဲ့မှ ထုတ်လို့ချေလို့ မရသော်ငြားလည်းပဲ မနာမကြင်၊ ဘာလက္ခဏာမှ မပြ၊ ငြိမ်ငြိမ်ဆိမ်ဆိမ် လိမ်လိမ်မာမာလေး နေပေးတယ်။ ကိုယ်က ခုချိန်မှာ နိုင်ငံခြားလည်း ထွက်ကုလို့ရတဲ့ အခြေအနေ မဟုတ်။ မြွေပွေးကို ခါးပိုက်ပိုက်ထားသော်ငြား အဲ့ဒီမြွေပွေးက ခုချိန်ထိ ဘာဒုက္ခမှ မပေးသေးတာ ဘုရားသခင်ကျေးဇူးတော်ပါပဲ။ သွေးပေါင်ချိန်ရင် သွေးတိုးနေတတ်လို့ သွေးကျဆေးတမျိုးမျိုးသောက်လိုက်ရင်တော့ ပုံမှန်ပဲ။ အသက်အရွယ်နဲ့ယှဉ်ရင် ကျေနပ်အားရလောက်သော ကျန်းမာကြံ့ခိုင်မှု ရှိနေပါသေးတယ်။ ဇရာဒုက္ခ ချဉ်းနင်းဝင်ရောက်လာပေမယ့် ဗျာဓိဒုက္ခတော့ ကပ်ငြိခြင်း မရှိသေးဘူး။ စိတ်သွားတိုင်း ကိုယ်ပါနေသေးတယ်။ ဒါလည်း မင်္ဂလာတစ်ပါးပဲလေ။ တောထဲတောင်ထဲ ရှင်သန်နေထိုင်ရတဲ့ဘဝမှာ ကျန်းမာခြင်းက တန်ဖိုးဖြတ်လို့ မရဘူး။
အသက်ရှင်ခြင်း၊ ကျန်းမာခြင်းဆိုတဲ့ ကောင်းချီးမင်္ဂလာ နှစ်ပါးမှ မပြည့်စုံရင် နောက်ထပ် ဘယ်လိုကောင်းချီးမင်္ဂလာမျိုးကမှ ကောင်းချီးမင်္ဂလာ မမည်တော့ဘူး။ ကိုယ့်မှာ ဒီအသက်ဒီအရွယ် ရောက်တဲ့အထိ သက်ရှည်ကျန်းမာ ဧကမ္ဘာ ဖြစ်နေတာ ဝမ်းသာစရာကောင်းတယ်။ ကျေးဇူးတင်စရာကောင်းတယ်။ ကိုယ့်ချည့်ပဲ မဟုတ်ဘူး။ ကိုယ့်အမေလည်း ခုထက်ထိ သက်ရှည်ကျန်းမာလျက် ရှိတယ်။ ကံကောင်းခြင်းတွေ ပြည့်ဝနေတဲ့ မွေးနေ့မင်္ဂလာနေ့ရက်ပါပဲ။ ဒီအမေ နဲ့ ဒီသား ၅၈ နှစ်ကြီးများတောင် အတူတူ ရှိနေကြတယ်။ ကာလရှည်ကြာတဲ့ ရေစက်တစ်ခုပါပဲ။
အမေက ကိုယ့်ကိုမွေးပြီး ၂ နှစ်မပြည့်ခင်မှာ ကိုယ့်အောက်က နှမ မသီတာ ကိုမွေးတယ်။ အဲ့ဒီအချိန်အထိတော့ ငယ်လွန်းတော့ မမှတ်မိဘူး။ မသီတာအောက် မြင့်မြင့်စိုးလေးမွေးတော့ ဆေးရုံကပြန်လာပြီး ကလေးနီတာရဲလေးကို သွားသွားကိုင်ကြည့်တာ မှတ်မိတယ်။ လသားလေးနဲ့ ကိုယ်တွေ ပူခြစ်လာပြီး ကလေးဆေးရုံကို ခေါ်သွားကြ၊ ဆုံးသွားပြီ ဆိုပြီး အမေငိုနေတာ မှတ်မိတယ်။ အဲ့ဒီနောက်တော့ ၂ နှစ်စီခြားပြီး ကိုယ်တို့မောင်နှမ ၆ ယောက်ပြည့်အောင် မွေးပါတယ်။ ကိုကျော်၊ မအေး၊ ကိုလင်း၊ ကိုဖုန်းကိုမွေးတော့ ကိုယ်လည်း အရွယ်ရလာပြီမို့ အကုန်လုံးကို မှတ်မိပါတယ်။ အမေဟာ ကလေးထိမ်းမရှိ၊ အိမ်ဖော်မရှိနဲ့ ဒီကလေး ၆ ယောက်စလုံး ကျွေးမွေးသုတ်သင်တဲ့အလုပ်ကိို သူ့ဘာသာ တစ်ယောက်တည်း မငြီးမငြူ လုပ်ပါတယ်။ အဲ့ဒီအထဲမှာ အဖေ့တာဝန်ကိုပါ သူယူထားတာမို့ သူစောင့်ရှောက်ရတဲ့သူဟာ ၇ ယောက်စာ ရှိပါတယ်။ ကိုယ်တို့အဖေဟာ အမေ့ထက် ၁၂ နှစ်ကြီးပေမယ့် အမေထုတ်ပေးတဲ့ အဝတ်အစားပဲ ဝတ်ပါတယ်။ အမေခူးခပ်ပြင်ဆင်ပေးတဲ့ ထမင်းကိုပဲ စားပါတယ်။ အမေ မဟုတ်ပဲ တခြားလူ ပြင်ဆင်ပေးရင် အဆင်မပြေပါဘူး။ ဆုံးသွားတဲ့အထိ အဲ့ဒီအတိုင်းပါပဲ။ “မြင်း အုန်းခွံ၊ ကျွန် ကုလား၊ မယား တောသူ” ဆိုတာ သူအမြဲ ဂုဏ်ဖော်ကြွားဝါနေကျ စကားဖြစ်ပါတယ်။ ကိုယ်တို့မိသားစုက အဖွားနဲ့ အတူနေတာဆိုတော့ ကလေး ၆ ယောက်၊ လူကြီး ၃ ယောက်ပါတဲ့ မိသားစု အကြီးကြီးဖြစ်ပြီး အဖေက အရင် ဆုံးပါးသွား၊ နောက်တော့ အဖွားပါ ဆုံးပါးသွားလို့ ၂ ယောက်တော့ ပဲ့သွားပြီပေါ့။ ကျန်တာတွေကတော့ အခုချိန်ထိ ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံး ရှိနေဆဲဖြစ်တာဟာ နောက်ထပ်မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။
မိသားစုမှာ အကြီးဆုံး သားယောက်ကျားလေးဖြစ်တဲ့ ကိုယ့်အပေါ်မှာ အဖေတွေ၊ အမေတွေ၊ အဖွားတွေက ဘယ်လိုမျှော်မှန်းချက်မျိုး ထားခဲ့ပါလိမ့်။ ကိုယ့်အမေကတော့ ဒပ်ဖရင်မှာ ကိုယ့်ကိုမွေးခဲ့ကတည်းက ငါ့သားလေးကြီးလာရင် ဆရာဝန်ဖြစ်ရင် သိပ်ကောင်းမှာပဲ လို့ တွေးခဲ့တာတဲ့။ ကိုယ့်အဖေကတော့ ကိုယ့်ကို ဝမ်းကွဲအမတွေ ကြားမှာနေပြီး ပျော့ညံ့မသွားအောင် သိုင်းသင်တန်းတွေချည့် အတင်းတက်ခိုင်းပါတယ်။ လေသေနတ်ပစ်လည်း သင်ပေးတယ်။ အမဲလိုက် ငှက်ပစ်လည်း ခေါ်သွားတယ်။ အဖွားနဲ့ အတိုက်အခံ ရန်ဖြစ်ပြီး ခေါ်တာပါ။ အဖေက အင်မတန်ထူးဆန်းတဲ့အထဲပါပါတယ်။ အရက်ဆို အနံ့တောင်မခံနိုင်ဘူး။ ဆေးလိပ်လည်း မသောက်ဘူး။ ဆေးတံတော့ ဖွာတယ်။ မုန့်ပဲသွားရည်စာ လက်ဘက်ရည် ကော်ဖီလည်း သောက်လေ့မရှိပါဘူး။ တနေ့ ထမင်း ၃ ခါစားတယ်။ သို့သော် မီးဖိုခန်းထဲ သူမဝင်နိုင်ပါဘူး။ အနံ့မခံနိုင်လို့ပါ။ ကြက်သွန်စိမ်းနံ့ရရင် အန်ကိုထွက်တာ။ သူ မစားတာတွေ အများကြီးပဲ။ သူစားတတ်တာ နည်းနည်းလေးပဲ ရှိတယ်။ အဲ့ဒါတွေအကုန် အမေတစ်ယောက်ပဲသိလို့ သူများနဲ့ဆို အဆင်မပြေတာပါ။ အမေဟာ အဖေတစ်ယောက်တည်းတင်မဟုတ်ဘူး။ သူမွေးထားတဲ့ သားသမီး ၆ ယောက်စလုံး ဘယ်သူ ဘာကြိုက်တယ်။ ဘယ်သူ ဘာမစားဘူး။ အကုန်လုံးသိပြီး အဆင်ပြေအောင် စီစဉ်နိုင်သူပါ။
အဖေက ကိုယ့်ကို ဆရာဝန်ဖြစ်ရမယ်။ လုပ်ရမယ် လို့တော့ တွန်းအားမပေးပါဘူး။ သူ့သားက စာတော်တယ်၊ ဉာဏ်ကောင်းတယ် လို့တော့ သိတယ်။ ပန်းချီဆွဲတဲ့ဝါသနာကို အတင်းပိတ်ပင်ထားခဲ့တာမို့ ဆယ်တန်းအောင်ရင် ပန်းချီဆွဲချင်ဆွဲလို့ ခွင့်ပြုထားပါတယ်။ ခက်တာက ဆယ်တန်းမအောင်ခင် သူက ဆုံးသွားတာကိုး။ သူသိတဲ့အချိန်တုန်းကတော့ ကိုယ်ဟာ ပန်းချီဆွဲတာ၊ စာဖတ်တာကို အရူးအမူး ဝါသနာပါပြီး ထမင်းမေ့ဟင်းမေ့ လုပ်နိုင်တဲ့ ကလေးလေးတစ်ယောက်ပါ။ ဆရာဝန်အလုပ်ကို ဝါသနာမပါပါဘူး။ အဖေ့မှာ ထူးထူးဆန်းဆန်း ဝါသနာတွေ ရှိတယ်။ ဓါးလှံလက်နက်တွေကို စိတ်ဝင်တစား စုဆောင်းတယ်။ သေနတ်တွေလည်း ကြိုက်တယ်။ သူငယ်ချင်းတွေနဲ့ တောပစ်ထွက်တတ်တယ်။ ဘယ်သူဘာပြောပြော သူဝါသနာပါရာ သူလုပ်နေတဲ့သူမို့ ကိုယ့်ကိုလည်း ဆယ်တန်းမအောင်ခင်မို့သာ တားဆီးနေတာ ဆယ်တန်းဖြေပြီးရင်တော့ ကိုယ်ဝါသနာပါရာ လုပ်တော့ဆိုပြီး ပန်းချီဦးသောင်းဟန်ဆီ လိုက်အပ်ပေးထားပါတယ်။ ဒါပေမယ့် ဆေးကျောင်းသားဘဝက ဆယ်တန်းထက် စာကျက်ရတာမို့ ဝါသနာတွေနဲ့ အဆက်ပြတ်သွားရော။
ကိုယ့်အဖွားကတော့ ကိုယ့်အတွက် မော်ဒယ်မိခင်ကြီး တင်မိုးလွင်ပါပဲ။ မနက်မိုးလင်း မျက်နှာသစ်ပြီး၊ သနပ်ခါးမပါပဲ မျက်နှာပြောင်ကြီးနဲ့ ခေါင်းစုတ်ဖွားထိုင်နေရင် သူလုံးဝမကြိုက်ပါဘူး။ ဘယ်အချိန်ကြည့်ကြည့် သပ်ရပ်လှပနေမှ သူက ကြိုက်ပါတယ်။ ခြေနင်းကြမ်းတာ၊ ဘိနပ်ရှပ်တိုက်စီးတာ၊ ဒူးထောင်ပေါင်ကား မပိမပြားထိုင်တာ၊ လက်ပြင်ကုန်းပြီး ခေါင်းငိုက်စိုက်နေတာ၊ သူများကို စေ့စေ့မကြည့်ပဲ စကားပြောတာ။ အဲ့ဒါတွေကို ပုံစံမကျမချင်း ငေါက်ငမ်းရိုက်ပုတ်သင်ထားတာ။ ထမင်းစားရင်း စကားမပြောနဲ့။ ထမင်းစားရင် ပြပ်ပြပ် မမည်စေနဲ့။ ဟင်းချိုရည်ကို အသံထွက်အောင် စုပ်မသောက်နဲ့။ ညာဘက်လက်နဲ့ ဟင်းခွက်မနှိုက်နဲ့။ အောင်မယ်လေး။ သင်တာတွေမှ အများကြီး။ သူ့မြေးတွေ၊ မြေးမတွေကို ချောနေ၊ လှနေ၊ မှုန်နေမှ သူသဘောကျတယ်။ သူနဲ့က ဆရာဝန်မဖြစ်ခင် ၂၇ နှစ်လောက် အတူတူနေတာဆိုတော့လေ။ သင်တာ သင်တာဆိုတာ မပြောပါနဲ့။ လူရေးလူ့ရာ လူ့သဘော လူ့မနော ကုန်ရော။ ဆရာဝန်ဖြစ်ပြီဆိုတာတော့ သိတာပေါ့။ ဘွဲ့တောင်ယူတော့မလို့ ပြင်နေပြီဥစ္စာ။ ဒါပေသိ သူ့မြေးကို သူဖြစ်စေချင်တာက လူနာတွေအားကိုးလောက်တဲ့၊ ဆေးခန်းမှာ နံမည်ကျော်တဲ့ ဆေးလိုက်တဲ့ ဆရာဝန်လေးတစ်ယောက် ဖြစ်စေချင်တာ။ အထူးကုတွေ၊ ဘွဲ့လွန်တွေ သူမသိဘူး။
အဖေ နဲ့ အဖွား မရှိတော့တဲ့နောက်ပိုင်း ကိုဗစ်နဲ့ စခဲ့တဲ့ လောကဓံလှိုင်းကြမ်းတွေ အကြားမှာ ကိုယ်စီကိုယ်စီ အသည်းအသန် ရုန်းကန်ရင်းကမှ မိသားစုဝင်တွေ တစ်ယောက်မှ အပျောက်အရှ မရှိ။ အသက်ရှည်၊ ကျန်းမာနေကြခြင်းဟာလည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲလေ။ ဒီနေ့ခေတ် အခြေအနေနဲ့ဆို တော်တော်ဆုတောင်းကောင်းလို့သာပ။ ဗျဿနတရားက ငါးပါးတောင် မကတော့ဘူး မှလား။ ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်၊ စစ်ကြောရေးမှာ၊ ထောင်ထဲမှာဆိုတဲ့ ပူပင်သောကဟာ နည်းတာ မဟုတ်ဘူး။ မမာမကျန်းဖြစ်ရင်တောင်မှ “ငါ အနားမှာ မရှိရလေခြင်း” ဆို ယူကြုံးမရ ဖြစ်ရတာ။ ၇၈ နှစ်ရှိပြီဖြစ်တဲ့ ကိုယ့်အမေ၊ ၈၈ နှစ် ရှိပြီဖြစ်တဲ့ ကိုယ့်အဒေါ်၊ ကိုယ့်ရဲ့ ၅၈ နှစ်မွေးနေ့အထိ အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ ရှိကြတာ အင်မတန် ဝမ်းသာရပါတယ်။ ရန်ကုန်မှာဆိုရင်တော့ သူတို့ကို ညစာလိုက်ကျွေးမယ်။ အဖွား နဲ့ အဖေ့ကို ရည်စူးပြီး မင်္ဂလာရာမကျောင်းမှာ ဆွမ်းသွားကပ်မယ်ပေါ့။ ဒါလောက်ပဲ မျှော်လင့်ပါတယ်။
ကိုယ့်အတွက်ကတော့ တောင်းဆုတွေ ပြည့်ဝလို့ ကောင်းချီးမင်္ဂလာတွေပြည့်စုံခဲ့ပေမယ့် ကိုယ်လိုမျိုး မိသားစု စုံစုံလင်လင်၊ ကျန်းကျန်းမာမာ မရှိနိုင်သူတွေ တော်တော့ကို များတာနော်။ ကစဉ့်ကလျား တကွဲတပြားနဲ့ မျက်ရည်မသုတ်နိုင်ပဲ အံတင်းတင်းကြိတ်ထားရတဲ့သူတွေပါ။ ကိုယ့်စိတ်ထဲမှာ “ကိုယ့်မထိသမျှ အနေသာကြီးလေ။ ငါနဲ့မှ မဆိုင်တဲ့ဥစ္စာ။” ဆိုတဲ့အတွေးမျိုး ဘယ်တုန်းကမှ မတွေးမိတာဟာလည်း ကောင်းချီးမင်္ဂလာတစ်ပါးပါပဲ။ စာနာနိုင်တဲ့ နှလုံးသားဆိုတာ လူတိုင်းရှိတာ မဟုတ်ဘူးလေ။ ကိုယ်ခံစားနေတဲ့ ကောင်းချီးမင်္ဂလာမှာ၊ ကိုယ်နေ့စဉ် စားသောက်နေတဲ့ ထမင်းတစ်လုပ်မှာ ဘယ်သူ့ဆီက မျက်ရည်ပေါက်ကြီးငယ် မှ မပါဘူး ဆိုတဲ့အချက်ဟာလည်း အင်မတန် ကျေနပ်စရာ ကောင်းပါတယ်။ လူတစ်ယောက်အနေနဲ့ သူ့အသက် ၅၈ နှစ်တိုင်အောင် အသက်ရှင် ကျန်းမာလျက်ရှိတယ် ဆိုတာဟာ blessing တစ်ခုဖြစ်တာ မှန်ပေမယ့် အဲ့ဒါက ရုပ်ခန္ဓာ သဘာဝနဲ့ပဲ ဆိုင်ပါတယ်။ လူဆိုတာ ရုပ်ချည့်ပဲ ရှိတာ မဟုတ်ဘူးလေ။ နာမ်နဲ့တွဲထားတာ။ ဒီအသက်ဒီအရွယ်ရောက်လာတဲ့ ကိုယ့်ရဲ့ စိတ်နေစိတ်ထား၊ နှလုံးသားကတော့ ဘုရားသခင်ဖန်တီးပေးသနားတော်မူရုံသက်သက်နဲ့ ရမလာနိုင်ပါဘူး။ ဗီဇမျိုးရိုးအပြင်မှာ ဆရာမိဘ အဆုံးအမ အသွန်အသင်နဲ့မှ ဖြစ်တည်ရင့်ကျက်လာတာမျိုးပါ။ အဲ့ဒီအတွက် ကျေးဇူးတင်ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အဖေ၊ အမေ၊ အဖွား၊ ဆရာသမား၊ မွေးချင်းမိသားစုအားလုံးကို ကျေးဇူးချီးမွှန်းရမှာပါလေ။
Thank you very much
and may God bless you all.