ကဗျာမဆန်တဲ့ ကဗျာ

စာရေးဆရာထဲမှာ တော်လှန်ရေးလုပ်တဲ့သူ တော်တော်ရှားပေမယ့် ကဗျာဆရာတွေထဲမှာတော့ အများကြီး ရှိပါတယ်။ ဟောတစ်ယောက် ဟောတစ်ယောက် ငြိမ်းချမ်းသွားတဲ့သူတွေတောင် မနည်းတော့ဘူး။ ကဗျာဆရာဆိုတာ စကားလုံး အသုံးအနှုံးလေးတွေကအစ နုရွညက်ညောနေပြီး သံစဉ်ကလေးတွေ စီးမျောလာအောင် တိုတိုရှင်းရှင်း ထိထိမိမိ ရေးကြရတဲ့သူတွေ ဖြစ်သော်ငြား သူတို့ဘဝတွေဖြင့် ကြမ်းတမ်းလိုက်တာ။ နည်းနည်းလေးမှကို ကဗျာမဆန်ဘူး။ ဒါပေမယ့် တော်လှန်ရေးအင်အားမှာ ကဗျာတစ်ပုဒ်က ကျည်ဆန်တစ်တောင့် မကဘူး။ လောင်ချာတစ်လက်လို အာဏာရှင်တွေဘက်မှာ ပေါက်ကွဲအား ပြင်းထန်စေတယ်။ ပျံ့နှံ့အားလည်း ကောင်းတယ်။ ကဗျာဆရာသာ သေချင်သေမယ်။ သူ့ကဗျာက သေဆုံးသွားတာ၊ ရက်လွန်သွားတာ မရှိဘူး။ လိုင်းပေါ်တင်တဲ့ TikTok တစ်ပုဒ်လို သိန်းသန်းချီပြီး ဖွာကနဲ trend ဖြစ်မသွားပေမယ့် ကဗျာချစ်တဲ့သူတွေ ရင်ထဲမှာ သေရာပါတောင် မမေ့ပျောက်တော့ဘူး။

၈၈ တုန်းက မိန်းထဲမှာ တရားပွဲတွေလုပ်တဲ့အခါ နံရံကပ်စာစောင်လေးတွေ ထုတ်ကြတယ်။ အဲ့ဒီတုန်းက ဘယ်သူရေးမှန်းမသိတဲ့ ကဗျာတစ်ပုဒ် ကူးယူဖူးတယ်။ “မျက်လှည့်ဆရာကြီးရဲ့ မယား” တဲ့။ ၈၈ က ကဗျာ မဟုတ်ပါဘူး။ ဘယ်တုန်းက ရေးထားမှန်းတောင် မသိ။ ဒေါ်နီနီမြင့်နေရာက ရေးထားတာ လို့တော့သိတယ်။ မျက်လှည့်ဆရာကြီးက ကြက်တူရွေးတစ်ကောင်၊ မြေခွေးတစ်ကောင်၊ မျောက်တစ်ကောင် မွေးထားပြီး အရပ်တကာလှည့် မျက်လှည့်ပြစားတဲ့ အကြောင်း။ ပုံနှိပ်စာမူလည်း မဟုတ်၊ ဘယ်တုန်းက ဘယ်သူရေးထားမှန်းတောင် မသိပေမယ့် နှစ်တွေအများကြီးကြာတာတောင် ပျောက်ကွယ်မသွားဘူး။ တက္ကသိုလ်ကျောင်းသားတွေရင်ထဲမှာ ပဲ့တင်ထပ်ပြီး လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြတယ်။ “မမလီဆာ လိုင်ဆာကိုရောက်ဖူးသလား” ဆိုတဲ့ကဗျာလေးဆို ကဗျာရေးတဲ့သူကို မမှတ်မိပဲ မမနော်လီဆာ ရဲ့ “ရည်းစားလေးထားတဲ့အရသာ ဒိုင်းနမိုက်” ဆိုတဲ့ သီချင်းလေးကိုပဲ ပြန်ပြန်ကြားယောင်မိတယ်။ သူ့အနောက်မှာ “မမနော်မာ ယင်းမာပင်ကို ရောက်ဖူးသလား” “မမလာနာ လှိုင်သာယာကို ရောက်ဖူးသလား” ဆိုတဲ့ကဗျာလေးတွေလည်း ကြိုက်တယ်။ “ဘာတွေဖြစ်ကုန်ကြပြီလဲ” “ဘာဖြစ်သလဲ နာဂစ်” တို့လို ထောင်နှုတ်ခမ်းပတ်လျှောက်တဲ့ ကဗျာတွေလည်း ရှိတယ်။ ကဗျာဆရာကို အသေသတ်လို့ ရချင်ရမယ်။ ကဗျာကိုတော့ ဘယ်တော့မှ သေအောင်သတ်နိုင်မှာ မဟုတ်ဘူး။

ကိုမင်းလူတို့၊ ကိုမျိုးမြင့်ငြိမ်းတို့ ကဗျာတစ်ပုဒ်အတွက် ထောင် ၇ နှစ်စီ ကျကြတယ်။ ကဗျာရေးတာကို ဘာပုဒ်မတွေတပ်ဖမ်းမှန်း မသိပေမယ့် မောင်ယုပိုင်လည်း ထောင်ထဲမှာ အကြာကြီးနေခဲ့ရတယ်။ တော်လှန်ရေးကာလမှာ လူငယ်တွေအကြား သေပန်းချည့်ပဲ ပွင့်ခဲ့တာ မဟုတ်ပါဘူး။ ကဗျာပန်းပွင့်ကလေးတွေလည်း အများကြီး တင်ကျန်ရစ်ခဲ့တယ်။ ကိုမင်းကိုနိုင်လည်း ကဗျာစာအုပ်ထုတ်ခဲ့တာပဲ။ ကိုယ့်အကြိုက် မဟုတ်သော်ငြား မောင်ဆောင်းခတို့ သားသခင် (မကွေး)တို့ကိုလည်း တော်လှန်ကဗျာဆရာထဲ ထည့်ရပါမယ်လေ။ အညာက ကိုယ့်တူလေးတောင် သစ်ကို (မုန်းချောင်းမြေ) ဆိုပြီး ကဗျာစာအုပ် ထွက်ဖူးသေးတယ်။ တော်လှန်ရေးကာလ ကဗျာတွေကို စုဆောင်းသိမ်းဆည်းထားပြီး ကဗျာပန်းခင်းကြီးအဖြစ် ခင်းကျင်းပြသနိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ အိုမာခရမ်တို့ ရာဘင်ဒြာနသ်တဂိုးတို့ ကဗျာတွေ ရွတ်ဆိုပြသလိုမျိုးလေ။ ခုခေတ်လူတွေဟာ ကဗျာမရွတ်တော့တာလား၊ မနာတတ်တာလားတော့ မသိဘူး။ တရုတ်ကားထဲမှာဖြစ်ဖြစ်၊ ကိုရီးယားဇာတ်လမ်းတွဲထဲမှာဖြစ်ဖြစ် ပညာတတ်တွေ နန်းတွင်းမှာ ရာထူးရချင်ရင် ကဗျာတွေရွတ်ပြရတယ်။ သိုင်းလောကရဲ့ စိန်ခေါ်ပွဲတွေမှာလည်း၊ အတွင်းအား၊ ကိုယ်ဖော့ပညာ၊ သိုင်းကွက်အစွမ်းချင်းချည့် ပြိုင်လို့မရဘူး။ ကဗျာတွေရွတ်ဆိုပြရသေးတယ်။ ရုပ်ရှင်ပြတဲ့အခါမှာသာ ဘာသာပြန် စာတမ်းထိုးတဲ့သူက လိုက်မမီလို့ (ကဗျာရွတ်သံ) ဆို ကျော်ချပလိုက်တာ။ စာပေအဆင့်အတန်း နဲ့ဆိုရင် ကဗျာဆိုတာ ကိုယ်တို့လို စကားပြေ၊ စကားပြောနဲ့ ရေးတာထက် ခက်ခဲနက်နဲတာတော့ အမှန်ပါပဲ။

ကဗျာရေးတဲ့အခါမှာ ဖော်မြူလာတွေ၊ ကာရံတွေနဲ့ ရက်ဖွဲ့ယှက်နှောင်ထားမှ ကဗျာဖြစ်တာ မဟုတ်ပါဘူး။ အကြောင်းအရာ၊ နိမိတ်ပုံလေးတွေကို ဟန်ချက်ညီအောင် ချိတ်ဆက်ထားရင် ကာရံမဲ့ကဗျာလည်း ဖြစ်တယ်။ ကဗျာရဲ့ အဓိကသော့ချက်ဟာ ကာရံ မဟုတ်ပါဘူး။ ဖတ်တဲ့သူရင်ထဲကို လှစ်ကနဲဝင်သွားပြီး ပြန်မထွက်ပဲ စွဲကျန်နေရစ်မှ ကဗျာမည်ပါတယ်။ ဒယ်ဒီဦးဂမုန်းရေးတဲ့ အငြိမ့်သီချင်းတွေဆို နဘေတွေ တလှေကြီးထပ်ပြီး ပညာသည်အငြိမ့်မင်းသမီးတွေကိုယ်တိုင် ကျွမ်းထိုးမှောက်ခုံ ကပြပေမယ့်လည်း တစက်ကလေးမှ ကဗျာဂီတ မမြောက်ဘူး။ ဘယ်သူ့နှလုံးသားထဲမှလည်း မရောက်ဘူး။ အာဏာရှင်တွေ ဝါဒဖြန့် မျက်လှည့်ပွဲလောက်သာ ဖြစ်တယ်။ စာရေးတာ စာဖတ်တာ ဦးနှောက်ချင်း အလင်းကူးရတာဆိုရင် ကဗျာရေးတာ၊ ကဗျာဖတ်တာကတော့ နှလုံးသားချင်း ရင်ခုန်သံထုံကူးရတာပါပဲ။ ရေးတဲ့သူ နှလုံးသားမှာ ဘာခံစားချက်မှ မပါပဲ ကာရံတွေနဲ့ကျားကန်ပြီးရေးလည်း ဖတ်တဲ့သူ ရင်ထဲမရောက်ရင် ကဗျာမမြောက်တော့ဘူး။

မင်းတို့ဟာကလည်းကွာ။ NLD ကောင်းကြောင်းရေးမှ ကဗျာလား။ မေမေစု ရွှေနားတော်သွင်းမှ ဧချင်းလား။ ခင်သီရိပြည့်စုံမေလည်း ကဗျာတွေရေးတဲ့ မြန်မာစာဆရာမပါအေ။ အေးလေ။ အဲ့ဒါပဲ ပြောနေတာ။ သူလည်းပဲ ဘောပင်ပါ ကဗျာရေးလို့ ရတာပ။ သို့ပေသိ သူ့ကဗျာ အကြောင်းအရာမှာ “ကောင်းလှချည်လား ကျွန်မယောက်ကျား” ဖြစ်နေတော့ ဘယ်သူ့ဘယ်သူမှ ရင်ထဲလည်းမရောက်ဘူး။ ဖင်ထဲလည်း မရောက်ဘူး။ ဘယ်စစ်မှုထမ်းဟောင်းမှ လက်ပွေ့လိုက်ရောင်းလို့ မရဘူး။ သူ့ဘာသူ တပ်တွင်းကလူတွေ မသာယပ်တောင် ကပ်ဝေရတာ။ အဲ့ဒါ ကဗျာတဲ့လား။ မတန်မရာ။ “မိတ်ဆွေ။ ထသွားပြန်ကြည့်။ အတုံးရှိသော်။ မိမိဘာသာ ရေလောင်းပါ။” ဆိုတဲ့ အတန်းအစားထဲတောင် မရောက်။

ပြောပြန်ရင်လည်း နှိမ်တယ်ဖြစ်ရဦးမယ်။ သူတို့ထဲမှာ ပေမီဒေါက်မီ ကဗျာဦးနှောက် စာဦးနှောက် ရှိတဲ့သူ တစ်ယောက်မှမှ မပါတာ။ သင် အနှစ်သက်ဆုံး ကဗျာဆရာကို ပြောပါ ဆိုရင် “ကဗျာဘွဲ့မှူး ကြိုက်တယ်။” ”မေကဗျာ ကြိုက်တယ်။” ဖြေမယ့်ဟာတွေ။ စာပေ၊ လင်္ကာ၊ အနုပညာမှန်သမျှ ဝါဒဖြန့်ဖို့သက်သက် အသုံးချလာခဲ့ကြတာကိုး။ စာဆိုစစ်သည် ဖြစ်ချင်လိုက်တာလည်း သူတို့အပြင် မရှိ။ တင်သန်းဦး၊ သောင်းဝေဦး၊ မြသန်းစံလောက်နဲ့ ဂိတ်ဆုံးနေတာ။ “ဆိုင်းကသာ အသံမစွဲတယ်။ နှဲချည့်ပဲ လေးလက်” ဆိုသလိုပဲ။ ကိုယ့်ဘာသာသာ မရေးတတ်တာ။ သူများရေးထားရင် ပိုက်စိတ်တိုက်ပြီး ဆင်ဆာက လိုက်လိုက်ဖြတ်သေး။

တကယ်တော့ တော်လှန်ရေးဆိုတာ မြို့ကနေဖြတ်သန်းသည်ဖြစ်စေ၊ တောထဲကဖြတ်သန်းသည်ဖြစ်စေ၊ ထောင်ထဲကဖြတ်သန်းသည်ဖြစ်စေ၊ နောက်ပိတ်ဆုံး လွတ်မြောက်နိုင်ငံမှာ ဖြတ်သန်းရသည်ဖြစ်စေ၊ ဘယ်လိုမှ ကဗျာမဆန်နိုင်ပါဘူး။ ခက်ခဲကြမ်းတမ်း ပင်ပန်းရတာချည့်ပဲ။ ကဗျာထဲမှာ တန်းဆာဆင်စရာ သက်တန့်ကြီးတွေ၊ ကောင်းကင်ပြာတွေ၊ စမ်းချောင်းကလေးတွေ၊ ရောင်စုံပန်းပွင့်လေးတွေ ရှိမနေဘူး။ ရှိလည်း အာရုံထဲကို တိုးမပေါက်တော့ဘူး။ တော်လှန်ရေးသမား ရင်ထဲက ထွက်လာတဲ့ ကဗျာဆိုတာ သွေးစက်တွေ၊ မျက်ရည်တွေ၊ နာကြင်မှုတွေ၊ အနိဌာရုံတွေကြောင့် ရင်ထဲမှာ မွန်းကြပ်ပြီး ပေါက်ကွဲထွက်လာရတယ်။ ရွှေနန်းတော်ထဲမှာ စောင်းညှင်းပတ်သာနဲ့ ရေးဖွဲ့လာတာ မဟုတ်ပဲ ထောင်ထဲတန်းထဲမှာ အိမ်သာသုံးစက္ကူနဲ့ ရေးလာတာလည်း ဖြစ်ချင်ဖြစ်မယ်။ ရှေ့တန်းစစ်မြေပြင် ခံတုပ်ကျင်းထဲမှာ ကင်းပုန်းဝပ်ရင်း ရေးလာတာလည်း ဖြစ်ချင်ဖြစ်မယ်။ ငှက်ဖျားနဲ့ အိပ်ယာထဲခွေနေရင်း ဖုန်းကလေးတို့ကာတို့ကာ ရေးခဲ့ရတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုမှ မသာယာနိုင်တဲ့ အခြေအနေတခုခုမှာ ရင်ထဲကပေါက်ဖွားလာရတာဆိုတော့ အပေါ်ယံရှပ်ရှပ်ကလေး မဟုတ်ဘူးလေ။ ဒါကြောင့်လည်း ဖတ်တဲ့သူရဲ့ ရင်ထဲကို နင့်ကနဲ စူးနစ်ဝင်နိုင်တာ။ အသည်းထဲမှာ စွဲထင်ကျန်ရစ်တာ။ အဲ့ဒါ ကဗျာရဲ့ အင်အားပါပဲ။

ဒါပေမယ့် တော်လှန်ရေးကဗျာအများစုဟာ ပုံနှိပ်ထုတ်ဝေခြင်း မရှိဘူး။ ကဗျာကိုသာ မှတ်မိမယ်။ ကဗျာဆရာကို ဘယ်သူမှန်း သိလိုက်မှာ မဟုတ်ဘူး။ အမည်မသိရှေးစာဆို ဆိုတဲ့စာရင်းထဲ ရောက်သွားလိမ့်မယ်။ မူပိုင််ခွင့်တွေဘာတွေလည်း မရကြပါဘူး။ “စာကောင်းရင် စလေ ရေးတယ်လို့ မအေပေးတွေကဆို။” လို့ ပေါက်ကွဲခဲ့ဖူးတဲ့ ကဗျာဆရာလည်း ရှိတာပဲ။ စာရွက်ပေါ် အစအဆုံးချရေးနိုင်တဲ့သူက “ငါရေးတာ” နံမည်တပ်သွားလည်း ဘာမှမှ အငြင်းမပွါးနိုင်တာ။ ဒါပေမယ့် ဘယ်ကဗျာဆရာကမှ ငါ့နံမည် တွင်ကျန်ရစ်စေ ဆိုတဲ့ စိတ်ကူးနဲ့ ရေးတာ မဟုတ်ပါဘူး။ သူ့ရင်ထဲမှာ စူးနေတဲ့ မြားတစ်စင်းကို ဆွဲနှုတ်ပြီး စကားလုံးလေးတွေနဲ့ လေးညှို့ငင်တာ။ ပစ်မှတ်ကို တည့်တည့်ထိတယ်ဆို သူ့မစ်ရှင်အောင်ပြီ။ ကဗျာဆိုတာ ပိုက်ဆံနဲ့လဲဖို့ မဟုတ်သလို နံမည်ကျော်အောင် ကျွန်မဆိုပေးမယ် ဆိုတဲ့ အရောင်းကိုယ်စားလှယ်လည်း မလိုအပ်ပါဘူး။ ဘက်ဂရောင်းမြူးဇစ်မပါလည်း ကဗျာက သောတာလင်္ကာရ၊ ဝစနာလင်္ကာရ နဲ့ နားဝင်ငြိမ့်ငြောင်းပြီးသား။

စစ်ပွဲတွေ ပြင်းထန်နေတဲ့ ဒီလိုအချိန်ကြီးမှာ ဘာဖြစ်လို့ ကဗျာတွေစာတွေ တ နေရသလဲဆိုတော့ ကြွေလွင့်သွားတဲ့ တော်လှန်ကဗျာဆရာ ကြီးကြီးငယ်ငယ်တွေကို မထင်မရှား မေ့မေ့ပျောက်ပျောက်နဲ့ ဘယ်သူမှ သတိမရတော့မှာစိုးလို့ နှုတ်ဆက်ဦးညွှတ်တဲ့သဘော ရေးပါတယ်။ ရယ်စရာလည်း မကောင်းသလို၊ အပျင်းပြေ ဖြေဖျော်ဖို့လည်း မရည်ရွယ်ပါဘူး။ သူတို့ ရေးခဲ့တဲ့ ချန်ရစ်ခဲ့တဲ့ ကဗျာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောတာပါ။ လက်နက်တွေက ဝယ်လို့ရတယ်။ နည်းပညာတွေက သင်ယူလို့ရတယ်။ ကဗျာတွေက သူတို့မှ မရေး၊ ဘယ်သူမှ ရေးပေးမယ့်သူ မရှိဘူး။ ဂါထာပေးလို့ တေးဖြစ်ချင်ဖြစ်လိမ့်မယ်။ လင်္ကာရေးတိုင်း ကဗျာ မဖြစ်ဘူး။ တော်လှန်ရေးအတွက် ရန်သူကိုဖြိုခွင်းရတဲ့ soft power တွေထဲမှာ ကဗျာတွေရော၊ ကဗျာဆရာတွေရော ပါပါတယ်။ စစ်တိုက်တာ ကဗျာမဆန်ပေမယ့်လည်း ကဗျာဆန်ဆန် စစ်တိုက်နေတဲ့သူတွေအကြောင်းလေးပေါ့နော။

“သီချင်းလေး တပိုင်းတစ

စာအုပ်ကြားထဲက

ကဗျာတွေ ယူကာရယ်။

သူလေအမြဲ

ပြောတတ်တော့ ခက်တယ်။

အတွေးတွေလည်း

ရှုပ်ထွေးလွန်းလှတယ်။

ဆိုလိုရင်း

ရှင်းရှင်းပဲပြောကွယ်။

သိပ်ကိုပဲ

ကဗျာမဆန်နဲ့ကွယ်။”