ခုတလော နေ့စားလော်ဘီတွေနဲ့ ကျက်သရေတုံးလွန်းလို့ Newsfeed မှာ ကြာကြာမနေဘူး။ သတင်းတွေဖတ်ပြီးရင် reel ထဲက တစ်ရာဖိုး ၃ ပုဒ် တရုတ်ဒရာမာအတိုလေးတွေ ဝင်ဝင်ကြည့်နေလိုက်တယ်။ ကောင်းလို့လည်းမဟုတ်ဘူး။ အပျင်းပြေလို့လည်း မဟုတ်ဘူး။ ဘာအန်တာတိန်းမန့်မှလည်း မပေးနိုင်ပါဘူး။ မဟုတ်ကဟုတ်ကတွေမှန်းလည်း သိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ကျေနပ်မှုတစ်ခုကိုတော့ ရတယ်။ ဝက်ခြံဖုကြီး ညှစ်ထုတ်ပလိုက်ရသလို၊ တန်းလန်းကြီးလန်ထွက်နေတဲ့ ခြေသည်းခွံ ဆွဲခွါပစ်လိုက်ရသလို၊ နားထဲက နားဖာချေးအတုံးကြီး ကလော်ထုတ်လိုက်ရသလို၊ မကောင်းတဲ့ ဒုက္ခပေးနေတဲ့ အရာတခုခုကို ဖယ်ထုတ်ရှင်းလင်းပစ်လိုက်တဲ့ စိတ်ကျေနပ်မှုတခုတော့ ပေးတယ်လေ။
ကြည့်ချင်တဲ့ ဇာတ်လမ်းဝင်ကြည့်။ အင်မတန်မှကို ကောက်ကျစ်ယုတ်မာစွာ လူမဆန်တဲ့ မတရားမှု၊ အလိမ်အညာတစ်ခုခုနဲ့ ဇာတ်ကို အစပျိုးလိုက်တယ်။ အပိုင်း ဆယ်ပိုင်းရှိရင် ရှေ့ကကိုးပိုင်းစလုံးမှာ ဗီလိန်က ပယ်ပယ်နယ်နယ် နှိပ်စက်ပြလိမ့်မယ်။ ပါးတွေရိုက်တာရိုက်တာဆို တဖြောင်းဖြောင်းပဲ။ ဟော နောက်ဆုံးပိုင်းရောက်လာရင်တော့ ကယ်တင်ရှင်ပေါ်လာ၊ ဒါမှ မဟုတ်လည်း နတ်ကောင်းနတ်မြတ်တွေ ဝင်ကူကြပြီး အားရပါးရ ပြန်ဆော်ကြရော။ ကိုယ်တို့ ဗမာတွေဆီမှာရော ဘာထူးလို့လဲ။ ဇာတ်တော်တွေ ကမလား။ ရုပ်ရှင်တွေ ပြဇာတ်တွေ ခင်းမလား။ ဇာတ်လမ်းတွဲတွေ ရိုက်ဦးမလား။ ဒီဖော်မြူလာအတိုင်းလေးပဲ သွားနေတာ။ ရွှေဘကား၊ သီဟတင်စိုးကား၊ နေထက်လင်းကား၊ နေထူးနိုင်ကား၊ အကုန်လုံး ဒီ flow လေးနဲ့ စီးမျောနေတာ။ သီတာခင်ထွေး၊ ဘေဘီနွဲ့၊ အေးအေးသင်း၊ စန္ဒယားခင်နုနု၊ ခင်မို့မို့အေး၊ ဗန့်ရိုးတွေဟာ မင်းသမီးတွေလောက် ဈေးမရရင်သာနေမယ်။ ကားရိုက်မှာ သူတို့က ပိုစိတ်တယ်။ သူတို့မပါရင် ဘယ်ကားမှ ဇာတ်အိမ်တည်လို့ မရဘူး။ လူတိုင်းလူတိုင်းရဲ့ စိတ်သဘောထဲမှာ “မကောင်းတဲ့သူ၊ အကောက်ကြံတဲ့သူ၊ သူတပါးကို ညှင်းပန်းနှိပ်စက်သူတွေဟာ နောက်ဆုံးတော့ အတိုးရောအရင်းပါ ပြန်ပေးဆပ်ရတယ်” ဆိုတဲ့ အတုံ့အလှည့်ကို ကြည့်ချင်မြင်ချင်ကြတာကိုး။
လောလောဆယ် ကိုယ်တို့ အပြင်မှာ တကယ်ကြုံနေရတဲ့ စစ်သားတွေရဲ့ ရက်စက်ယုတ်မာပုံ၊ အကုသိုလ်ဒုစရိုက်ပေါင်းစုံကလည်း ဘုရားရှင်လက်ထက်က ဒေဝဒတ်တောင် လိုက်မမီအောင် တနေ့တခြား ဆိုးဝါးလာလိုက်တာ။ ၅၅၀ ဇာတ်တော်ထဲမှာတောင် အသက် ၇၀ ကျော် အမေအိုကြီးကို အုပ်စုဖွဲ့ မုဒိန်းကျင့်ပြီး သတ်ပစ်တဲ့ ခိုးသားဓါးပြ မပါဖူးဘူး။ ဒါမျိုးက ကိုယ်တို့မြန်မာပြည်က စစ်တပ်ထဲမှာပဲ ရှိတယ်။ ဒီကောင်တွေ ယုတ်မာပုံ ကမ်းကုန်လွန်းလို့ “ရွှေဘ က ဘယ်မှာလဲ။ ခုထက်ထိ မလာသေးဘူးလား။” ဆို ပိတ်ကားကြီးကို ခဲနဲ့ပေါက်ချင်တဲ့အထိပါပဲ။ စစ်သား လို့ ဆိုရင် ထွီကနဲ မျက်ခွက်ကို တံတွေးနဲ့ထွေးပြီး ဖနောင့်နဲ့ပေါက်ချင်တဲ့စိတ်ဟာ မြန်မာနိုင်ငံသားတိုင်းမှာ ရှိတယ်။ ကိုယ်က ဘာမှ မလုပ်နိုင်သေးလည်း စစ်ဗိုလ်မသာမြင်ရင် အူလှိုက်သည်းလှိုက် ပျော်တာဝမ်းသာတာများ ဘယ်လိုမှ ထိမ်းချုပ်မရဘူး။ အကောင်ကြီးလေ ကျေနပ်လေ။ သူ့စားရိတ်နဲ့သူကြွေတဲ့ အောင်သောင်းတို့၊ မြင့်ဆွေတို့မှ ပျော်တာ မဟုတ်ဘူး။ ကိုယ့်ဘက်က ကျည်ဆန်နဲ့သေတာဆို မြိန်ရေယှက်ရေကို အရသာရှိတာ။ လေယာဉ်လာတိုင်း ကျင်းထဲဆင်းရတဲ့သူတွေအတွက် လေယာဉ်ပစ်ချခံရတယ် ဆိုတဲ့ သတင်းထက် ပျော်စရာ ရှိဦးမလား။ စစ်ကြောင်းထိုးပြီး မီးရှို့ခံရတဲ့ ရွာသားတွေအတွက် အဲ့ဒီစစ်ကြောင်း တကြောင်းလုံးပြုတ်ကုန်ပြီဆိုတာလောက် ဝမ်းသာစရာကောင်းတာ ဘာရှိမလဲ။
လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းအကြောင်းကို စာတမ်းရေးခဲ့ဖူးတဲ့ကိုယ့်မှာ မျက်မှောက်ခေတ်မြန်မာနိုင်ငံသားတွေရဲ့ ပျော်ပုံပျော်နည်းမျိုးကို အခုမှပဲ တွေ့ဖူးတော့တယ်။ အရင်တုန်းကတော့ ထင်ခဲ့တာ။ ပျော်စရာဆိုတာ တို့ရဲ့ကမ္ဘာမှာ မရှိပါ ပေါ့။ အခုတော့ ဘယ်ဟုတ်လို့လဲ။ ငှက်ကင်ဆိုလည်း ပျော်၊ ငါးကင်ဆိုလည်း ပျော်၊ ကြက်သံပုံးကင်ဆိုလည်း ပျော်။ နိုင်ငံတော်ဈာပနဆိုပြီး မသာပို့ဖို့ချွေးတပ်ဆွဲတဲ့အခါ ၇ ရက် ၇ လီကို ဝမ်းသာလုံးဆို့နေရော။ သူတော်ကောင်းဈေးဦး သူတော်ကောင်းဈေးဦး။ ဗိုလ်ချုပ်မသာတွေ ဝင်လာမစဲ တသဲသဲ ရှိကြပါစေသော်။ Gross National Happiness နဲ့တွက်ရင် စစ်မီးတဟုန်းဟုန်းနဲ့ ငရဲခန်းထဲရောက်နေတဲ့ ကိုယ်တို့လည်း ကြံကြံဖန်ဖန် ပျော်ရွှင်ခြင်းနိုင်ငံထဲမှာ ပါနိုင်တာပေါ့ဗျာ။
ရုပ်ရှင်ထဲကဟာ တကယ်မဟုတ်မှန်း သိပေမယ့်လည်း အပြင်မှာ စောင်ကိုက်ပြီး ကြည့်တဲ့သူက ကြည့်တာပဲ။ စောင်ကွက်အောင် ကြည့်တဲ့သူလည်း ကြည့်တာပဲ။ အမြင်အာရုံ အကြားအာရုံတွေက မြင်လွှာမှာ နားစည်မှာ လာရိုက်ခတ်ပေမယ့် အဲ့ဒီအပေါ်မှာ ခံစားချက်လိုက်လာဖို့က limbic center မှာ အလုပ်လုပ်ရတာကိုး။ ကုလားကားထဲက အမီနာလေး ပုလင်းကွဲပေါ် ခြေပလာနဲ့နင်း က တာ ပရိသတ် မျက်ရည်တောက်တောက်ယိုနေရင်းကနေ “ဟော အမီတာဘဂျမ်း လာပြီဟေ့။” ဆို ဒချိ ဒချိ လုပ်တော့မှ ပရိသတ်ကြီးမှ အားရဝမ်းသာ ဖင်တကြွကြွ စိတ်အားတွေ တက်ကြွတော့တာမဟုတ်လား။ ခုနေခါမှာ ကိုယ်တို့အတွက် ဇာတ်လမ်းတွဲ အရှည်ကြီးတွေကို အာရုံမစိုက်နိုင်ဘူး။ အစ ပဲ စထားပြီး ဟိုဟာတန်းလန်း သည်ဟာတန်းလန်းနဲ့ ဆက်မကြည့်ဖြစ်တာများတယ်။ ရှေ့ဆက် ဘာဖြစ်မလဲလည်း မသိချင်ပါဘူး။ ကိုယ့်ဘဝကိုယ်တောင် ဘာဆက်ဖြစ်မလဲ ရင်မခုန်တော့တာ။ အဲ့ဒီတော့ လိုရင်းတိုရှင်း ကိုင်းဟာ။ ချကွာ။ ဖုန်း ဒိုင်း ရော့ အင့်။ ကလဲ့စားချေတဲ့ အခန်းလေးတွေပဲ လိုက်ကြည့်တော့တယ်။ အဲ့ဒါကြောင့် တိုတိုလေးနဲ့ထိတဲ့ တရုတ်ဟာလေးတွေပဲ ကြည့်ဖြစ်ပါတယ်။ short drama လို့ ပြောတာနော်။ မကြီးဟုန် မပါကြေး။
ဘာကားကြည့်ကြည့် စိတ်ထဲမှာ ကြင်စိုးတို့ စစ်တပ်တစ်တပ်လုံးလည်း မကြာခင် အဲ့လို စမုံတုံးတော့မှာ လို့ အာရုံကလေးပါ ညွှတ်ညွှတ်ပြီး ကြည့်တယ်။ စိတ်ချမ်းသာလိုက်တာများလေ။ ဟိုမှာကြည့်စမ်း။ အောင်ပြည့်စုံတို့၊ ခင်သီရိသက်မွန်တို့ တောင်းစားနေရပြီ။ ဗိုလ်ချုပ်သားသမီးတွေဆိုတာ ဘိန်စားမဖြစ်ရင်တောင် ၂ မုဆိုး၊ ၉ ခုလပ်နဲ့ A ကိုက်သေမှာ။ အဲ့သလို ဇာတ်လမ်းတိုလေးတွေ ကိုယ့်ဘာသာကိုယ် ဆင်ရိုက်ကြည့်စမ်းပါ။ Suspense လေးတွေ ရိုက်ချင်သေးလား။ နားရွက်တို အကိုကြီးက မဘသတွေခေါ်ပြီး ထမင်း ထမင်းချင်းစားတဲ့ အဝှါဆိုင်ကို အနုကြမ်းဝင်စီး၊ သူတို့ရဲ့ မေထုံမဲ့သမီးလေးကို ပြန်ပေးဆွဲသွား။ ပတ်စပို့အသိမ်းခံထားရတဲ့ ရုပ်တည်တည် အကိုလေးက လာကယ်၊ ဦးခင်ရီက တားထားတာကြောင့် ရဲတွေအလာနောက်ကျလို့ အကုန်လုံးရှော။ Happy ending လေးပါဗျာ။ တနိုင်ငံလုံး happy ရမယ့် ending။ ပွင့်သိင်္ဂီဇော်တို့ မယ်မင်းဘုံတို့ ရိုက်မယ်ဆို ပြော။ ဇာတ်ညွှန်း အလကား ရေးပေးမယ်။
ရုပ်ရှင်တွေ၊ ပြဇာတ်တွေ၊ ဇာတ်လမ်းတွဲတွေမှာက အချိန်အတိုင်းအတာရှိတယ်။ တော်လောက်ပြီထင်တဲ့ အနေအထားရောက်ရင် လက်စသပ်ပြီး ဇာတ်သိမ်းပစ်ရတယ်။ တရုတ်မဆိုင်က ခေါက်ဆွဲဖတ်လို အမျှင်တန်းနေရင် ကပ်ကြေးနဲ့ကိုက်ပြီး တိကနဲ ဖြတ်ချလိုက်လို့ ရတယ်။ တကယ့်ဘဝတွေမှာက လူတစ်ယောက် တစ်ဇာတ်လမ်းစီနဲ့ သေတာတောင် အမျှင်မပြတ်ပဲ မေးခွန်းတွေ တန်းလန်းကျန်နေတာ တပုံကြီး။ လူသန်းပေါင်းများစွာ ဝင်ကနေရတဲ့ တော်လှန်ရေးကြီးက အဲ့သလို ဇာတ်သိမ်းနိုင်မှာ မဟုတ်ဘူးလေ။ မင်းအောင်လှိုင်က ကြိုးစင်တက််၊ ကျန်တဲ့သူတွေ လက်နက်ချ၊ ကိုထိန်လင်းက မေမေ့ဆီကို စလိုးမိုးရှင်းနဲ့ပြေး၊ ဆရာစိုးလေးက ရန်ကုန်ပြန်၊ ပြည်တော်ဝင်သီချင်းလေးနဲ့ ကန့်လန့်ကာချ။ ပြဇာတ်ကနေတာမှ မဟုတ်တဲ့ဟာကို။ အဲ့ဒီတော့ ဝဋ်လည်တာ၊ ဝဋ်လိုက်တာ၊ ကလဲ့စားချေတာ၊ သွေးကြွေးဆပ်တာ ဆိုတဲ့ ကိစ္စတွေဟာလည်း ဇာတ်သိမ်းခါနီးကျမှ ခေါက်ဆွဲဖတ် ကပ်ကြေးနဲ့ညှပ်သလို တိတိရိရိ ဖြတ်ချလို့ မရဘူး။ ဘယ်ခေါက်ဆွဲအမျှင်ပဲဖြစ်ဖြစ် သူ့အဆုံးနဲ့သူ ရှိတယ်။ ကိုယ်ကလိုက်မဖြတ်လည်း သူ့ဟာနဲ့သူ ပြတ်သွားမှာ။
ဝဋ်ဆိုတာလည်း ဒီလိုပဲ။ ဇာတ်လမ်းတွဲထဲမှာလို ဆုံးကာနီးမှ တန်းစီပြီး တစ်ခုမှမကျန်အောင် အထုပ်ဖြည်မပြဘူး။ လည်နေတဲ့ဂျင်ဟာ အရှိန်ကုန်ရင် တုံးလုံးလဲကျစမြဲပဲ။ ဦးသန်းရွှေကြီး ၉၀ ကျော်နေပြီ။ သေ မသေနိုင်ဘူး လို့ စိတ်တိုမနေနဲ့။ နှစ်ရှည်လများ ခံစားရတဲ့ ဇရာဒုလ္လဘကြောင့် သူကိုယ်တိုင် “ငါသေပျစီ” ဆုတောင်းနေရသလားမှ မသိတာ။ ပါးစပ်က ထမင်းတစ်လုပ်မျိုဖို့၊ ဖင်ဝက မစင်တစ်တုံးထွက်ဖို့ ခက်ခဲပင်ပန်းတဲ့ဘဝမှာ အကြာကြီးနေနေရတာ။ ရွှေကုတင်ညောင်စောင်းကြီးပေါ် ဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှူရတာက ပိုကောင်းမယ် ထင်လို့လား။ ဗိုလ်ချုပ်ကြီးမို့လို့၊ ဗိုလ်ချုပ်သားသမီးမို့လို့ ထောင်ကျတန်းကျ မရှိဘူး ထင်ရင် မှားသွားမှာပေါ့။ ဗိုလ်ချုပ်အပြုတ်တွေမှန်ရင် ရိပ်သာဝင်ပြီး ဘုရားကုကုခဲ့ကြတဲ့သူတွေချည့်ပဲ။ တသက်လုံးပြုမှားလာတဲ့ အကုသိုလ်တောင်ထုကြောင့် တရားရဖို့နေနေသာသာ ဂတိနိမိတ်တွေချည့် ထင်ထင်လာလို့ ဇေတဝန်ဆီ လှမ်းလက်အုပ်ချီရင်း ဒေဝဒတ်မျက်ရည်ကျရတာလည်း သူတို့ပါပဲ။ ကိုယ်တိုင်မလိမ်မာပဲ ရမ်းကားမောက်မာ၊ အာဏာမာန်တက်နေတဲ့ ဘယ်စစ်ဗိုလ်ချုပ်အိမ်မှာမှ သားကောင်းသမီးကောင်း မထွန်းကားဘူး။ မျိုးစေ့လည်းမမှန် မြေလည်းမသန်လို့။ မြှောက်ပင့်ညာဝါး လှည့်ဖြားတတ်သောသူတွေနဲ့ချည့် ကြီးပြင်းရလို့။
နေမဝင်တဲ့ည မရှိဘူး။ မနားသောငှက်လည်း မရှိပါဘူးတဲ့။ ဝဋ်မလည်တဲ့သူဆိုတာလည်း ဘယ်ရှိလိမ့်မလဲ။ “မောနင်းပါ။ မိုးကုတ်မြို့ကြီး ပတ်ကြည့်ပြီး ဗုံးကြဲလိုက်ဦးမယ်ဗျ။” ဆိုတဲ့ လေယာဉ်ပိုင်းလော့လည်း သေတဲ့အခါကျ ဘယ်လိုသေမလဲ လိုက်ကြည့်နိုင်ရင် တွေ့ရမှာပါ။ ၂၄ ပစ္စည်း စတစ်ကာကြီး နဖူးပေါ်ထိပ်တင်စီးလည်း ဂန့်တာပဲ မဟုတ်ဘူးလား။ လူတိုင်းကို ကိုယ်လိုက်မကြည့်နိုင်ပေမယ့် လူတိုင်းက ကိုယ့်ဝဋ်ကြွေးကိုယ် ပေးဆပ်ရမှာကတော့ သေချာတယ်။ သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေသူတွေဟာ သူ့အလှည့်မှာလည်း ပက်ပက်စက်စက် အသေဆိုးနဲ့ သေရမယ် ဆိုတာ ကိုယ်စိုက်တဲ့အသီး ကိုယ်စားရတာပဲ။ ဘယ်သူတွေ ကြည့်ကြည့် မကြည့်ကြည့်၊ မြင်မြင် မမြင်မြင်၊ သူကိုယ်တိုင်ကတော့ မလွဲမသွေ ကြုံကို ကြုံရတော့မှာ။ ကိုယ့်မျက်စိအောက်မှာ ပိုးစိုးပက်စက် လာသေပြရင်တော့ ဝမ်းသာအားရ ကျေနပ်ရသည်ပကွယ်။ ဒီလိုမသာများ တစ်ခါမက တွေ့ပါရစေ။ ဒီလိုမသာပေါင်း ထောင်သောင်းမက တွေ့ပါရစေ။
အဲ့လိုဆိုတော့ ကိုယ့်ဘဝကြီးမှာ အားအားယားယား အဲ့ဒီအောက်တန်းစားတွေ ဝဋ်လည်တာ၊ ငရဲကြီးတာ၊ သေခြင်းဆိုးနဲ့သေတာတွေကို မျက်ခြေမပြတ် လိုက်လံရှုစားဖို့ အချိန်မရပါဘူးကွယ်။ သူတို့ဟာသူတို့ လည်ချင်တဲ့အချိန်မှာ လည်ချင်သလို လည်လိမ့်မယ်။ မလည်ပဲတော့ နေမှာ မဟုတ်။ မျက်စိအောက်မှာ ပက်ပင်းတွေ့တော့လည်း ကျေနပ်တယ်၊ အားရတယ်၊ ဝမ်းသာတယ်၊ ပီတိဖြစ်တယ်ပေါ့။ တကူးတကတော့ လိုက်မကြည့်ချင်ပါဘူး။ ရုပ်မြင်တာနဲ့ကို ရွံရှာတယ်။ အော့နှလုံးနာတယ်။ ကိုယ့်နံဘေးမှာ စမ်းချောင်းလေးလည်း ရှိတယ်။ ကျေးငှက်လေးတွေလည်းပေါတယ်။ ချစ်ခင်စောင့်ရှောက်တဲ့ စိတ်တူသဘောတူ တော်လှန်ရေးဆွေမျိုးသားချင်းတွေလည်း ရှိတယ်။ “အန္တရာယ်တွေအလယ် ရောက်နေချိန် ယှဉ်ပြိုင်ရင်ဆိုင်ရာမှာ ရှုံးနိမ့်မှာလား။” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အပူအပင်တွေလည်း မရှိပါဘူး။ သိမ်းချင်တဲ့နေရာမှာ ဇာတ်သိမ်း၊ ကိုယ်က မင်းသား၊ ဒင်းတို့က ဗီလိန်။ ဘုရားသခင်အပေါင်းတို့ရဲ့ ကွယ်ကာခြင်းအောက်မှာ၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေရဲ့ စောင့်ရှောက်ခြင်းအောက်မှာ၊ ပြည်သူအများပို့သသော မေတ္တာရိပ်အောက်မှာ ကျက်သရေ ဘုန်းတန်ခိုး တိုးတက်လျက်ရှိနေတဲ့ ဟောဒီဆရာဝန်လေးကို မြင်ရရင်၊ သူရေးတဲ့စာတွေ ဖတ်ရရင်၊ သူ့ကိုနှိမ်နှင်းနှိပ်ကွပ်လိုတဲ့ ရန်သူတွေ လက်မှိုင်ချနေရတာတွေ့ရင်၊ တရုတ်ထိုးဇာတ်ထဲက လူလိမ်လူကောက်တွေကို ပါးရှစ်စိပ်ကျိုးအောင် ဆော်တာကြည့်လိုက်ရသလိုမျိုး ကျေနပ်အားရစိတ်ကလေး ဖြစ်လာနိုင်ပါစေ။ “ငါတို့ နိုင်နေပြီ” ဆိုပြီး ရွှင်လန်းဝမ်းသာနိုင်ပါစေ လို့သာ။