မေမေပြောတယ် မုန်းလိုက်တဲ့

“တတ်သိနားလည်လွန်းလို့

ပြောရသည်တော့ မဟုတ်ပေ။

အပတ်တကုတ်ကြိုးစား၊

ဘိုးဘွား အဖေအမေ၊

လူကြီးသူမ ဆိုပြောကြတာတွေ။

နားထောင်ရင်းသား

အထင်းသားပေါ်နေ

ရင်တွင်းခံစားချက်တွေ

သိရာမှ မြင်လာရပေ။

တရားသဏ္ဍာန်ကွဲပြား၊

အမှားအမှန်ခွဲခြား၊

ဆင်ခြင်တော်မူစေ။”

ကိုယ်တို့အမေဘက်မှာ မွေးချင်းညီအမ ၄ ယောက်ရှိပါတယ်။ သားယောက်ကျားလေး အဖတ်မတင်ပါဘူး။ အမေ့ဘက်က အဘိုး ဆုံးတဲ့အခါ သူ့ရဲ့ မွေးချင်းပေါက်ဖော် အချင်းချင်းပဲ စောင့်ရှောက်ကြတယ်။ ရန်ကုန်ကအဖွားက “မကြည်။ ညည်းသမီး တစ်ယောက်ပေး။ ငါ့သား နဲ့ ပေးစားမယ်။” ဆို ခေါ်သွားတယ်။ သူတို့ချင်းက အဖေညီအကိုရင်းက မွေးတဲ့ တစ်ဝမ်းကွဲ ညီအမတွေ။ အမေ့အောက်က အဒေါ်က ပညာတတ်တယ်။ ဆယ်တန်းအောင်လို့ ဆရာအတတ်သင် တက်နေတာ ဆိုတော့ သူ့ကို အိမ်ထောင်ချပေးလို့ မဖြစ်ဘူး။ ပညာဆုံးအောင် ဆက်သင်ရမယ်။ သူက ရုပ်လည်း ချောတော့ အညွန့်အဖူးပေါ့လေ။ သူ့ကိုပဲ အားထားဝန်းရံရမှာ။ ဒီလိုနဲ့ ကိုယ့်အမေက အိမ်ထောင်ကျ၊ ရန်ကုန်ရောက်။ အဖွားရဲ့ လယ်တွေကိုတော့ သူ့မောင်ဘွားတွေဖြစ်တဲ့ ဘပေါ်တို့က ယောက်ကျားသား အလုပ်တွေ ဆက်လုပ်ပေးတာပေါ့။ ရွာဆိုတော့ ကိုယ့်အမေတွေ၊ အဒေါ်တွေဟာ လယ်ထဲကိုင်းထဲလည်း လိုက်ရတယ်။ ထင်းခွေ၊ ရေခပ်၊ ထမင်းချက်၊ နွားစာစင်းကအစ ဗိုင်းငင်၊ ဝါဖတ်၊ ယက္ကန်းခတ်တဲ့အလုပ်တွေပါ လုပ်ကြရပါတယ်။ တောဓလေ့ ရွာဓလေ့က ဒီလိုပဲ ဥစ္စာ။ ကိုယ်တို့အမေက ရန်ကုန်သားနဲ့ အိမ်ထောင်ကျတော့ နေပူစပ်ခါး လယ်သမား ကိုင်းသမား အလုပ်တွေ လုပ်စရာ မလိုဘူးပေါ့။ တရုတ်အခေါ်ခေါ်ရရင် အဒေါ် ၂ ကလည်း ပညာသင်ရဦးမှာမို့ ရွာက မိသားစုအလုပ်တွေဟာ အဒေါ် ၃ တို့ အဒေါ် ၄ တို့ ခေါင်းပေါ်ကို ကျလာတော့တယ်။ ဂန္ဓမာပန်းလို လန်းလန်းကားကား အပွင့်ကြီးကြီးလိုချင်ရင် တခိုင်တည်းထွက်တဲ့ အပွင့်သေးလေးတွေ ဆိပ်ပလိုက်ရသလိုပေါ့။ တစ်မိပေါက်မှာ တစ်ယောက်ထွန်းစေချင်ရင် ကျန်တဲ့မွေးချင်းတွေက ဝန်းရံပေးကြရတယ်။

အဲ့သလိုဆိုတော့ ရွာမှာကျန်တဲ့ ကိုယ့်အဒေါ်အငယ်တွေ ဘယ်လောက်အလုပ်များမယ်။ စဉ်းစားကြည့်ပေါ့နော့။ အလုပ်နဲ့လက်နဲ့ မပြတ်တဲ့ကြားထဲ သူတို့မှာ အိမ်ဆိုင်ကလေးတည်ရော။ ရေနံချောင်း က၊ ကုန်းစောင်းက၊ အခြောက်အခြမ်း၊ မီးဖိုချောင်ပစ္စည်းတွေ ဝယ်ပြီး အိမ်မှာ ဈေးဆိုင်ကလေး ဖွင့်ထားတာ။ ရန်ကုန်ကဆိုင်တွေလို တနေကုန် ငုတ်တုတ်ထိုင်ပြီး စောင့်ရောင်းတာ မဟုတ်ဘူးလေ။ အိမ်အလုပ်လုပ်နေရင်း ဝယ်သူလာ ထရောင်းလိုက်။ ပြီး ကိုယ့်အလုပ်ကိုယ် ပြန်လုပ်လိုက်ပေါ့။ ရွာဆိုတော့ ကလေးတွေချည့် လာဝယ်ကြပါတယ်။ “မတင်ဝမ်း။ အမေက ဘယ်ဟာကို ဘယ်လောက်ဖိုး ပေးလိုက်စမ်းပါတဲ့။” ဆိုရင် ချိန်တွယ်မှတ်သားပေးလိုက်ပြီး ညနေကျမှ စာရင်းစာအုပ်ကလေးနဲ့ အိမ်တိုင်ရာရောက် ပိုက်ဆံလိုက်တောင်းရတာ။ ရတဲ့အခါလည်း ရတယ်။ မရတဲ့အခါလည်း တစ်ရက်စောင့်၊ နှစ်ရက်စောင့် နဲ့ “ညည်း လက်ခက်တယ်။ နောက် မရောင်းဘူး။” ဆို black list ထဲ ထည့်လိုက်ရော။

ကိုယ်တို့အမျိုးက ရွာမှာဆိုရင် ဥပဓိရုပ်ရည် ခေသူမဟုတ်ပါ။ အဖေဘက်ကမျိုးရိုးက အသားဖြူတယ်။ အမေဘက်ကမျိုးရိုးက အသားညိုတယ်။ ဒီလောက်ပဲ ပြောစရာ ရှိတယ်။ အရွယ်ရောက်လာရင် သူ့ဟာနဲ့သူ ကြည့်ကောင်းရှုပျော်တွေချည့်ပဲ။ အဒေါ် ၂ က သမင်ခြံကျောင်းမှာ ဆရာမ လုပ်တဲ့အခါ “အဲ့ဆရာမ သိပ်ချောတာ။” လို့ နံမည်ကျော်တယ်။ ရွာမှာက ကျောင်းဆရာ၊ ဆရာမ၊ သားဖွားဆရာမ ဆိုရင် အင်မတန်ဂုဏ်ရှိတာ။ ပညာတတ်အလုပ်၊ အစိုးရဝန်ထမ်းအလုပ်မို့ ဘဝအာမခံချက်လည်း ရှိတာပေါ့။ အဲ့ဒီအချိန်တုန်းကပေါ့လေ။ အဒေါ် ၂ က ကျောင်းဆရာ ဦးဘိုသန်း နဲ့ အိမ်ထောင်ကျသလို အဒေါ် ၃ ကတော့ ပန်းတုန်းရွာက ကိုဖိုးထောင် နဲ့ လယ်သမားချင်း အိမ်ထောင်ကျပါတယ်။ ရွာမှာ အိမ်ထောင်ကျပုံကလည်း အင်မတန်ကို ရိုးရှင်းတာ။ မနက်ပိုင်းမှာ ကိုယ်တို့တူအရီးနှစ်ယောက်က ပန်းတုန်းကို အလှူသွားတယ်။ အလှူလှည့်ထဲပါတဲ့အဒေါ်ကို သဘောကျတော့ ခြေရင်းအိမ်က အရီးမမြစန်းကို အောင်သွယ်လွှတ်ပြီး အမြန်းခိုင်းလိုက်တယ်။ ဘယ်သူလဲ၊ ဘယ်သူ့မျိုးရိုးလဲ၊ အသောက်အစား ကင်းသလား။ ဒီလောက်ပဲ မေးပြီး ကာယကံရှင်ကို “ညည်း သိသလား။ သူက လာတောင်းနေတယ်။ လက်ခံနိုင်သလား။ ယူနိုင်သလား။” မေး။ “အင်း” ဆို ခေါင်းငြိမ့်ရင် လူကြီးစုံရာနဲ့ လာတောင်းချေတော့ပဲ။ အဲ့ဒါ ကိုယ့်အဖွားတွေလက်ထက်ကလည်း ဒီလိုပဲ။ ကိုယ့်အမေတွေ၊ အဒေါ်တွေ လက်ထက်မှာလည်း ဒီအတိုင်းပဲ။ အဒေါ် ၄ ကလည်း ဆရာအတတ်သင်တက်၊ ကျောင်းဆရာမ ဖြစ်လာပြီး ရွာမှာပဲ ထိုနည်းလည်းကောင်း အိမ်ထောင်ကျပါတယ်။ ရုပ်ရှင်ထဲကလို ချစ်ခန်းကြိုက်ခန်းတွေ ပေအရှည်ကြီး သီချင်းမဆိုပေမယ့် သူတို့ညီအမအားလုံး တစ်လင်တစ်မယား စံနစ်နဲ့ ရိုးမြေကျ ပေါင်းသင်းကြပါတယ်။ ကိုယ်တို့မျိုးရိုးထဲမယ် အကြီးအငယ်၊ အဆွယ်အပွါး ထားရိုးထုံးစံ မရှိဘူး။ ရွာမှာ အိမ်ထောင်ပြုရင် မျိုးရိုးကို ကြည့်တယ် ဆိုတာ အဲ့ဒီနောက်ကြောင်းကို မေးမြန်းစုံစမ်းတာ။ ဆင်းရဲတာ ချမ်းသာတာ ဘယ်သူကမှ ဂရုမစိုက်ဘူး။ ပိုက်ဆံရှိလို့ ဩဇာရှိလို့ “သမီးရယ်။ ကြိုက်လိုက်ပါ သမီးရယ်။” ဆိုတာ တို့ရွာမှာတော့ ဘယ်မိဘမှ မတိုက်တွန်းဘူး။

ကိုယ်ကတော့ ကိုယ့်ကိုချစ်တဲ့ အဒေါ်တွေ သူများတစိမ်းကို ပေးလိုက်ရတာမို့ ကလေးစိတ်နဲ့ နှမျောမိပါတယ်။ ဒါပေသိ ဦးလေးတွေက သဘောကောင်းတော့ ကိုယ်ကပေးလိုက်ရတာ မဟုတ်ပဲ ရလိုက်တာ ဖြစ်သွားတယ်။ နောင်ကျ ဝမ်းကွဲမောင်နှမတွေ တိုးပွါးလာတော့လည်း သိုက်သိုက်ဝန်းဝန်း နဲ့ ပိုပျော်စရာ ကောင်းလာတယ်။ ဆွေမျိုးအသိုင်းအဝိုင်းဆိုတာ ဒီလိုပဲ ပြန့်ပွါးလာရတာ မဟုတ်လား။ အခုဆိုရင် မွေးချင်းပေါက်ဖော် မောင်နှမဝမ်းကွဲတွေထဲမယ် ကိုယ်ကသာ ရန်ကုန်ကနေ တောထဲပြန်ရောက်လာတာ။ ကိုယ့်ညီတွေ၊ ညီမတွေက အမေရိကားမှာလည်း ရှိတယ်။ ပြင်သစ်မှာလည်း ရှိတယ်။ ပေါ်တူဂီမှာလည်း ရှိတယ်။ မလေးရှားမှာလည်း ရှိတယ်။ ပေတောက မျိုးစေ့တွေ နိုင်ငံခြားမှာ အညှောင့်ပေါက်နေကြပြီ။ အဲ့ဒါ ကိုယ်တို့ generation တစ်ဆက်ပဲ ရှိသေးတယ်။

မျိုးရိုးအစဉ်အလာအရရော၊ ရပ်ရွာဓလေ့ထုံးတမ်းအရရော၊ ကိုယ်တို့ဆွေမျိုး အသိုင်းအဝိုင်းဟာ ဃရာဝါသကိစ္စတွေကို ရိုးရိုးရှင်းရှင်းပဲ တွေးမြင်ဆုံးဖြတ်ကြပါတယ်။ လိုက်နာကျင့်သုံးကြပါတယ်။ လင်ပြိုင်၊ မယားပြိုင်၊ အမွေလု၊ အမှုပွေတဲ့ ထုံးစံ မရှိဖူး၊ မကြားဖူးပါဘူး။ ယောက်ကျားသားတွေ အသက်တိုလေ့ရှိတဲ့အတွက် မိခင်အုပ်ထိမ်းသောစံနစ်နဲ့ပဲ ကြီးပြင်းကျင့်သားရလာခဲ့ကြပါတယ်။ မျက်မှောက်ခေတ် အခြေအနေနဲ့ဆိုရင် တော်တော်ကြီးကို ခေတ်နောက်ကျတဲ့အထဲပါတယ် ဆိုရမှာပေါ့။ Living together တို့၊ Friend with Benefits တို့၊ ORGY တွေ၊ GS တွေ၊ Hi 5 တွေ မကြားဖူးကြဘူး။ ပြင်သစ်ကလာတဲ့ ဧည့်သည်တစ်ယောက်က မေးဖူးတယ်။ “မင်းတို့နိုင်ငံမှာ မိဘပေးစားတဲ့ arranged marriage တွေ ရှိသေးသလား။ ရှိနေတုန်းပဲလား။” တဲ့။ “ရှိတာပေါ့။ တခြား အဝေးကြီး သွားရှာစရာ မလိုဘူး။ ငါ့ကိုပဲကြည့်။” လို့ ပြောလိုက်တယ်။ ကိုယ်တို့ဆီက arranged marriage ဆိုတာ အိန္ဒိယ က၊ တရုတ်က လိုမျိုး ကာယကံရှင် ဆန္ဒမပါပဲ မိဘတွေက အတင်းစီစဉ်တာ မဟုတ်ဘူး။ ချစ်သူရည်းစား အနေနဲ့ ပေါင်းသင်းတွဲဘက်မနေတော့ပဲ ဒီလူ နဲ့ ဒီလူ ကြည်ဖြူတယ်၊ မိဘကလည်း ကန့်ကွက်စရာ မရှိဘူး ဆိုရင် “တခါတည်း အိမ်ထောင်ချ ပေးစားလိုက်တယ်။ တည်မိတဲ့ဘုရား၊ လဒပဲနားနား။ တသက်လုံးပေါင်းကြပေတော့။” ဆိုတဲ့ သဘောပါပဲ။ ပေတောရွာမှာ ဈေးဝယ်သလိုပေါ့လေ။ “သွား။ မမြကြည်ဆိုင်မှာ ကြက်သွန်နီ အစိတ်သား သွားဝယ်ချေ။ အမေ က လွှတ်လိုက်တယ် လို့ ပြော။” ဆိုရင် အလေးလည်း စစ်စရာမလို၊ ဈေးလည်း ဆစ်စရာမလို၊ ကြက်သွန်နီကလည်း ဒီတစ်မျိုးပဲ။ တခြားရွေးစရာ မရှိ။ “ရော့ အင့်။ ယူသွား။ ညနေကျမှ ပိုက်ဆံလာတောင်းမယ်။ ဒီလူနဲ့ဒီလူ ဘယ်သူကမှ မဟုတ်တာ မလုပ်။” ဆိုတာမျိုး။ ကဲ ပြော။ ဘယ်နေရာမှာ ဘာတွေ စဉ်းစား ရွေးချယ်စရာ ရှိလို့လဲ။

ပေတောရွာက ဈေးဝယ်နည်းဟာ ဘန်ကောက်ရွှေမြို့တော်ကြီးမှာ shopping ထွက်တာနဲ့တော့ နည်းနည်းလေးမှ မဆိုင်လေဘူးကွယ်။ ကိုနေမျိုး မတီခင်တို့နဲ့ ဘန်ကောက်ကို ၂ ပါတ်လောက် လိုက်သွားဖူးတယ်။ ဘန်ကောက် မပြောပါနဲ့လေ။ မဲဆောက်မှာတင် အံ့ဩကုန်နိုင်ဖွယ် ဖြစ်နေတာ။ မြင်မြင်သမျှ လိုချင်စရာတွေချည့်ပဲ။ ဘာလေးကြည့်ကြည့် “ကြိုက်လိုက်တာ။ ကြိုက်လိုက်တာ။” နဲ့ကိုနေတာ။ သို့သော်လည်း လူ့အလို နတ်မလိုက်နိုင်တာကတော့ ကိုယ့်ရဲ့ပိုက်ဆံအိပ် ပါးပါးကလေးပါပဲ။ အခုမှ မဲဆောက် ရှိသေးတာ။ ဘန်ကောက်ရောက်ရင် ဘာတွေထပ်ကြိုက်မိဦးမယ် မသိ။ ကိုယ့်ပါတဲ့ပိုက်ဆံကဖြင့် လူ့ရှေ့သူ့ရှေ့တောင် ဖွင့်မကြည့်ရဲဘူး။ ဒါကြောင့်မို့ မျိုသိပ် မျိုသိပ်။ စိတ်အလိုဆိုတာ လိုက်တိုင်း မကောင်း။ Robinson မှာ နေကာမျက်မှန် အပြာလေးတစ်လက် ကြိုက်လိုက်တာ။ အဲ့ဒါဝယ်လိုက်ရင် ဘန်ကောက်မှာ လက်ထဲ သုံးစရာ နည်းသွားပြီ။ “အပြန်ကျမှ ဝယ်မယ်” ဆိုပြီး ထားပစ်ခဲ့တယ်။ ဘန်ကောက်ရောက်တော့လည်း လိုချင်စရာတွေ ပေါမှပေါ။ ကိုယ့်ဝယ်မယ့်သူရှိရင်တောင် ရောင်းပြီး လိုက်ဝယ်ပလိုက်ချင်သေး။ “အရွယ်ကလွန်နေပြီ။ စိတ်လျှော့ စိတ်လျှော့။” ဆို နေကာမျက်မှန်ဖိုးလေးပဲ မကျန်ကျန်အောင် ချန်သုံးတာပေါ့လေ။ စိတ်မကောင်းစရာပါပဲ။ အပြန်ကျတော့ ဈေးပိတ်ချိန်ရောက်သွားလို့ မဝယ်ခဲ့ရဘူး။ မြို့မှာနေတဲ့သူနဲ့ တောမှာနေတဲ့သူရဲ့ အိမ်ထောင်ရေးစဉ်းစားပုံ စဉ်းစားနည်းကလည်း အဲ့သလိုပါပဲ။ ရွေးစရာတွေများလေလေ။ စဉ်းစားရခက်လေလေ။ အကုန်လုံးယူလို့ကလည်းမရ။ ကြိုက်ပင်ကြိုက်သော်ငြား ယူပြီးမှ စိတ်ပြောင်းသွားမှာကလည်း စိုးရ။ ဒီလိုနဲ့ပဲ ဈေးပိတ်ချိန်မှာ အပျိုကြီး လူပျိုကြီး ဖြစ်ကုန်တာပေါ့လေ။ ကိုယ်ကတော့ ဈေးပေါင်မကျိုးခင် အမေစီမံတဲ့အတိုင်း နာခံလိုက်တော့မယ် ဆို စိတ်ဒုံးဒုံးချလိုက်တာပေါ့။ အသက်ကြီးကလည်း ၃၁ နှစ် ရှိနေပြီ။ ကိုယ်တို့မျိုးရိုး သက်တမ်းက ၄၅- ၅၀ လောက် ရှိကြတာ။ ငှက်ပျောတုံးကတော့ မဖက်နိုင်ပေါင်။

မိဘစကား နားထောင်တယ် ဆိုတာ တကယ်တော့ လူကြီးသူမ အကြံဉာဏ် ယူတာပါပဲ။ အမေမှာ မှာတဲ့အတိုင်းတော့ မဟုတ်ဘူးပေါ့။ ကိုယ်လည်းစဉ်းစားတယ်။ သူလည်း စဉ်းစားတယ်။ ကိုယ်က ပြတ်ပြတ်သားသား စဉ်းစားနိုင်ရင်တော့ တစ်မျိုးပေါ့။ ကိုယ်ကိုယ်တိုင်က ချီတုံချတုံနဲ့ ဇဝေဇဝါဖြစ်လာရင် သူတို့အကြံဉာဏ်ယူတာက အမှားနည်းတယ်။ သူတို့က အတွေ့အကြုံလည်းများတယ်။ ဉာဏ်ရည်လည်း ရင့်ကျက်တယ်။ ဘေးတွေရန်တွေလည်း ကြိုမြင်လေ့ရှိကြတယ်။ ဒါကြောင့်လည်း “သံပြားကျောက်စောင်း ပုဇွန်အောင်းသတဲ့။” ဆို မိဘစကား နားထောင်လိုက်တာ။ ကိုယ့်အမေ သယ်ပိုးထားတဲ့ ဝန်ထုပ်ဝန်ပိုးထဲမှာ ကိုယ့်ဝန်က အလေးဆုံးပဲ။ ဆေးကျောင်းကို ဆယ်နှစ်သင်တာတောင် ဆရာဝန်ကဖြစ်ရုံလေးပဲ ရှိသေးတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်နိုင်သေး။ ကိုယ့်အောက်မှာ အငယ် ၅ ယောက် ပျိုးထောင်ဖို့ ကျန်သေးတယ်။ လူတလုံးသူတလုံး အိမ်တဆောင်မီးတပြောင်ဖြစ်မှ မိန်းမယူရင်တော့ အသက် ၆၀ တောင် သေချာမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အိမ်ထောင်ရေးကို မဲဆောက်၊ ဘန်ကောက် ဈေးဝယ်သလို မစဉ်းစားဘူး။ ပေတောမှာ ဈေးရောင်းသလိုပဲ ရိုးရိုးရှင်းရှင်း စဉ်းစားတယ်။ ကြေးအမြင့်ဆုံးခေါ်ပြီး လေလံတင်ရောင်းတာမျိုးတော့ မဟုတ်ဘူး။ ရိုးမြေကျ သစ္စာရှိရှိ ပေါင်းနိုင်မလား ပဲ အဓိက စဉ်းစားတယ်။ ရွာကလူတွေ စဉ်းစားသလို၊ မိဘမျိုးရိုးတို့၊ အကျင့်စာရိတ္တတို့ဆိုတာ အတွင်းသိအစင်းသိ မဟုတ်တဲ့ သူစိမ်းတွေကို အကဲခတ်တဲ့အခါ ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာထက်တော့ အရေးကြီးတာ အမှန်ပဲ။ ယောက်ကျားတစ်ယောက်ရဲ့ ဉာဉ်ကို ယောက္ခမစည်းစိမ်အာဏာနဲ့ ထိန်းကွပ်လို့ရတယ်ဆိုတာ ဘယ်ကမ္ဘာမှာမှ မရှိခဲ့ဘူး။ သူ့ဗီဇနဲ့သူလာတာ။ “မယုံ လာကြည့်။ ငါတို့မျိုးရိုးထဲ အဲ့ဒါမျိုး မရှိ။” ဆိုရင် တစ်ခွန်းတည်းနဲ့ ကိစ္စပြတ်တယ်။

တကယ်တော့ မိဘစကား နားထောင်တယ်သာ ပြောနေတာ။ ကိုယ်နားထောင်ချင်တဲ့အခါထောင်ပြီး နားမထောင်ပဲ လုပ်ချင်ရာတွေ လုပ်ခဲ့တာလည်း အများကြီးပါ။ “ကိုယ့်သဘောနဲ့ မိဘဆန္ဒနဲ့ ကိုက်ညီရင် နားထောင်တယ်။ မကိုက်ညီရင် နားမထောင်ဘူး။” လို့ ပြောရမလို ဖြစ်နေတယ်။ အဲ့သလိုတော့ မဟုတ်ပါဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ်၊ နားထောင်ရင်လည်း ဘာဖြစ်လို့နားထောင်တယ်။ နားမထောင်ရင်လည်း ဘာဖြစ်လို့ နားမထောင်ရတယ်။ ကိုယ့်ဘက်က ခိုင်ခိုင်လုံလုံ အကြောင်းပြချက် ရှိပါတယ်။ နားထောင်တာက ပိုများတဲ့အတွက် ကိုယ့်ကို လိမ်မာတဲ့ သားသမီးထဲ စာရင်းထည့်တာပါ။ လိမ်မာခြင်း မလိမ်မာခြင်းရဲ့ အကျိုးအပြစ်တွေကိုလည်း ကိုယ့်ဘာသာကိုယ်ပဲ ခံရမှာလေ။

အမေတွေ အဖွားတွေ ဘယ်လိုပဲတားတား၊ ကိုယ်လုပ်ချင်တဲ့အလုပ်ဆို ဇွတ်လုပ််တာတွေလည်း ရှိတယ်လေ။ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်၊ ဖဲရိုက်တယ် ဆိုတဲ့အလုပ်တွေဟာ လူငယ်တွေ ပျက်စီးခြင်းငါးပါးဆိုက်တဲ့ အလုပ်တွေမို့လို့ ကိုယ်လည်းပဲ ဆယ်တန်းမအောင်ခင်ကတော့ ဝေရာမဏိပါတယ်။ ဒါပေမယ့်တက္ကသိုလ်ရောက်တဲ့အခါ ဒါလေးမှ မလုပ်တတ်ရင် လူလားမမြောက်သလို ဖြစ်နေတာမို့ အိမ်ကဘယ်လောက်ဆူဆူ လုပ်တာပါပဲ။ တကယ်တမ်းကျ မကောင်းမှန်းလည်း သိတယ်။ ဆေးလိပ်သောက်တဲ့အရသာ၊ အရက်သောက်တဲ့အရသာ ကို ကြိုက်လှပါတယ် မဟုတ်တာတောင် လူရာဝင်ချင်တဲ့စိတ်၊ ပျော်ချင်ပါးချင်တဲ့စိတ်နဲ့ ဒါမျိုးကျတော့ ပြောစကားနားမထောင်ဘူးလေ။ အသက်ကြီးလာတော့မှ ဒါကြီးတွေဟာ အိုမင်းရင့်ရော်စေတဲ့အကြောင်းရင်းပဲ ဆိုပြီး အကျင့်မလုပ်တော့တာ။ စွဲစွဲလန်းလန်း လုပ်နေတဲ့သူတွေ ဘာတွေဖြစ်ကုန်သလဲ ကိုယ်တွေ့မျက်မြင်ပဲဥစ္စာ။ အင်တာဗျူးတစ်ခုမှာ ချိုပြုံးကြီး ပြောတာ သွားသတိရတယ်။ “လူငယ်ဆိုတာ လူငယ်သဘာဝ မှားမှာပဲ၊ မိုက်မှာပဲ။ မိုက်တွင်းသာ မနက်စေနဲ့။ မိုက်တွင်းမနက်ရင် ပြန်တက်လို့ရတယ်။” တဲ့။

မိဘစကား နားထောင်တာ ကောင်းပါတယ်။ သူတို့က ဒါမျိုးတွေ ကြုံဖူးပြီးသား၊ မြင်ဖူးပြီးသား ဆိုတော့ ဘယ်ခြေလှမ်းလှမ်းရင် ဘယ်ကိုရောက်မယ် ကြိုမြင်ပြီးသား။ လူငယ်တွေမှာကျတော့ “မီးဆိုတာ ပူတတ်တယ်။” ဘယ်လောက်ပဲ ဆုံးမ ဆုံးမ၊ ကိုယ့်လက်နဲ့ ကိုင်ကြည့်ပြီးမှ “ဪ အေး။ ဟုတ်သားပဲ။ ပူတယ်ဟ။” ဆို ကိုယ့်ဘာသာ သင်ခန်းစာယူချင်တာမျိုးကိုး။ အဲ့ဒါကြောင့်မို့လို့ လူကြီးသူမ ဆိုဆုံးမစကား၊ သတိပေးစကားများကို နားမထောင်ဖြစ်ရင်တောင် သူတို့ကတော့ ဒီလိုပဲ ပြောကြလေရဲ့ လို့ မှတ်သားထားသင့်ပါတယ်။ စိန်ပေါကျောင်းက ကိုယ့်ဆရာမများကတော့ “နင်တို့ ဆရာသမား မိဘ ဆုံးမတာ မနာခံရင် ဘဝက ဆုံးမလိမ့်မယ်။ ဘဝ က ရိုက်တဲ့ ကြိမ်လုံးက ငါတို့ရိုက်တာထက် ပိုနာတယ်။” တဲ့။

လူငယ်လူရွယ်တွေ မိုက်တွင်းနက်တဲ့ကိစ္စမှာ အများဆုံး ကြုံရတာက ချစ်ရေး၊ ကြိုက်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေပါပဲ။ အသက်အရွယ်အားဖြင့်ကလည်း “ဒီကမ္ဘာကြီးအား အချစ်အတွက်ဆိုရင် လွှင့်ပစ်ရဲတယ်။” ဆိုတဲ့ အရွယ်တွေမို့လား။ လူကြီးက မသင့်တော်ဘူး ပြောလို့ ဘယ်သူကမှ နားမထောင်ပါဘူး။ အဖေအမေတွေက ပြောတာလား။ အကိုမောင်တွေက ပြောတာလား။ ဘယ်သူက ဘာပြောပြော။ “အဖေရော အမေရော ဆွေမျိုးတွေရော အကုန်လုံးဖျက်ကြပစေရှင်။” ဆို ဖြစ်သွားရော။ အဲ့ဒီကနေ ရှေ့ဆက်၊ “မိုက်တွင်းနက်သလား၊ တိမ်သလား။” ကတော့ ကိုယ်ခုန်ဆင်းတဲ့ ကျင်းအပေါ်မှာ မူတည်ပါတယ်။ မှားသွားလို့ ရေစုန်မျောပြီး ဘဝပျက်တဲ့သူတွေ ရှိသလို အခါခါ ပြန်တက်၊ အခါခါ ပြန်မျောပြီး ဗေဒါလမ်း လုပ်နေတဲ့သူတွေလည်း တပုံကြီးပဲ။ မြင်ဖူးကြုံဖူးတဲ့သူက ဒီလိုတော့ဖြင့် ဖြစ်တတ်ချေရဲ့ လို့ ပြောရင် သတိလေးထားလိုက်တော့ အထိမနာ အကျမနာဘူးပေါ့။

အခုအခါမှာကျ ကိုယ်ကလည်း လူကြီးသူမ အရွယ်ရောက်လာပြီ။ တက်ဖဲတွေကို တွက်တတ်သလို၊ ဝှက်ဖဲတွေကိုလည်း မှန်းတတ်လာပြီ။ ကာဗာတွေ၊ မာယာတွေကိုလည်း ထွင်းဖောက်ကြည့်တတ်နေပြီ။ ရှေ့ဖြစ်ဟောရင် လွဲခဲပါတယ်။ “ကိုယ်သိမ်းထားတဲ့နယ်မြေကိုယ် ခြံစည်းရိုးခတ်ပြီး အဆုံးထိ ဆက်မတိုက်ရင် ဟိုကောင်တွေလက်ထဲကို ပြန်ပါသွားလိမ့်မယ်နော်။” လို့ အတန်တန် ပြောခဲ့ပါတယ်။ “စုဆောင်းရေးခေါ်တဲ့နောက်ကို အလွယ်တကူလိုက်သွားလို့ ရှိရင် ရှေ့တန်းမှာ လူသားဒိုင်းကာ လုပ်ပြီး အသေခံထိုးကျွေးလိမ့်မယ်။” လို့လည်း အကြိမ်ကြိမ် ရေးခဲ့တယ်။ “ဘယ်လိုပဲ အတုအယောင် ရွေးကောက်ပွဲလို့ ပြောပြော။ မဲရုံ ၁၀ ရုံလောက် ဆောက်ခွင့်ရရင် ဟိုကောင်ကြီးက အရှက်မရှိ သမ္မတတက်လုပ်ပြီး တရုတ်၊ ရုရှား၊ အင်ဒီးယားက ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပို့ကြလိမ့်ဦးမှာ။” လို့လည်း သတိပေးထားပါတယ်နော်။ နားမထောင်ဘူးလေ။ ခုထက်ထိလည်း ပြောစကားဆိုစကား နားထောင်တာ ဘယ်သူမှ မရှိသေးဘူး။ တွင်းတူးပြီး မိုက်နေကြတုန်းပဲ။ မိုက်တွင်းနက်သလား တိမ်သလားကတော့ ပြန်တက်နိုင်၊ မတက်နိုင်အပေါ် မူတည်ပါတယ်။ တစ်သောင်းရမယ်ဆိုလို့ မြင့်ဆွေအသုဘ လိုက်ပို့ပြီးမှ “ရေသန့်ဗူးပဲ ပေးတယ်တော့။” လို့ လာအော်ရင်တော့ “လဲသေလိုက်” လို့ပဲ ပြန်ပြောပါမယ်။