တော်လှန်ရေးကာလအတွင်းမှာ ဇွဲနဘဲနဲ့ အပတ်တကုတ် ကြိုးစားလုပ်ခဲ့တဲ့ အလုပ်တစ်ခုကတော့ စာရေးတာပါပဲ။ ချန်ဂင်ကို အဆုံးသတ်ပြီးမှ တစ်ပုဒ်ချင်း ရေးတဲ့စာတွေတောင် ၅၂ ပုဒ် ရှိသွားပြီ။ တော်တော် ရေးအားကောင်းတယ်လို့ ဆိုနိုင်သလို ဖတ်တဲ့သူတွေ ဖတ်အားကောင်းလို့လည်း နေ့မြင်ညပျောက် ပျောက်မသွားတာပါ။ Facebook ပေါ်မှာ ဘယ်အရာက နှစ်ရှည်လများ ခံလို့လဲ။ ကိုယ်ရေးခဲ့တဲ့စာတွေ memory ထဲ ပြန်ရှာလို့ ရရင်တောင် font တွေ ပြောင်းကုန်လို့ ဖတ်မရတော့ဘူး။ တချို့လူတွေ ပြောကြတဲ့ အိမ်သာနံရံက စာတွေလိုပဲ နောက်လူ ဆေးသုတ်လိုက်ရင် ပျောက်သွားတာမျိုးပေါ့။ သူ့အလိုလိုကမှ ပျောက်တတ်ပျက်တတ်တဲ့ သဘာဝရှိရတဲ့အထဲ အာဏာ၊ ပါဝါ၊ ငွေအား၊ မီဒီယာအား သုံးပြီး ဖုံးဖိဖျောက်ဖျက်ပစ်ကြသူတွေကြောင့် ဒီစာတွေကို နောက်နှစ် တော်တော်ကြာမှာ ပြန်ရှာဖတ်နိုင်ဖို့ ဆိုတာ တော်တော် မရေရာတဲ့ ကိစ္စပါ။ “မြင်တယ်မှလား။ ဖတ်လိုက်။ ပြီးရင် မေ့ပစ်လိုက်။” ဆိုတဲ့စာမျိုးမဖြစ်အောင် စာဖတ်သူတွေခေါင်းထဲ အတွေးအမြင် တခုခု စွဲထင်ကျန်ရစ်ခဲ့ဖို့ ကြိုးစားပါတယ်။ အဲ့ဒီအရသာကို စုန်းတောက်စားတာနဲ့ တူတယ် လို့ အမ်းမှာတုန်းက ရေးခဲ့ဖူးတယ်။ စာရေးသူခေါင်းထဲက ကွန့်မြူးထုတ်လွှင့်လိုက်တဲ့ စိတ်ကူးရောင်စဉ် တွေကို စာဖတ်သူက လက်ခံဆင့်ပွါး ဉာဏ်ကစားပြီးတော့မှ အလင်းရောင်တစ်ခု ထုံကူးလာသလိုမျိုးပေါ့။ ဒီလိုဆိုရင် စာဖတ်သူရဲ့ခေါင်းထဲမှာ ဘာအတွေးအခေါ်မှ မရှိပဲ စဉ်းစားဉာဏ် ပလာနတ္ထိနဲ့ လူတွေအဖို့ ဘာရလပ်မှ ထွက်လာနိုင်စရာ မရှိပါဘူး။ ဓါတ်တူနံတူမှလည်း ဆေးဘက်ယူလို့ရသတဲ့။ လိုင်းပေါ်မှာ 24/7 နေပြီး “တရုတ်၊ ကိုရီးယား၊ ယိုးဒယား နဲ့ တကမ္ဘာလုံးက အဆင်၊ အကုန် ငါ့လင်” ဆို ဖန်တရာခင်တဲ့ မန်ဘာဝင်တွေဆိုလည်း ကိုယ့်စာတွေကို မျက်စောင်းတောင် လှည့်မထိုးနိုင်ဘူး။
ကိုယ်ရေးတဲ့စာတွေဟာ ဆရာဝန်တစ်ဦးရဲ့ နေ့စဉ်မှတ်တမ်းသက်သက် မဟုတ်ပဲ နွေဦးတော်လှန်ရေးရဲ့ မှန်ကူကွက်ပုံရိပ်များ လို့တော့ ပြောလို့ရပါတယ်။ ကိုယ်ဖြတ်သန်းရတဲ့ နေ့စဉ်ဘဝထဲကနေ ဆင့်ကဲပြောင်းလဲလာတဲ့ တော်လှန်ရေးဖြစ်စဉ်တွေကို နောက်ခံကားချပ်အဖြစ်နဲ့ မြင်ရမယ်။ အလင်း နဲ့ အမှောင်၊ အရောင် နဲ့ အရိပ်၊ အပျော့ နဲ့ အမာ၊ အမှန် နဲ့ အမှား ကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် သရုပ်ဖော်နိုင်ဖို့ ပညာလိုတယ်။ အမြင်လည်း စူးရှဖို့ လိုသလို တင်ပြပုံလည်း ရဲရင့်ရမယ်။ အနုပညာမြောက်ရမယ်။ စစ်တပ်က ဒေါ်လာ ၃ သန်းပေးငှါးထားတဲ့ အမေရိကန် လော်ဘီတွေလောက်တော့ နဖူးတောက်ပြီး သပ်ချနိုင်မှ ရမယ်။ ဒီဘက်စစ်မျက်နှာမှာလည်း လက်သံပြောင်တဲ့ တိုက်စစ်မှူးတွေ လိုတယ် မဟုတ်လား။ အဲ့ဒီလို လိုအပ်ချက်တွေကြောင့် မဖြစ်မနေ စာတွေဆက်ရေးတဲ့ တာဝန်ကို မပျက်မကွက် ထမ်းရွက်နေရပါတယ်။
ဆရာဝန်တွေအများကြီးထဲမှာ တော်လှန်ရေးဘက်က ရပ်တည်တဲ့ ဆရာဝန် တော်တော်ရှားပါတယ်။ အဲ့ဒီလိုပဲ စာရေးဆရာတွေကြားမှာလည်း တော်လှန်ရေးဘက်က ရေးသားသော စာရေးဆရာ သိပ်အများကြီး မရှိပါဘူး။ အဲ့ဒါကြောင့် ကိုယ်လည်းပဲ ရှားရှားပါးပါး လူရှားပဲ လုပ်ပါ့မယ်။ ဆေးပေါလောက၊ စာပေါလောကထဲတော့ မပါချင်ဘူး။ စာရေးသက် ၁၄-၅ နှစ်အတွင်းမှာ ကိုယ့်ကလောင်ကို သူတို့ဘက်က ဖိနှိပ်ရိုက်ချိုးလို့မရသလို မက်လုံးနဲ့ မြှူဆွယ်ပြီး ဝယ်လို့လည်း မရခဲ့ပါဘူး။ ဘူတန်မှာ စရေးတုန်းက စာတွေနဲ့ အခုလက်ရှိ ရေးနေဆဲစာတွေကြားထဲမှာ ဖောက်ပြန်သွေဖီ ပြောင်းလဲသွားတာလည်း တစိုးတစိမျှ မရှိဘူး။
ကိုယ်က စစ်အစိုးရကို ဆန့်ကျင်တဲ့စာတွေရေးတဲ့အတွက် စစ်အစိုးရဘက်က ကိုယ့်အပေါ် တိုက်ခိုက်နှိမ်နှင်းတာ၊ ပိတ်ပင်နှောက်ယှက်တာ အဆန်းတကြယ်တော့ မဟုတ်ဘူးပေါ့။ မသိမသာလေး စောင်းပါးရိပ်ခြည် ရေးနေတာမှ မဟုတ်တာ။ ခြံစည်းရိုးခွထိုင်ပြီး သမာသမတ်ကျသူကြီး အဖြစ်တောင် မရပ်တည်ပါဘူး။ အစွန်းရောက်တယ် ဆိုလည်း ရောက်ပစေ။ သူတို့နဲ့ ဆန့်ကျင်ဘက်အစွန်းမှာ မိမိရရ ခိုင်ခိုင်မာမာ ခြေစုံနင်းထားမှ ကိုယ့်ဘက်ကလူတွေ အားတက်စရာ အားသာစရာ ရှိတာ။ အဲ့ဒါကြောင့် ကစ်စရာရှိလည်း ဒဲ့ပဲကစ်တယ်။ မထိခလုတ် ထိခလုတ်၊ သရော်သလို ရိသလို မလုပ်ဘူး။ တိန်တနဲ တိန်ကနဲ မြည်အောင် ဆော်တယ်။ ဒီလိုစာမျိုး ပျံ့မှာပွါးမှာကို သူတို့ဘက်က ဘယ်လိုလားပါ့မလဲ။ report ထုတာ၊ အကောင့်ကျအောင်လုပ်တာ၊ reach ချထားတာ၊ ဘာနဲ့မှ လုပ်မရလို့ ငုတ်တုတ်ထိုင်ကြည့်နေရတာ။ ချမ်းချမ်းဆီက စကင်းကဲလေး ယူရောင်းရင်တောင် ထောင်တစ်သက်တစ်ကျွန်းလောက် ချတဲ့ကောင်တွေက ဒီဆရာဝန် ရေးတဲ့စာတွေ ဖတ်ရင်ရှဲရင် တပ်ချင်တဲ့ပုဒ်မတပ်ဖမ်းမှာပဲ။ ဒါကြောင့်မို့ ကိုယ့်ဆီမှာ silent readers တွေသာ များမယ်။ followers တောင် တက်စရာ မရှိ။ ကိစ္စမရှိဘူး။ ကိုယ်က content ရေးပြီး ဈေးရောင်းစားမှာမှ မဟုတ်တာ။ r, c, s မတက်၊ monetization မပွင့်လည်း အရေးမကြီးပါဘူး။ ဖတ်တဲ့သူတွေ အလင်းပွင့်သွားရင် ရပြီ။
ဒီစာမျိုးတွေရေးတာ ကိုယ့်အတွက် အန္တရာယ်များမှန်း သိလို့ ချစ်တဲ့ခင်တဲ့သူတွေကတော့ အတန်တန်တားပါတယ်။ မရေးစေချင်ကြဘူး။ ကဗျာတစ်ပုဒ် ထောင် ၇ နှစ် နဲ့ တိုင်းပြည်ထဲမှာ နေတာကိုး။ မြန်မာပြည်မှာ ဒါမျိုးရေးလို့ ထင်ပေါ်တောက်ကြွား ကြီးပွါးသွားသူ တစ်ယောက်မှ မရှိဖူးဘူး။ မောင်သော်က၊ မောင်ကိုယု၊ မောင်ဝံသ၊ ဇာဂနာ၊ မင်းလူ။ အကုန်လုံး ထောင်ထွက်လက်မှတ် ရှိတယ်။ ပြန်/ဝန်အဟောင်းကြီး ဦးရဲထွဋ်တောင် ထောင်နဲ့တန်းနဲ့ မလွတ်ဘူး။ ဒါကြောင့်မို့ မွေးသမိခင်ကတောင် အဲ့လိုစာတွေ မရေးပါနဲ့ လို့ အတန်တန်တားတယ်။ ဒါပေမယ့် မရေးပဲနေရင် ဒီဘက်က အသံတွေ ပျောက်သွားမှာ အသေအချာပါပဲ။ တကမ္ဘာလုံး မျက်စိအောက်မှာ ဝူဟန်ဓါတ်ခွဲခန်းက ပျံ့ထွက်လာတဲ့ virus ကိုတောင် တရုတ်နံမည် မပါအောင်ဖျောက်ပြီး “အဲ့ဒါ အမေရိကား က အရင်စပျံ့တာပါ။ သက်သေအခိုင်အလုံ ရှိပါတယ်။” လို့ သူခိုးက လူဟစ်တဲ့ စာတွေ၊ စတေးတပ်စ်တွေ ဖတ်ဖူးတယ် မှလား။ ဆယ်ဇင်းမီးရှို့တာလည်း KIA ၊ KPDF က ရှို့တာပါ လို့ ဗြောင်လိမ်တာလည်း သူတို့ပဲ။ သူတို့ဘက်က မဲခိုးပြီး သူများကို မဲခိုးတယ် စွပ်စွဲ၊ အာဏာသိမ်းတာလည်း သူတို့ပါပဲ။ ကိုယ့်ဘက်က အမုန်းခံ၊ အတိုက်အခိုက်ခံပြီး ရေးမယ့်ပြောမယ့်သူ မရှိရင် ရန်အောင်တို့၊ ခန့်စည်သူတို့ ရိုက်ပြတဲ့ နိုင်ငံတော်ကားတွေချည့်ပဲ ကြည့်နေရမှာပေါ့။ မဟုတ်မှန်း သိပေမယ့် အမှားကြာတော့ အမှန်ထင်သွားရော။ လူတွေက သိပ်မေ့တတ်ကြတာလေ။
မေ့တတ်တဲ့အထဲမှာ ကိုယ်ကိုယ်တိုင်လည်း ပါပါတယ်။ ၈၈ အကြောင်းကို ရေးတုန်းက နိုင်/ကျဉ်းတွေကို အပြင်မှာ အငြှိုးတကြီးနဲ့ လိုက်နှိပ်ကွပ်တာ၊ ကိုယ့်ဘဝကိုယ် ရပ်တည်ထူထောင်လို့ မရအောင် ပိတ်ပင်နှောက်ယှက်တာကို တွေးမိတဲ့အခါ ပြင်သစ်ကျောင်းတုန်းက ကိုယ့်ဆရာ နဲ့ မျိုးရန်နောင်သိန်းတို့ကို နမူနာပြမိတယ်။ အဲ့ဒီအခါ အောက်မှာ သူတို့က ၈၈ နဲ့ ဘာဆိုင်လို့လဲ ဆိုပြီး လာဆဲကြပါလေရော။ ဒီအခါကျမှ ကိုယ်လည်း သတိရတယ်။ ကိုယ်က ကိုယ်ကြုံဖူးလိုက်တဲ့ ၈၈ နဲ့ ၂၁ ကိုပဲ ပြောနေတယ်။ ကြားထဲမှာ ၉၆ တို့၊ ရွှေဝါရောင်တို့ ရှိသေးတာ မေ့နေတယ်လေ။ မေ့ဆို ကိုယ်မှ မကြုံလိုက်ရတာကိုး။ JICA ဆေးရုံမှာ AS လုပ်နေတုန်း ဖိုးသော်တာတို့၊ ပပတို့ Part 2 ကျောင်းသားလေးတွေ ကျောင်းအကြာကြီး ပိတ်သွားတာ အခုမှ ပြန်သတိရတယ်။ ဘာဖြစ်လို့ပိတ်သွားတာလဲ၊ ဘယ်လောက်အကြာကြီး ပိတ်သွားသလဲ။ သိတောင် မသိလိုက်ဘူး။ ဆေး (၂) မှာ ကျောင်းဆရာ လုပ်တဲ့ထိ ကျောင်းတွေက တော်တော်နဲ့ ပြန်မဖွင့်သေးဘူးလေ။ ဪ လူတွေဟာ ကိုယ့်ကိစ္စ မဟုတ်ရင် သိပ်စိတ်မဝင်စားဘူး ဆိုတာ တကယ်ပါလား။ ရွှေဝါရောင် တုန်းကလည်း ကိုယ်က ဘူတန်မှာ ရောက်နေတာ ဆိုတော့ လိုင်းပေါ်ကပဲ မြင်လိုက်ဖတ်လိုက်ရပါတယ်။ ဘာတွေ ဘယ်လိုဖြစ်ခဲ့မှန်း သေချာမသိဘူး။ ဒါကြောင့်မို့ ကိုယ်ရေးတဲ့စာထဲမှာ အဲ့ဒီအကြောင်းအရာတွေ မပါဘူး။ ကိုယ်တိုင် မကြုံခဲ့ရလို့။
ဒါပေမယ့် ဒီနေ့ခေတ် တော်လှန်ရေးမှာ အဓိကမောင်းနှင်အားက တကမ္ဘာလုံးမှာ ရှိကြတဲ့ Diaspora တွေရဲ့ အင်အားဖြစ်နေတာ တွေ့ရလို့ တော်တော်လေးကို စိတ်အားတက်မိပါတယ်။ ကိုယ်သာဆို သူတို့လောက် အားသွန်ခွန်စိုက် ပါနိုင်ဖို့ သိပ်မလွယ်။ ဖြူဖြူ၊ လင်းလင်း၊ ထရီဆာ၊ သုသု၊ ဒေါင်း၊ မင်းမော်ကွန်း၊ အာဇာနည်။ တဘဝလုံးတည်ဆောက် ထားခဲ့တဲ့ အောင်မြင်မှုတွေကို စတေးပြီး ပြည်သူ့ဘက်က ရပ်တည်ပေးခဲ့တယ်။ ကျားကန်ပေးခဲ့တယ်။ တတိယနိုင်ငံရောက်လို့ တော်လှန်ရေးကို ကျောခိုင်းသွားတဲ့သူဆိုတာ refugee visa ဝယ်ပြီး asylum ခံတဲ့ စစ်ခွေးသားသမီးတွေထဲမှာပဲ ရှိမယ်။ နေသာသလိုနေတဲ့သူတွေထက် မနေနိုင်မထိုင်နိုင် ဝင်တွန်းနေတဲ့သူတွေက ပိုများပါတယ်။ အသက်ပေး၊ တောခိုမှ တော်လှန်ရေး လုပ်တာ မဟုတ်ဘူး။ မြန်မာဘီယာ မသောက်ဘူး၊ ရွှေမန်းသူကား မစီးဘူး ဆိုတာလည်း တော်လှန်ရေးပဲ။ ကောက်ရိုးမီးလို ဟုန်းကနဲတောက်ပြီး ဟုတ်ကနဲ ငြိမ်းမသွားဖို့က ထင်းတွေ အဆက်မပြတ်ထိုးနိုင်ရမယ် မဟုတ်လား။ နေမယ်ဆိုရင် အနေသာကြီးဆိုတဲ့လူတွေ တော်လှန်ရေးအပေါ် စိတ်ကုန်မသွားအောင်၊ စိတ်ပျက်မသွားအောင်၊ စွဲဆောင်စည်းရုံးနိုင်ဖို့ကိုလည်း စာတွေအမျိုးမျိုးရေးလို့ advocacy လုပ်ရပါတယ်။ မှန်ကန်တဲ့ဘက်ကို အတွေးအမြင်တွေ ပြောင်းလဲဖို့ လိုတယ် မှလား။
အဲ့ဒါအားလုံးထက် အရေးကြီးတာကတော့ ကိုယ်နဲ့အတူ မြေပြင်မှာ ရှိနေကြတဲ့ တော်လှန်ရေးဘက်တော်သားတွေ စိတ်ဓါတ်ကျမသွားဖို့ ကိုယ်စာတွေ ရေးနေရပါတယ်။ အခက်အခဲတွေ အများကြီးကြားမှာ နှစ်ရှည်လများ တောင့်ခံထားရတာ။ စိတ်တွေက တက်လိုက်ကျလိုက် ရှိမှာ သေချာပါတယ်။ ကိုယ်လည်း ဒီလိုပဲ ရှိတယ်လေ။ ဒါပေမယ့် တော်လှန်ရေးဆိုတာ စိတ်အတက်အကျနဲ့ လှိုင်းစီးနေလို့ မရဘူး။ ရာဘတွေချပြီး စစ်တိုက်နေတဲ့ကောင်တွေလို ဖြစ်သွားမှာပေါ့။ တက်သည်ဖြစ်စေ ကျသည်ဖြစ်စေ မနိုင်နိုင်အောင် တိုက်ရမှာပဲ။ အားပေးစရာရှိရင် ကိုယ့်အချင်းချင်း အားပေးမယ်။ စိတ်ဓါတ်တွေ ပြိုလဲသွားရင် တတ်ကျွမ်းနားလည်တဲ့ သမားတော်တွေနဲ့ တိုင်ပင်ကုသပေးမယ်။ ခွဲစိတ်ဆရာဝန်ပေမယ့် ကိုယ့်ဆီမှာ စိတ်ကျန်းမာရေး ဣစ္ဆာသရ ဆေးထုပ်ကြီး တစ်အိပ်ရှိတယ်။ စိတ်ညစ်ရင် ရယ်စရာတွေပြောမယ်။ အနည်းဆုံးတော့ ကိုယ်ရှိနေတာမြင်ရင်၊ ကိုယ်ရေးတဲ့စာကို ဖတ်ရရင် “အနားမှာ ဘယ်သူမှ မရှိတော့ဘူး။” ဆိုတဲ့ အားငယ်စိတ်တွေ ပျောက်သွားမှာ အမှန်ပဲ။ သူတို့ဆရာ ဘယ်ကိုမှ ထွက်ပြေးမသွားဘူး။ သူတို့ကို ဆေးပြန်ကုပေးဖို့ ကြိုးစားနေတယ် ဆိုတာသိရင် စိတ်ဓါတ်မကျပဲ တောင့်ခံထားနိုင်မှာပဲ။ “တော်ရောပေါ့။ ဒီလောက်တောင် လုပ်ခဲ့ပြီးပြီပဲ။” ဆိုတာ အလံဖြူမထောင်ပဲ လက်နက်ချတဲ့ စကားပါ။ ကိုယ်တို့ဘက်က “ရှုံးနေပြီ။ နိုင်မှာ မဟုတ်ဘူး။” ဆိုတဲ့အတွေးဟာ စကစရဲ့ စိတ်ဓါတ်စစ်ဆင်ရေးတွေ အရှိုက်ထိတဲ့ သဘောပါပဲ။ စစ်ပွဲတွေ ပြင်းထန်လာတာ မှန်ပေမယ့် ပြည်သူတွေဘက်က ပြိုလဲမသွားသေးပါဘူး။ ဖားကန့်လည်း မကျသေးဘူး။ ဗန်းမော်လည်း မကျသေးဘူး။ ခြောက်လုံးတွေ လှိမ့်လုံးတွေနဲ့ တုန်ဆင်းသွားမယ့်သူ တစ်ယောက်မှ မပါဘူး။ အာဏာသိမ်းတဲ့ ထိပ်ဆုံး ၇ ကောင်မှာ တစ်ကောင်သေ၊ နှစ်ကောင်ပြုတ်၊ နှစ်ကောင်ဂျေးအောင်း။ နောက်ဆုံး ငုတ်တုတ်ကျန်တာ နှစ်ကောင်ပဲ ရှိတော့တယ်။ NUG လူကြီးတွေ မြေပြင်မှာ၊ ရှေ့တန်းမှာ အခေါက်ခေါက်အခါခါ ဥဒဟိုသွားလာနေတာတောင် တစ်ယောက်မှ လျော့မသွားသေးဘူး။ တွက်ကြည့်ပေါ့။ ဘယ်သူက နိုင်နေလဲ။
စိတ်အာရုံတွေ ကြည်လင်နေဖို့ဆိုတာ သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းနိုင်ဖို့လည်း လိုသေးသတဲ့။ အဲ့ဒါကြောင့် အာရုံနောက်ဖွယ်သော အကြောင်းအရာများစွာကို သိကာမြင်ကာမတ္တနဲ့ ကျော်ချပလိုက်တယ်။ ငြိတွယ်မနေဘူး။ ဒီရက်ပိုင်း သီချင်းနားထောင်စရာရှိရင် ရေမွန်၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း၊ အာဇာနည်သီချင်းတွေပဲ နားထောင်တယ်။ ရုပ်ရှင်ကြည့်စရာ ရှိရင် ချစ်သုဝေ၊ ပိုင်ဖြိုးသု ပရိသတ်ပဲ။ စာဖတ်စရာရှိရင်ဖြိုးသီဟ ဖတ်တယ်။ အရင်တုန်းက ဆရာငြိမ်းအေးအိမ် ကို ဖတ်တယ်။ သတင်းတွေဖတ်စရာရှိရင် မရတ်ကျော်သူ၊ ဗိုလ်ကြီးဇင်ယော်၊ မိုင်အေနိုင်တို့ပဲ လိုက်ရှာတယ်။ လိုင်းပေါ်မှာ အားပေးချင်ရင် A Nyein တို့၊ K Mask တို့၊ ဦးကျော်သက်လင်းတို့ကို လိုက်ရှာကလစ်တယ်။ ကိုယ့်အဝန်းအဝိုင်းနဲ့ကိုယ်ပေါ့။ ကိုယ့်ဆီမှာ စာလာဖတ်တဲ့သူတွေလည်း ဒီလိုပဲ ရှိပါလိမ့်မယ်။ ဒီလူတွေက ကိုယ်စာမရေးတာ၊ လိုင်းပေါ်မတက်တာ ကြာရင် စိုးရိမ်စိတ်ပူကြတယ် ဆိုလို့ သူတို့အတွက်လည်း စာမှန်မှန် ရေးရဦးမှာပါပဲ။
နောက်ပါဗိုလ်ခြေငါးသိန်းရှိသော လက်နက်ကိုင်စစ်တပ်ကြီးအားကိုးဖြင့် တစ်ရက် မကောင်းကြံသောသူတို့သည်လည်း မကြံနိုင်ရာ။ နှစ်ရက် မကောင်းကြံသောသူတို့သည်လည်း မကြံနိုင်ရာ။ ငါးနှစ်တိုင်တိုင် မကောင်းကြံသောသူတို့သည်လည်း မကြံနိုင်ရာ ဆိုတဲ့ သူတော်ကောင်း အမျိုးကောင်းသား ဆရာဝန်လေးတစ်ယောက် ကျန်းမာချမ်းသာစွာဖြင့် အမှန်တရားဘက်မှ ရပ်တည်ရေးသားလျက် ရှိပါကြောင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်လေ။